အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၈)
ရှန်ယန်ရှောင်က သူမလိုအပ်တဲ့ ဆေးမြစ်အားလုံးယူကာ ဆေးစားပွဲကို ပြန်လာချိန်မှာ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့က လက်တွေချကာစပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်က အပြုံးနေရာမှာတော့ သို့လောသို့လော ဖြစ်ဟန်တွေက ဖြည်းညင်းစွာဖြစ်ပေါ်ပြောင်းလဲနေပါတယ်။
အဆိုပါမြင်ကွင်းက အဆတစ်ရာနှေးကွေးစွာ ဖြစ်နေတာကြောင့် ထူးဆန်းတဲ့မြင်ကွင်းဖြစ်နေပါတယ်။
ပူလီစီကတော့ ဒေါသကြောင့် အတွင်းဒဏ်ဖြစ်ပေါ်ခံစားသွားရပါတယ်။ ရှန်ယန်ရှောင်ရဲ့ အကြံအစီကို သူသိပေမယ့်လည်း ရဲချင်ရှိနေတာကြောင့် သန့်ရှင်းရန်လိုအပ်ပြီး ပြိုင်ပွဲကိုရပ်ပစ်လိုက်လို့ မရပါဘူး။
. ပရိသတ်တွေကလည်း ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ ထူးခြားသောအခြေအနေကို ပြောဆိုဝေဖန်နေကြပါပြီ။ ခွဲခြမ်းစိတ်ဖြာမှုကောင်းသော ကျောင်းသားတစ်ချို့ကတော့ သူတို့နှစ်ယောက်သောက်လိုက်တာ ဘာဆေးမှန်း ရိပ်မိသွားခဲ့ပေမယ့် အလွန်သိလိုစိတ်ဖြစ်နေခဲ့ကြပါတယ်။ လှုပ်ရှားနှေးကွေးဆေးရည်ကို သူတို့ရင်းနှီးမှုရှိပေမယ့် အာနိသင်က ဒီလောက်ပြင်းထန်မယ်လို့ မသိထားကြပါဘူး။ ဒီဆေးက ကျားသစ်တစ်ကောင်ကို ခရုတစ်ကောင်အဖြစ် ပြောင်းလဲစေခဲ့ပြီး ကြည့်ရတာရင်နာဖို့တောင် ကောင်းလှပါတယ်။
"ဒါက လှုပ်ရှားနှေးကွေးဆေးရည်ရော ဟုတ်ရဲ့လား။ လှုပ်ရှားနှေးကွေးဆေးရည်တွေကို ငါမြင်ခဲ့ဖူးပါတယ် အာနိသင်က ဒီလောက်ကြီးမဆိုးလှပါဘူးဟ"လို့ တော်ဝင်ရိုလန်ကျောင်းသားတစ်ဦးက မနေနိုင်ဘဲရေရွတ်ပြောဆိုခဲ့ပါသည်။
"ဘာဖြစ်နေလဲဆိုတာကို သရဲပဲသိလိမ့်မယ် ဒါပေမယ့် မိုက်တယ်ဟ။ အဲ့ဒီယိအကယ်ဒမီက ထင်တလုံးနဲ့ကျောင်းသားတွေ ဒီပွဲကိုဘယ်လိုနိုင်ဦးမလဲလို့ ငါကြည့်ချင်သေးတယ်ဟေ့"
"ဘာအကြီးတန်းသမားတော်လဲ...ငါတို့ဌာနက ကျောင်းသားသစ်လက်အောက်မှာ ခံစားသွားရတာပဲမဟုတ်လားကွ"
တော်ဝင်ရိုလန်ကျောင်းသားတစ်စုက ဒီအခွင့်အရေးကို အမိအရယူကာ ယိအကယ်ဒမီရဲ့ ဟန်ချက်အနေအထားကို ရိုက်ချကြပါတယ်။ ခရုနှစ်ကောင်ထဲကတစ်ကောင်ဟာ သူတို့ရဲ့အတော်ဆုံးကျောင်းသားဖြစ်ခဲ့ဖူးသူဆိုတာကိုတော့ မေ့လျော့နေကြပုံပါပဲ။
ယိအကယ်ဒမီကျောင်းသားတွေက တော်ဝင်ရိုလန်ကျောင်းသားတွေရဲ့ လှောင်ပြောင်မှုကိုကြားလိုက်ရတော့ မျက်နှာပျက်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြပါသည်။
"ဘယ်လို ညစ်ပတ်တဲ့လှည့်စားမှုလဲကွ။ ဒါက မျှတမှုမှမရှိတာဘဲ။ ဒီကလေးက ညစ်နေတာ အသိသာကြီး။ ဒီပြိုင်ပွဲမှာ လှုပ်ရှားနှေးကွေးဆေးရည်လိုမျိုး ယုတ်မာတဲ့ဆိုးကျိုးဆေးရည်ကို အသုံးပြုတာက အရှက်မရှိတာပဲကွ"လို့ မကျေမနပ်နဲ့ ပြန်ပြောလိုက်ကြပါတယ်။
လောင်းဖန်တစ်ယောက် ကျောင်းသားသစ်ကလေးတစ်ယောက် လက်မှာ အရေးနိမ့်ရမယ်လို့ သူတို့တွေ မယုံနိုင်ဖြစ်နေရပါတယ်။ ဒါတွေအားလုံးက လူလိမ်တစ်ယောက်က လှည့်ဖျားမှုတွေလုပ်လို့ပဲလေ။
လောင်းဖန်က ခံလိုက်ရသူပါ။
"မင်းတို့က ဒီလိုတောင်ပြောရဲသေးတယ်နော်။ မင်းတို့ကို စေ့စေ့ကြည့်ပြီးတောင် ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်ချင်မိတယ်။ ရှန်ဂျူက ဒီပွဲမှာ နှစ်ယောက်တစ်ယောက်ပြိုင်ရတာလေ နောက်ပြီးတော့ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ ပြုလုပ်ခဲ့တဲ့ ဆေးရည်တွေက အကောင်းဖြစ်စရာမရှိမှန်း ငါတို့အားလုံးတွေးစရာမလိုအောင်ကို သိနိုင်တယ်။ ဒါကို မင်းတို့က ရှန်ဂျူညစ်တာလို့ ပြောရဲကြသေးတယ်ပေါ့။ ဒီပွဲက အစတည်းက မမျှတဘူးလို့ မင်းတို့ဘာလို့ စောဒကမတက်ကြတာလဲ။ အကြီးတန်းသမားတော်နဲ့ အလတ်တန်းသမားတော်တို့ပူးပေါင်းပြီးတော့ ကျောင်းသားသစ်ကလေးလေးကို ရင်ဆိုင်တာတဲ့ မင်းတို့က မျက်နှာတော်တော်ပြောင်ကြတာပဲ"
တော်ဝင်ရိုလန်ကျောင်းသားတွေက ရှန်ယန်ရှောင်ခံစားနေရသော မမျှတမှုအတွက် ထကာပြောဆိုခုခံပေးကြပါတော့တယ်။
ယိအကယ်ဒမီရဲ့ နှိပ်ကွပ်မှုကို အချိန်အကြာကြီးခံစားနေခဲ့ရပြီးနောက် မျှော်လင့်ချက်လင်းရောင်ခြည်အား သူတို့တွေတွေ့မြင်လိုက်ရတာကြောင့် စိတ်မလှုပ်ရှားဘဲ မနေကြပါဘူးလေ။
"ပေါက်ကရတွေ သူ့လို ကျောင်းသားသစ်တစ်ယောက်ကိုများ"ဟု ယိအကယ်ဒမီကျောင်းသားတွေက ပြန်အော်ပြောကြပါတယ်။
"ကျောင်းသားသစ်ဖြစ်တာ ဘာမှားနေလို့လဲ။ ငါတို့ရှန်ဂျူက အနည်းဆုံးတော့ ကြင်နာတဲ့နှလုံးသားရှိသေးတယ်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ ဆေးရည်တွေက အလွန်ထိခိုက်မယ့်ပုံပေါက်ပေမယ့် ငါတို့ရှန်ဂျူကတော့ လူ့ခန္ဓာကိုယ်ကို မထိခိုက်စေမယ့် လှုပ်ရှားနှေးကွေးဆေးရည်ကိုပဲ ပြုလုပ်ခဲ့တာ။ ဒီအမြင်နဲ့တင် ဘယ်သူက သောက်ရှက်မရှိတာလဲဆိုတာ မင်းတို့တွေမြင်နိုင်တာပဲ"
အချိန်ခဏတာလောက် ကျောင်းနှစ်ကျောင်းက အပြန်အလှန်အော်ဟစ်နေခဲ့ကြပါတယ်။ လူအင်အားကွာခြားချက်ကြောင့် အော်ဟစ်ရာမှာအရေးနိမ့်နေတဲ့ ယိအကယ်ဒမီကျောင်းသားတွေကို တော်ဝင်ရိုလန်ကျောင်းသားတွေက ကျယ်လောင်စွာအော်ပြောခဲ့ကြပါတယ်။
ပူလီစီကတော့ မျက်နှာအပျက်ကြီးပျက်နေခဲ့ပါသည်။
ရှန်ယန်ရှောင်အနေနဲ့ ဒီလိုဆေးရည်မျိုးကို ဘယ်လိုလုပ်ပြီးတော့ ပြုလုပ်နိုင်ရတာလဲဆိုတာကို ခေါင်းပေါက်မတတ်တွေးနေခဲ့ပါတယ်။ ရှန်ယန်ရှောင်ရွေးချယ်ခဲ့တဲ့ ဆေးမြစ်အချို့က လှုပ်ရှားနှေးကွေးဆေးရည်ကို ပြုလုပ်ရာမှာ သုံးတာဖြစ်ပေမယ့် အများစုက တစ်ခြားဆေးရည်တွေအတွက် အသုံးပြုရတဲ့ဆေးမြစ်တွေဖြစ်ပါတယ်။ အဲ့ဒီဆေးမြစ်တွေကို သုံးပြီးတော့ အာနိသင်ထက်လှတဲ့ လှုပ်ရှားနှေးကွေးဆေးရည်ကို ဘယ်လိုပြုလုပ်ခဲ့တာများလဲ။
ဒီတစ်ခေါက်အတွက် လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ နိုင်စရာမျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါပေမယ့် သူက အခုဆိုရင် ဆေးပညာဌာနရဲ့ ဂုဏ်ထူးဆောင်ဌာနမှူးဖြစ်နေပြီဖြစ်လို့ နောင်ကျရင် ဒီကလေးကို စာရင်းရှင်းလို့ရပါသေးတယ်။
သူမဖက်မှာ ရဲချင်ရှိနေပေမယ့် ဆေးပညာဌာနကနေ ကောင်လေးကိုထုတ်ပစ်ဖို့အတွက် နည်းလမ်းတွေရှိပါသေးတယ်။
ကုန်လွန်သွားခဲ့သော နှစ်နာရီအတွင်းမှာ ရှန်ယန်ရှောင်ရဲ့ အာရုံငါးပါးက အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သည်။ နောက်ဆုံးမှာတော့ တစ်ကယ့်အရေးကြီးအချိန်မှာပဲ ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်တို့အတွက် ဖြေဆေးကို သူမ ပြုလုပ်နိုင်သွားခဲ့ပါတယ်။
ဖြေဆေးနှစ်ပုလင်းကို သောက်ပြီးတာနဲ့ သူမရဲ့ကျိန်စာအတတ်ကို ဖြေလိုက်ပါတယ်။ ထိုအခါမှာ သူမတစ်ကိုယ်လုံး လဲပြိုကျတော့မလို ခံစားသွားရပါသည်။ ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်တို့ရဲ့ ပေါင်းစပ်အာနိသင်က အလွန်ကြီးမားလှပါတယ်။ သူမရဲ့ကျိန်စာအတတ်နဲ့သာ ဖိနှိပ်မထားခဲ့မိပါက ဘယ်နှစ်ကြိမ်လောက်တောင် မေ့လဲနေမလဲမပြောနိုင်ပါဘူး။ အခုဖြေဆေးသောက်လိုက်ပြီဖြစ်ပေမယ့် အလွန်အကျူးအားကုန်ထားတဲ့အတွက် သူမခြေထောက်တွေ ပျော့ခွေနေပြီး အသက်မနည်းရှူနေရပါတယ်။ ဒါပေမယ့် သူမ မနားသေးဘဲ မျက်နှာအပျက်ပျက်ဖြစ်နေတဲ့ ပူလီစီထံ အောင်နိုင်သူအပြုံးနဲ့ သွားလိုက်ပါတယ်။
"ဌာနမှူးပူလီစီ ဒီပြိုင်ပွဲရဲ့ သတ်မှတ်ချက်အားလုံးကို ကျနော်အောင်မြင်သွားပြီဖြစ်လို့ အခုအချိန်မှာ ဒီပွဲရဲ့ အဖြေကို ကြေညာသင့်ပြီ"လို့ သူမက မာန်အပြည့်နဲ့ပြောလိုက်ပါတယ်။ ပူလီစီရှေ့မှာ သူမအနေနဲ့ ဆံချည်တစ်မျှင်စာတောင် ကြောက်ရွံ့ခြင်းမရှိပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၁၉)
ပူလီစီနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ သူ့မျက်လုံးတွေက ရဲချင်ဆီကို တစ်ချက်ကြည့်လိုက်မိပြီးနောက် စိတ်ပျက်လက်ပျက်အသံဖြင့် ပြောလိုက်ပါတယ်။
"ဒီပွဲကို မင်းနိုင်တယ်"
သူ့မှတ်ချက်စကားထွက်သွားတာနဲ့ သူ့မျက်နှာသူ ဖြတ်ရိုက်ပစ်ချင်စိတ် ပူလီစီဖြစ်သွားခဲ့သည်။
ရှန်ယန်ရှောင်က နှစ်ကြိမ်လုံးကို အနိုင်ရသွားခဲ့ပြီး နှစ်ကြိမ်လုံးမှာ သူကိုယ်တိုင် ကြေညာပေးခဲ့ရပါတယ်။ ဒီလိုရွံစရာကောင်အတွက် အောင်နိုင်မှုကို ကိုယ်တိုင်ကိုယ်ကျဝန်ခံပြောဆိုနေရခြင်းက ကိုယ့်ကိုယ်ကိုနှိပ်စက်ခြင်းတစ်မျိုးပါပဲ။
ရှန်ယန်ရှောင် အနိုင်ရရှိကြောင်း ကြေညာလိုက်တာနဲ့ တော်ဝင်ရိုလန်ကျောင်းသားအားလုံး နားကွဲမတတ်အော်ဟစ် အောင်ပွဲခံလိုက်ကြပါတယ်။
ရှန်ယန်ရှောင်ပြုံးလိုက်ကာ နောက်လှည့်ထွက်သွားလိုက်သည်။
"သမားတော်ကြီးပူလီစီ သူ့ဆီကနေ ဖြေဆေးမတောင်းတော့ဘူးလား"လို့ ဖန်းကြူက ပြောလိုက်ပါသည်။
လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကိုကြည့်ပြီး သူစိတ်ညစ်နေပါတယ်။ အခုအချိန်ထိကို အဲ့နှစ်ယောက်အနေနဲ့ အရေးနိမ့်သွားခဲ့တာကို သိသေးပုံမရပါဘူး။
ပူလီစီက ဖန်းကြူအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဒါက လှုပ်ရှားနှေးကွေးဆေးရည်ပါ ဒီအဖိုးကြီးက ဖြေဆေးမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား။ ဒီနေရာမှာ အရှက်ကွဲတာ မလုံလောက်သေးဘူးလို့ တွေးနေတုန်းလားကွ။ အဲ့နှစ်ကောင်ကို ခေါ်ပြီးတော့ ဒီနေရာကနေ မြန်မြန်လစ်ကြစို့"
ဖန်းကြူ တံတွေးမြိုချလိုက်ပြီး ပူလီစီစကားအတိုင်း ယိအကယ်ဒမီကျောင်းသားတွေအား လောင်းဖန်တို့နှစ်ယောက်ကို သယ်မလာဖို့ပြောလိုက်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းသားတွေရဲ့ နွေးထွေးတဲ့ အားပေးချီးမွမ်းမှုတွေကို ရှန်ယန်ရှောင်ရရှိခဲ့သည်။ စီနီယာအစ်မတွေအများကြီး သူမနားကို ပြေးဝင်လာကြပါတယ်။ သူမက အလွန်အားနည်းနေပြီဖြစ်လို့ မြေပေါ်လဲကျလုနီးနီးဖြစ်နေပါတယ်။
ဒီအချိန်မှာပဲ သန်မာသောလက်တစ်စုံက သူမကိုနောက်ကနေ ထိန်းထားလိုက်ပါတယ်။ နောက်ကိုလှည့်ကြည့်လိုက်တော့ ကြူရှီယာ၏ ချောမောသောမျက်နှာကို အပြုံးနှင့်အတူတွေ့လိုက်ရပါတယ်။
"မင်းတော်တော် ပင်ပန်းခဲ့ရပြီ"လို့ ကြူရှီယာက ပြုံးရင်းပြောလိုက်သည်။
ဘေးမှာရှိသော ယန်ယုက ရှန်ယန်ရှောင်အားအင်အနည်းငယ် ပြန်ပြည့်သွားစေရန်အတွက် မန်းမှုတ်ပေးနေပါတယ်။ ယန်းရှီကတော့ တစ်ခြားကျောင်းသားတွေ သူမအနားကို မရောက်နိုင်စေရန် ကာပေးလိုက်ပြီး သူမသွားဖို့ လမ်းရှင်းပေးလိုက်ပါသည်။
လူသုံးယောက်ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်ကြောင့် လူထောင်ချီရဲ့ အောင်ပွဲခံသံအောက်ကနေပြီး ဆေးပညာခန်းမှထွက်လာနိုင်ခဲ့ပါတယ်။
ဒီနေ့ဟာ တော်ဝင်ရိုလန်ကျောင်း ဆေးပညာဌာနရဲ့ ဂုဏ်ယူဖွယ်နေ့ဖြစ်ပါလိမ့်မယ်။ ဒီနေ့ကစပြီး တော်ဝင်ရိုလန်ကျောင်းသားတိုင်းရဲ့ နှလုံးအိမ်မှာ ရှန်ဂျူဆိုသော အမည်နာမကို မှတ်မှတ်ထင်ထင်ရှိသွားကြပါလိမ့်မယ်။
ဒီနေ့မှစပြီး တော်ဝင်ရိုလန်ကျောင်းဆေးပညာဌာနရဲ့ နံပါတ်တစ်နေရာက ရှန်ဂေါင်းရှောင်နဲ့မသက်ဆိုင်တော့ဘဲ သူတို့အားလုံးရဲ့ ရင်ထဲက သူရဲကောင်းဖြစ်သော ရှန်ဂျူသာပိုင်ဆိုင်သွားပါပြီ။
ကြူရှီယာတို့တစ်တွေက လောင်းကစားရုံကို တန်းသွားလိုက်ပြီး နားနေဆောင်ကိုရောက်ရှိသွားကြပါတယ်။
ရှန်ယန်ရှောင်က ခုံရှည်တစ်လုံးပေါ်မှာ လှဲလျောင်းပြီး လူသုံးယောက်ရဲ့ ပြုစုမှုကို ခံယူနေလိုက်ပါတယ်။ သူမရဲ့ ဖြူဆွတ်နေသောမျက်နှာပေါ်မှာ သွေးရောင်အနည်းငယ်ပြန်လွှမ်းလာခဲ့ပါပြီ။
"ပြိုင်ပွဲရဲ့ ရလာဒ်ကို နေပြည်တော်ရောက်အောင် တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ နေပြည်တော်ရောက်တာနဲ့ နာဇီလည်း ဒီသတင်းတန်းသိသွားမှာပဲ"လို့ ကြူရှီယာက ရေတစ်ခွက်ငှဲ့ကာ ရှန်ယန်ရှောင်ကို တိုက်ပေးရင်းပြောလိုက်သည်။
"စောင့်လိုက်ဦး"လို့ ခေါင်းယမ်းကာ ရှန်ယန်ရှောင်ပြန်ပြောလိုက်သည်။
"ဘာကိုစောင့်ရမှာလဲ"ဟု ဆန်ပြုတ်တစ်ပန်းကန် ချက်ပေးထားတဲ့ ယန်ယုက ပန်းကန်ပေးလိုက်ပြီး ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်မျက်လုံးထဲမှာ ရက်စက်သောအငွေ့အသက်တွေ ဖြတ်သွားပြီးနောက် သူမရဲ့ ပါတနာသုံးယောက်အား လျှို့ဝှက်ဆန်းကြယ်စွာကြည့်လို့ ပြောလိုက်ပါတယ်။
"ဒီပြိုင်ပွဲမှာ အနိုင်ရတာက တန်နာဇီအတွက် လက်တုံ့ပြန်တာလို့ မင်းတို့တွေထင်နေတာတော့ မဟုတ်ပါဘူးနော်"
လူသုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့တွေးနေတာလည်း ဒီအတိုင်းပါပဲ။ ရှန်ဂေါင်းရှောင်နေနေ လောင်းဖန်နေနေ နှစ်ယောက်လုံးက သူတို့သာလျှင် ဆရာကြီးတွေလိုမျိုး နေကြသူတွေပါ။ အမြဲတမ်း မာနတက် ဘဝင်ခိုက်နေသူတွေဖြစ်တယ်။ ရှန်ယန်ရှောင်ရဲ့ အနိုင်ရမှုက သူတို့ရဲ့ ဉာဏ်ကြီးရှင်တွေဆိုပြီး ဂုဏ်ဆာနေမှုကို ဖျက်စီးပစ်ခဲ့ပါတယ်။ သူတို့အတွက် ဘယ်လောက်ဆိုးရွားလိုက်မလဲ။
ရှန်ယန်ရှောင်က ပြုံးကာခေါင်းရမ်းလိုက်သည်။
"ငါ့ကိုပြော ရှန်ဂေါင်းရှောင်နဲ့ လောင်းဖန်တို့ကို ပွဲပြီးတာနဲ့ ပူလီစီသယ်သွားသလား"
"အင်း ဟုတ်တယ်။ ယိအကယ်ဒမီကျောင်းသားတွေ သယ်သွားကြတာကို ငါမြင်လိုက်တယ်"လို့ ယန်းရှီကပြောလိုက်သည်။
ရှန်ယန်ရှောင် အသက်တစ်ချက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ခုံရှည်ပေါ်ကို ကျေနပ်စွာဖြင့်လှဲချလိုက်ပြီး သူမမျက်လုံးတစ်စုံကို မှေးလိုက်ကာ မျက်နှာကြက်ကိုကြည့်လိုက်ပြီး အေးစက်စက်ပြုံးလိုက်သည်။
"ငါသိတယ် အဲ့ဒီဘိုးတော်ပူလီစီက ငါ့ဆီကနေ ဖြေဆေးမတောင်းဘူးဆိုတာကို။ သူ့အဆင့်အတန်းနဲ့ဆိုရင် အဲ့ဒီလှုပ်ရှားနှေးကွေးဆေးရည်က မှုလောက်စရာမဟုတ်လို့ ဂရုစိုက်မှာမဟုတ်ဘူးလေ။ အဲ့ဒါကလည်း ငါလိုချင်တဲ့ သူ့မာန၊ သူ့ကိုယ်သူယုံကြည်ချက်တွေပဲ"
"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ"
လူသုံးယောက်က ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာကြောင့် မေးလိုက်ကြပါတယ်။ သူတို့ထင်ထားတာက ရှန်ယန်ရှောင်ရဲ့ လက်တုံ့ပြန်မှုက ပြီးသွားပြီပေါ့လေ။ ဒါပေမယ့် သူမပြောတာကို နားထောင်ခြင်းအားဖြင့် အခုမှစလုံးရေစပဲ ရှိနေတဲ့ပုံပေါ်ပါတယ်။
"ဒီပြိုင်ပွဲပြီးသွားရင် လောင်းဖန်အနေနဲ့ သူ့ကိုယ်သူ သမားတော်တစ်ဦးဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာ သိသွားစေရမယ်လို့ ငါမပြောခဲ့ဘူးလား"ဟု ရှန်ယန်ရှောင်ပြောလိုက်သည်။
သုံးယောက်လုံး ခေါင်းညိတ်ပြလိုက်သည်။ ရှန်ယန်ရှောင် ဒီစကားတွေကို ပြောခဲ့ပါတယ်။
"ဒီပွဲမှာ ရှုံးတဲ့အတွက် သူ့စိတ်ဓာတ်ကို နည်းနည်းလေးထိပါးရုံကလွဲရင် သူ့ဆေးပညာလမ်းကြောင်းအတွက် ဘာထိခိုက်မှုမှ ဖြစ်မှာမဟုတ်ဘူး။ ငါလိုချင်တာက သူ့တစ်သက်လုံး ဆေးပညာကို ထိတွေ့လို့မရတော့ဖို့ပဲ"
ရှန်ယန်ရှောင်အသံက အလွန်သိမ်မွေ့ပေမယ့် လူတွေကို ကြက်သီးထစေနိုင်ပါတယ်။
"လှုပ်ရှားနှေးကွေးဆေးရည်ကို မင်းတစ်ခုခုလှည့်ထားခဲ့တာလား"
ကြူရှီယာရဲ့ ဉာဏ်စွမ်းကြောင့် ရှန်ယန်ရှောင်ပြောလိုက်တာတွေအပေါ်မှာ အတွေးတစ်ခုပေါ်ပေါက်သွားခဲ့ပါတယ်။
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်သည်။ သူမက ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိတာကြောင့် ပြန်ပြောလိုက်ပါတယ်။
"လှည့်စားတယ်...လှုပ်ရှားနှေးကွေးဆေးရည်ပြုလုပ်တယ်လို့ ငါ တစ်ခါမှ မပြောခဲ့မိပါဘူး။ အဲ့ဒါကို လှုပ်ရှားနှေးကွေးဆေးရည်လို့ ပူလီစီ တစ်ကယ်ယူဆထားရင်တော့ သူ့တပည့်ဖြစ်သူနဲ့ လောင်းဖန်တို့ရဲ့ ဆေးပညာလမ်းကြောင်းကို သူကိုယ်တိုင်ဖျက်စီးတော့မယ်လို့ ငါယုံတယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၀)
လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကို ယိအကယ်ဒမီကျောင်းသားတစ်ချို့အား အဆောင်ကိုသယ်လာဖို့ ဖန်းကြူမှာကြားခဲ့သည်။ ပူလီစီကတော့ မျက်နှာမည်းကြီးနဲ့ ရပ်နေခဲ့သည်။ အဓိပ္ပါယ်ရှိတဲ့ အကြည့်တစ်ချက်နောက်မှာတော့ ယိအကယ်ဒမီကျောင်းသားတွေက သူတို့ရဲ့ ဆေးစပ်ပစ္စည်းတွေကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်ပေးလိုက်ကြသည်။
ပူလီစီက ဆေးမြစ်စာရင်းကို ရေးလိုက်ပြီးဖန်းကြူအားပေးကာ လှုပ်ရှားနှေးကွေးဆေးရည်အတွက် ဖြေဆေးကို ပြုလုပ်ရာမှာ လိုအပ်သော ဆေးမြစ်တွေကို တစ်ယောက်ယောက်ကို ယူခိုင်းလိုက်ဖို့ ပြောလိုက်ပါတယ်။
ဆေးမြစ်တွေက ပူလီစီထံမြန်မြန်ပဲ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဖန်းကြူက တစ်ခုခုကို သံသယမကင်းစွာနဲ့ ဖွင့်ဟပြောလိုက်ပါတယ်။
"သမားတော်ကြီးပူလီစီ သူတို့ကိုယ်ထဲက လှုပ်ရှားနှေးကွေးဆေးရည်က သာမန်လှုပ်ရှားနှေးကွေးဆေးရည်တွေထက် ပိုပြီးအာနိသင်ပြင်းပုံရတယ်နော်"
ပူလီစီက အေးစက်စက်နဲ့ ဟင့်ကနဲလုပ်လိုက်သည်။
"နည်းနည်းလေးအဆင့်မြှင့်ထားတဲ့ လှုပ်ရှားနှေးကွေးဆေးရည်ပါကွာ ဘာလဲ ငါက မဖြေရှင်းပေးနိုင်ဘူးလို့ ထင်နေတာလား။ ဒီလိုဆိုရင်လည်း ရှန်ဂျူဆီကိုသွားပြီး ဖြေဆေးတောင်းလိုက်လေ"
ပူလီစီပြောတာကို ကြားတာနဲ့ ဖန်းကြူပါးစပ်ပိတ်လိုက်ပါတယ်။ ရှန်ယန်ရှောင်ရဲ့ လှုပ်ရှားနှေးကွေးဆေးရည်မှာ ပြောင်းလဲမှုအနည်းငယ်လုပ်ထားရင်တောင် သမားတော်ကြီးဖြစ်သော ပူလီစီအတွက် ဘာအခက်အခဲမှ ရှိစရာမလိုပါဘူး။
ဘယ်သူမှ မကန့်ကွက်ရဲကြတာကြောင့် လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့အတွက် ဖြေဆေးကို ပူလီစီ စတင်ဖော်စပ်လိုက်ပါတော့တယ်။
လှုပ်ရှားနှေးကွေးဆေးရည်ရဲ့ အာနိသင်အတွက် ဖြေဆေးကို အနည်းငယ်ခန့်ပြုပြင်ဖော်စပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဖြေဆေးရရှိသွားခဲ့ပါတယ်။
"ဒီဖြေဆေးတွေကို သူတို့နှစ်ယောက်ကို တိုက်ပေးလိုက်"လို့ ပူလီစီက မျက်နှာထားသုန်မှုန်စွာပြောလိုက်ပါတယ်။
သူဟာ လူငယ်မျိုးဆက်လက်အောက်မှာ အကြိမ်ကြိမ်အရေးနိမ့်ခဲ့ကာ သူ့သိက္ခာကို ကျဆင်းထိခိုက်စေခဲ့ပါတယ်။
ဖန်းကြူက ရိုသေစွာယူလိုက်ပြီးတော့ ကျောင်းသားနှစ်ယောက်ကို ဖြေဆေးတိုက်ခိုင်းလိုက်ပါတယ်။
ကွမ်းတစ်ယာညက်ခန့်အကြာမှာ ခရုလိုနှေးကွေးနေတဲ့ လူနှစ်ယောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။
လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့နှစ်ယောက်က သူတို့ရောက်နေတဲ့နေရာကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိပြီး ခေါင်းထဲမှာတော့ မေးခွန်းတွေပြည့်နေခဲ့ပါတယ်။
"ကျနော်တို့က ဒီကိုဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ ဆေးပညာခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား"
လောင်းဖန်က ဖန်းကြူနဲ့ပူလီစီတို့အား နားမလည်နိုင်ဟန်နဲ့ ကြည့်ပြီးမေးလိုက်ပါတယ်။ သူနဲ့ရှန်ဂေါင်းရှောင်တို့က ရှန်ယန်ရှောင်ရဲ့ ဆေးရည်ကိုသောက်ပြီးကာစပဲ ရှိသေးတာကို သူကောင်းကောင်းမှတ်မိနေပါတယ်။ ဒီတော့ မျက်တောင်တစ်ခတ်အတွင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဆန်းဆန်းပြားပြားနဲ့ အဆောင်ကိုပြန်ရောက်နေရတာလဲ။
"အဲ့ကလေး ရှန်ဂျူရော ဘယ်လိုနေလဲ"လို့ ရှန်ဂေါင်းရှောင်ကလည်း ဘာဖြစ်မှန်းမသိသေးလို့ မေးလိုက်ပါတယ်။
"ဟင့်"လို့ ပူလီစီက မကျေမနပ်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျက်သရေမရှိတဲ့ပွဲပဲ။ မင်းတို့တွေ အဲ့ကလေးလှည့်တာကို ခံလိုက်ရတာပဲ။ မင်းတို့ကို သူသောက်ခိုင်းခဲ့တာက လှုပ်ရှားနှေးကွေးဆေးရည်ပဲ။ တစ်ဖက်သားက ဖြေဆေးတောင်ဖော်ပြီးသောက်ပြီးသွားပြီ မင်းတို့ငတုံးနှစ်ကောင်ကတော့ တွေတွေကြီးကြည့်နေကြတုန်းပဲ ရှိသေးတယ်"
ဒီစကားကို ကြားလိုက်တာနဲ့ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်နှစ်ယောက်လုံး ဖော်ပြရခက်သောအမူအယာတွေ ဖြစ်ပေါ်သွားခဲ့ကြသည်။
"ဘယ်လိုလုပ်...ဝေါ့"
လောင်းဖန်က ထပ်မေးရန်လုပ်နေတုန်းမှာပဲ သူ့ရင်ထဲကနေပြီး တစ်ကိုယ်လုံးကို စူးရှနာကျင်မှုကြီးပျံ့သွားခဲ့ကာ လည်ချောင်းဝကနေ ပျို့တက်လာသော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပါတယ်။
ထို့အတူပဲ ရှန်ဂေါင်းရှောင်လည်း သွေးအန်ပါတော့တယ်။ ချက်ခြင်းလက်ငင်းနဲ့ သူတို့နှစ်ယောက်လုံး အိပ်ယာထဲပြန်လဲကျသွားပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ရီကာ သူတို့ရဲ့ပါးစပ်၊ နှာခေါင်းနဲ့ နားရွက်တွေကနေပြီး နီရဲသောသွေးတွေ ဆက်တိုက်စီးကျလာပါတော့တယ်။
များပြားလှသောသွေးတွေကြောင့် အားလုံး လန့်သွားကြသည်။
လောင်းဖန်ထံကနေ စီးထွက်နေသောသွေးတွေကို စိုက်ကြည့်နေလိုက်ပြီးမှ လောင်းဖန်အနားကို ဖန်းကြူပြေးသွားလိုက်ပါတယ်။
"သမားတော်ကြီးပူလီစီ ဘာတွေဖြစ်ကုန်တာလဲ"
တုန်ခါနေသော လောင်းဖန်ကိုပွေ့ထားရင်း ဖန်းကြူစိတ်ထဲ တင်းကြပ်သွားခဲ့သည်။ လောင်းဖန်မျက်နှာက ချက်ခြင်းဖြူဖွေးသွားပြီး သူ့ခေါင်းမှာရှိတဲ့ ဒွာရခုနှစ်ပေါက်ကနေ သွေးတွေအဆက်မပြတ်ထွက်နေတာကြောင့် အားလုံးလန့်သွားကြပါတယ်။ သူ့ပုံစံဟာ အချိန်မရွေးသေတော့မယ့်ပုံပေါက်နေပါတယ်။
ပူလီစီလည်း တောင့်တောင့်ကြီးဖြစ်သွားရသည်။ ပြန်ကောင်းလာကြတဲ့ လူနှစ်ယောက်က ရုတ်တရက်ကြီး သွေးတွေအန်ထုတ်နေလို့ သူကိုယ်တိုင်လည်း ရူးကြောင်ကြောင်ဖြစ်သွားရပါတယ်။
ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ အနေအထားက ပိုဆိုးဆိုးလာပါတယ်။ နှစ်ယောက်လုံးတွန့်လိမ်နေကြပြီး သွေးတွေလည်း အဆက်မပြတ်ထွက်နေခဲ့လို့ အဆောင်ထဲက ယိအကယ်ဒမီကျောင်းသားအားလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားကြသည်။ သူတို့အားလုံး လူနှစ်ယောက်အနာကို ပြေးသွားလိုက်ကြပြီး သွေးအန်တာရပ်စေရန်အတွက် ကြိုးစားလိုက်ကြပါတယ်။
"သမားတော်ကြီးပူလီစီ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ ကျနော်တို့ကို ပြောဦးလေ အာ"
ဖန်းကြူ တစ်ကိုယ်လုံး ဇောအဟုတ်နဲ့ပူလောင်နေပါတယ်။ လောင်းဖန်က ယိအကယ်ဒမီရဲ့ အတော်ဆုံးဆေးကျောင်းသားဖြစ်ပြီး တစ်ခုခုသာလွဲချော်သွားခဲ့ရင် သူ့အနေနဲ့ အကယ်ဒမီမှာ ဆက်နေလို့ရမှာမဟုတ်တော့ပါဘူး။
ပိုဆိုးတာက လောင်းမိသားစုက သူ့ကိုအလွတ်ပေးမှာ မဟုတ်တာပါပဲ။
"မဖြစ်နိုင်တာပဲ... ငါဖော်စပ်လိုက်တဲ့ ဖြေဆေးမှာ ဘာမှပြဿနာမရှိပါဘူး။ သူတို့က ဘာလို့ သွေးတွေအန်နေကြတာလဲ"လို့ ပူလီစီ ထိတ်လန့်စွာပြောလိုက်သည်။
ရှန်ဂေါင်းရှောင်က နှစ်ပေါင်းများစွာအတွင်းမှာ သူ၏တစ်ဦးတည်းသော တပည့်ဖြစ်ကာ သူ့အရည်အချင်းက ရှန်ဂျူထက်နိမ့်ပေမယ့် ရှားပါးသော ပါရမီရှင်တစ်ဦးပါပဲ။ ပူလီစီအနေနဲ့ သူ့ပညာတွေကို ဆက်ခံခိုင်းဖို့ ရည်ရွယ်ချက်ရှိပြီး အခုအချိန်မှာတော့ တပည့်ဖြစ်သူဟာ သွေးတွေအန်နေတာကြောင့် လေးစားဖွယ်သမားတော်ကြီးတစ်ဦးအဖို့ လုံးဝလက်မခံချင်စရာပါပဲ။
ရှန်ဂေါင်းရှာင်နဲ့လောင်းဖန်တို့ရဲ့ မထင်မှတ်ထားသော အခြေအနေကြောင့် တစ်ခန်းလုံးဝရုန်းသုန်းကားဖြစ်နေပါတယ်။ ပူလီစီက တုန်လှုပ်နေဆဲဖြစ်ပေမယ့် နတ်ဆရာဌာနကို သွားရောက်အကူအညီတောင်းဖို့ ပြောလိုက်ပါတယ်။ လက်ရှိအနေအထားအရ သမားတော်တွေ ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်တော့ပါဘူး။
နတ်ဆရာဌာနမှူးကိုယ်တိုင်လာခဲ့ပြီး ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ကို စွမ်းအားပြင်းမန်းမှုတ်မှုကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့ပါသည်။ လူနှစ်ယောက်ရဲ့အခြေအနေက နည်းနည်းကောင်းမွန်သွားပေမယ့်လည်း နှစ်ယောက်လုံး သတိမေ့နေကြပြီဖြစ်ကာ သူတို့ရဲ့ဖြူလျော်သောမျက်နှာတွေကတော့ ဘာတိုးတက်မှုမှမရှိခဲ့ပါဘူး။
"သမားတော်ကြီးပူလီစီ ဒီကျောင်းသားနှစ်ယောက်ရဲ့ နှလုံးသွေးကြောတွေက ထိခိုက်ထားကြတယ်။ သူတို့အနေနဲ့ ဒီအချိန်အတွင်းမှာ ကုသမှုကောင်းကောင်းခံယူရလိမ့်မယ်ထင်တယ်"
နတ်ဆရာဌာနရဲ့ဌာနမှူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ်။ ဒီနှစ်ယောက်ရဲ့ အခြေအနေက သိပ်အားတက်ဖွယ်မရှိတာကို သူတွေ့ရှိခဲ့ရပါတယ်။