အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၄)
သူမတို့အဖွဲ့ ထွက်ခွာလာကြပြီး ဆေးပညာဌာနမုခ်ဝကိုရောက်တဲ့အခါမှသာ ယန်ယုက ပဟေဠိဖြစ်နေဟန်နဲ့ မေးလိုက်ပါတယ်။
"မင်း သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တယ်ပေါ့"
ဘာကြောင့်မှန်းတော့ သူမသိပေမယ့် ဒီကလေးမလေးက အဲ့ဒီလောက်ပြောလို့ဆိုလို့ မလွယ်မှန်း သူသိပါတယ်။
ရှန်ယန်ရှောင် မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည်။
"သူတို့နှစ်ယောက်ကို ငါက ဘာဆိုးကျိုးဆေးရည်ပေးခဲ့လဲဆိုတာ မင်းသိလား"
"ဘာဆေးရည်လဲ"လို့ ယန်ယုကမေးလိုက်သည်။ ရဲချင်တောင် လက်မှိုင်ချရတဲ့ ဆေးရည်ဆိုတာ တစ်ခါမှမကြားဖူးပါဘူး။
"သူတို့သောက်ဖို့ ပေးခဲ့တဲ့ ဆေးရည်က နည်းနည်းအဆင့်မြှင့်ထားတဲ့ လှုပ်ရှားနှေးကွေးဆေးရည်အစစ်ပဲ"
"လှုပ်ရှားနှေးကွေးဆေးရည်လား။ အဲ့ဒါဆို ရဲချင်နဲ့ပူလီစီတို့က ဘာလို့မရေမရာဖြစ်နေကြတာလဲ"လို့ ယန်ယုပုခုံးပေါ် လက်တစ်ဖက်တင်ထားတဲ့ ယန်းရှီကမေးလိုက်ပါတယ်။ သူ့ပုံစံက သိချင်စိတ်ပြင်းပြနေတဲ့ ကလေးလေးတစ်ယောက်ပုံပေါက်နေပါတယ်။
"ဘာလို့လဲဆိုတော့ ငါက တစ်ခုခုထည့်ခဲ့လို့ပေါ့"
"မင်းက ဘာထည့်ခဲ့တာလဲ"
"ကျိန်စာ"
"...."
လူသုံးယောက် ဆွံ့အသွားခဲ့ရပါတယ်။ နောက်ပြီး ဆေးရည်တွေထဲမှာ ကျိန်စာထည့်လို့ရတယ်ဆိုတာကိုလည်း ပထမဆုံးအကြိမ် ကြားဖူးလိုက်ကြပါတယ်။
"သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ တစ်မျိုးကျိန်စာကို ငါထည့်ခဲ့တယ်။ ကျိန်စာက လှုပ်ရှားနှေးကွေးဆေးရည်နဲ့အတူ သူတို့ကိုယ်ထဲကို ရောက်သွားပြီးတော့ သွေးကြောတွေထဲအထိဝင်သွားခဲ့တာပဲ။ ငါက ကျိန်စာအတတ်ကို အသုံးပြုခဲ့တယ်ဆိုတာကို ပူလီစီမသိတော့ လှုပ်ရှားနှေးကွေးဆေးရည်ကို ဘယ်လိုကုသရမယ်ဆိုတာ သူသိလည်း အသုံးမဝင်ဘူးလေ။ ငါက ကျိန်စာမဖယ်ပေးသရွေ့ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့က ကောင်းလာစရာအကြောင်းမရှိဘူး"
ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေက မီးလျှံတွေလိုတောက်ပနေပါတယ်။ သူမရဲ့လက်ထဲမှာဆိုရင် ဆေးရည်ပုလင်းလေးတစ်ပုလင်းဟာ လျှို့ဝှက်လက်နက်တစ်ခုအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။
"အိုးယန်ဟွမ်းယူ သိသွားမှာကို မင်းမကြောက်ဘူးလား"ဟု ကြူရှီယာကမေးလိုက်ပါတယ်။
တစ်ခြားပညာရပ်နယ်ပယ်ကလူတွေအနေနဲ့ သမားတော်တစ်ယောက်ဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ သူတို့တစ်ခါမှ မကြားဖူးပါဘူး။ ပညာရှင်တိုင်းက နေရာတစ်ခုအထိ ရောက်ချင်ကြတာဖြစ်ပြီး အဲ့လိုရောက်နိုင်ဖို့အတွက် တော်တော်ကြီးကြိုးစားဖို့လိုပါတယ်။ နှစ်မျိုးကျင့်ကြံနိုင်စွမ်းရှိချင်ရင် သူတို့ရဲ့စွမ်းအားတွေကို ကြီးထွားစေဖို့ကတင် တော်တော်အချိန်ကုန်နေပါပြီ။ ရှန်ယန်ရှောင်ရဲ့ ထူးမခြားနားစတိုင်ကြောင့် ကြူရှီယာအံ့နေခဲ့ရပါတယ်။ ရှန်ယန်ရှောင်ဟာ အခုဆိုရင် သုံးမျိုးကျင့်ကြံသူဖြစ်နေပြီး သုံးခုလုံးမှာ အလတ်တန်းအဆင့်ရောက်နေပြီဖြစ်ကာ လက်သင့်ခံဖို့တော်တော်ခက်လှပါတယ်။ ပိုကြောက်ဖို့ကောင်းတာက ဆင့်ခေါ်သူနဲ့ဆေးပညာကို သူမက ပေါင်းစပ်အသုံးပြုနိုင်စွမ်းရှိနေတာပါပဲ။ ဒါက လုံးဝကို သဘာဝမဆန်လှပါဘူး။
"ငါ အဲ့လောက်မတုံးပါဘူးဟ။ ငါ့ဆေးရည်ထဲက ဆင့်ခေါ်သူမှော်ကို ချေဖျက်နိုင်တဲ့ ဆေးမြစ်တစ်ချို့ကို ငါပေါင်းထည့်ခဲ့သေးတယ်။ အိုးယန်ဟွမ်းယူတောင် ပုံမှန်မဟုတ်တဲ့အဖြစ်ကို ရှာတွေ့စရာအကြောင်းမရှိပါဘူး"
သူမက ခြေလှမ်းတိုင်းအတွက် ကြိုတင်တွက်ဆထားပြီးဖြစ်ကာ မသေချာမရေရာတဲ့ တိုက်ပွဲတစ်ခုကို သူမ ဘယ်သောအခါမှ တိုက်ခိုက်မှာမဟုတ်ပေ။
"အဲ့လိုဆို မင်းဖြေဆေးအတွက်ကရော"
လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့က ဖြေဆေးသောက်ပြီးတဲ့အခါ အခြေအနေနည်းနည်းကောင်းလာတာကို တွေ့ခဲ့ရတာကြောင့် ယန်ယုကမေးလိုက်တာဖြစ်ပါသည်။
"ကျိန်စာကို ဖယ်ရှားပေးမယ့် မှော်အစွမ်းကို ဖြေဆေးထဲမှာ ပေါင်းထည့်ထားတာဆိုတော့ သူတို့ ပိုကောင်းသွားတာ သဘာဝကျပါတယ်။ ဒါပေမယ့် တစ်နေ့နဲ့တစ်ညလုံး ကျိန်စာဒဏ်ခံထားခဲ့ရလို့ သူတို့ရဲ့စိတ်ခွန်အားတွေလည်း ကုန်ခမ်းနေပြီမို့ ကျိန်စာကိုဖယ်လို့လည်း ဘာမှမထူးတော့ဘူး။ တစ်ကယ်တန်းဆိုရင် ငါကျိန်စာမဖယ်ပေးရင်တောင် ဒီ့ထက်တော့ သူတို့အခြေအနေပိုဆိုးစရာ မရှိတော့ပါဘူး"
အခုလို လုပ်ပေးလိုက်တော့ သူမအနေနဲ့ အိုးယန်ဟွမ်းယူရဲ့ သဘောကျမှုကို ရရှိလိုက်ရုံသာမက နောက်ဆက်တွဲပြဿနာတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ ရှန်ယန်ရှောင်က တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်ခဲ့တာဖြစ်ပြီး လွယ်ကူရိုးရှင်းတယ်ထင်ရသော ဆေးရည်တစ်မျိုးက ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ရဲ့ အနာဂတ်ကို ချေမွဖျက်စီးလိုက်ပါပြီ။
သူမရဲ့ ရှင်းပြချက်တွေကို နားထောင်အပြီးမှာ ဘယ်လိုမှဆိုးရွားဟန်မပေါ်သော ရက်စက်မှု အန္တရာယ်စတာတွေရှိပုံမပေါက်တဲ့ ချာတိတ်မလေးအား သုံးယောက်လုံးက အလွန်ထူးဆန်းသောအမူအယာတွေနဲ့ ကြည့်လိုက်မိကြပါသည်။
တစ်လောကလုံးမှာ ထင်ရှားကျော်ကြားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ကြောက်စရာအကောင်းဆုံးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အစွမ်းအစကို သိထားကြလို့ လူတွေအနေနဲ့ ထိုပုဂ္ဂိုလ်ကို ရန်မစမိအောင် သတိထားရှောင်ကြဉ်နိုင်လို့ဖြစ်ပါတယ်။
ကြည့်လိုက်ရင် သာမန်လူလိုသာဖြစ်တဲ့ လက်သည်းဝှက်ထားသော သူသာလျှင်ကြောက်ဖို့အကောင်းဆုံးလူဖြစ်ပါသည်။ ဘာကြောင့်လဲဆိုရင် ခင်ဗျားအနေနဲ့ အဲ့လူကို ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးမှာ တွေ့ဆုံပြီး ဒေါသထွက်အောင် ရန်စမိခဲ့ကာ ကိုယ့်ကိုယ်ကိုပျက်စီးခြင်းငါးပါးဆိုက်အောင် လုပ်မိမလဲဆိုတာ မသိနိုင်လို့ဖြစ်ပါတယ်။
ရှန်ယန်ရှောင်က အဲ့လိုလူမျိုးဖြစ်ပါတယ်။
အမြဲလိုလိုအားဖြင့်တော့ သူမဟာ ကြင်နာဟန်ရှိပြီး သဘောကောင်းတဲ့အသွင်ရှိကာ ဘာအစွမ်းအစမှ မရှိတဲ့ပုံပေါက်နေပါတယ်။ အဲ ဒါပေမယ့် သူမကို ရန်လာစမိခဲ့ရင်တော့ ရင်ဆိုင်ရမယ့်အရာက မတွေးဝံ့စရာပါပဲ။
"တန်နာဇီကို အဖြေလှမ်းပြောဖို့ စာရေးလို့ရပြီလား"လို့ ကြူရှီယာက သက်ပြင်းချကာပြောလိုက်သည်။
"သူ့ကိုလက်ဆောင်ပေးဖို့ အချိန်ကျပြီပဲ"လို့ ရှန်ယန်ရှောင်က ခေါင်းညိတ်ကာပြောလိုက်သည်။
ခွေးကောင်ရေ နင့်ကိုအနိုင်ကျင့်ခဲ့ကြတဲ့လူတွေကို နင့်အတွက် ငါတုံ့ပြန်ပေးပြီးပြီနော် လိပ်နက်မျိုးနွယ်ထဲမှာ ဘယ်လိုဖြစ်နေမလဲ ငါမသိပေမယ့် နင်ကျော်ဖြတ်နိုင်ရမယ်....
လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့ ပြန်သတိရလာပြီး သူတို့အနေနဲ့ ဆေးရည်မဖော်စပ်နိုင်တော့ဘူးဆိုတာ သိသွားကြတာနဲ့ ရူးကြောင်ကြောင်ဖြစ်သွားကြပါတယ်။
လောင်းဖန်က ဉာဏ်ကြီးရှင်တစ်ဦးအဖြစ်ကနေ သုံးစားမရသူအဖြစ်သို့ တစ်ညအတွင်းပြောင်းလဲသွားခဲ့ရပါတယ်။ ဒီလိုထိချက်ကြောင့် သူ ရူးသလိုပေါသလိုဖြစ်သွားကာ အဆောင်အတွင်းမှာပဲ တစ်နေကုန်တစ်နေခမ်း ထိုင်နေပြီး ဘာမှမစားမသောက်တော့ပါဘူး။ ဖန်းကြူလည်း သူ့အတွက်အလွန်အမင်းစိုးရိမ်သွားကာ ဘာကိုမှမတွေးနိုင်တော့တာကြောင့် အိုးယန်ဟွမ်းယူအားနှုတ်ဆက်ကာ ပူလီစီကို လန်းယူပြည်သို့ခေါ်ဆောင်ထွက်ခွာသွားပါတော့တယ်။
ရှန်ဂေါင်းရှောင်အခြေအနေကလည်း လောင်းဖန်ထက်မသာပါဘူး။ ဆေးပညာဌာနတစ်ခုလုံး သူ့အရိပ်ကိုတောင် မတွေ့ခဲ့ရပါဘူး။ ပူလီစီလည်းပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ချို့ပြောကြတာကတော့ ရှန်ဂေါင်းရှောင်ကို ကုသပေးဖို့အတွက် ပူလီစီက ဖန်းကြူနဲ့အတူ ဆေးပညာထွန်းကားသော လန်းယူပြည်ကို လိုက်ပါသွားပြီး ရှန်ဂေါင်းရှောင်ကိုပါ ခေါ်သွားတယ်လို့ပေါ့။ ဒီသတင်းမှန်မမှန်က ရှန်ယန်ရှောင်အတွက် အရေးမဟုတ်ပါဘူး။ သူမရဲ့ သာမန်နေ့စဉ်ဘဝကို ပြန်ရပြီဖြစ်ကာ ဌာနသုံးခုကြား လွန်းထိုးနေခဲ့ပါတယ်။
သူမဘေးမှာ တစ်ချိန်လုံးရှိနေပြီး သူမအပေါ်မှာ ဂရုစိုက်ပေးသောလူတစ်ယောက်ကို မတွေ့ရတော့တာတစ်ခုပဲ ပြောင်းလဲသွားခဲ့တာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၅)
သူမတို့အခန်းထဲက ကုတင်လွတ်တစ်လုံးကို ဘယ်သူမှလာမနေခဲ့ပါဘူး။ အဆောင်ကို လင်းရွှမ်ပြန်ရောက်လာတိုင်း ရှန်ယန်ရှောင်ကို တစ်ခုခုပြောမိသွားမှာ စိုးရိမ်နေလို့ ဘာမှမပြောဖြစ်ခဲ့ပါဘူး။
ဒါကြောင့် သူမရဲ့ လောကက ပိုမိုတိတ်ဆိတ်သွားခဲ့ကာ ကျင့်သားမရဖြစ်နေရပါတယ်။ ကံကောင်းတာတစ်ခုက သူမဘေးမှာ ကြူရှီယာတို့သုံးယောက်ရှိနေပါသေးတယ် ဒါပေမယ့်လည်း ဆူဆူညံညံနဲ့ရွှတ်ရွှတ်နောက်နောက်နေ့ရက်တွေကတော့ ပြီးဆုံးသွားပါပြီ။
မနက်ခင်းတိုင်းမှာ ရဲချင်ဆီသွားကာ ဆေးပညာသင်ယူလေ့လာပါတယ်။ ရဲချင်ဟာလည်း သူမကို တပည့်အဖြစ်လက်ခံသွားပုံရကာ ဆေးပညာရပ်တွေကို သူမအား စတင်သင်ကြားပေးနေခဲ့ပါပြီ။
ဒီနေ့မနက်ခင်းမှာလည်း ခါတိုင်းလိုပဲ စာကြည့်တိုက်ကို သူမသွားလိုက်ပါတယ်။ ဒါပေမယ့် ရဲချင်ကို ဆေးစားပွဲနားရပ်နေတာကို စောစောစီးစီးတွေ့လိုက်ရပါတယ်။
"ဆရာ ဘာဆေးရည်လုပ်နေတာလဲဟင်"လို့ ရဲချင်နားသွားကာ မေးလိုက်ပါတယ်။ လွန်ခဲ့သောရက်အနည်းငယ်လောက်က သူ့ကို ဆရာအဖြစ်ခေါ်ဆိုဖို့ ရဲချင်ကပြောခဲ့ကာ ဘာအဓိပ္ပါယ်လဲဆိုတာ နှစ်ယောက်လုံးနားလည်ကြပါတယ်။
ရှန်ယန်ရှောင်ကို မြင်ရတော့ ရဲချင်က ကြင်နာစွာပြုံးလိုက်သည်။
"ကျောင်းအုပ်အိုးယန်က ဆေးရည်တစ်မျိုးအတွက် အကူအညီတောင်းထားတာလေ။ ဒီဆေးနည်းက ငါ့လက်ထဲမှာရောက်နေတာ နှစ်များစွာကြာမြင့်ခဲ့တာတောင် အခုထိအောင်မြင်ပြီးဆုံးအောင် မလုပ်နိုင်သေးလို့ ပြောရမှာတောင်ရှက်ပါသေးတယ်ကွယ်"
ရဲချင်လက်ထဲမှာ သိုးရေတစ်ချပ်ရှိနေပြီး ဆေးရည်တစ်မျိုးရဲ့ ဖော်စပ်နည်းကို ရေးထားတာတွေ့ရပါတယ်။
ရှန်ယန်ရှောင်က သိုးရေကို ဒီအတိုင်းပဲ ကြည့်လိုက်ပေမယ့် သူမမြင်လိုက်ရတာအတွက် ထိတ်ကနဲဖြစ်သွားပါတယ်။
ရဲချင်လက်ထဲက ဆေးနည်းဟာ ယန်းချီကိုကုသရန်လိုအပ်နေတဲ့ သွေးစားပွဲတော်ဆေးရည်ဖြစ်နေပါတယ်။
ဒါပေမယ့်.....
တစ်ခုခုလွဲချော်နေတာကို သူမသိလိုက်ပါတယ်။ ယန်းချီက သူမကိုလည်း သွေးစားပွဲတော်ဖော်စပ်နည်းပေးခဲ့ပြီး ဆေးနည်းရဲ့ထိပ်မှာပါတဲ့ အရာအားလုံးကို သူမရဲ့ရင်ထဲမှာမှတ်မှတ်ထင်ထင်ရှိနေပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရဲချင်လက်ထဲက ဆေးနည်းမှာတော့ ယန်းချီက သူမကိုပေးထားတဲ့ ဆေးနည်းနဲ့ လွဲနေပါတယ်။
ယေဘုယျအားဖြင့် တူညီနေတယ်ဆိုပေမယ့် အဓိကနေရာတွေမှာ လစ်ဟာမှုတွေရှိနေတာ ထင်ရှားပါတယ်။
တစ်ယောက်ယောက်က အဓိကအချက်တွေကို ဖျက်ပစ်ထားပုံရပါတယ်။
"ဆရာ မဖော်စပ်နိုင်တဲ့ ဆေးရည် လောကမှာရှိသေးတယ်ပေါ့"လို့ ရှန်ယန်ရှောင်က မေးလိုက်ပါတယ်။
ရဲချင်က ရယ်လိုက်ကာ ခေါင်းကိုခါရမ်းလိုက်ပါတယ်။
"ငါက သမားတော်ကြီးတစ်ယောက်ပဲဖြစ်တာပါ။ သမားတော်အထက်မှာ ဆေးဝိဇ္ဇာရှိသေးတယ်လေ။ ငါလုပ်နိုင်တဲ့ဆေးရည်တွေက သမားတော်ကြီးအဆင့်အတွင်းမှာပဲ ရှိတာဖြစ်ပြီး ဆေးဝိဇ္ဇာအဆင့်ကဟာတွေကိုတော့ မတတ်နိုင်ပါဘူးကွယ်"
"တစ်ကယ်ဆို ဒီဆေးနည်းအတွက် ငါခေါင်းအကိုက်ရဆုံးက တစ်ခြားအရာတွေမဟုတ်ဘဲ ပျောက်ဆုံးနေတဲ့အပိုင်းတွေပဲ။ ကျောင်းအုပ်အိုးယန်က ဒီတစ်ပိုင်းတစ်စဆေးနည်းကို ငါ့ကိုပေးခဲ့တုန်းကတော့ ငါလည်း သိပ်အရေးမထားခဲ့ဘူး ဒါပေမယ့် ငါဆေးစဖော်တာနဲ့ ပျောက်နေတဲ့အပိုင်းတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ငါသဘောပေါက်သွားတယ်။ ငါတို့အဖိုးကြီးတစ်စုက ပျောက်နေတဲ့အပိုင်းတွေအတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပေမယ့် ဒီနေ့အထိ ပျောက်နေတဲ့အပိုင်းတွေထဲကနေ သုံးနေရာကိုပဲ တွေ့ထားပြီး ကျန်တာတွေကို အခုထိနားမလည်နိုင်ကြသေးပါဘူးလေ"
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယန်းချီကနေ အိုးယန်ဟွမ်းယူကို ဆေးနည်းပြည့်ပြည့်စုံစုံပေးခဲ့မှာ သေချာပါတယ်။ ဒါပေမယ့် ရဲချင်လက်ထဲက ဆေးနည်းကတော့ ပြည့်စုံမှုမရှိတာကြောင့် တစ်ယောက်ယောက်က ဖျက်ပစ်ခဲ့ပုံပါပဲ။ အဲ့ဒီတစ်ယောက်ယောက်ဆိုတာ အိုးယန်ဟွမ်းယူပဲဖြစ်ရမယ်။
ယန်းချီကိုကူညီပြီး သွေးစားပွဲတော်ဆေးရည်ကို ဖော်စပ်ဖို့အတွက် အိုးယန်ဟွမ်းယူက စိတ်လိုလက်ရရှိနေဟန်ပေါက်သော်လည်း တိတ်တိတ်လေး လှည့်စားထားပုံပါပဲ။ သူက ယန်းချီကို ကုသပေးဖို့ လုံးဝစိတ်ကူးမရှိဘူးပဲ။
သူမရဲ့ဝတ်ရုံလက်စထဲမှာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူမဟာ ယဉ်ကျေးသိမ်မွေ့ပြီး သိက္ခာရှိပုံပေါက်သော ကျောင်းအုပ်ကြီးဆီကနေ အန္တရာယ်အငွေ့အသက်တွေ အမြဲတမ်းခံစားမိနေတာဖြစ်ပြီး အိုးယန်ဟွမ်းယူကို သဘောမကျခဲ့မိပါဘူး။
အိုးယန်ဟွမ်းယူက ဆေးနည်းအစစ်ကို ရဲချင်ဆီမပေးခဲ့တော့ ရဲချင်က သွေးစားပွဲတော်ဆေးရည်ကို မလုပ်နိုင်ဘူး ဆေးရည်မရတဲ့အတွက် ယန်းချီကလည်း တော်ဝင်ရိုလန်ကျောင်းမှာပဲ ဆက်နေနေရတော့မှာပါ။
ယန်းချီကို တော်ဝင်ရိုလန်ကျောင်းမှာပဲ နေစေဖို့ကို အိုးယန်ဟွမ်းယူရည်ရွယ်တာလား....
ယန်းချီရဲ့စွမ်းအားက အရင်လိုမရှိတော့ပါဘူး။ အိုးယန်ဟွမ်းယူက ဇွတ်နေစေချင်နေရတာက ဘာအတွက်ဖြစ်မလဲ။
ကြည့်ရသလောက်တော့ ရိုးရှင်းမှုရှိပုံမရပါဘူး...
ရဲချင်က မပြည့်မစုံဖြစ်နေသော ဆေးနည်းကိုအသုံးပြုကာ ထပ်ကာထပ်ကာ ကြိုးစားဖော်စပ်နေတာကိုပဲ သူမကြည့်နေလိုက်ပါတယ်။ ရဲချင်က အဆင့်တိုင်းကို ဂရုတစိုက်လုပ်နေတာဖြစ်ပြီး သူ့မှာသာ ပြည့်စုံတဲ့ဆေးနည်းရှိမယ်ဆိုရင် သွေးစားပွဲတော်ဆေးရည်ကို ရဲချင်ဖော်စပ်ပြီးလောက်ပါပြီ။ သွေးစားပွဲတော်ဆေးရည်ကို ဖော်စပ်ပြီးတာနဲ့ ရဲချင်ဟာ ဆေးဝိဇ္ဇာအဆင့်ကို တက်လှမ်းသွားနိုင်ပါလိမ့်မယ်။
ယန်းချီကို အနားမှာထားနိုင်ဖို့အတွက် ဆေးဝိဇ္ဇာတစ်ဦးကို အဆုံးခံတဲ့ အိုးယန်ဟွမ်းယူရဲ့ အကြောင်းပြချက်က ဘာများဖြစ်နိုင်မလဲ။
မေးခွန်းတွေတသီကြီး သူမခေါင်းထဲမှာ ထွက်ပေါ်လာကာ မေးခွန်းတိုင်းကလည်း အိုးယန်ဟွမ်းယူကို ညွှန်ပြနေပါတယ်။ ဒီနေ့ညမှာပဲ အိုးယန်ဟွမ်းယူအခန်းထဲကိုခိုးဝင်ပြီး ရိုးသားသိမ်မွေ့ပုံရသော ကျောင်းအုပ်ကြီးက ဘာတွေများဖုံးကွယ်ထားမလဲဆိုတာကို သွားကြည့်ရတာပေါ့။
လောလောဆယ်မှာတော့ ပြည့်စုံတဲ့ဆေးနည်းကို ရဲချင်အားမပေးသေးဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။ ရဲချင်စိတ်နေစိတ်ထားအရ သူမအပေါ်မှာ သစ္စာဖောက်မှာမဟုတ်ပေမယ့် သွေးစားပွဲတော်ဆေးရည်သာ အောင်မြင်သွားခဲ့ရင် အိုးယန်ဟွမ်းယူမျက်စိအောက်ကနေ ဖုံးကွယ်ထားနိုင်မှာမဟုတ်ပါဘူး။ အိုးယန်ဟွမ်းယူရဲ့ အကြံအစီက ဘာမှန်းတိတိကျကျ မသိရသေးခင်မှာ ဇာတ်လမ်းရှုပ်သွားမှာကို သူမ မလိုချင်ပါဘူး။
ဒါကြောင့် သူမအနေနဲ့ ကျောင်းအုပ်ကြီးအခန်းထဲကို ခိုးဝင်ရုံပဲ ကျန်ပါတော့တယ်။
...............................................................................................................................................................................................
ကမ္ဘာမြေကို လရောင်ကလွှမ်းခြုံထားတဲ့ ညအချိန်ကိုရောက်ရှိလာပါပြီ။
တစ်နေ့လုံး ဆူညံလှုပ်ရှားနေခဲ့တဲ့ တော်ဝင်ရိုလန်ကျောင်းတော်ကြီး ငြိမ်းချမ်းမှုထဲပျော်ဝင်နေပြီဖြစ်ပါတယ်။ တစ်ကျောင်းလုံးမှာ ညလင်းကျောက်တွေရဲ့ အလင်းကပဲ အနည်းငယ်တောက်ပနေခဲ့ပါတယ်။
လူပုံလူပန်းသေးသေးလေးတစ်ယောက်က ကျောင်းအဆောက်အဦတွေကြားမှာ ဖြတ်ကနဲဖြတ်ကနဲ ကူးသန်းနေတာဟာ ကြောင်တစ်ကောင်လိုပေါ့ပါးလွန်းကာ အသံတစ်ချက်မှ မကြားခဲ့ရပါဘူး။
တော်ဝင်ရိုလန်ကျောင်း ကျောင်းအုပ်ကြီးအခန်းက တောက်ပလင်းထိန်နေပါတယ်။
စားပွဲရှေ့မှာထိုင်နေတဲ့ အိုးယန်ဟွမ်းယူက စားပွဲပေါ်ပုံနေတဲ့အရာတွေကို ကြည့်နေပါတယ်။
အိုးယန်ဟွမ်းယူကို တစ်ခြားလူတွေက အကဲဖြတ်မယ်ဆိုရင် စွမ်းအားကြီးတာအပြင် သိမ်မွေ့ယဉ်ကျေးတယ်၊ မျှတတယ်၊ စည်းကမ်းကြီးတယ်တို့အပြင် အလုပ်ကြိုးစားသူလို့ပါ ပြောကြဦးမှာဖြစ်သည်။
တစ်လောကလုံးကတော့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ကြီးဟာ မှော်ဆရာတွေရဲ့ စံပြပုဂ္ဂိုလ်ကြီးတစ်ဦးလို့ မြင်ပါတယ်။ လူအားလုံးအတွက်လည်း လေးစားထိုက်သောလူလို့သတ်မှတ်ကြပါသေးတယ်။ တစ်ကျောင်းလုံးက နည်းပြတွေနဲ့ကျောင်းသားတွေအပေါ်မှာ သူက အလွန်ကြင်နာစွာဆက်ဆံသူလည်းဖြစ်ပါသေးတယ်။
ကျောင်းအုပ်ကြီးကို မနှစ်သက်သူ ရှန်ယန်ရှောင်တစ်ယောက်ပဲ ရှိမှာဖြစ်သည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၂၆)
ရှန်ယန်ရှောင် ကျောင်းအုပ်ကြီးအခန်းထဲကို ခိုးဝင်လိုက်သည်။ လရောင်ဆွဲကြိုးရှိတာကြောင့် အိုးယန်ဟွမ်းယူရဲ့ အချက်ပေးမှော်အတတ်က သူမကို တွေ့ရှိသွားမှာကို ပူစရာမလိုတော့ပါဘူး။ နောက်ပြီး သူမရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် မည်သူမဆိုရဲ့ မျက်စိတွေနားတွေဆီကနေ ပုန်းကွယ်နိုင်စွမ်းရှိတာကို သူမ လုံးဝယုံကြည်မှုအပြည့်ရှိပါတယ်။
အိုးယန်ဟွမ်းယူက အလင်းရောက်အောက်မှာ သူ့စားမှာရှိနေတဲ့ ဆေးကုသမှုစာရွက်တွေကို တစ်ရွက်ခြင်းလှန်ကြည့်နေပါတယ်။ တစ်ခန်းလုံးမှာ စာရွက်လှန်သံကလွဲပြီး ဘာသံမှကို မကြားနိုင်ပါဘူး။
ဒီလူက တစ်ညလုံးတော့ စာထိုင်မဖတ်လောက်ပါဘူးနော်...။ရှန်ယန်ရှောင်ဟာ အလုပ်ကြိုးစားနေတဲ့ အိုးယန်ဟွမ်းယူကို စိုက်ကြည့်နေခဲ့သည်။ ထိုလူကတော့ ကမဌာန်းထိုင်နေတဲ့အတိုင်း တစ်ချက်မှမရွေ့မလျားသေးဘဲ ရှိနေဆဲပါ။
အခြေအနေက သိပ်တော့ဟန်ပုံမရပါဘူး အိုးယန်ဟွမ်းယူသာ အပေါ့အပါးသွားတာဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ ထွက်သွားရင်ကို သူမအနေနဲ့ အသုံးကျမယ့် သတင်းအချက်အလက်တွေကို ရှာဖွေချိန်ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာပဲ ထိုင်နေမယ်ဆိုရင်တော့ သူမလည်း ဘာမှလှုပ်ရှားလို့ ရမှာမဟုတ်ပေ။
သူမ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေချိန်မှာပဲ ကျောင်းအုပ်အခန်းတံခါးက တွန်းဖွင့်ခံလိုက်ရပါတယ်။
အနက်ရောက်ဝတ်ရုံနဲ့လူတစ်ယောက် အခန်းထဲကိုဝင်လာသည်။ တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံက ဖုံးလွှမ်းထားပြီး အမှောင်ထုကလည်း ကာပေးထားသလိုဖြစ်နေတာကြောင့် သူ့အသွင်အပြင်ကို မမြင်ရပါဘူး။
ဒီအနက်ဝတ်ရုံနဲ့လူ ရောက်လာတဲ့အပေါ် အိုးယန်ဟွမ်းယူ အံ့သြပုံမရပါဘူး။ သူက မော့ကြည့်လိုက်ပြီးတော့ လက်ထဲကစာရွက်စာတမ်းတွေကို ဘေးချထားလိုက်ပါတယ်။ သူ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ချထားလိုက်ပြီး တည်ငြိမ်အေးဆေးစွာနဲ့ ထိုလူကိုလှမ်းကြည့်လိုက်ပါတယ်။
"ဒီလောက်နှစ်တွေ အများကြီးကြာပြီးတာတောင် မင်းက အဲ့လိုသူတော်ကောင်းဟန်မျိုးရှိနေသေးတာပဲ"
လူငယ်တစ်ယောက်ရဲ့အသံက အနက်ရောင်ဝတ်ရုံလူဆီကနေ ထွက်ပေါ်လာသည်။
အိုးယန်ဟွမ်းယူ ပြုံးလိုက်သည်။
"ဒီမျက်နှာဖုံးကို တပ်ဆင်ထားတာ ကြာလှပြီဆိုတော့လည်း ဖယ်ပစ်ဖို့ကိုတောင် မေ့နေပါပြီ ဒီတော့ အလေ့အထတစ်ခုဖြစ်လာတာပေါ့ကွာ။ နောက်ပြီး မင်းကရော ဘာလို့ ဒီအထိရောက်လာတာလဲ"
အနက်ဝတ်ရုံနဲ့လူက ထိုင်ခုံပေါ်မှာထိုင်ချလိုက်သည်။ သူ့ခြေထောက်နှစ်ချောင်းကို ဝတ်ရုံထဲကနေဆန့်ထုတ်လိုက်ပြီး ခြေချိတ်လိုက်ပါတယ်။
"မင်းအသွင်အပြင် ဘယ်လောက်ဂွတီးဂွကျဖြစ်နေပြီလဲလို့ လာကြည့်တာ။ နောက်ပြီး အဲ့နေရာမှာ လူမလောက်မငဖြစ်နေလို့ ဘယ်တော့လူထပ်ပို့မလဲဆိုတာကိုလည်း မေးရင်းပေါ့"
အိုးယန်ဟွမ်းယူ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
"လူတစ်စုပို့ထားတာ ပြီးခဲ့တဲ့လအနည်းငယ်ကမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ မလောက်မငဖြစ်ရပြန်တာလဲ"
အနက်ဝတ်ရုံနဲ့လူက ပြန်ပြောလိုက်ပါသည်။
"အဲ့ဒီမှာ ပြဿနာနည်းနည်းတက်နေတာ ငါတို့လက်အောက်ငယ်သားတွေဆီကနေတက်တာပဲ။ ဘာပဲဖြစ်ဖြစ် မင်းပို့ပေးမယ်လို့ ကတိပေးထားတဲ့ သမားတော်ကရော ဘာလို့မရောက်သေးတာလဲ"
အမှောင်ထဲမှာ ပုန်းအောင်းနေသော ရှန်ယန်ရှောင်တစ်ယောက် နည်းနည်းကြောင်သွားပါတယ်။ ဘယ်သူတွေကို အနက်ဝတ်ရုံနဲ့လူဆီ အိုးယန်ဟွမ်းယူပို့လိုက်တာလဲ။ သမားတော်တစ်ယောက်ကိုရော ဘာလို့ပို့ပေးရတာလဲ။ ဘာတွေဖြစ်နေတာလဲ။
"ပူလီစီကို အဲ့ဆီလွှတ်ဖို့ စီစဉ်ထားတာပဲ ဒါပေမယ့် သူ့တပည့်က ရုတ်တရက်ပြဿနာတက်သွားတယ်။ အခုသူက လန်းယူပြည်ကိုသွားနေတာဆိုတော့ လန်းယူပြည်ကလူတွေကို သူနဲ့ဆက်သွယ်ခိုင်းလိုက်လေ ငါ ပူလီစီကိုပြောထားပြီးပြီ"လို့ အိုးယန်ဟွမ်းယူက ပြန်ပြောလိုက်သည်။
အနက်ဝတ်ရုံက တစ်အောင့်လောက် တွေးနေလိုက်ပြီး ပြန်ပြောလိုက်ပါသည်။
"လန်းယူပြည်မှာ အဲ့လူရှိတယ်။ ပူလီစီနဲ့တော့ ပြဿနာမရှိလောက်ပါဘူး။ ဒါနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရဲချင်ကိုမင်းအခုထိ မသိမ်းသွင်းရသေးဘူးလား"
ရှန်ယန်ရှောင် ထိတ်ကနဲဖြစ်သွားရသည် သူတို့ ရဲချင်ကိုလိုချင်နေကြတာပဲ။
အိုးယန်ဟွမ်းယူက သက်ပြင်းကိုကျယ်လောင်စွချလိုက်ပြီး ပြောလိုက်ပါတယ်။
"ရဲချင်က ခေါင်းမာတယ်ဟ။ ဒီလောက်နှစ်တွေအများကြီး ကြာနေတာတောင် အခုထိ လက်မြှောက်ဟန်မရှိသေးဘူး။ ဒီအချိန်မှာ ငါလည်း သူ့ကိုသွားမရှုပ်ရဲဘူး"
"ရဲချင်က အဲ့လောက်ကို ကိုင်တွယ်ရခက်သလား။ ဒီလောက်နှစ်တွေကြာနေတာတောင် မင်းကမသိမ်းသွင်းနိုင်သေးဘူးဆိုတော့ သူက တစ်ကယ့်ကိုအကြောမာတာပဲ။ ရဲချင်မဟုတ်ရင်တော့ ကျန်သမားတော်ဆိုရင်လည်း မီရုံလောက်တော့ရမှာပါ"လို့ အနက်ဝတ်ရုံက နှမြောတသဟန်ဖြင့်ပြောလိုက်သည်။
"ရက်ပိုင်းအတွင်း ငါစီစဉ်လိုက်ပါ့မယ်"ဟု အိုးယန်ဟွမ်းယူက ခေါင်းဆတ်ကာပြောလိုက်သည်။
"ဒါနဲ့ ယန်းချီအခြေအနေကရော။ ဘိုးတော်က ဒီမှာရောက်နေတာ နှစ်ဆွေးနေပြီ မင်း သူ့စိတ်ကိုပြောင်းနိုင်ပြီလား"လို့ အနက်ဝတ်ရုံက ယန်းချီအကြောင်းကို ရုတ်တရက်ပြောလိုက်လို့ ရှန်ယန်ရှောင် အာရုံစိုက်လိုက်ပါတယ်။
ယန်းချီအကြောင်းကိုပြောလိုက်တာနဲ့ အိုးယန်ဟွမ်းယူ မျက်မှောင်ကြုတ်သွားပါတယ်။
"သူ့အကြောင်းကို မပြောစမ်းပါနဲ့။ သူ့ခေါင်းမာတာနဲ့လက်မလျှော့မှုတို့က ကျောက်တုံးကြီးအတိုင်းပဲကွာ အချိုလည်းမရ အငံလည်းမရနဲ့။ အမြဲတမ်းလိုလို ငါစကားစပြောရုံပဲရှိသေးတယ် ဘိုးတော်က မောင်းထုတ်တော့တာပဲ"
အနက်ဝတ်ရုံက တိုးတိုးလေးရယ်လိုက်ပါတယ်။
"သူက အရင်တုန်းကအတိုင်းပဲကိုး။ အဲ့ဒီလူနဲ့ငါနဲ့ ဘိုးတော်ကိုငါတို့ဖက် ခေါ်ကြတုန်းက သူက ငါတို့ကို အမြဲရှောင်နေခဲ့တယ်။ နောက်ဆုံးရောက်တော့ သူက တောတောင်ထဲသွားပုန်းနေခဲ့တယ်လေ။ သူက နည်းနည်းလေးမှကို မပြောင်းလဲသေးဘူးပဲ။ ဒါပေမယ့် မင်းသူ့ကို မသိမ်းသွင်းနိုင်ရင်တောင်မှ သူ့ကိုမင်းမျက်စိအောက်ကနေ အပျောက်ခံလိုက်လို့ မဖြစ်ဘူးနော် သူ့စွမ်းအားတွေပြန်ရဖို့ကိုတော့ ထည့်ပြောဖို့တောင်မလိုဘူး။ မဟုတ်ရင် သူက ငါတို့အတွက် ပြဿနာကြီးတစ်ခုဖြစ်လာမှာ"
"ဒီအတွက်ကတော့ မင်းစိတ်ချလက်ချနေလို့ရတယ်။ ရဲချင်ကိုငါပေးထားတဲ့ ဆေးနည်းကို ငါပြောင်းရေးထားလို့ နောက်ထပ်နှစ်တစ်ရာကြာရင်တောင် ရဲချင်က သွေးစားပွဲတော်ဆေးရည်ကို ပြုလုပ်နိုင်မှာမဟုတ်သေးဘူး။ ဒါပေမယ့် ဒီကာလအတွင်းမှာ သူက တပည့်တစ်ယောက်လက်ခံလိုက်တယ်"
"တပည့် ဟုတ်လား...အဲ့ဘိုးတော်က တပည့်မွေးရဲသေးတယ်ပေါ့။ သူ့တပည့်အားလုံး ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို မေ့သွားပြီလားဟ"လို့ပြောလိုက်တဲ့ အနက်ဝတ်ရုံရဲ့ မျက်နှာမှာကောက်ကျစ်သော အပြုံးတစ်ခုဖြစ်ပေါ်နေပါတယ်။
"ယန်းချီစိတ်ပြောင်းအောင် မင်းမလုပ်နိုင်မှတော့ သူ့တပည့်ကနေပြန်စကြည့်လေ။ ဘိုးတော်ရဲ့ စွမ်းအားက ယုတ်လျော့နေပြီဆိုပေမယ့် ဆင့်ခေါ်သူပညာရပ်မှာ သူ့ပေါက်ရောက်အောင်မြင်မှုတွေက အတုမရှိဘူး။ သူ့ကို သင်ချင်စိတ်ဖြစ်အောင် လုပ်နိုင်မှတော့ သူ့တပည့်က အချာပင်တော့မဟုတ်လောက်ဘူး။ မင်းလုပ်နိုင်ရင် သူ့တပည့်ကို သိမ်းသွင်းလိုက်ကွာ။ အဲ့ဘိုးတော်က တပည့်တွေအပေါ်ဆို အရမ်းသံယောဇဉ်ကြီးတာဆိုတော့ ငါတို့လက်ထဲမှာ သူ့တပည့်ရောက်နေရင် သူအညံ့မခံမှာကို ပူစရာမလိုတော့ဘူး"
အိုးယန်ဟွမ်းယူက အနက်ဝတ်ရုံကို တစ်ချက်ကြည့်ကာ ဘာမှမတတ်နိုင်ဟန်နဲ့ပြောလိုက်တာကတော့"ပြဿနာက သူ့တပည့်ဘယ်သူဆိုတာ ငါအခုထိမသိသေးတာပဲကွာ။ ဆင့်ခေါ်သူဌာနထဲကနေ စောင့်နေခဲ့တာ အခုထိကို ဘာမှမတွေ့ရသေးဘူး။ ငါ့အာရုံခံမှော်အတတ်ကနေ အဲ့ဒီကလေး ဘယ်လိုနည်းသုံးပြီး လွတ်နေလဲတော့ ငါလဲမသိဘူး"
အနက်ဝတ်ရုံ အံ့အားသင့်သွားပုံရသည်။
"မင်းရဲ့ အာရုံခံမှော်အတတ်ကနေ လွတ်မြောက်တယ်...ငါသိသလောက်ဆိုရင်တော့ ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ ပစ္စည်းတစ်ခု ယန်းချီဆီမှာရှိတယ်။ ဒါပေမယ့် ဒီပစ္စည်းက သူ့ရတနာတစ်ခုဖြစ်လို့ လူများကို လွယ်လွယ်နဲ့တော့ ပေးမှာမဟုတ်ဘူး။ ဆင့်ခေါ်သူတွေ ကျဆုံးချိန်တုန်းက အဲ့ဒီပစ္စည်းကိုသုံးပြီးတော့ နိုင်ငံတွေရဲ့ လက်ကနေ သူလွတ်မြောက်ခဲ့တာပဲ။ ဒီလိုအသက်ကယ်ပစ္စည်းကို အလွယ်တကူတောင် ပေးထားတယ်တဲ့လား။ မင်း ကောင်းကောင်းအာရုံစိုက်ထားဖို့လိုတယ်"
"ငါ သဘောပေါက်ပါတယ်"လို့ အိုးယန်ဟွမ်းယူ ပြန်ပြောလိုက်သည်။