← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၆)

သို့ပေမယ့် ရှန်ယန်ရှောင်ကတော့ နားထောင်ရင်းနဲ့ ပိုထူးဆန်းတယ်လို့ ခံစားမိလာပါတယ်။

ဦးလေးပါက လိမ်လည်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် ညအခါမှ ဒဏ်ရာရကြတယ်ဆိုတာက ထူးဆန်းပါတယ်။ ဒီရွာသားတွေ အနာတရဖြစ်တာက သရဲကြောင့်မဟုတ်ဘဲ ဂူဝံပုလွေအဖွဲ့နဲ့တိုက်ခိုက်လို့ ဖြစ်ရတယ်ဆိုတာကို သူမ ကောင်းကောင်းသိပါတယ်။

မေးစရာရှိတာက ရွာသားတွေက ဒီကိစ္စကို ဘာလို့မှတ်မိတဲ့ပုံမရှိကြတာလဲ...

နောက်ပြီး အဆိုပါဒဏ်ရာကြီးတွေက သူတို့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်တဲ့အတိုင်းဖြစ်နေပါတယ်။ သူတို့နေရာမှာ တစ်ခြားသူတွေသာဆိုရင် ဦးလေးပါနဲ့ဂီလေးတို့လို သွားလာလှုပ်ရှားနေနိုင်မှာ မဟုတ်ကြဘဲ အိပ်ယာထဲမှာပဲ လှဲနေကြရမှာပါ။ သူမမျက်စိနဲ့သာ ကိုယ်တိုင်ကိုယ်ကျမမြင်ရရင် သူတို့နှစ်ယောက်မှာ အခုလိုမျိုး ဒဏ်ရာရထားမယ်လို့ သူမ ယုံမှာမဟုတ်ပါဘူး။

ရှန်ယန်ရှောင်တစ်ယောက် ဒွိဟတွေဖြစ်နေစဉ်မှာပဲ ဖုန်မှုန့်တစ်မှုန်က သူမနှာခေါင်းရှေ့မှာ ကျသွားပါတယ်။

သူမ တုံ့ပြန်ချိန်မရခင်မှာပဲ ဦးလေးပါးက ရုတ်ချည်းခုန်ထကာ လက်ကိုဆန့်တန်းပြီး သူမနဲ့ဇာမဏီငှက်တို့အား ပွေ့လိုက်ပြီး တံခါးနားကို ပြန်ခုန်ဆုတ်လိုက်ပါတယ်။

နောက်တစ်စက္ကန့်မှာတော့ ကြီးမားတဲ့ ကောက်ရိုးအမိုးတစ်ခု သူမတို့နှစ်ယောက် စောစောကရပ်နေခဲ့သော နေရာမှာပြုတ်ကျသွားပါတယ်။

"အားရား ဦးလေးကျူ ကျနော်ပြောပြောနေတဲ့အတိုင်း ဒီအိမ်ကို ပြင်သင့်နေပြီနော် ဘယ်တာ့ပြင်မှာလဲ"လို့ပြောလိုက်တဲ့ ဦးလေးပါဟာ ဒီအဖြစ်ကို မကြာခဏတွေ့ဖူးနေပုံရကာ မထူးဆန်းသလို ပြောလိုက်ပါတယ်။

ဦးလေးပါရဲ့ လှုပ်ရှားမှုဟာ အလတ်တန်းအဆင့်ပညာရှင်တစ်ယောက်ထက် ဘယ်လိုမှနိမ့်ကျမှုမရှိတဲ့အတွက် ရှန်ယန်ရှောင် အံ့သြသွားရပါတယ်။ သို့သော် ဦးလေးပါကိုယ်ထဲမှာ အတွင်းအားရော မှော်အားရောမရှိတာကို သူမခံစားမိပါတယ်။

ဒီရွာမှာ ဘာတွေဖြစ်နေတာလဲ....

ရှင်းပြလို့မလွယ်တဲ့ တိုက်ခိုက်မှု၊ ဘာမှန်းညာမှန်းမသိရသေးတဲ့ ရွာသားတွေ၊ ခွန်အားကြီးတဲ့ဦးလေးပါတို့အပြင် ရွာသားတွေရဲ့ ဒဏ်ရာရစေတဲ့ ပေါက်ကရအကြောင်းအရင်းတွေ.....

ခဏနေတော့ ဦးလေးကျူနဲ့ဂီလေးတို့ထွက်လာကြပြီး ဦးလေးပါနဲ့ သုံးယောက်သား စကားပြောနေလိုက်ကြသည်။

ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့ကို သူ့အိမ်မှာ မနက်ဖြန်မနက်အထိ နေခိုင်းမယ်ဟုပြောခဲ့ကာ အိမ်ပြန်ပို့ဖို့အတွက် နည်းလမ်းရှာကြံမယ်လို့ ဦးလေးကျူကပြောခဲ့ပါတယ်။

"မင်းတို့တွေ မနက်ဖြန်မပြန်နိုင်ရင်တောင် စိတ်ပူမနေပါနဲ့ ရိက္ခာလာပို့မယ့်သူက နောက်ရက်ပိုင်းလောက်ကြာရင် ရောက်လာတော့မှာဖြစ်လို့ သူတို့နဲ့ပြန်ထည့်ပေးလိုက်လို့ရတယ်"လို့ ဂီလေးက ပြောလိုက်သည်။

"အင်း ငါတို့တွေ ရွာကခွာလို့မရလို့သာပေါ့ မဟုတ်ရင် မင်းတို့နှစ်ယောက်ကို ငါကိုယ်တိုင်လိုက်ပို့ပေးပါတယ်"လို့ ဦးလေးပါက သက်ပြင်းချကာပြောလိုက်သည်။

"ရွာကနေ ထွက်သွားလို့မရဘူးလား"လို့ ရှန်ယန်ရှောင်က အံ့အားသင့်သွားပြီး မေးလိုက်ပါတယ်။

"ပါကြီး နောက်ကျနေပြီ မင်းလုပ်စရာရှိတာ သွားလုပ်လို့ရပြီ ဒီကလေးနှစ်ယောက်ကို ငါဂရုစိုက်လိုက်ပါ့မယ်"ဟု ပါကြီးက တစ်ခုခုကို ရှင်းပြမယ်အလုပ်မှာ ဦးလေးကျူက အချိန်ကိုက် ဖြတ်ပြောလိုက်ပါတယ်။

"ဟုတ်သားပဲ အဲ့ဒါဆို ကျနော်တို့ သွားပြီနော်"လို့ ဂီလေးနဲ့ပါကြီးတို့က ဦးလေးကျူကို နှုတ်ဆက်ကာ ထွက်သွားကြပါတော့သည်။

ဦးလေးကျူက သူမနဲ့ဇာမဏီငှက်တို့ကို အခန်းကျဉ်းလေးထဲခေါ်သွားပါတယ် ကျဉ်းတာမှ တော်တော်ကိုကျဉ်းတာဖြစ်ပြီး ကုတင်လေးတစ်လုံးပဲ ရှိပါတယ်။

"ဒီမှာညအိပ်ကြပေါ့ကွာ။ အကြောင်းကိစ္စအရေးမကြီးရင် ညဖက် အပြင်မထွက်ကြနဲ့နော် ငါတို့ရွာက မကောင်းတဲ့လေထုတွေကြောင့် ကြောက်စရာကောင်းတာတစ်ခုခုနဲ့ တွေ့သွားလိမ့်မယ်"လို့ ဦးလေးကျူက ကြင်နာစွာပြောလိုက်ပါတယ်။

"ဟုတ်ကဲ့"လို့ ရှန်ယန်ရှောင်နဲ့ ဇာမဏီတို့က ရိုရိုသေသေပြောလိုက်ကြပါတယ်။

ဦးလေးကျူက စကားနည်းနည်းပြောပြီးတဲ့နောက် ထွက်သွားပါတယ်။

အခန်းထဲမှာ ရှန်ယန်ရှောင် ဇာမဏီနဲ့ ဇာမဏီ့ခေါင်းပေါ်မှာ ပုန်းနေတဲ့ ဖီးနစ်ပေါက်တို့သာ ကျန်ပါတော့တယ်။ ဦးလေးကျူထွက်သွားတဲ့နောက် ဖီးနစ်လေးက ပုန်းနေရာကနေ ထွက်လာပြီး နေရာအသစ်ကို လိုက်လံကြည့်နေခဲ့ပါတယ်။

"ဒီရွာသားတွေက တော်တော်ထူးဆန်းကြတာပဲ"လို့ ဇာမဏီကပြောလိုက်ပါတယ်။

"မင်းက ဒီရွာထဲမှာနေဖို့ တစ်ကယ်စိတ်ကူးထားတာလား။ သူတို့က မင်းကိုပြန်ပို့မှာဆိုတော့ နေမင်းသင်္ချိုင်းကို ဘယ်လိုသွားမှာလဲ"

"မနေပါဘူး ဒါပေမယ့်လည်း ဒီရွာသားတွေက ထူးဆန်းတယ်လို့ ငါခံစားမိနေတယ်။ နေမင်းသင်္ချိုင်းကိုရောက်ဖို့က ဒီရွာကိုဖြတ်မှပဲဖြစ်မယ်။ နေ့ခင်းအချိန်ကျတော့လည်း ရွာထဲမှာလူတွေနဲ့ဆိုတော့ ရှင်းရှင်းပြောရမယ်ဆို ပြဿနာတက်နိုင်တော့ ဒီနေ့ညခိုးထွက်ဖို့ ငါတွေးထားတယ်"လို့ ရှန်ယန်ရှောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ညမှာလှုပ်ရှားဖို့ ဆုံးဖြတ်ပြီးတာနဲ့ သူမလည်း ဘာမှထွေထွေထူးထူး စဉ်းစားမနေတော့ပါဘူး။ ဇာမဏီငှက်ဘေးမှာရှိနေမှတော့ တစ်ကယ်အန္တရာယ်နဲ့ကြုံရင်တောင် ထွက်ပြေးလို့တော့ရပါသေးတယ်လေ ဟုတ်တယ်မလား....

သူမအနေနဲ့ ဒီစိတ်သဘောကောင်းတဲ့ ရွာသားတွေကို လူဆိုးလူယုတ်တွေအဖြစ် ဘယ်လိုမှ ဆက်စပ်တွေးမြင်ကြည့်လို့ မရတာတစ်ခုပဲရှိတယ်။

ညက တဖြည်းဖြည်းနဲ့ ရွာလေးအပေါ် လွှမ်းခြုံရစ်ပတ်လာပါတယ်။ တစ်နေ့လုံး အလုပ်များနေခဲ့ကြရတဲ့ ရွာသားတွေက အလုပ်သိမ်းကာ အိမ်ကိုပြန်ကုန်ကြပါပြီ။

ရှန်ယန်ရှောင်က ပြူတင်းပေါက်ရှေ့မှာထိုင်ပြီး တစ်နေ့တာကုန်ဆုံးလို့ ညအချိန်ရောက်လာတာကို ကြည့်နေပါတယ်။ သူမမျက်ဝန်းတွေထဲမှာတော့ ဆိတ်ငြိမ်မှုတွေသာရှိနေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၇)

လှုပ်ရှားဖို့ အချိန်အခါကောင်းကို စောင့်ဆိုင်းနေတဲ့ ရှန်ယန်ရှောင်အနားမှာ ဇာမဏီငှက်လည်း ရှိနေခဲ့ပြီး သခင်ဖြစ်သူ လှုပ်ရှားမှာကို စောင့်နေခဲ့ပါတယ်။

ပြူတင်းပေါက်ကနေပြီး ဆူဆူညံညံအသံတွေ ထွက်ပေါ်လာတဲ့အချိန်မှာ လှုပ်ရှားမဟဲ့ဆိုပြီး ကြံရွယ်နေတဲ့ ရှန်ယန်ရှောင်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။ ထိုအချိန်မှာပဲ ဦးလေးကျူက တံခါးဖွင့်ကာ ဝင်လာပါတယ်။

ဦးလေးကျူမျက်နှာမှာ ဘာအမူအယာမှ မတွေ့ရဘဲ လေးနက်စွာပြောလာပါတယ်။

"အပြင်မှာ တစ်ခုခုရှိနေလို့ ငါသွားဖြေရှင်းလိုက်ဦးမယ်။ မင်းတို့နှစ်ယောက်ကတော့ အခန်းအပြင်ကို လုံးဝမထွက်ကြနဲ့နော် ညဆိုရင် စိတ်မချရလို့ပြောနေတာ ဟုတ်ပြီလား"

ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်တော့ ဦးလေးကျူလည်း အလျင်စလို ထွက်သွားပါတော့တယ်။

ဦးလေးကျူထွက်သွားတာနဲ့ သူမက ထရပ်လိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။

"ဇာမဏီငှက် မင်း အနံ့ရလား"

"ဆေးနံ့နဲ့ရောနေတဲ့ သွေးနံ့ပျပျရှိနေတယ်"လို့ အနံ့ခံပြီးတော့ ဇာမဏီငှက်ကပြောလိုက်ပါတယ်။

"သွားစို့ သွားကြည့်ရအောင်"လို့ ရှန်ယန်ရှောင်က ပြောလိုက်သည်။

ဦးလေးကျူမရှိတုန်းမှာ သွေးနံ့ထွက်လာတဲ့နေရာကို သူမ လိုက်ရှာလိုက်တော့ မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာက ထွက်လာတာဖြစ်မှန်း တွေ့ခဲ့ရပါတယ်။

ဇာမဏီငှက်က သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ ကျောက်တုံးတစ်တုံးက ရွေ့လျားသွားကာ အောက်ကိုဆင်းတဲ့ လမ်းတစ်ခုထွက်ပေါ်လာပါတယ်။

"လူလာရင်ပြောရအောင် မင်း ဒီကစောင့်နေခဲ့"လို့ ပြောလိုက်ပြီးတော့ ရှန်ယန်ရှောင်က အောက်ကိုဆင်းလိုက်ပါတယ်။

လမ်းအဆုံးမှာ ကျောက်တုံးတွေနဲ့ပြုလုပ်ထားတဲ့ အခန်းတစ်ခန်းကို သူမရှေ့မှာ မြင်တွေ့လိုက်ရပါတယ်။ အခန်းက မီတာနှစ်ဆယ်ခန့်ကျယ်ဝန်းကာ သစ်သားကုတင်လေးလုံးရှိနေပြီး သတိမေ့မြောနေသော ယောကျာ်းလေးဦးလည်း ရှိနေပါတယ်။

ကုတင်တွေနားသွားကာ သတိမေ့နေသော လူလေးယောက်ကို ညလင်းကျောက်ရဲ့အလင်းအားကိုးနဲ့ ကြည့်လိုက်တော့ အသက်နှစ်ဆယ်ဝန်းကျင်သာရှိမယ့် လူငယ်လေးတွေမှန်း သိလိုက်ရပါတယ်။ သူတို့လေးဦးကိုယ်ပေါ်မှာ ဂူဝံပုလွေအဖွဲ့၏ တံဆိပ်အမှတ်အသားတပ်ဆင်ထားတာကိုလည်း တွေ့လိုက်ရပါတယ်။ ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ချင်းအားဖြင့် လဝက်သာသာခန့်က ရရှိထားခဲ့တဲ့ ဒဏ်ရာတွေမှန်း သိနိုင်ပါတယ်။ ဒီလူလေးယောက်က ဂူဝံပုလွေအဖွဲ့သားတွေလား။

ရွာလေးထဲမှာ ရုတ်တရက်တိုက်ခိုက်မှု ခံခဲ့ရပြီး အများစုက လွတ်မြောက်ထွက်ပြေးနိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့လူတစ်ချို့လည်းရှိကာ သေဆုံးပြီလို့ တူလန်းက ထင်ထားခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမရှေ့က လူလေးယောက်ကတော့ အသက်ရှင်နေတယ်ဆိုတာ အထင်အရှားပါပဲ နောက်ပြီး သူတို့က အားအင်နည်းပါးနေသေးပေမယ့် အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိပါဘူး။ သူတို့တွေက အလွန်အမင်း အားကုန်ခမ်းထားလို့ သတိမရကြသေးတာဖြစ်ပါတယ်။ ဦးလေးကျူက သူတို့ကို ကယ်တင်ပေးထားတာလား။

အဲ့လိုဆိုရင် ရွာထဲမှာဖြစ်ပျက်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကိုလည်း ဦးလေးကျူသိမှာပေါ့။ ဒါပေမယ့် ဦးလေးပါကြီးနဲ့ဂီလေးတို့က ဘာလို့မမှတ်မိကြရတာလဲ။

မေးခွန်းတွေ တစ်သီတစ်တန်းကြီး သူမစိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ကာ မေးခွန်းအားလုံးကလည်း ဦးလေးကျူနဲ့ဆက်စပ်နေပါတယ်။ ရှန်ယန်ရှောင် ခဏတွေးနေလိုက်ပြီးနောက် နေမင်းသင်္ချိုင်းကို သွားရဦးမှာဖြစ်တာကြောင့် ဒီလူလေးယောက်ကို ထားခဲ့လိုက်ဖို့ သူမဆုံးဖြတ်လိုက်ပါတယ်။ ဒီလေးယောက်ကို အခုနှိုးလိုက်ရင် နေမင်းသင်္ချိုင်းကို သွားဖို့မပြောနဲ့ လမ်းမှာတင် တစ်ခုခုမဖြစ်ရင်ကို တော်တော်ဟုတ်နေပါပြီ။ ဦးလေးကျူက သူတို့ကို ကုသပေးထားတာကြောင့် ဒီနေရာမှာ လောလောဆယ်တော့ စိတ်ချရပါသေးတယ်။ ထို့နောက် မြေအောက်ခန်းထဲကနေ သူမထွက်လာလိုက်သည်။

"သွားကြစို့"လို့ ဇာမဏီငှက်ကို ပြောလိုက်သည်။

. ရှန်ယန်ရှောင်နဲ့ဇာမဏီတိ့ု ဦးလေးကျူအိမ်ကနေထွက်လာပြီးတဲ့နောက် နားထဲမှာ ခြောက်ခြားဖွယ်ရာ အော်ဟစ်သံတွေကို ကြားလိုက်ရပါတယ်။ အဆိုပါအသံတွေက ရွာဝင်ဝဆီကနေ ထွက်လာတာဖြစ်ပြီး နှလုံးသားရဲ့နက်ရှိုင်းတဲ့နေရာကနေ ဖြစ်ပေါ်လာတဲ့ ကြောက်လန့်တကြားအော်သံတွေလိုပါပဲ။

ဒီလိုရွာသိမ်ရွာငယ်လေးမှာ ဒီလိုခြောက်ခြားဖွယ်အသံတွေရှိနေတာက လက်သင့်ခံရ ခက်လှပါတယ်။

သူမစိတ်ထဲမှာ သံသယတွေ တိုးပွားလာပေမယ့် နေမင်းသင်္ချိုင်းကသာ သူမရဲ့ ဦးတည်ချက်အစစ်အမှန်ဖြစ်တာကြောင့် တုံ့ဆိုင်းမနေတော့ဘဲ ရွာရဲ့တစ်ခြားတစ်ဖက်ဆီကို အမှောင်ရိပ်ကိုအားပြုပုန်းကွယ်ရင်းနဲ့ ပြေးသွားလိုက်ကြပါတယ်။

အိမ်တစ်လုံးကို သူမတို့ ဖြတ်ကျော်ကာစမှာပဲ ဖရိုဖရဲနဲ့မောပန်းနွမ်းနယ်နေကြတဲ့ လူတွေက သူမတို့ဖက်ကို ပြေးလာနေတာအား တွေ့မြင်လိုက်ရသည်။

သူတို့တွေပုံစံကြည့်ရပုံအရ ကြေးစားအဖွဲ့တစ်ဖွဲ့ဖြစ်ပုံရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့တွေဟာ သာမန်နေ့ရက်တွေမှာ ရှိနေကြဖြစ်သော မတုန်မလှုပ်အမူအရာတွေ မရှိကြတော့ဘဲ ကြောက်လန့်တကြား ထွက်ပြေးနေကြတာဖြစ်ပါတယ်။ သူတို့ကိုယ်ပေါ်မှာရှိနေတဲ့ ဒဏ်ရာတွေဟာ သားရဲတစ်ကောင်ရဲ့ လက်သည်းဒဏ်လိုမျိုးဖြစ်ပြီး အဝတ်အစားတွေလည်း စုတ်စုတ်ပြဲပြဲဖြစ်နေကာ ဒဏ်ရာတွေကနေ သွေးတွေအဆက်မပြတ်ထွက်နေပေမယ့် ရပ်တံ့ပြီးကုသလိုဟန် မရှိကြပါဘူး။

သူတို့နောက်မှာတော့ လူရိပ်တွေလိုက်ပါနေခဲ့ပြီး အဆိုပါလူရိပ်တွေက ကြောက်လန့်ဖွယ်အလျင်နှုန်းနဲ့ သူတို့အနားကို တဖြည်းဖြည်းနီးကပ်လာနေတာကို တွေ့ရပါသည်။ ရှန်ယန်ရှောင်နဲ့ဇာမဏီတို့က အိမ်လေးတစ်လုံးထဲကို ခိုးဝင်ပုန်းအောင်းလိုက်ကြပါသည်။

သူမတို့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် နှစ်ယောက်သား အံ့သြတုန်လှုပ်သွားခဲ့ရပါတော့သည်။

လရောင်ကြောင့် နောက်ကလိုက်ပါလာသော လူရိပ်တွေကို အထင်းသားတွေ့လိုက်ရပါသည်။ ရွာသားတိုင်းက လယ်ယာလုပ်ငန်းသုံးပစ္စည်းကိရိယာကိုယ်စီကို ကိုင်ဆောင်ထားကြပြီး ဝမ်းခေါင်းသံတွေနဲ့ အော်ဟစ်ဟိန်းသံပြုကြရင်း ကြေးစားတွေနောက်ကို လိုက်လာကြခြင်းဖြစ်ပါတော့သည်။ သူတို့မျက်လုံးတွေက ကြောင်ငေးငေးကြီးတွေဖြစ်နေခဲ့ပြီး မျက်နှာတွေကလည်း ပုံမှန်မဟုတ်စွာ ရန်လိုစိတ်ပြင်းနေခဲ့ကာ ကိုယ်လုံးတွေက ရှေ့ကိုအနည်းငယ်ကိုင်းနေပုံက အစာနောက်ကိုပြေးလိုက်နေတဲ့ သားရဲတွေအလားပါပဲ။

ရူးသွပ်နေသော ရွာသားတွေကြားမှာ ပါကြီးနဲ့ဂီလေးတို့ကို သူမ တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်လုံးလက်ထဲမှာ ဘာလက်နက်မှ ရှိမနေခဲ့ဘဲ တိရစ္ဆာန်တွေလိုမျိုး လေးဖက်ထောက်ကာပြေးလိုက်နေပါတယ်။

ကြင်နာသနားတတ်ပြီး ရိုးသားဖြူစင်ကြတဲ့ ရွာသားတွေဟာ သားရိုင်းကောင်တွေအဖြစ်ပြောင်းလဲသွားတာကို လရောင်အောက်မှာမြင်တွေ့နေရပါတယ်။

ဒီအချိန်မှာ ဂူဝံပုလွေအဖွဲ့ရဲ့ အဆိုပါညချမ်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းမလဲဆိုတာကို သူမ နားလည်သဘောပေါက်သွားရပါတယ်။

လွတ်မြောက်နိုင်ဖို့ ကြိုးစားထွက်ပြေးနေကြတဲ့ ကြေးစားတွေဟာ သွေးရူးသွေးတန်းဖြစ်နေကြပြီး ဒီရူးသွပ်တဲ့ရွာသားတွေကို သူတို့တွေထွက်ပြေးချိန်မှာ ရင်ဆိုင်ပြီးအချိန်ဆွဲဖို့အတွက် သူတို့ရဲ့ မှော်သားရဲတွေကို ဆင့်ခေါ်လိုက်ကြပါတယ်။ သို့သော်လည်း ရွာသားတွေကတော့ မှော်သားရဲတွေကို ဂရုမစိုက်ဘဲ ကြေးစားတွေကိုသာ ဦးတည်တိုက်ခိုက်နေပါတယ်။

မှော်သားရဲတွေရဲ့ တိုက်ခိုက်မှုတွေအား ရွာသားတွေက အမှုမထားဘဲ ကြေးစားတွေသာလျှင် ဒီကမ္ဘာကြီးမှာရှိနေတဲ့အလား ကြေးစားတွေကိုပဲ တိုက်ခိုက်နေကြပါတယ်။

သူမအနေနဲ့ ဒီရွာသားတွေ ရုတ်တရက်ရူးသွပ်သွားတဲ့ ကိစ္စကို သိချင်နေသော်လည်း အချိန်မရှိပါဘူး။ သူမတွေးမိတာတစ်ခုကတော့ ဂူဝံပုလွေအဖွဲ့ရော အခုကြေးစားအဖွဲ့ရောတို့က နေမင်းသင်္ချိုင်းကို ဝင်ရောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီရွာသားတွေကတော့ နေမင်းသင်္ချိုင်းကို မဝင်နိုင်ဖို့ တားဆီးနေပုံပါပဲ

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၃၈)

သူမအနေနဲ့ သိလိုစိတ်ဖြစ်ပေါ်နေပေမယ့် စပ်စုလိုစိတ်ကြောင့် ကြောင်သေတယ်ဆိုသော စကားအတိုင်း တစ်ခါတစ်ရံမှာ အများကြီးသိတာကလည်း မကောင်းပါဘူး။

ဒါကြောင့် စိတ်ဆုံးဖြတ်လိုက်ပြီးတော့ သူမရဲ့ဦးတည်ရာဆီကိုပဲ ဇာမဏီနှင့်အတူ ပြေးသွားလိုက်ပါတော့သည်။

သူမ ထွက်သွားပြီးစမှာပဲ ကြေးစားတွေကို ရွာသားတွေမိသွားပါသည်။ အော်ဟစ်ငိုကြွေးသံတွေက ရွာလေးထဲမှာ ပဲ့တင်သွားပြီး သွေးနံ့တွေက ညကာလကို လွှမ်းခြုံသွားပါတော့သည်။

နေမင်းသင်္ချိုင်း...နေမင်းဘုရားကျောင်းလို့ အမည်တွင်ခဲ့ဖူးတဲ့နေရာတစ်ခု။ နတ်ဆိုးတွေနဲ့ နတ်တွေရဲ့ တိုက်ပွဲမဖြစ်ခင်အချိန်က ဒီနေရာဟာ နေနတ်မင်းကို လူတွေပူဇော်ကန်တော့ကြတဲ့ နေရာလည်းဖြစ်ပါတယ်။ တစ်ခါတုန်းကတော့ ဒီနေရာမှာ နန်းဆောင်များစွာရှိခဲ့ပြီး ပန်းတွေကျေးငှက်သာရကာတွေနဲ့ လှပသာယာနေခဲ့ကာ နေနတ်မင်းကို ပူဇော်ကန်တော့ရန်နဲ့ စောင်မဖို့အတွက် လာရောက်ဆုတောင်းသူတွေနဲ့ မပြတ်စည်ကားနေဖူးပါတယ်။

လင်းလက်တိုက်လို့ ခေါ်ဝေါ်ကြရတဲ့ အဓိကအကြောင်းရင်းကလော့ ဒီတိုက်ဟာ နေနတ်မင်းရဲ့နယ်မြေဖြစ်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ အလင်းတွေနဲ့လွှမ်းခြုံခံထားရပြီး နေမင်းရဲ့လင်းရောင်ခြည်နဲ့ နေနတ်မင်းရဲ့ စောင်မကြည့်ရှုပေးမှုအောက်မှာ လူတွေနေထိုင်ခဲ့ကြဖူးပါသည်။

သို့ပေမယ့် နတ်ဆိုးတွေနဲ့နတ်တွေရဲ့ စစ်ပွဲကန့်လန်ကာလှစ်ဟလိုက်တဲ့အချိန်မှာတော့ လှပမှုအပေါင်းက ရုတ်ချည်းလွင့်ပါးသွားခဲ့ပြီး နတ်ဘုရားကျောင်းဟောင်းတွေက စစ်မြေပြင်ဖြစ်လာခဲ့သလို မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေနဲ့နတ်တွေက ငြိမ်းချမ်းသာယာသော နယ်မြေအား သူတို့ရဲ့ သွေးတွေဝိဉာည်တွေနဲ့ အကျည်းတန်စေခဲ့ပါတယ်။

စစ်မီးလျှံနဲ့တွေ့ကြုံခဲ့ရတာရယ် နှစ်ထောင်ချီကြာညောင်းခဲ့တာတို့ရယ်က နေနတ်ဘုရားကျောင်းကို မူလတုန်းကကဲ့သို့ တောက်ပထည်ဝါမနေစေတော့ပါဘူး။ ချိုင့်ခွက်တွေ၊ အပျက်အစီးတွေနဲ့ပြည့်နှက်နေတဲ့ ဒီနေရာဟာ လူသားတွေအတွက် မသွားရနယ်မြေတစ်ခုဖြစ်လာပါတော့သည်။

နေမင်းသင်္ချိုင်းရဲ့ အကျယ်အဝန်းက မသေးလှပါဘူး မြို့တော်ကြီးတစ်မြို့စာလောက် အကျယ်အဝန်းရှိပါတယ်။ ဒီလိုစွန့်ပစ်နယ်မြေထဲမှာ သေးငယ်လှတဲ့ အရိုးပန်းတစ်ပင်ကိုရှာဖွေဖို့က ထင်သလောက်လွယ်မှာမဟုတ်ပေ။

ပျက်စီးယိုယွင်းနေတဲ့ သင်္ချိုင်းမြေထဲမှာ မတ်တတ်ရပ်နေကြပြီးတော့ သူမတို့နှစ်ယောက်ရှေ့က ရှုပ်ရှုပ်ထွေးထွေးအပျက်အစီးတွေကို ကြည့်နေကြပါတယ်။

"နေနတ်မင်း ကျဆုံးခဲ့တာက ဒီနေရာပေါ့"လို့ ရှန်ယန်ရှောင်က ရေရွတ်လိုက်ပါတယ်။

"ဒီနေရာက နေထွက်ခဲ့ဖူးတဲ့နေရာဖြစ်ခဲ့သလို နေဝင်ခဲ့ရတဲ့နေရာပဲ"လို့ လေထဲမှာရပ်တည်နေသော ဇာမဏီက ဘာခံစားချက်မှမရှိစွာနဲ့ ပြောလိုက်ပါတယ်။

မှော်သားရဲတွေအတွက်ကတော့ နတ်မျိုးနွယ်၊နတ်ဆိုးမျိုးနွယ်မရှိ လူကောင်း လူဆိုးမရှိဘဲ သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ သခင်တွေအပေါ်မှာပဲ သစ္စာစောင့်သိကြမှုသာ ရှိပါတယ်။

အမှောင်ထုနဲ့ နေမင်းသင်္ချိုင်းရဲ့ အပျက်အစီးတွေကြောင့် လမ်းပျောက်ဖို့က လွယ်ကူနေပါတယ်။ ဒီနေရာမှာ အလဲလဲအပြိုပြိုဖြစ်နေတဲ့ ကျောက်တုံးကြီးတွေက ပြန့်ကျဲနေပြီး နှစ်ထောင်ချီကြာအောင် မိုးဒဏ်လေဒဏ်ကို ခံစားခဲ့ရလို့ ဒီကျောက်တုံးအကျိုးအပဲ့တွေဟာ မူလအသွေးအရောင် မရှိတော့ဘဲ မျိုးနွယ်စုနှစ်စုရဲ့ ရှေးစစ်သူရဲတွေ၏ သွေးတွေဖြင့်ဖြန်းပက်ခံထားရသလိုမျိုး နက်မှောင်နေပါတယ်။

ရှန်ယန်ရှောင်နဲ့ဇာမဏီတို့ဟာ တစ်ဦးကမြေပေါ် တစ်ဦးကလေထဲကနေ လျှင်မြန်သွက်လက်စွာဖြင့် ရှာဖွေနေကြပေမယ့် ဒီလိုရှုပ်ယှက်ခတ်နေတဲ့ ကျောက်တုံးတွေကြားမှာ လက်တစ်ဝါးသာသာပဲရှိတဲ့ ပန်းကို ရှာဖွေခြင်းက စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ညအချိန်က စောရတွေရဲ့လောကဖြစ်ကာ သူမရှေ့မှာရှိသမျှကို အမှောင်ထဲမှာ မြင်တွေ့နေရသော်လည်း ဒီလိုပတ်ဝန်းကျင်အနေအထားမျိုးမှာ အရိုးပန်းကို လွယ်ကူလျှင်မြန်စွာ ရှာတွေ့နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ သူမလည်း စိတ်ပျက်လက်ပျက်ဖြင့် ဇာမဏီငှက်နဲ့ လူခွဲကာ လိုက်ရှာလိုက်ရပါတယ်။

ပထမတော့ ဒီသင်္ချိုင်းထဲမှာ အန္တရာယ်တစ်ချို့ ရှိနေမှာကို သူမ စိတ်ပူနေခဲ့မိပေမယ့် အချိန်အတော်ကြာတဲ့ထိအောင် သူမ သတိထားရှာဖွေနေခဲ့တာတောင် ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့ခဲ့ပါဘူး။

ရှေးစစ်မြေပြင်ဖြစ်တဲ့အတိုင်း ဓာတ်အားတွေ အလွန်အမင်းပြင်းထန်အားကောင်းလို့ သာမန်လူတွေ ခြေမချရဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မူလတုန်းကတော့ နေနတ်ဘုရားကျောင်းဟာ တစ်တိုက်လုံးမှာ အလင်းဓာတ်တွေ ထူထဲနေခဲ့ပြီး နတ်ဆိုးနဲ့နတ်တို့၏ စစ်ပွဲအတွင်းမှာ နတ်ဆိုးတွေရဲ့ သွေးနဲ့ဝိဉာည်တို့က အမှောင်ဓာတ်ကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီဓာတ်နှစ်ခုက အလွန်ဆန့်ကျင်ဖက်ဖြစ်တာကြောင့် ဝိရောဓိဖြစ်နေတဲ့စွမ်းအင်နှစ်ခုကြောင့် ဒီနယ်မြေအတွင်းမှာ ဖရိုဖရဲဝရုန်းသုန်းကာဖြစ်စေခဲ့ပြီး အခုအချိန်မှာတော့ ဒီစွမ်းအင်နှစ်ခုက အရောရောအထွေးထွေးဖြစ်ကာ သာမန်လူတစ်ယောက်ကို လွယ်ကူစွာနဲ့ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားစေမှာပါ။

သင်္ချိုင်းမြေထဲကို ခြေမချခင်မှာ သူမတစ်ကိုယ်လုံးကို သူမရဲ့ မှော်နဲ့အတွင်းအားတို့ဖြင့် အကာအကွယ်တစ်ခုပြုလုပ် ဖုံးကွယ်ထားခဲ့လို့သာ သူမအေးဆေးသွားနေနိုင်တာဖြစ်သည်။

ဇာမဏီရဲ့အသွင်သဏ္ဍာန်က ဒီဖရိုဖရဲကျောက်တုံးတွေကြားမှာ ပျောက်ကွယ်သွားခဲ့ပြီး ဖီးနစ်ပေါက်လေးရဲ့ ကျီကျီကျာကျာအသံကိုပဲ သိပ်မဝေးတဲ့နေရာက ထွက်ပေါ်နေတာကိုပဲ ကြားနေရပါတယ်။ သူမတို့နှစ်ယောက်က သိပ်မဝေးကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် မမြင်တွေ့ရတော့ပါဘူး။ စွမ်းအင်နှစ်ခုရဲ့ ရောထွေးနေမှုကြောင့် လူတစ်ယောက်ရဲ့ အမြင်နဲ့အကြားကို လှည့်ဖြားနေပါတယ်။ ရှေးစစ်မြေပြင်ဆိုတာ ပျော်စရာနေရာတော့ မဟုတ်တာသေချာပါတယ် မဟုတ်ရင် မသွားရနယ်မြေအဖြစ် သမုတ်စရာအကြောင်းမရှိပါဘူး။

"အရိုးပန်းရှိမရှိကို ခံစားသိနိုင်သလားဟင် ရှူ"လို့ သူမကမေးလိုက်သည်။

"မင်းနီးနေပြီဆိုရင် ငါ သတိပြုမိမှာပါ"လို့ ရှူက ပြန်ပြောလိုက်သည်။

လူ့မျက်စိကို အားပြုကာ အရိုးပန်းကို ရှာဖွေခြင်းက ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာထက်ကို ပိုခက်မှာဖြစ်ပြီး ရှူက အရိုးပန်းကို ခံစားသိမြင်နိုင်တယ်ဆိုတော့ ပိုလွယ်ကူတာပေါ့...

ရှူရဲ့ အဖြေစကားကြောင့် သူမက နှေးကွေးမနေတော့ဘဲ လျှင်မြန်ဆေးရည်တစ်ပုလင်းကို ထုတ်သောက်လိုက်ကာ ပြေးသွားလိုက်ပါတယ်။ နေမင်းသင်္ချိုင်းက အလွန်ကျယ်ပြန့်တဲ့ နေရာကြီးဖြစ်ကာ ရှန်ယန်ရှောင် တစ်ညလုံးပြေးလွှားနေခဲ့ပြီး လျှင်မြန်ဆေးရည်တွေကိုလည်း တစ်ပုလင်းပြီးတစ်ပုလင်း ထုတ်သောက်နေခဲ့ပါတယ်။ အချိန်အကြာကြီးပြေးလွှားနေခဲ့ရလို့ သက်လုံဆေးရည်ပုလင်းတော်တော်များများကိုလည်း သောက်ပြီးသွားခဲ့ပါပြီ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာကာ အရိုးပန်းရဲ့သဲလွန်စကိုတောင် မတွေ့ရသေးတာကြောင့် သူမ စိတ်ညစ်နေရပါတယ်။ ကောင်းကင်ကလည်း တဖြည်းဖြည်းနဲ့အမှောင်ထု လွင့်ပါးနေပြီဖြစ်ကာ အခုထိ လက်ဗလာဖြစ်နေသေးတဲ့အတွက် ရှန်ယန်ရှောင် ပြေးနေရာကနေရပ်လိုက်ပြီး ကျောက်တုံးတစ်တုံးပေါ်မှာထိုင်၍ အကျအနစဉ်းစားပါတော့တယ်။

သူမ နေရာလွဲပြီး သွားနေမိတာလား...ဒါမှမဟုတ် တစ်ခုခုလွဲနေလို့လား...ဒါမှမဟုတ် တူလန်းရဲ့ သတင်းကပဲ မှားနေခဲ့တာလား...

နေမင်းသင်္ချိုင်းရဲ့ သုံးပုံတစ်ပုံလောက်ကို သူမ သွားပြီးနေပြီဖြစ်တာတောင် အခုထိ ဘာမှရှာမတွေ့သေးသလို ဇာမဏီငှက်ဖက်ကလည်း အကြောင်းမထူးသေးတာကြောင့် သွေးအန်ချင်စိတ်ဖြစ်နေရပါပြီ။

သူမကိုယ်ကို အတွင်းအားနဲ့မှော်အားတို့အသုံးပြုကာ အကာအကွယ်လုပ်ထားတယ်ဆိုပေမယ့် ဝရုန်းသုန်းကားဖြစ်နေတဲ့ စွမ်းအင်တွေပြည့်နှက်နေသော ဒီလိုနေရာမှာ သူမရဲ့ စွမ်းအားက အချိန်အကြာကြီးတောင့်မခံနိုင်ပါဘူး။ အခုတောင်မှ သူမရဲ့ကိုယ်ကို ကာရံထားတဲ့ အကာအကွယ်က တစ်ဖြည်းဖြည်းပါးလွှာလာတာကို သူမ ခံစားမိနေပါတယ်။ ဒီအကာအကွယ်အလွှာ ပျောက်သွားတာနဲ့ ဝရုန်းသုန်းကားစွမ်းအင်တွေကနေပြီး သူမကို တစ်စစီချေမွဖျက်စီးသွားပါလိမ့်မယ်။

All Chapters