အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၁)
"သူတို့နှလုံးသွေးကြောတွေ ထိခိုက်ထားတယ်ဟုတ်လား မင်းဘာပြောချင်တာလဲ"လို့ ပူလီစီကအံ့အားသင့်ကာ မေးလိုက်ပါတယ်။
စောစောလေးကတင် အကောင်းအတိုင်းရှိနေကြသူနှစ်ယောက်က နှလုံးသွေးကြောတွေ ထိခိုက်ထားတယ်ဆိုလို့ ဘယ်လိုဖြစ်သွားတာလဲဆိုတာကို သူစဉ်းစားမရဖြစ်သွားရပါတယ်။
နတ်ဆရာဌာနမှူးက ပြန်ပြောလိုက်ပါတယ်။
"ဆေးပညာအကြောင်းကို ကျနော်မသိပေမယ့် ဒီကျောင်းသားနှစ်ယောက်ကတော့ သူတို့ရဲ့သွေးကြောတွေကို ဖိနှိပ်တဲ့ဆေးရည်ကို သောက်ထားခဲ့တာထင်ရှားနေတယ်။ အဲ့ဒီနောက်တော့ အလွန်အားကောင်းတဲ့ ဆေးရည်တစ်မျိုးကို သောက်လိုက်တဲ့အတွက် နဂိုကဖိနှိပ်ခံထားရတဲ့သွေးကြောထဲက အားတွေက အထိန်းအကွပ်မဲ့သွားပြီး အရေးကြီးသွေးကြောရှစ်နေရာထဲမှာ ကြမ်းကြမ်းတမ်းတမ်းတိုးဝင်သွားခဲ့တယ်။ ထိခိုက်မှုက တော်တော်ကြီးတယ်"
"သွေးကြောတွေကို ဖိနှိပ်ထားတဲ့ ဆေးရည်..."လို့ပြောလိုက်ပြီး ပူလီစီမျက်နှာက လျှပ်တစ်ပြက်အတွင်း သွေးဆုပ်သွားပါတယ်။
လှုပ်ရှားနှေးကွေးဆေးရည်ရဲ့ အာနိသင်က ဦးနှောက်ကိုပဲ သက်ရောက်တာဖြစ်ပြီး သွေးကြောတွေကိုမသက်ရောက်ပါဘူး ဒါပေမယ့် နတ်ဆရာဌာနမှူးအနေနဲ့ ပေါက်ကရပြောစရာအကြောင်းလည်း မရှိပါဘူး။
နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ ရှန်ဂျူရဲ့ ဆိုးကျိုးဆေးရည်က အစတည်းကကို လှုပ်ရှားနှေးကွေးဆေးရည်မဟုတ်ဘဲ ပူလီစီမသိသော လျှို့ဝှက်ဆန်းပြားတဲ့ ဆေးရည်ဖြစ်ကာ လှုပ်ရှားနှေးကွေးဆေးရည်နဲ့ အာနိသင်တူသယောင်ယောင်ဖြစ်နေပါတယ်။ ဒါက သိပ်မထိခိုက်သေးပါဘူး ဆိုးရွားတာကတော့ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့က လှုပ်ရှားနှေးကွေးဆေးရည်ရဲ့ ဖြေဆေးတွေကို သောက်လိုက်ရတာဖြစ်ပါတယ်။ လှုပ်ရှားနှေးကွေးဆေးရည်ရဲ့ အာနိသင်ကို ပယ်ဖျောက်ရန်အတွက် ဖြေဆေးဟာ အာရုံကြောတွေ မလှုပ်မရှားဖြစ်နေတာကို ပြန်လည်နှိုးဆွပေးမှာဖြစ်သည်။ နှိုးဆွပေးပြီးနောက် ပျောက်ကွယ်မသွားဘဲ လူနှစ်ယောက်ရဲ့ အရေးကြီးသွေးကြောရှစ်ခုထဲမှာ ကျန်ရှိနေမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သွေးကြောတွေကို ရူးသွပ်စွာဖျက်စီးပါလိမ့်မယ်။
ပူလီစီ ခြေထောက်တွေ ပျော့ခွေသွားကာ ထိုင်ခုံပုံပုံကျသွားခဲ့ပါတယ်။ သူ၏ မာနတစ်ခွဲသားမျက်နှာ လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ သူ့မျက်နှာဟာ ဘာအမူအယာမှ မရှိတော့ဘဲ ဆယ်နှစ်ခန့်အိုမင်းသွားသလိုဖြစ်သွားပါတယ်။
သွေးကြောတွေပျက်စီးတယ်ဆိုတာက ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ ဆေးပညာလမ်းကြောင်းက ပျက်စီးသွားပြီဆိုတဲ့သဘောပါပဲ။ သွေးကြောတွေပျက်စီးတာကြောင့် အာရုံငါးပါးမှာ အလွန်ထိခိုက်မှာဖြစ်ကာ သူတို့တစ်ကိုယ်လုံးက အားအင်တွေလည်း ပျောက်ကွယ်သွားစေမှာဖြစ်ပါတယ်။
သမားတော်ဖြစ်ဖို့ မဆိုထားနှင့် သာမန်လူတစ်ယောက်လိုတောင် အကောင်းပကတိရှိချင်မှ ရှိတော့မှာပါ။
ဒီလူနှစ်ယောက်ရဲ့ ဆေးပညာလမ်းကြီးဟာ လုံးဝပျက်စီးသွားခဲ့ပါပြီ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ပူလီစီတစ်ယောက် ထိုင်ခုံပေါ်မှာ ပုံလျှက်သားဖြစ်နေပါတယ်။ သူ့တပည့်ဖြစ်သူ၏ အနာဂတ်ကို သူကိုယ်တိုင်ဖျက်စီးလိုက်တာကို မယုံနိုင်ဖြစ်ကာ ငေးကြောင်ကြောင်ကြီးဖြစ်သွားပါတယ်။
သူသာ မှားယွင်းစွာနဲ့ လှုပ်ရှားနှေးကွေးဆေးရည် ဖြေဆေးအား မတိုက်ခဲ့ဘူးဆိုရင် သူတို့ကံကြမ္မာက ဒီလိုဆိုးရွားစရာမရှိပါဘူး။ ဒါတွေအားလုံးက သူ့ကြောင့်ဖြစ်သွားခဲ့ရပါတယ်။
"ရှန်ဂျူကိုရှာကြ...ရှန်ဂျူမှာ နည်းလမ်းရှိရမယ်"လို့ ဖန်းကြူက အထိတ်ထိတ်အပျာပျာနဲ့ အော်ဟစ်လိုက်ပါတယ်။ သူက ပူလီစီကိုလည်း အရေးမမူအားတော့ဘဲ နတ်ဆရာဌာနမှူးကိုသာ စိတ်လောတကြီးနဲ့ကြည့်လိုက်ပါတယ်။
"အဲ့ဒီဆေးရည်က ရှန်ဂျူပြုလုပ်ထားတာမို့ သူ့မှာ အဖြေရှိမှာပါ။ အဖြေရှိကိုရှိရမယ်"
နတ်ဆရာဌာနမှူးက ပြန်ပြောလိုက်ပါတယ်။
"ဆေးပညာဖက်ကိုတော့ ငါလည်း ဘာမှနားမလည်ဘူး ဒါပေမယ့် ရှင်းလို့ရတဲ့နည်းရှိတယ်ဆိုရင်တော့ မြန်နိုင်သမျှမြန်မြန်လုပ်ဖို့လိုတယ်။ သူတို့ကိုယ်မှာ ဖြစ်ပေါ်နေတာကို ငါ ယာယီထိန်းထားပေးနိုင်ပေမယ့် တည်ငြိမ်သွားအောင်လို့ တစ်ကယ့်ဖြေဆေးကို ရမှဖြစ်မယ်။ မဟုတ်ရင်တော့ သူတို့ကို အကောင်းပကတိပြန်ဖြစ်ဖို့မပြောနဲ့ အသက်ရှင်သန်ဖို့တောင် ခက်သွားမှာပဲ"
"ကျနော် သူ့ကိုသွားရှာပါ့မယ်..ကျနော်သူ့ကိုသွားရှာမယ်"ဟု ဖန်းကြူက တတွတ်တွတ်ရေရွတ်ကာ အခန်းထဲကနေ ဒုန်းစိုင်းပြေးသွားခဲ့ပါတယ်။
ပူလီစီကတော့ ဘာတစ်လုံးမှမပြောဘဲ ထိုင်ခုံပေါ်မှာသာ ထိုင်နေပြီး သူ့မျက်လုံးတွေကတော့ အသက်မဲ့နေပါတယ်။
ဘဝင်မြင့်နေခဲ့ကြသော ယိအကယ်ဒမီကျောင်းသားတွေဟာ သူတို့မျက်စိရှေ့က ကြောက်စရာအဖြစ်အပျက်ကြောင့် ထိတ်လန့်နေခဲ့ကြပါပြီ။ သူတို့မျက်စိထဲမှာ ဘာမဟုတ်တဲ့အရေးမပါလှသော ပြိုင်ပွဲလေးတစ်ခုကနေ အခုလိုမျိုးထိ ဖြစ်သွားခဲ့မယ်လို့ ဘယ်တုန်းကမှ အိပ်မက်ထဲတောင် မမက်ခဲ့ဖူးပါဘူး။ ပိုဆိုးတာက တော်ဝင်ရိုလန်ကျောင်းက ဆေးကျောင်းသားသစ်တစ်ဦးရဲ့ ဆေးရည်ကို သမားတော်ကြီးဖြစ်တဲ့ ပူလီစီကမှားယွင်းယူဆခဲ့ခြင်းပါပဲ။
ဖန်းကြူက ဆေးပညာဌာနတစ်ခုလုံးမှာ ရှန်ယန်ရှောင်ကို လိုက်လံရှာဖွေခဲ့သော်လည်း တစ်ကျောင်းလုံးအနှံ့ပြဲပြဲစင်ရှာပြီးခဲ့တာတောင် ရှန်ယန်ရှောင်ရဲ့ အရိပ်ကိုတောင် မတွေ့ခဲ့ရပါဘူး။
ဘယ်တွေ့မလဲ ရှန်ယန်ရောင်က ဒီအချိန်မှာ လောင်းကစားရုံရဲ့ နားနေဆောင်ထဲမှာ ငနာသုံးကောင်ရဲ့ ပြုစုမှုကို ဇိမ်ယူနေပါတယ်။
ရှန်ယန်ရှောင်ကိုမတွေ့တာကြောင့် ဖန်းကြူတစ်ယောက် ရူးမလိုဖြစ်သွားရပြီး မတတ်နိုင်တဲ့အဆုံး ခေါင်းငုံ့ပြီးတော့ တော်ဝင်ရိုလန်ကျောင်း ကျောင်းအုပ်ကြီး အိုးယန်ဟွမ်းယူထံ တောင်းပန်တိုးလျှိုးလိုက်ရပါတယ်။
တော်ဝင်ရိုလန်ကျောင်းက နည်းပြအားလုံး ရှန်ယန်ရှောင်ကို လိုက်လံရှာဖွေဖို့ ညွှန်ကြားပေးလိုက်ပါတယ်။ ကံမကောင်းတာကတော့ သူတို့အနေနဲ့ အရိပ်အဖွဲ့ရဲ့ ခြေကုပ်စခန်းကို မသိခဲ့လို့ ပင်ပန်းခံရကျိုးမနပ်ခဲ့ကြပါဘူး။
နောက်ရက်မနက်ခင်း ရှန်ယန်ရှောင်နဲ့သုံးကောင်တို့တစ်သိုက် ကျောင်းကိုပြန်လာချိန်မှာ တစ်ကျောင်းလုံးယောက်ယက်ခတ်နေကြပါပြီ။
ရှန်ယန်ရှောင်ကို တွေ့လိုက်တဲ့ ပထမဆုံးနည်းပြဖြစ်သူက ချက်ခြင်းအော်ဟစ်ကာ သွားရောက်သတင်းပို့လိုက်ပါတယ်။
ဂိတ်ဝမှာကျန်ခဲ့ရသော လေးယောက်လုံး ဘာဖြစ်တာလဲဟဆိုတဲ့ အမူအယာတွေဖြစ်သွားကြပါတယ်။
"သူတို့တွေ ဘာဖြစ်ချင်နေကြတာလဲ။ ဘာအထာလဲဟ"
ယန်းရှီက ဟိုပြေးဒီပြေးနဲ့ ပြာတာယမ်းနေကြသူတွေကိုကြည့်ကာ ပြောလိုက်ပါတယ်။
"ငါတို့ကို ပွဲကြီးပွဲကောင်းတစ်ခုက စောင့်ကြိုနေပုံပဲ"လို့ ကြူရှီယာက ရက်စက်သောအပြုံးနဲ့ပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၂)
ရှန်ယန်ရှောင်က သူတို့သုံးယောက်အား တစ်ချက်ကြည့်ကာ ရှေ့သို့တိုးလိုက်ပြီး"သွားကြည့်ကြတာပေါ့"ဟု ပြောလိုက်သည်။
ဆေးပညာဌာနခန်းအတွင်းမှာတော့ အနေအထားဟာ စိတ်ဓာတ်ကျဆင်းစရာ ကောင်းလွန်းနေခဲ့ပါတယ်။
ကုတင်ပေါ်မှာ လှဲလျောင်းလျှက်ရှိပြီး သေအံ့မူးမူးဖြစ်နေသော လူငယ်နှစ်ယောက်အား အိုးယန်ဟွမ်းယူက လက်နှစ်ဖက်ကို နောက်ပစ်လျှက်ကြည့်နေခဲ့သည်။ သူ့မျက်နှာအမူအယာကတော့ ဝေခွဲရန်ခက်ခဲလှပါတယ်။
ဘေးမှာရပ်နေတဲ့ ပူလီစီကတော့ အတော်လေးအိုမင်းသွားဟန်ပေါက်နေပြီး ခါးလည်းကိုင်းနေကာ မြေပြင်ကိုသာ အသက်ကင်းမဲ့စွာ ကြည့်နေပါတယ်။
ရဲချင်နဲ့နတ်ဆရာဌာနမှူးတို့က ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ အိပ်ယာဘေးမှာ ရပ်နေကြတာဖြစ်ပြီး သူတို့အမူအယာတွေက ပုံမှန်ဟုတ်မနေခဲ့ပါဘူး။
ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ အခြေအနေက အလွန်အမင်းကို ဆိုးရွားနေပါပြီ။ မန်းမှုတ်ကာကွယ်မှုလုပ်ထားပေးပေမယ့် သူတို့နှစ်ယောက်ရဲ့ သွေးကြောတွေပျက်စီးတာကိုတာ့ မတားစီးနိုင်ခဲ့ပါဘူး။ အခုဆိုရင် သူတို့နှစ်ဦးလုံး ကိုမာဝင်နေပြီဖြစ်ကာ ရဲချင်နဲ့နတ်ဆရာဌာနမှူးတို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းကနေ သူတို့နှစ်ယောက်ရဲ့ နှလုံးသားကို တည်ငြိမ်အောင်လုပ်ပေးထားလို့သာ အခုထိအသက်ရှင်နေဆဲဖြစ်တာပါ။ ဒါပေမယ့် ဒီအခြေအနေကလည်း ကြာကြာမခံတော့ပါဘူး။
"ရှန်ဂျူကို အခုထိ ရှာမတွေ့ကြသေးဘူးလား"
အိုးယန်ဟွမ်းယူက မျက်လုံးထောင့်တွေကို ပွတ်သပ်ကာ ခေါင်းကိုက်မှုအနည်းငယ်သက်သာစေရန် လုပ်လိုက်ပါတယ်။ ညသန်းခေါင်ယံမှာ ဒီထိတ်လန့်ဖွယ်သတင်းကို သူရရှိခဲ့တာဖြစ်ပြီး အခုထိမအိပ်စက်ရသေးပါဘူး။
မိသားစုနောက်ခံမျိုးရိုးက ပြောပလောက်အောင် မဟုတ်ပေမယ့် ဆေးပညာရပ်မှာ အရည်အချင်းရှိတာ လူတိုင်းအသိဖြစ်သော ရှန်ဂေါင်းရှောင်ဟာ ပူလီစီကိုယ်တိုင် အသိအမှတ်ပြုလက်ခံထားသော တပည့်ဖြစ်ပြီး လေးလအကြာမှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲမှာ တော်ဝင်ရိုလန်ကျောင်း ဆေးပညာဌာနကို ကိုယ်စားပြုပြီးယှဉ်ပြိုင်စေဖို့ အိုးယန်ဟွမ်းယူဆုံးဖြတ်ထားခဲ့ပါတယ်။
သို့ပေမယ့် အခုအခါမှာတော့ ဒီလိုအခြေအနေတွေဖြစ်ပွားသွားခဲ့ပြီး တော်တော်လေးကိုဆိုးဆိုးပါပဲ။
နောက်ပြီး လောင်းဖန်အခြေအနေက ပိုရှုပ်ထွေးပါတယ်။ လောင်းဖန်က တော်ဝင်ရိုလန်ကျောင်းသားမဟုတ်ဘဲ လန်းယူတိုင်းပြည် ယိအကယ်ဒမီကျောင်းသားဖြစ်ပါတယ်။ လောင်းရွှမ်အင်ပါယာနဲ့လန်းယူမင်းဆက်ပြည်ရဲ့ ဆက်ဆံရေးက အပေါ်ယံမှာချစ်ကြည်မှုရှိပေမယ့် နောက်ကွယ်မှာတော့ တိတ်တဆိတ်ယှဉ်ပြိုင်နေကြပါတယ်။ နောက်ပြီးတော့ လောင်းဖန်မိသားစုရဲ့ သြဇာက လန်းယူပြည်ထဲမှာဆို တော်တော်လွှမ်းမိုးမှုရှိပါတယ်။ ဒီတော့ တော်ဝင်ရိုလန်ကျောင်းအတွင်းမှာ အခုလိုမျိုး မတော်တဆမှုနဲ့ကြုံတွေ့ပြီး အသက်ဆုံးခဲ့မယ်ဆိုရင် အနေအထားကတော့ မြွေဖားဖြစ်သွားမှာပါ။
ဒီကိစ္စသာ အရေးမကြီးဘူးဆိုရင် အိုးယန်ဟွမ်းယူအနေနဲ့ ကိုယ်တိုင်ကိုယ်ကျလာပြီး အိပ်ရေးပျက်ခံစောင့်နေမှာမဟုတ်သလို ရဲချင်ကိုယ်တိုင်ကူညီပေးဖို့ကိုလည်း တိုက်တွန်းမိမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဒီနည်းလမ်းတွေအားလုံးက ယာယီမျှသာဖြစ်ပြီး လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့နှစ်ယောက်ကို တစ်ကယ်ကယ်တယ်ချင်ပါက သူတို့နှစ်ယောက်အတွက်ဖြေဆေးကို ရှန်ဂျူဆီမှာတောင်းရမှာပါ ရှန်ဂျူကသာ သူတို့သောက်ခဲ့တာ ဘာဆေးရည်မှန်းသိမှာဖြစ်ပါတယ်။
"တွေ့ပြီ..တွေ့ပြီ...ရှန်ဂျူပြန်ရောက်နေပြီးတော့ ဒီကိုလာနေပါပြီ"လို့ နည်းပြတစ်ဦးက အမောတကောပြေးဝင်လာကာ အော်ပြောလိုက်ပါတယ်။
အိုးယန်ဟွမ်းယူ စိတ်အေးသွားခဲ့ပါတယ်။ ဒီလိုပြဿနာကြီးဖြစ်စေခဲ့တဲ့ ကလေးက နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပါပြီ။
တအောင့်အကြာမှာတော့ ကြူရှီယာ၊ယန်ယုနဲ့ယန်းရှီတို့ရဲ့ ရှေ့ကနေဦးဆောင်လျှောက်လာသော ရှန်ယန်ရှောင်ကို တံခါးဝမှာတွေ့မြင်လိုက်ရပါတယ်။
"ကျောင်းအုပ်အိုးယန်က ကျနော့်ကို ဘာကြောင့်တွေ့ချင်တာလဲမသိဘူး"
သူမပြန်ရောက်တဲ့အခါ လောင်းဒီနဲ့တွေ့ခဲ့ပြီး အိုးယန်ဟွမ်းယူက သူမကို ရှာနေတယ်လို့ပြောခဲ့တာကြောင့် သူမခပ်သွက်သွက်လာခဲ့ခြင်းဖြစ်ပါတယ်။
သူမကို ဘာလို့ရှာနေတာလဲဆိုတာကို သူမ ကောင်းကောင်းကြီးသိပေမယ့် မသိဟန်ဆောင်မေးလိုက်တာပါ။
"ရှန်ဂျူဆိုတာ မင်းလား"
အိုးယန်ဟွမ်းယူဟာ ပုံမှန်မဟုတ်အောင် သေးကွေးလွန်းသော လူလေးကိုကြည့်ပြီးပြောလိုက်ပါတယ်။ ဆင့်ခေါ်သူဌာနရှေ့မှာ သူတစ်ခေါက်ဆုံဖူးခဲ့ပေမယ့် ဒီဘယ်သူဘယ်ဝါမှန်းမသိတဲ့ ချာတိတ်လေးကို သူအလေးမမူခဲ့ပါဘူး။
ရဲချင်က ရှန်ယန်ရှောင်ကို သူ့တစ်ဦးတည်းသော တပည့်အဖြစ်လက်ခံကြောင်းသိတော့မှသာ ဒီကောင်သေးသေးလေးကို အိုးယန်ဟွမ်းယူ စိတ်ဝင်စားသွားခဲ့ပြီး စုံစမ်းခဲ့ပါတယ်။ ကောင်လေးအကြောင်း စုံစမ်းသိရှိရတာတွေက သိပ်ထူးဆန်းတာတော့မရှိလှပါဘူး။
"ကျနော်က ရှန်ဂျူဟုတ်ပါတယ်"လို့ ရှန်ယန်ရှောင်က ရိုးသားစွာဖြေလိုက်ပါတယ်။ ဒါပေမယ့် အိပ်ယာပေါ်လဲနေတဲ့ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ကို တွေ့လိုက်တော့ သူမမျက်လုံးထဲမှာ ပြုံးရိပ်သန်းသွားခဲ့ပါတယ်။
"မနေ့တုန်းက မင်းရယ် ရှန်ဂေါင်းရှောင်ရယ်နဲ့ လောင်းဖန်တို့ ပြိုင်ပွဲလုပ်ခဲ့တဲ့အခါ ဘယ်လိုဆိုးကျိုးဆေးရည်ကို မင်းအသုံးပြုခဲ့တာလဲ"လို့ အိုးယန်ဟွမ်းယူက တိုက်ရိုက်မေးလိုက်ပါတယ်။
ရှန်ယန်ရှောင်ဟာ ခနတာအံ့သြသွားပုံပေါ်သွားခဲ့ပြီးနောက် အိုးယန်ဟွမ်းယူကို သို့လောသို့လောအမူအယာနဲ့ ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
"အထူးတလည်ဆေးရည်မျိုးကို ကျနော်လုပ်ခဲ့တာမဟုတ်ပါဘူး အာ ဘာပြဿနာဖြစ်လို့လဲဗျ"
ရှန်ယန်ရှောင်အသံမဆုံးသေးခင်မှာပဲ ဖန်းကြူက ဝင်ပြောလိုက်ပါတယ်။
"မင်း ဘာမှ ဟန်ဆောင်နေစရာမလိုဘူး။ ဟေ့ချာတိတ်လေး မင်းက ဒီလိုအသက်အရွယ်လေးမှာတင်ကို ဒီလိုရက်စက်တဲ့နှလုံးသားနဲ့ဖြစ်နေပြီ။ မင်းက သူတို့နှစ်ယောက်လုံးကို သတ်ချင်နေခဲ့တာပဲ။ ခုထိ ဖြေဆေးမပေးသေးဘူးလားကွ"
ရှန်ယန်ရှောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူမက ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"ရက်စက်တယ်ဟုတ်လား။ နည်းပြက ဘာကိုပြောချင်တာလဲ။ မနေ့က စီနီယာနှစ်ယောက်လုံးနဲ့ကျနော်နဲ့ လူတိုင်းရှေ့မှောက်မှာ ယှဉ်ပြိုင်ခဲ့ကြတာပဲ။ စည်းမျည်းစည်းကမ်းကိုလည်း တစ်ချက်မှမချိုးဖောက်ခဲ့ဘဲ ကျနော်လုပ်သမျှအားလုံးက စည်းကမ်းအတွင်းကနေပဲ ပြိုင်ခဲ့တာပါနော်"
"ဖြေဆေးအတွက်ကတော့ ကျနော်မပေးဘူးလို့လည်း တစ်ခါမှမပြောမိခဲ့ပါဘူး ဒါပေမယ့် အဲ့အချိန်တုန်းက ဖြေဆေးပေးဖို့ မေ့သွားခဲ့ရုံပါပဲ။ နောက်ပြီး ကျနော်မှတ်မိသလောက်ဆိုရင် နည်းပြနဲ့သမားတော်ကြီးပူလီစီတို့က စီနီယာနှစ်ယောက်ကို ခေါ်သွားခဲ့ကြတော့ ကျနော်ဖြေဆေးပေးချင်ရင်တောင် ပေးလို့မရတော့ဘူးလေ"လို့ ရှန်ယန်ရှောင်က ကျနော်က ရိုးသားပါတယ်နော်ဆိုသော ပုံမျိုးနဲ့ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ စကားအောက်မှာ ဖန်းကြူတစ်ယောက် တောင့်တောင့်ကြီးဖြစ်သွားခဲ့သည်။ အဟုတ်ပါပဲ မနေ့တုန်းက သူတို့ကိုထွက်သွားဖို့ ပြောခဲ့သူက ပူလီစီဖြစ်ပြီး ဒီကိစ္စရဲ့ အစကနေအဆုံးထိ ရှန်ယန်ရှောင်နဲ့ ပတ်သတ်ပုံမရှိဘဲ အားလုံးရဲ့အကြောင်းရင်းက ပူလီစီဖြစ်နေပါတယ်။ သို့သော်လည်း ဖန်းကြူအနေနဲ့ ပူလီစီကို ပြောဝံ့သလား။
"ဟုတ်ပြီ။ အချိန်အခါကိုလည်းကြည့်ဦး မင်းတို့က အခုအချိန်မျိုးမှာတောင် စကားများနေနိုင်ကြသေးတယ်လား။ ရှန်ဂျူ ဖန်းကြူကို ဖြေဆေးပေးလိုက်တော့။ ဖန်းကြူ ဖြေဆေးမြန်မြန်ယူပြီး လူကိုကယ်လိုက်တော့"လို့ အခြေအနေကို ထိန်းသိမ်းရန် အိုးယန်ဟွမ်းယူက ဝင်ပြောလိုက်ပါတယ်။
ဖန်းကြူလည်း အံသာကြိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၃)
ရှန်ယန်ရှောင်လည်း တွေဝေတုံ့ဆိုင်းခြင်း အလျင်းမရှိဘဲ ဖြေဆေးနှစ်ပုလင်းကို ဖန်းကြူဆီပေးလိုက်ပါတယ်။
အလွန်ပူးပေါင်းဆောင်ရွက်နေခဲ့သော မြေခွေးမလေးကိုကြည့်ကာ တိရစ္ဆာန်သုံးကောင်က တစ်ခုခုတော့ လွဲနေပြီလို့ တွေးမိသွားကြရပါတယ်။ သူတို့ကိုဖြေဆေးလွယ်လင့်တကူ ပေးရလောက်အောင် ရှန်ယန်ရှောင်က တစ်ကယ်ကြင်နာတတ်နေပြီလား။ ဟာသမပြောစမ်းနဲ့။ လူသုံးလူက နေရာမှာတင်ရပ်နေလိုက်ပြီး ပြပွဲကိုသာ ဆက်လက်ကြည့်နေလိုက်ကြပါတယ်။
ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ ဖြေဆေးသောက်ပြီးသွားတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ် မဖြစ်ခဲ့ပါဘူး။ ရဲချင်နဲ့နတ်ဆရာဌာနမှူးတို့က သူတို့နှစ်ယောက်ကို စစ်ဆေးကြည့်လိုက်တော့ သူတို့သွေးကြောတွေအပေါ် သက်ရောက်နေခဲ့တဲ့အားက သိသိသာသာလျော့ပါးသွားတာကို တွေ့လိုက်ကြရပါတယ်။
"ဖြေဆေးက အစစ်အမှန်ပဲ"လို့ ရဲချင်က ပြုံး၍ပြောလိုက်ခဲ့သည်။
ဖန်းကြူ သက်ပြင်းမောချလိုက်မိသည်။
တိရစ္ဆာန်သုံးကောင်ကတော့ ဘယ်လိုပဲဆိုဆို စိတ်ထဲရှုပ်သွားရပါတယ်။ သူတို့ရဲ့ကောင်မပေါက်စနလေးက ဘယ်အချိန်ကများ ဒီလောက်ကောင်းမွန်သွားရတာလဲ။
"လောင်းဖန်ဘယ်လိုနေလဲဟင်"လို့ ဖန်းကြူက အလောတကြီးမေးလိုက်သည်။
"အခြေအနေကတော့ လုံး၀ တည်ငြိမ်သွားပါပြီ။ သူ့အသက်ဆုံးမှာကိုတော့ မင်းပူနေစရာမလိုတော့ဘူး။ တစ်ခုရှိတာ...သူ့အနေနဲ့ သမားတော်တစ်ဦး မဖြစ်နိုင်တော့မှာကိုတော့ ငါစိုးရွံ့မိတယ်"လို့ ရဲချင်ကပြန်ဖြေလိုက်သည်။
"ဘယ်လို"ဟု ဖန်းကြူက တောင့်ကနဲဖြစ်သွားပြီး ပြောလိုက်သည်။
"လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ သွေးကြောတွေက ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကြတယ်လေ။ ဖြေဆေးကို သူတို့သောက်လိုက်ကြပြီဆိုပေမယ့် ဖြေဆေးက သူတို့တွေ ဒီထက်အခြေအနေမဆိုးသွားအောင်ပဲ တတ်နိုင်တာဆိုတော့ သူတို့ရဲ့ အရင်ဒဏ်တွေကိုတော့ ဘယ်လိုမှ သက်ရောက်မှုမရှိတော့ဘူး"လို့ ရဲချင်က ဘာမှမတတ်နိုင်စွာ သက်ပြင်းချကာပြောလိုက်သည်။
အခြားပညာရပ်တွေမှာ အတွင်းအားနဲ့မှော်အားရှိဖို့လိုအပ်သကဲ့သို့ ဆေးပညာရပ်မှာက အာရုံငါးပါးနှင့်ကြံ့ခိုင်သောစိတ်ခွန်အားက ဆေးရည်ဖော်စပ်ခြင်းအတွက် အလွန်အရေးကြီးသောသော့ချက်ဖြစ်သည်။ အခု သူတို့နှစ်ယောက်ရဲ့ သွေးကြောတွေက ပျက်စီးသွားခဲ့ကြပြီဖြစ်သလို သူတို့ရဲ့စိတ်ခွန်အားကလည်း ကုန်ခမ်းသွားခဲ့ကာ ပြန်လည်ကောင်းမွန်ဖို့အတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။
ဖန်းကြူအကြည့်က အိပ်ယာပေါ်လဲနေသော လောင်းဖန်ထံကျရောက်သွားသည်။ ရဲချင်ရဲ့ စကားလုံးတွေက မိုးကြိုးပစ်ချလိုက်သလိုမျိုး ဖန်းကြူထံကျရောက်သွားကာ စိတ်ဝိဉာည်မရှိတော့သလို ဖြစ်သွားပါတယ်။
ဂုဏ်သိက္ခာအပြည့်နဲ့ မဟာဉာဏ်ကြီးရှင်သမားတော်တစ်ဦးက အခုအချိန်ကစပြီး ဆေးရည်တွေကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူးပေါ့....
ဘယ်လောက်ဆိုးရွားလိုက်တဲ့ ထိခိုက်မှုကြီးလဲ...
လောင်းဖန်မသေခဲ့သော်လည်း သူ့အနာဂတ်ကတော့ ပျက်စီးသွားခဲ့ပါပြီ။ ဖန်းကြူ လေအေးတစ်ချက် ပါးစပ်ဖြင့်ရှိုက်လိုက်ပြီးနောက် ရှန်ယန်ရှောင်ဆီ ပြေးသွားကာ လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောပါတော့သည်။
"မင်း သောက်ကလေး ဒါက ပြိုင်ပွဲတစ်ခုပဲကို။ ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ။ ဒီလိုကြမ်းတမ်းရက်စက်တဲ့ နှလုံးသားနဲ့မင်းက ဘယ်လိုလုပ်ပြီး သမားတော်တစ်ယောက် ဖြစ်နေရတာလဲ"
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်ကာ ဖန်းကြူအားပြန်ကြည့်၍ ပြောလိုက်ပါတယ်။
"ဒီနည်းပြ ပြောလိုက်တာက တော်တော်စိတ်ဝင်စားဖို့ကောင်းသားပဲ။ သူတို့နှစ်ယောက်ဖြစ်သွားတဲ့ကိစ္စက ကျနော်နဲ့လည်း ဘာမှမပတ်သတ်ဘူးနော်။ လူ့သွေးကြောတွေကို ပျက်စီးစေနိုင်တဲ့ ဆေးရည်ရှိမှန်းလည်း မကြားဖူးပါဘူး။ တစ်စုံတစ်ယောက်ကသာ ဟန်ကြီးပန်ကြီးလုပ်ပြီး ဖြေဆေးမှားမပေးခဲ့ရင် သူတို့နှစ်ယောက်လည်း အခုလိုမျိုးထိ ဖြစ်သွားမှာမဟုတ်ဘူးလေ။ အဲ့ဒါက ကျနော်နဲ့ ဘာဆိုင်လဲ ဟင်"
"မင်းက ပြန်ခံပြောရဲသေးတယ်ပေါ့။ မင်းကသာ သူတို့သောက်ဖို့အတွက် ရက်စက်လှတဲ့ဆေးရည် မပေးခဲ့ရင် သူတို့က ဘယ်လိုလုပ်ဒီလိုဖြစ်နေမှာလဲကွ"လို့ ဖန်းကြူက ဒေါသတကြီးပြန်အော်ပြောလိုက်သည်။
ရှန်ယန်ရှောင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး လျှပ်တစ်ပြက်အတွင်းမှာပဲ အေးစက်စက်အမူအယာပြောင်းသွားပါတယ်။
"နည်းပြတစ်ယောက်အဖြစ်နဲ့ ခင်ဗျားကို ကျနော်လေးစားစွာ ယဉ်ယဉ်ကျေးကျေးပြောခဲ့တယ်နော်။ ဒါပေမယ့် ဒီလိုမျိုး မှားယွင်းစွပ်စွဲပြောဆိုနေတော့ ခင်ဗျားမျက်နှာကိုလည်း ငဲ့နေစရာမလိုတော့ဘူး။ ဒီတော့ မေးပါရစေဦး ဒီဆေးရည်နဲ့ သူတို့ကို ထိခိုက်နာကျင်အောင် ကျနော်လုပ်ခဲ့သလား။ ခင်ဗျားတို့ဖာသာခင်ဗျားတို့ လူတတ်ကြီးတွေလုပ်ပြီး ဖြေဆေးမှားမပေးခဲ့ရင် ဒီလိုမျိုး သူတို့တွေ ခံစားခဲ့ကြရမလား။ နောက်ပြီး ခင်ဗျားပြောလိုက်တာက ကျနော့်ရဲ့ ဆေးရည်ကရက်စက်တယ်ဆိုပဲ ဒါပေမယ့် ကျနော့်ဆေးရည်ကပဲ တစ်ကယ်ရက်စက်တာလား သူတို့နှစ်ယောက်ရဲ့ ဖုံးကွယ်အဆိပ်ဆေးရည်နဲ့ဝရုန်းသုန်းကားဆေးရည်ကပဲ ရက်စက်သလားဆိုတာ ကျနော်မပြောတတ်ဘူး"
"မနေ့တုန်းက ကျနော်က နှစ်ယောက်တစ်ယောက်ယှဉ်ပြိုင်ခဲ့တယ်။ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့နှစ်ယောက်ပေါင်းပြီးတော့ ကျနော့်သမားတော်ဘဝရဲ့ အနာဂတ်ကိုဖျက်စီးချင်ခဲ့ကြတယ်လေ။ ခင်ဗျားမသိဘူးလို့တော့ လာမပြောနဲ့နော်"ဟု ရှန်ယန်ရှောင်က အေးစက်စွာကြည့်ပြီးပြောလိုက်ခြင်းဖြစ်ကာ သူမကိုယ်မှလည်း မမြင်နိုင်သောအရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့ပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြက်သီးမွှေးညှင်းထသွားစေနိုင်တဲ့ အဆိုပါအရှိန်အဝါကြောင့် ဖန်းကြူအမူအယာပျက်ယွင်းသွားပါတယ်။
"ရက်စက်ကြမ်းကြုတ်တယ်လို့ ခင်ဗျားပြောချင်တယ်ဆိုရင် ကျနော်မရှိခင်အချိန်တုန်းက ကျနော့်ကို ဆေးပညာဌာနကနေ ထုတ်ပစ်ဖို့စီစဉ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့အစီအစဉ်ကို ကျနော့်သူငယ်ချင်း တန်နာဇီက ကူညီတားဆီးပေးခဲ့လို့သာ ကျနော်အထုတ်မခံခဲ့ရတာ။ ဒါပေမယ့် ဒီနှစ်ယောက်က ခွေးသားမိမစစ်ဖမစစ်တစ်ကောင်နဲ့ ပေါင်းပြီးတော့ တန်နာဇီကို ဆေးပညာဌာနကနေ ထုတ်ပစ်ခဲ့ကြတယ်လေ။ ဒီတော့ ကျနော့်ရဲ့ မျှတသန့်ရှင်းတဲ့ပြိုင်ပွဲကပဲ ရက်စက်သလား ဒါမှမဟုတ် လူသုံးယောက်ပေါင်းပြီး တစ်ခြားလူကို သတ်ဖို့ကြံစည်လုပ်ဆောင်ခဲ့ကြတဲ့လုပ်ရပ်ကပဲ ရက်စက်သလားဟင်"လို့ ရှန်ယန်ရှောင်က ဖြစ်ရပ်အားလုံးကို တစ်ခါတည်းပြောလိုက်ပါတယ်။
"နောက်ပြီးတော့ ဒီနှစ်ယောက်ရဲ့ ဒီနေ့ဖြစ်ရပ်က ခင်ဗျားတို့အပြစ်မဟုတ်ဘူးလို့ ဘယ်လိုသိလဲ။ သူတို့တွေ ဒီလိုဖြစ်သွားရတဲ့အပေါ်မှာ ကျနော့်ကိုမေးခွန်းထုတ်နေမယ့်အစား သူတို့ကို ဖြေဆေးမှားပေးခဲ့သူကို သွားမေးတာပိုကောင်းမယ်"
ဖန်းကြူတစ်ယောက် ရှန်ယန်ရှောင်အပြောအောက်မှာ လုံးဝတိတ်သွားခဲ့သည်။ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့က သူမကို ရှင်းလင်းဖို့ ကြံစည်ခဲ့ကြတာကို သူသိခဲ့ပေမယ့် ပူလီစီရဲ့ အရေးပေးမှုရရှိဖို့က ကျောင်းသားတစ်ယောက်ထက် ပိုအရေးကြီးတာကြောင့် သူမတားမြစ်ခဲ့ပါဘူး။
ရှန်ယန်ရှောင်ပြေတာတွေကို နားထောင်နေတဲ့ ပူလီစီတစ်ချက်တွန့်သွားသည်။ ဒါပေမယ့်လည်း ခွန်းတုံ့မပြန်ခဲ့ပါ။ သူ့လက်နှစ်ဖက်နဲ့ ရှန်ဂေါင်းရှောင်အနာဂတ်ကို ဖျက်စီးခဲ့မိတဲ့နောက် ဒီစိတ်ခွန်အားအပြည့်နဲ့ အဖိုးကြီးတစ်ယောက် ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့ရပါတယ်။ နောက်ပြီး သူမပြောတာတွေအားလုံးကို ကြားပြီးတဲ့နောက်မှာ ဒီကိစ္စတွေအားလုံးက သူ့သူငယ်ချင်းဖြစ်သူ ဆေးပညာဌာနကနေ အထုတ်ခံလိုက်ရလို့ ပြန်လက်စားချေတဲ့သဘောနဲ့ ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ အနာဂတ်ကို ရက်ရက်စက်စက်ဖျက်စီးလိုက်သလို သူ့သိက္ခာနဲ့ ယုံကြည်မှုတွေကိုလည်းပျက်စီးစေခဲ့တာဖြစ်မှန်း သဘောပေါက်လိုက်ပါတယ်။
"ကျနော်ပြောစရာရှိတာလည်း ပြောပြီးပြီ ဖြေဆေးလည်း ပေးပြီးသွားပြီ။ ကျနော် လုပ်စရာလေးတွေ ရှိသေးတာကြောင့် ကျောင်းအုပ်ကြီးအိုးယန်အနေနဲ့ တစ်ခြားကိစ္စမရှိတော့ဘူးဆိုရင် ကျနော်သွားပါတော့မယ်"
အခန်းထဲရှိနေသူ တစ်ယောက်ကိုမှ ကြောက်ရွံ့ဟန်မရှိတဲ့ ရှန်ယန်ရှောင်ဟာ မျက်ခုံးပင့်ကာ ပြောလိုက်ပါတယ်။