အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၂)
ဒီလက်ရွေးစင်တွေဟာ ကျောင်းသားတွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ဘာမှမပတ်သတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတိုင်း ပါဝင်ရွေးချယ်ခံနိုင်ပြီး အရွေးခံရဖို့အတွက် ကျောင်းတွင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယန်ယု၊ ယန်းရှီနဲ့ကြူရှီယာတို့ သုံးကောင်လုံး ဒီရွေးချယ်ပွဲကို ပါဝင်ကြမှာပါ။ သူတို့သုံးယောက်က သူတို့ပြိုင်ရမယ့်ဟာအတွက် လုံးဝစိတ်ပူခြင်းမရှိကြဘဲ သဝေထိုးဂလေရိုက်နေတဲ့ ကောင်မလေး ရွေးချယ်ပွဲအမှီ ပြန်မလာမှာကိုသာ စိတ်ပူနေကြပါတယ်။
တိရစ္ဆာန်သုံးကောင် စိတ်ပူနေကြပြီး ရှီးယွန်၊ ရဲချင်နဲ့ယန်းချီတို့က ပိုလို့တောင် စိတ်ပူနေကြပါတယ်။
ထွက်မသွားခင်က ရှန်ယန်ရှောင်ရဲ့ခွင့်တောင်းမှုကို သူတို့သုံးဦးလုံး ရရှိခဲ့ပြီး ရဲချင်နဲ့ယန်းချီတို့က ရှန်ယန်ရှောင်ရဲ့ စိတ်ဆန္ဒကိုလိုက်လျောခဲ့ပေမယ့် ရှီးယွန်ကတော့ တားမြစ်ဖို့ကြိုးစားခဲ့ပါသေးတယ်။
မကြာခင်မှာ ရွေးချယ်ပွဲစတော့မှာဖြစ်ကာ အခုထိကို ရှန်ယန်ရှောင်ရဲ့ အရိပ်တောင်မမြင်ရသေးတာကြောင့် ဆရာသုံးယောက်လုံး အလွန်စိတ်သောကနေကြပါတယ်။
ရှန်ယန်ရှောင်ရဲ့ လေးပါရမီကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ရှန်ယန်ရှောင်၏ လေးသည်တော်အစွမ်းကို သူယုံကြည်မှုရှိကာ ခြောက်လကြာသင်ကြားအပြီးမှာတော့ ဌာနရဲ့ထိပ်သီးကျောင်းသား မန်ယိဂျွန်နဲ့ယှဉ်နိုင်စွမ်းရှိမယ်လို့ ရှီးယွန်တွက်ဆထားပါတယ်။ ဒါပေမယ့် ဒီကလေးက သုံးရက်တစ်ခါလောက် ခွင့်ယူနေပြီး အခုဆိုလည်း တစ်ကယ့်အချိန်ရောက်နေတာတောင် အရိပ်အယောင်ကိုမမြင်ရသေးဘူးလေ။ ဒီအဖြစ်က အလွန်မျှော်လင့်ထားတဲ့ ရှီးယွန်ကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ရပါတယ်။ လေးအတတ်မှာ ကျောက်ကောင်းလေးတစ်ပွင့်ဖြစ်နေတာကို ဘာလို့များ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရတာလဲဆိုပြီး ရှီးယွန်စိတ်ဓာတ်ကျနေပါသည်။
ရှီးယွန်ဘယ်လောက်စိတ်ဓာတ်ကျပါစေဦး လေးဌာနမှာက မန်ယိဂျွန်ရှိပါသေးတယ်။ လေးဌာနနဲ့ယှဉ်ရင် ဆေးပညာဌာနက သနားဖို့ကောင်းလွန်းပါတယ်။ မူလက ထိပ်သီးကျောင်းသား ရှန်ဂေါင်းရှောင်က ရှန်ယန်ရှောင်နဲ့ယှဉ်ပြိုင်ပွဲအပြီးမှာ သမားတော်ဖြစ်မယ့် အခွင့်အရေးကိုဆုံးရှုံးသွားခဲ့ပြီး လန်းယူပြည်ကိုသွားကာ ကုသနိုင်မယ့်နည်းကို ရှာကြံနေပေမယ့် အနည်းဆုံးတော့ သုံးလေးငါးနှစ်လောက်ကြာဦးမှာပါ။ ရှန်ဂေါင်းရှောင်မရှိတော့သလို သူဟာ ခက်ခက်ခဲခဲနဲ့ဖိတ်ခေါ်ထားရတဲ့ ဌာနရဲ့ ဂုဏ်ထူးဆောင်ဌာနမှူးဖြစ်သူ သမားတော်ကြီးပူလီစီကိုပါ ခေါ်သွားပါတယ်။ ဆေးပညာဌာနတစ်ခုလုံး စိတ်ညစ်ငြူးနေကြပါတယ်။
ဒီလိုအဖြစ်ဆိုးကြောင့် လောင်းဒီတစ်ယောက် ရဲချင်အခန်းကို နေ့တိုင်းလိုလိုသွားကာ ငိုပြနေရပါတယ်။ အမြဲလိုလို စိတ်သဘောထားကောင်းတဲ့ ရဲချင်လည်း လောင်းဒီပြဿနာကြောင့် ပူပန်စပြုလာခဲ့ပါတယ်။ သူက ဆေးပညာဌာနရဲ့ ဂုဏ်ဒြပ်အတွက်စိတ်ပူတာမဟုတ်ဘဲ ရှန်ယန်ရှောင်ရဲ့ ဘေးမသီရန်မခမှုကို စိုးရိမ်တာပါ။ တပည့်ဖြစ်သူကို အခုချိန်ထိ မတွေ့ရသေးလို့ ဆရာဖြစ်သူလည်း စိုးရိမ်နေရပါတယ်။
ဆေးပညာဌာနမှာ ရှန်ဂေါင်းရှောင်လည်း မရှိ ရှန်ယန်ရှောင်လည်း မရှိဖြစ်နေပေမယ့် ရှန်ဂေါင်းရှောင်နီးနီးတော်တဲ့ ကျောင်းသားတစ်ချို့ရှိကာ ရှန်ယန်ရှောင်ခြေဖျားမမှီကြသလို ပြိုင်ပွဲမှာဆိုရင်လည်း တစ်ခြားကျောင်းကဆေးပညာကျောင်းသားတွေက အလွယ်တကူအနိုင်ယူသွားမှာပါ။
လေးဌာနမှာ မန်ယိဂျွန်ရှိပြီး ဆေးပညာဌာနက နည်းနည်းအခြေအနေဆိုးတယ်ဆိုပေမယ့် အရံစာရင်းတော့ရှိပါသေးတယ်။ ယန်းချီဖက်ကတော့ စကားတစ်ခွန်းနဲ့ပဲ ဖော်ပြလိုက်ရမှာဖြစ်ပါတယ်။
စစ်သားမရှိတဲ့တပ်....
ဆင့်ခေါ်သူဌာနက ကျောင်းသားလက်မခံတော့တာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ကာ တစ်ဦးတည်းသော ကျောင်းသားရှန်ယန်ရှောင်သာရှိပါတယ်။ ဘာလူစားထိုးစရာမရှိ ရွေးချယ်စရာမရှိတဲ့ ယန်းချီအဖို့ ဆင့်ခေါ်သူစာကြည့်တိုက်ထဲမှာထိုင်ကာ အသည်းကွဲမြို့တော်သီချင်းသာ ဆိုရုံပဲရှိပါတော့တယ်။
ရှီးယွန်က ရှန်ယန်ရှောင်ရဲ့ ပါရမီအရည်အချင်းကို မြေတောင်မြှောက်ပေးဖို့ သူမကိုလိုတာဖြစ်ပြီး လောင်းဒီက ဆေးပညာဌာနရဲ့ ဂုဏ်သရေအတွက် သူမကိုလိုတာပါ။
ယန်းချီအတွက်ကတော့ ရှန်ယန်ရှောင်ဟာ ဆင့်ခေါ်သူပညာကို ကိုယ်စားပြုသူဖြစ်ပြီး ဒီပြိုင်ပွဲကို ဆင့်ခေါ်သူအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လိုအပ်ပါတယ်။
လောင်းရွှမ်ပြည်ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ သူမ ပထမရမှသာလျှင် ဆင့်ခေါ်သူပညာက တစ်ဖန်ပြန်လည်ထွန်းတောက်နိုင်စွမ်း ရှိမှာဖြစ်ပါသည်။
သူ့တပည့်မဟာ ဆင့်ခေါ်သူပညာကို အထွဋ်အထိပ်ပြန်ရောက်အောင် စွမ်းဆောင်ပေးကာ လင်းလက်တိုက်ရဲ့လူတွေ ဒီပညာရပ်ကို ပြန်လက်ခံလာအောင် လုပ်ပေးနိုင်မယ့်သူလို့ ယန်းချီအမြဲယုံကြည်ခဲ့ပါတယ်။
သို့သော် မကြာခင်ရောက်တော့မယ့် မျှော်လင့်ချက်ကိုကြည့်နေရပြီး တပည့်ဖြစ်သူက ပျောက်ခြင်းမလှပျောက်နေတာကြောင့် ယန်းချီရင်ထဲလေးလံနေခဲ့ပါတယ်။
မိုးနတ်မင်းက ဆင့်ခေါ်သူတွေကို အခုထိအခဲမကျေသေးတာကြောင့်လား...
ဒါမှမဟုတ် ဒီနောက်ဆုံးမျှော်လင့်ချက်က လုံးဝမောင်ပိုင်စီးခံလိုက်ရတော့မှာလား...
"တပည့်လေးရေ မင်းဘယ်မှာလဲဟေ့..."
နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းတော်ထဲမှာတော့ ရှန်ယန်ရှောင်တစ်ယောက် တင်ပျင်ခွေလျှက်သားနဲ့ ထိုင်နေခဲ့ပြီး လက်ထဲကအပင်သုံးပင်အား မှော်အားတစ်လှည့် အတွင်းအားတစ်လှည့်စီ ဖြည့်သွင်းပေးနေခဲ့တာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာကိုတောင် မသိတော့ပါဘူး။ သူမသိတာဆိုလို့ မှော်အားကုန်ရင် အတွင်းအားထည့် အတွင်းအားကုန်ရင် မှော်အားထည့်နဲ့ ချာလပတ်ရမ်းနေတာကိုပဲမှတ်မိပါတယ်။ သူမလက်စွပ်ထဲမှာရှိတဲ့ အစားအသောက်တွေလည်း ကုန်ခမ်းသွားတာ နည်းနည်းကြာခဲ့ပြီဖြစ်တာကြောင့် အစာငတ်ပြတ်ပြီးမသေဖို့အတွက် ဆေးမြစ်တွေကိုပဲ စားသောက်နေရပါတယ်။
အစရက်ပိုင်းအချို့မှာတော့ သူမအနေနဲ့ ရူးချင်တာလိုလို ကြောင်ချင်တာလိုလိုဖြစ်ခဲ့ရပြီး ရက်တော်တော်ကုန်လွန်လာချိန်မှာတော့ ဒီလုံးဝတိတ်ဆိတ်နေမှုကြီးနဲ့ ကျင့်သားရသွားခဲ့ကာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ရှိလာပါတယ်။
နှစ်မျိုးကျင့်ကြံနိုင်သူဖြစ်လို့သာလျှင် သူမအနေနဲ့ အပင်သုံးပင်ကို အဆက်မပြတ်ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်။ ဟုတ်ပါတယ် သူမရဲ့ အတွင်းအားနဲ့မှော်အားကို အစာမစားဘဲနေလို့ရအောင် သုံးနိုင်ပေမယ့် အပင်တွေအတွက် ထောက်ပံ့ပေးနိုင်တာ လျော့နည်းသွားမှာစိုးတာကြောင့် အစားအစာကိုပဲစားသုံးခဲ့တာပါ။ အပင်သုံးပင်ကနေ ထုတ်လွှတ်ပေးနေတဲ့ အမှောင်ဓာတ်တွေက သူမကိုယ်ထဲကိုစီးဝင်သွားပြီး ရှူကစုပ်ယူနေတာကို သူမသိနေခဲ့ပါတယ်။ အခုဆိုရင် သူမအနေနဲ့ တားမြစ်အမှတ်ကိုမဖျက်နိုင်သေးလို့ အဆင့်မတက်နိုင်သေးပေမယ့် သူမရဲ့ အတွင်းအားနဲ့မှော်အားတွေက အရင်ကထက်ပိုသန့်စင်လာတာကိုလည်း သူမသိနေပါတယ်။
"ရှောင်လေး"ဆိုသော အေးစက်စက်အသံက သူမရဲ့စိတ်ထဲမှာ မြည်ဟီးသွားပါတယ်။
ရှူက သူမနာမည်ကို ပထမဆုံးခေါ်တာဖြစ်ပြီး ညံ့သက်သလိုခံစားရမိပါတယ်။ အစဦးပိုင်းရက်တွေတုန်းကသာ အခုလိုမျိုးအခေါ်ခံရပါက သူမ ခုန်ပေါက်ပျော်မြူးကောင်း ပျော်မြူးနိုင်ပေမယ့် အခုအချိန်မှာတော့ သူမရဲ့ စိတ်ဟာ လုံးဝလှုပ်ရှားခြင်းအလျဉ်းမရှိဘဲ ရေပြင်လိုငြိမ်ဆိတ်နေပါတယ်။
"ဘာဖြစ်လို့လဲ"ဟု သူမက အေးဆေးစွာပြန်မေးလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၃)
"ရသွားပြီ"
"ဟမ်"ဆိုပြီး ပြောလိုက်တဲ့ ရှန်ယန်ရှောင်တစ်ယောက် သိပ်လှုပ်လှုပ်ရှားရှားမရှိသေးပါဘူး။
"ငါ့စွမ်းအားတွေ တော်တော်လေးပြန်ရသွားခဲ့လို့ အခုဆိုရင် မှော်အတားအဆီးကို ဖျက်နိုင်ပြီ"
"...."
ရှန်ယန်ရှောင် မျက်တောင်ခတ်လိုက်သည်။ ထို့နောက်မှာတော့ မြေပေါ်ကနေခုန်ထလိုက်ကာ လက်ထဲကအပင်သုံးပင်အား လက်စွပ်ထဲကိုထည့်လိုက်ပါတယ်။
"နောက်ဆုံးတော့လည်း....အဲ့ဒါကောင်းတာပေါ့"လို့ပြောလိုက်သော ရှန်ယန်ရှောင်ရဲ့ စောစောက တည်ငြိမ်အေးချမ်းမှုတွေဟာ လေနှင့်အတူလွင့်ပါသွားတဲ့ တိမ်တွေလိုဖြစ်သွားပါတယ်။
"ဒါပေမယ့် ငါမင်းကို မေးစရာတစ်ခုရှိတယ်"
"ဘာကိုလဲ"
ယုန်တစ်ကောင်လိုမျိုး ဆေးမြစ်တွေစားစရာမလိုတော့ဘူးလို့ တွေးမိလိုက်တဲ့ ရှန်ယန်ရှောင်တစ်ယောက် ရင်ထဲကမချိတင်ကဲမျက်ရည်တွေကို သုတ်ပစ်လိုက်ပါတယ်။
"နေနတ်ဘုရားကျောင်းရဲ့ အဓိကနန်းတော်ထဲမှာ အလင်းဓာတ်တွေအများကြီးပဲရှိတယ် အဲ့ဒီတော့ ခုနှစ်စင်ကြယ်လကိုချုပ်တားမြစ်အမှတ်အသားကို ဒီမှာဖြေရင် ပိုလွယ်တယ်။ မင်းဆီကတားမြစ်အမှတ်ရဲ့ နောက်တစ်ဆင့်ကို ပယ်ဖျက်နိုင်စွမ်း ငါ့မှာရှိနေပြီ ဒီနေရာမှာ မင်း ဖျက်ခြင်သလား"လို့ ရှူကမေးလိုက်သည်။
"တားမြစ်အမှတ်နောက်တစ်ဆင့်ကို ပယ်ဖျက်မှာလား"
ရှန်ယန်ရှောင် ဒွိဟဖြစ်သွားပါတယ်။ ခုနှစ်စင်ကြယ်လကိုချုပ်အမှတ်က သူမကို ပြဿနာပေါင်းသောင်းခြောက်ထောင်ပေးနေခဲ့တာဖြစ်သည်။ သူမလုပ်နေတာတွေအားလုံးကလည်း ဒီတားမြစ်အမှတ်ကို ဖျက်ပစ်ဖို့ပဲဖြစ်ပါတယ်။
တားမြစ်အမှတ်ခုနှစ်ခုထဲက လေးခုကျန်နေတာဖြစ်ပြီး အခုထပ်ဖျက်လိုက်ရင် သုံးခုပဲကျန်တော့မှာပါ ဒီတော့ ရှန်ယန်ရှောင် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်ပါ့မလဲ။
ဒီနေရာမှာ ပိတ်မိနေတာလည်း တော်တော်ကြာနေပြီဆိုတော့ နောက်တစ်ရက်ထပ်နေလို့လည်း နစ်နာစရာမရှိပါဘူးလေ။
"ကောင်းသားပဲ အခုဖျက်ကြတာပေါ့"လို့ပြောလိုက်ပြီး ပြန်ထိုင်လိုက်ကာ တားမြစ်အမှတ်ဖျက်ခြင်းကနေ ခံစားရမယ့် နာကျင်မှုအား သူမစောင့်မျှော်နေလိုက်ပါတယ်။
ဒါပေမယ့် သူမထိုင်ပြီးတာနဲ့ အမှောင်ထုထဲနစ်ဝင်သွားကာ သတိလစ်သွားပါတော့သည်။
ရှန်ယန်ရှောင်စိတ်နှလုံးရေကန်ထဲမှာရှိနေတဲ့ ရှူက နောက်ထပ်တစ်ကြိမ်မေ့သွားအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။
သတိမေ့နေချိန်မှာ နာကျင်မှုဒဏ်ကို ခံစားရမိမှာမဟုတ်ပါဘူး။ သူမ ဘယ်လောက်ကြာကြာ အိပ်ပျော်နေခဲ့သလဲဆိုတာ မသိပါဘူး။ သူမ နိုးလာချိန်မှာတော့ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်နေကာ အပိုင်းပိုင်းပြတ်တော့မတတ် ခံစားမိရပါတယ်။ သူမကိုယ်ထဲက မှော်အားနဲ့အတွင်းအားတွေဟာ ပိုလှုပ်ရှားသက်ဝင်နေပါတယ်။ သူမထလိုက်ပြီး စိုစွတ်နေတဲ့ အဝတ်တွေကို ကြည့်လိုက်မိကာ တစ်ချက်မဲ့သွားပါတယ်။ အရင်တစ်ခေါက် တတိယအမှတ်ကိုဖျက်တုန်းကလိုပဲ ပြန်ဖြစ်ပြန်ပါပြီ။
ကြွက်သားတွေနဲ့အရိုးတွေကို လှုပ်ရှားလိုက်ကာ အတွင်းအားနဲ့မှော်အားတွေကို စမ်းစစ်ကြည့်လိုက်တော့ အရင်ကထက်ပိုကောင်းလာတာကို သိလိုက်ရပါတယ်။ ဒါပေမယ့် စမ်းသပ်ကျောက်တုံးမရှိတာ နှမြောဖို့ကောင်းပါတယ် မဟုတ်ရင် သူမ အကြီးတန်းအဆင့်ကိုရောက်မရောက် စမ်းကြည့်လို့ရပြီလေ။
"အဆင်သင့်ဖြစ်ပြီလား"လို့ ရှူကပြောလိုက်သည်။
"အဆင်သင့်ပဲ"
"နည်းနည်းတော့ နာမယ်နော်"လို့ ရှူက သတိပေးလိုက်သည်။
ဖီးနစ်မောင်နှံနဲ့ တိုက်ပွဲတုန်းက ရှူထွက်လာခဲ့လို့ သူမ အလွန်အမင်းနာကျင်ခံစားခဲ့ရပါတယ်။ အခုကတော့ သူမ ပြင်ဆင်ထားပြီးသွားတာကြောင့် ခေါင်းညိတ်ပြလိုက်ပါတယ်။
ဒါပေမယ့် ဒီတစ်ခေါက်က အရင်တစ်ခါလို မနာတော့ဘဲ နည်းနည်းပဲနာကျင်ခဲ့ပါတယ်။ သူမ ရင်ဘတ်ကနေ အငွေ့တစ်ချို့ထွက်လာကာ ရှူ့အသွင်သဏ္ဍာန်ဖြစ်ပေါ်သွားပါတယ်။
တိတ်ဆိတ်နေတဲ့ နန်းတော်ထဲမှာ ပြင်းထန်စွာလှုပ်ခါသွားပြီး နန်းတော်တိုင်တွေ ခါသွားပါတယ်။ ရှန်ယန်ရှောင် မျက်စိမှိတ်ထားလိုက်ပြီး စောင့်နေလိုက်ပါတယ်။ လေတိုးသံတွေနဲ့အတူ အားကြီးတစ်ခုက သူမအားဆွဲမြှောက်သွားတာကို ခံစားမိလိုက်ပါတယ်။ ပြင်းထန်တဲ့အရှိန်ကြောင့် မျက်လုံးကိုဆက်မှိတ်ထားလိုက်ရပြီး အတန်ကြာမှာတော့ မြေပြင်နဲ့ခြေထောက်ထိတွေ့မှုကို ခံစားလိုက်မိပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်ပြာနဲ့တိမ်စိုင်တွေအား တွေ့မြင်လိုက်ရပါသည်။
"နောက်ဆုံးတော့လည်း ငါအပြင်ကိုရောက်ပြီဟေ့"
ရှန်ယန်ရှောင်ရဲ့ ခံစားချက်ကို ဘယ်သူမှနားလည်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ လှောင်ပိတ်ထားတဲ့ နေရာတစ်ခုမှာ ဘယ်နှစ်ရက်ဘယ်နှစ်ည ကုန်ဆုံးသွားမှန်းမသိခဲ့ရကာ ဆေးမြစ်များစွာကို အစာအဖြစ်စားသုံးခဲ့ရပါတယ်။ အချိန်ကိုလည်း မမှတ်မိလောက်အောင် နေထိုင်ခဲ့ရပြီး အခုအခါမှာတော့ နေရောင်အောက်ကို ပြန်ရောက်လာပါပြီ။
ကိုယ့်ကိုယ်ကို ပြန်သနားမိချိန်တောင် မရခင်မှာ နေမင်းသင်္ချိုင်းအတွင်းမှာ တစ်ခုခုလွဲနေတာကို သူမတွေ့လိုက်ပါတယ်။
မှော်အစီအရင်ကြောင့် အဓိကနန်းတော်ထဲကို သူမရောက်သွားတဲ့နေ့တုန်းက နေမင်းသင်္ချိုင်းဟာ ကျောက်တုံးတွေနဲ့ပြည့်နေတဲ့ ဖုန်းဆိုးမြေတစ်ခုပါ။
အခုအခါမှာတော့ အနက်ရောင်ကျောက်တုံးတွေမှာ မီးသင့်ထားတာတွေကို တွေ့လိုက်ရသလို ပတ်ပတ်လည်ကို ကြည့်လိုက်ရင်လည်း အားလုံးပုံစံတူလောင်ကျွမ်းခံထားရတာကို တွေ့လိုက်ရပါတယ်။
အံ့အားသင့်ဖွယ်အဖြစ်ကို မဆန်းစစ်ရသေးခင်မှာပဲ စိတ်အာရုံထဲကနေပြီး ဗုံးပေါက်သလိုအော်လိုက်တဲ့ ဇာမဏီ့အသံကိုကြားလိုက်ရပါတယ်။
"မင်းပြန်လာပြီ..မင်းပြန်လာပြီ...မင်းပြန်လာပြီ"ဆိုသော နှိုင်းစရာမရှိအောင် စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ ဇာမဏီ့အသံမှာ ဒေါသသံလည်း ရောယှက်နေပါတယ်။
စကားတစ်ခွန်းမှ မဆိုခဲ့ဘဲ သားရဲတစ်ကောင်ကို ပစ်ထားခဲ့ကာ သဲလွန်စရှာမရအောင် သူမလစ်သွားခဲ့တာကြောင့် မာနကြီးဘဝင်မြင့်မြင့် ငှက်တစ်ကောင် ဘယ်လောက်အထိ ပေါက်ကွဲမလဲဆိုတာကို သူမ ခန့်မှန်းနိုင်ပါတယ်။
တစ်ကယ်တန်းက သူမကိုယ်တိုင်လည်း ထွက်သွားချင်တာမဟုတ်ပါဘူး နေချင်ခဲ့ပါတယ်....
"ဟီးဟီး...ငါပြန်ရောက်ပြီ"
စကားလုံးထောင်သောင်းချီရှိတဲ့ထဲက အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ ရှန်ယန်ရှောင်ပြောနိုင်လိုက်ပါတယ်။
"မင်းက ပြန်လာရဲသေးတယ်ပေါ့"
စိတ်အာရုံထဲကပြောနေတာဆိုပေမယ့် ဇာမဏီ့ဒေါသက အလွန်ကြောက်ဖို့ကောင်းနေပါတယ်။
ဇာမဏီငှက်ရှေ့မှာသာ သူမ ရောက်နေမယ်ဆိုရင် အဲ့ကောင်က သူမအား မီးရှို့ပြာချပြီးလောက်ပြီဆိုတာ သူမ မှန်းဆလို့ရပါတယ်။
"ဒါက ဇာတ်လမ်းရှည်ကြီးပါကွာ အခု မင်းဘယ်မှာလဲ။ ငါပစ္စည်းလည်းရပြီးခဲ့ပြီဆိုတော့ ငါတို့ပြန်လို့ရပြီ"လို့ ရှန်ယန်ရှောင်ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ခဲ့တာကြောင့် လေပြည်ထိုးလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၄၄၄)
"....."
ဇာမဏီငှက်က ဘာမှပြန်မပြောခဲ့ပါဘူး။
"အဟွတ်...ငါတောင်းပန်ပါတယ် ဒီတစ်ခေါက်ကလည်း ရည်ရွယ်တာမဟုတ်ပါဘူး နောက်တစ်ခေါက်ထပ်မဖြစ်စေရဘူးလို့ ငါကတိပေးတယ်ကွာ"
ဇာမဏီငှက်ရဲ့ ဒေါပွမှုကို ရှန်ယန်ရှောင်ခံစားသိရှိနေပါတယ်။ သူမ ဒီတစ်ခေါက်လုပ်ခဲ့တဲ့ကိစ္စက လုံးဝမသင့်လျော်တဲ့ကိစ္စပါပဲ။ သူမကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ဘူးဆိုပေမယ့် နေမင်းသင်္ချိုင်းထဲမှာ ဇာမဏီငှက်ကို တစ်ကောင်ထဲပစ်ထားခဲ့တာဟာ သခင်တစ်ယောက်လုပ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။
ပထမဆုံးအကြိမ်အဖြစ် ဇာမဏီငှက်အား ရှန်ယန်ရှောင်တောင်းပန်လိုက်ပါတယ်။
ဇာမဏီငှက် ဒီလောက်ဒေါကန်နေရခြင်းက မှော်သားရဲနဲ့သခင်ဖြစ်သူကြားက စိတ်ဆက်သွယ်မှုဟာ ပယ်ဖျက်ဖို့ခက်ခဲပြီး သူတို့ထဲကတစ်ယောက်ယောက်သေခြင်းကသာ ဒီလိုအဖြစ်မျိုးဖြစ်နိုင်တာကြောင့်ဆိုတာကို သူမ သဘောပေါက်ပါတယ်။ ဇာမဏီငှက်ရဲ့ဒေါသက သူမအသက်အတွက် စိတ်ပူပန်လို့ ဖြစ်နေတာပါ။
"....ဟင်း...မင်းကို ဒီလိုလွယ်လွယ်ကူကူနဲ့တော့ ငါခွင့်လွှတ်မပေးနိုင်ဘူး...လုံးဝမရဘူး"
ဇာမဏီငှက်က သူ့ရင်ထဲက တစ်ကယ်ခံစားနေရတာကို ဖုံးကွယ်ကာ စိတ်မသက်မသာနဲ့ ဟင့်ဟွန့်လုပ်လိုက်ပါတယ်။
"ဒါပေမယ့် မင်းက စိတ်ရင်းစိတ်မှန်နဲ့ ပြောနေတာဆိုတော့ ငါ ထပ်မပြောတော့ပါဘူး"
ရှန်ယန်ရှောင် ကျယ်လောင်စွာ ရယ်မောလိုက်မိပါတယ်။ ဇာမဏီငှက်က စွာတေးလန်ပေမယ့် နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်နေပါတယ်။
"ငါ ပွဲကြီးပွဲကောင်းတစ်ခုကြည့်နေတာ မင်းလာကြည့်မလား"လို့ ဇာမဏီငှက်က ပြောလိုက်ပါတယ်။
ပွဲကြီးပွဲကောင်းကြည့်တယ်...
ရှန်ယန်ရှောင် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဇာမဏီငှက်က ဒဏ္ဍာရီသတ္တဝါဖြစ်တာကို ဒီလောက်ကြီးထိ စပ်စပ်စုစုနိုင်ရသလားဟင်။ သူမ သက်ပြင်းသာချလိုက်ပြီးတော့ ဒီစပ်စုငှက်ကို အရင်ခေါ်ပြီးတော့မှသာ ကျောင်းကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ဘယ်မှာလဲ"လို့မေးလိုက်ကာ စိတ်ထဲမှာတော့ လူရွေးပွဲမစသေးပါစေနဲ့လို့ ဆုတောင်းနေပါတယ်။
"ငါတို့ဖြတ်လာခဲ့တဲ့ ရွာလေးထဲမှာပဲ။ မြန်မြန်မလာရင်တော့ ဘာပွဲမှတွေ့မှာမဟုတ်တော့ဘူးနော်"လို့ ဇာမဏီငှက်က တိုက်တွန်းပြောလိုက်ပါတယ်။
အဲ့ရွာလား...
လျှင်မြန်ဆေးတစ်ပုလင်း ထုတ်သောက်လိုက်ပြီး သင်္ချိုင်းမြေထဲကနေ ထွက်လိုက်ပါတယ်။ မကြာခင်မှာပဲ ထူးဆန်းတဲ့ရွာကလေးကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် သူမမြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်တက်တက်ဖြစ်သွားရပါတယ်။ ရိုးရှင်းအေးချမ်းလှတဲ့ ရွာငယ်လေးဟာ မမှတ်မိနိုင်လောက်အောင်ဖြစ်နေပါပြီ။
အရာအားလုံးက မည်းနက်အောင်လောင်ကျွမ်းခံထားရပြီး အိမ်တွေက အစိတ်စိတ်အမွှာမွှာဖြစ်နေကာ ရွာထဲမှာမီးကြွင်းမီးကျန်တွေက လောင်မြိုက်နေဆဲဖြစ်ပါတယ်။
သူမ မြင်ခဲ့ဖူးတဲ့ ရွာလေးနဲ့ အခုအနေအထားနဲ့က ဆက်စပ်လို့မရအောင် ဖြစ်နေပြီး ဇာမဏီငှက်ပြောတဲ့ဆီကို သူမသွားလိုက်ပါတယ်။ လမ်းတစ်လျှောက်မှာ ရွာသားတွေရဲ့ အလောင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်။ အဆိုပါအလောင်းတွေက မြေပေါ်မှာငြိမ်သက်လှဲလျောင်းနေပြီး သူတို့အောက်မှာတော့ သွေးတွေနဲ့ရဲရဲနီနေပါတယ်။
သူမကို ပေါက်စီနှစ်လုံးပေးခဲ့ဖူးတဲ့ သဘောကောင်းဖော်ရွေလှတဲ့ ဦးလေးကြီးတစ်ယောက်ကိုတောင် တွေ့လိုက်ရပါသေးတယ်။ ရွာသားတွေရဲ့ ဖော်ရွေပျူငှာကာ ရိုးသားလှတဲ့ အပြုံးတွေကို သူမ အခုထက်ထိမြင်ယောင်နေဆဲဖြစ်ပေမယ့် သူတို့အားလုံးက ဘယ်တော့မှပြန်မနိုးထနိုင်တော့ပါဘူး။
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်သွားပါတယ်။ ဒီရွာက ထူးဆန်းတယ်လို့ သူမ အမြဲတွေးပေမယ့် ဒီရွာသားတွေကို သဘောမကျဖို့တော့ ခက်လှပါတယ်။ သူမအနေနဲ့ မကောင်းတဲ့စရိုက်တွေကို အရင်ဘဝမှာတုန်းက မရေမတွက်နိုင်အောင် ကြုံဆုံခဲ့ဖူးပေမယ့် ကောင်းမွန်တာတွေကိုတော့ တန်ဖိုးထားပါသေးတယ်။ ဇာမဏီငှက်ကို သူမတွေ့မှသာ ဘာဖြစ်တာလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ မကြာခင်မှာပဲ တဲစုတ်လေးထဲမှာရှိတဲ့ ဇာမဏီငှက်ကို သူမ တွေ့လိုက်ရပါတယ်။
ဇာမဏီငှက်က နံရံနားမှာ ငုတ်တုပ်ထိုင်နေပြီး တစ်နေရာရာကို စိတ်လှုပ်ရှားစွာနဲ့ စိုက်ငေးကြည့်နေပါတယ်။
ရှန်ယန်ရှောင် အဲ့နားကိုသွားလိုက်သည်။ ဇာမဏီငှက်ခေါင်းပေါ်က ဖီးနစ်ပေါက်လေးက သူမကိုတွေ့သွားတော့ ပျော်ရွှင်စွာနဲ့အတောင်ပံလေးနှစ်ဖက်ကို ယမ်းလိုက်ပါတယ်။
ဇာမဏီငှက်က ခေါင်းကိုလှည့်လိုက်ပြီးတော့ ရှန်ယန်ရှောင်ကိုကြည့်လိုက်ကာ ဟင့်ကနဲလုပ်ပြီး လက်ညှိုးနဲ့သူမကို ကွေးညွှတ်ပြလို့ ခေါ်လိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း ဇာမဏီငှက်နားသွားပြီး သူကြည့်နေတဲ့ဆီကို ကြည့်လိုက်ပါတယ်။
တစ်ကိုယ်လုံးမှာ ဒဏ်ရာဗရပွဖြစ်နေတဲ့ ဦးလေးကျူရဲ့ကျောပြင်ကိုမြင်တွေ့လိုက်ရပါတယ်။ ဦးလေးကျူဟာ လဲပြိုကျမတတ်ဖြစ်နေပြီး အနိုင်နိုင်ရပ်နေပါတယ်။
ဦးလေးကျူနဲ့မျက်နှာချင်းဆိုင်မှာတော့ အသက်၁၃နှစ်၁၄နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကိုတွေ့ရပြီး အလွန်ချောမောကျက်သရေရှိလှပါတယ်။ ငယ်ရွယ်သေးပေမယ့် နောင်တစ်ချိန် သူကြီးပြင်းတဲ့အခါ တစ်လောကလုံးကို ငုတ်တုပ်မေ့စေနိုင်တဲ့ လူချောတစ်ယောက်ဖြစ်လာမှာကိုတော့ သံသယရှိစရာမလိုပါဘူး။ တစ်ခုနှမြောဖို့ကောင်းတာကတော့ ဒီလူငယ်လေးမှာ ဘာခံစားချက်မှမရှိနေတာပါပဲ။ ထူးမခြားနားဟန်ပေါ်လွင်နေတဲ့ မျက်ဝန်းတွေထဲမှာ စိတ်ခံစားချက်ကို မတွေ့မြင်နိုင်ပါဘူး။
သူက ဦးလေးကျူနဲ့ဆန့်ကျင်ဖက်အရပ်မှာ တောင့်တောင့်ကြီးနဲ့ရပ်နေတာဖြစ်ကာ သူ့ကိုယ်ဘေးမှာ တွဲလောင်းချထားတဲ့ လက်နှစ်ဖက်ကနေ သွေးအလူးလူးနဲ့ပါ။ နီစွေးစွေးသွေးတွေက လက်ချောင်းထိပ်တွေကနေပြီး သူ့ခြေထောက်အောက်မှာရှိတဲ့ အလောင်းနှစ်လောင်းပေါ်ကို တစ်စက်ချင်းစီးကျနေပါတယ်။
အလောင်းနှစ်လောင်းက ရွာသားတွေဖြစ်ပါတယ်။ ယောကျာ်းကြီးနှစ်ယောက်ရဲ့ ရင်ဝမှာအပေါက်တစ်ပေါက်စီရှိနေပြီး သူတို့နှလုံးသားတွေကို လက်နဲ့ဆွဲနှုတ်ယူတာကို ခံထားရတာဖြစ်ပါတယ်။
သူမရဲ့ အရင်ဘဝတုန်းက ကမ္ဘာ့ထိပ်သီးလူသတ်သမားများစွာကို တွေ့မြင်ခဲ့ဖူးပါတယ်။ သူတို့တွေလူသတ်တဲ့အခါမှာ ဘာခံစားချက်မှမရှိကြပါဘူး။ အရေးကြီးဆုံးက မျက်လုံးတွေပါ မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ စိတ်ပြူတင်းပေါက်ဖြစ်ကာ မျက်လုံးထဲကိုကြည့်ခြင်းအားဖြင့် ထိုလူရဲ့ စိတ်ခံစားမှုအခြေအနေကို သိရှိခန့်မှန်းနိုင်ပါတယ်။ ထိပ်သီးလူသတ်သမားတွေအဖို့တောင် နေရာတိုင်းမှာခံစားချက်မရှိဖို့က တော်တော်ခဲယဉ်းပြီး ဒီကောင်ချောလေးရဲ့ မျက်လုံးတွေထဲမှာတော့ နှင်းလွှာခဲကြီးရှိနေသည့်အလား ဘာခံစားချက်မှမတွေ့ရပါဘူး။
"အဲ့ကလေးက ဘယ်သူလဲ"
လူတစ်ယောက်အနေနဲ့ ဒီလောက်ရက်ရက်စက်စက်ရှိတာကို တွေ့ခဲ့လှပါတယ်။ တစ်ဖက်သားက သူမနဲ့သက်တူရွယ်တူလောက်ဖြစ်ပေမယ့် တော်တော်ကြီးရက်စက်လွန်းနေလို့ သူမ မယုံနိုင်ဖြစ်နေရပါတယ်။
"ငါလည်းမသိဘူး...မင်းပျောက်သွားခဲ့တဲ့ နေ့တုန်းက..."ဟု အစချီကာ ဇာမဏီငှက် ဇာတ်ကြောင်းပြန်လိုက်ပါတယ်။