← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၄၈)

ဦးလေးကျူက လက်ခါပြရင်း ပြန်ပြောလိုက်ပါတယ်။

"ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းမဟုတ်ရင်လည်း တစ်ခြားလူတွေလာနိုင်တာပဲ သူတို့က အကြောင်းပြချက်ရှာနေတာ။ အရင်တုန်းက မလှုပ်ရှားခဲ့တဲ့အကြောင်းရင်းက သူတို့ရဲ့စမ်းသပ်မှုတွေက မပြီးပြတ်သေးလို့လေ အခု ဖန်းလေးကို ငါတွေ့လိုက်တော့ သူတို့စမ်းသပ်မှုတွေပြီးသွားခဲ့လို့ အောင်မြင်ပြည့်စုံတဲ့ထုတ်ကုန်ကို အပြီးသတ်ပြီးသွားမှန်း ငါသိလိုက်တယ်။ သူတို့က ဒီနေရာကနေ အနှေးနဲ့အမြန် ထွက်သွားကြတော့မှာပဲ အဲ့အချိန်ရောက်ရင် ဒီရွာသားတွေကို အခုလိုပဲ လုပ်ကြဦးမှာပဲလေ"

ရှန်ယန်ရှောင် သင်္ချိုင်းမြေထဲကို မဝင်နိုင်ခဲ့လည်း ရွာသားတွေဟာ အခုလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရဦးမှာပါ စောတာနဲ့နောက်ကျတာပဲ ကွာမှာဖြစ်ပါတယ်။

"ဒီအကြောင်းပြောရင် မင်းကို ငါ ကျေးဇူးတင်ပါတယ်။ ဖန်းလေးရဲ့လက်ရှိအစွမ်းက ငါ ယှဉ်လို့မရဘူး မင်းသာအချိန်မီမရောက်လာရင် တစ်ရွာလုံးမှာ ဘယ်သူမှရှင်ကျန်ခဲ့မှာ မဟုတ်တော့ဘူး"လို့ ဦးလေးကျူက ကျေးဇူးတင်သော အကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်ပါသည်။

ဦးလေးကျူရဲ့ကျေးဇူးတင်မှုအပေါ်မှာ သူမအနေဖြင့် အပြစ်မကင်းစွာ ခံစားနေရပါသည်။

"ဒါနဲ့ ဒီဖန်းလေးထဲကို ဘယ်လိုမျိုးနွယ်တွေပေါင်းထည့်ပေးထားတာလဲ။ ကျနော့်သူငယ်ချင်းက နတ်ဆိုးနဲ့နဂါးမျိုးနွယ်တို့ရဲ့ လက္ခဏာတွေကို သူ့ဆီမှာတွေ့ခဲ့တယ်လေ။ သူက တော်တော်စွမ်းလား"

ရှန်ယန်ရှောင်က အခုထိ သတိမရသေးတဲ့ ကောင်ချောလေးကိုကြည့်ပြီး ပြောလိုက်ပါသည်။ သူဟာ သတိမေ့နေတဲ့ချိန်မှာ တိတ်ဆိတ်အေးချမ်းစွာရှိနေပြီး သူ့မျက်နှာချောလေးဟာ နတ်သားတစ်ပါးကဲ့သို့ကြည့်ကောင်းလှပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားနဲ့ ဒီကောင်ချောလေးနဲ့ကို ဘယ်လိုမှဆက်စပ်ကြည့်လို့ မရဘူးဖြစ်နေပါတယ်။

"ငါမထွက်လာခင်တုန်းက သိထားသလောက်ဆိုရင် သူတို့က နတ်မျိုးနွယ်ကလွဲရင် ကျန်မျိုးနွယ်တွေအားလုံးကို ရရှိထားပြီးကြပြီ။ ဖန်းလေးကို သူတို့က လွှတ်လိုက်တယ်ဆိုတော့ အားလုံးပြီးသွားတဲ့သဘောနေမှာ ဒီတော့ သူ့ကိုယ်ထဲမှာ မျိုးနွယ်ကြီးခုနှစ်မျိုးထဲက နတ်သွေးကလွဲရင် ကျန်တဲ့မျိုးနွယ်သွေးတွေရှိနေမှာပဲ။ သူဘယ်လောက် စွမ်းသလဲဆိုတာကိုတော့ ငါလည်း တိတိကျကျမပြောတတ်ဘူး။ ငါ့အမြင်သက်သက်အရဆိုရင်တော့ တစ်လောကလုံးမှာ သူနဲ့ယှဉ်နိုင်မယ့်လူ လက်တစ်ဖက်ထက်မပိုနိုင်ဘူး"လို့ ဦးလေးကျူက ပြန်ပြောလိုက်ပါသည်။

မျိုးနွယ်ကြီးခုနှစ်မျိုးတဲ့လား....

ရှန်ယန်ရှောင် တံတွေးမြိုချလိုက်မိသည်။ ဒီလောကထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးရှိနေတာကို ဖန်းလေးနဲ့ယှဉ်နိုင်တဲ့သူက လက်တစ်ဖက်ထက်မပိုဘူးဆိုတော့...

ဒီအဆင့်က အနည်းဆုံးတော့ မှော်ဝိဇ္ဇာအဆင့်ရှိပါတယ်။ နတ်မင်းအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့အဆင့်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒဏ္ဍာရီဆန်ဆန် နတ်မင်းဥပဒေသတစ်ခုနှစ်ခုကိုတောင် ခုခံနိုင်ရင်နိုင်ဦးမှာပါ။ ဒီကောင်လေးက သဘာဝတရားကြီးကို ဆန့်ကျင်တည်ရှိမှုတစ်ခုပါလား...

"အခု သူ့ကိုဦးလေး ဘယ်လိုလုပ်မလဲ။ သူက ဦးလေးတို့ကို အလွတ်ပေးမယ်လို့တော့ ကျနော်မထင်ဘူးနော်"ဟု စိုးရိမ်စွာနဲ့ သူမက ပြောလိုက်သည်။ ဦးလေးကျူက ကောင်ချောလေးကို မသတ်ရက်တာကို သူမ သိတယ်လေ။

ဦးလေးကျူ ခေါင်းခါလိုက်သည်။

"ငါလည်းမပြောတတ်ဘူး။ ဖန်းလေးကို ငါကောက်ရခဲ့လို့ မြေးအရင်းတစ်ယောက်လို ပြုစုယုယပေးခဲ့တာလေ။ ငါထွက်လာခဲ့တုန်းက ဖန်းလေးကို ငါနဲ့ထည့်မပေးလိုက်လို့ စိုးရိမ်နေခဲ့တဲ့အတိုင်းပဲ သူတို့က ဖန်းလေးကို အစမ်းသပ်ခံအဖြစ် သုံးလိုက်ကြတာပဲ။ ဖန်းလေးရဲ့ရည်ရွယ်ချက်က ငါ့ကိုသတ်ဖို့ဆိုတာသိပေမယ့်လည်း ငါနှစ်အများကြီး ပြုစုယုယခဲ့ရတဲ့ ကလေးကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ"

ဦးလေးကျူက စိတ်ထိခိုက်စွာ ပြောလိုက်ပါသည်။ သူပြုစုယုယပျိုးထောင်ခဲ့တဲ့ ကလေးလေးက ဒီရွာသားတွေကို သတ်ဖြတ်နေတာကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရခြင်းကြောင့် သူ ဘယ်လောက်အထိ စိတ်ထိခိုက်နေမလဲဆိုတာ ခန့်မှန်းနားလည်လို့ရပါတယ်။

"ဒါပေမယ့် သူ့ကို ဒီအတိုင်းထားလိုက်ရင် သူနိုးလာတာနဲ့ ဦးလေးတို့ကို သတ်ဦးမှာပဲထင်တယ်"

သူတို့နှစ်ယောက် ကောင်ချောလေးကို ဘယ်လိုလုပ်ရမလဲဆိုတာကို ချီတုံချတုံဖြစ်နေကြစဉ်မှာပဲ သတိရလာတဲ့ ကောင်ချောလေးဆီကနေ အသံတစ်သံထွက်လာပါတယ်။

သူ သတိရသွားပြီ...

ဇာမဏီငှက်က ရှန်ယန်ရှောင်အား သူ့နောက်မှာထားလိုက်ပြီးနောက် သတိရလာပြီဖြစ်တဲ့ ဖန်းလေးကို သတိအပြည့်နဲ့စိုက်ကြည့်နေလိုက်ပါတယ်။

ဖန်းလေးက ခေါင်းကိုအုပ်ကိုင်လိုက်ကာ ထထိုင်လိုက်ကာ ကြည့်လို့ကောင်းလှတဲ့ သူ့မျက်ခုံးတွေကတော့ နည်းနည်းလေး ကြုတ်နေပါတယ်။

ဦးလေးကျူကတော့ အသက်အောင့်ထားမိသွားပါတယ်။ ဒီသတ်ဖြတ်နတ်ဘုရားက ဒီအချိန်ကြီးမှာ သတိရလာမယ်လို့ ထင်မထားကြဘူးလေ။

မြေတိုက်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီးတော့ အားလုံးဟာ သတိရလာတဲ့ ကောင်ချောလေးကြောင့် ထိတ်ထိတ်ပြာပြာဖြစ်နေကြပါတယ်။

"အား..."

ကောင်ချောလေးက နာကျင်နေတဲ့ ခေါင်းကိုရမ်းလိုက်ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ လူသုံးယောက်ကို ဝေခွဲရခက်ဟန်နဲ့ကြည့်လိုက်ပါတယ်။

"ငှက်နှစ်ကောင်..."

"...."

ရှန်ယန်ရှောင် တောင့်ကနဲဖြစ်သွားပါတယ်။ ဒီကောင်ချောလေးပြောနေတဲ့ ငှက်နှစ်ကောင်ဆိုတာ ဇာမဏီငှက်နဲ့ဖီးနစ်ပေါက်စတို့ကို ရည်ရွယ်တာပါ။

တစ်ခုရှိတာဆိုလို့...

ဒီကောင်ချောလေးရဲ့ မျက်လုံးလှလှလေးတွေထဲမှာ မတုန်မလှုပ်ဖြစ်ခြင်းနဲ့ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်နေပါတယ်။ သူ့မျက်ဝန်းနက်နက်တွေက ဇဝေဇဝါဖြစ်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေသာ ဖော်ပြနေပြီးတော့ တိုက်ခိုက်လိုစိတ်တစ်စက်တောင် ရှိမနေခဲ့ပါဘူး

ရှန်ယန်ရှောင် အတွေးတစ်ခုကို ဖြတ်ကနဲတွေးလိုက်မိကာ ဇာမဏီငှက်နောက်ကနေ ထွက်လိုက်ပြီးတော့ ကောင်ချောလေးရှိနေတဲ့ ကုတင်ဆီကို လှမ်းသွားလိုက်ပါတယ်။

သူ့သခင်ဖြစ်သူက ဒီလိုအချိန်ရောက်မှ ရူးသွားရတဲ့အတွက် ဇာမဏီငှက် မယုံမကြည်နိုင်ဖြစ်နေပါသည်။ ဒီကလေးက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကု သူ မသိဘူးတဲ့လား။

မဟာမျိုးနွယ်ခုနှစ်မျိုးကို ပေါင်းစည်းထားတဲ့ ဒီကလေးကို သူတိုက်ခိုက်နိုင်ပါ့မလားဆိုတာကို သူကိုယ်တိုင်တောင် မသေမချာဖြစ်နေပါတယ်။

ကုတင်ပေါ်မှာ ထိုင်နေတဲ့ ကောင်ချောလေးကတော့ ခေါင်းကိုငဲ့လိုက်ကာ သူ့ဆီကို တစ်လှမ်းခြင်းလာနေသော ရှန်ယန်ရှောင်အား ကြည့်လိုက်ပါတယ်။ ရင်းနှီးနေသော ရနံ့တစ်ခုက သူ့နှာခေါင်းကို ရှုံ့ချည်ပွချည်ဖြစ်သွားစေပါတယ်။

ကောင်ချောလေးက ဘာမှမသိ ရိုးသားတဲ့မျက်ဝန်းတွေကို မျက်တောင်ခတ်လိုက်ပြီးနောက် တွန့်ဆုတ်ဆုတ်နဲ့ ပြောလိုက်တာကတော့ "မမ.."

သူ့အနားကို ရောက်ကာနီးနေသော ရှန်ယန်ရှောင် ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ ဒီ လူသတ်နတ်ဘုရားလေးက သူမကို မမလို့ ခေါ်လိုက်တဲ့အတွက် မယုံနိုင်အောင် ဖြစ်သွားရပါတယ်။

သူက ငါနဲ့ရင်းနှီးမှုရှိသလားဟင်....

"ဒါက ပြောပြောနေကြတဲ့ ကလေးစိတ်ဆိုတာလား(ကလေးစိတ်ဆိုတာက မွေးကင်းစကလေးတစ်ယောက်ဟာ သူ ပထမဆုံးမြင်တဲ့သူကို မိခင်အဖြစ်သတ်မှတ်ယူဆတာကို ဆိုလိုတာပါ။ ဖီးနစ်ပေါက်လေးနဲ့ ဇာမဏီငှက်တို့လိုပေါ့) ဘယ်လိုလုပ်ပြီးတော့..အာ..မင်းက သူအရင်ဆုံးမြင်တဲ့သူလည်း မဟုတ်ဘဲနဲ့ကို"ဆိုပြီး ဇာမဏီငှက်က ပြောလိုက်ကာ ပြောစရာစကားမရှိဖြစ်သွားပါတယ်။

ဦးလေးကျူလည်း အံ့သြတုန်လှုပ်သွားပါသည်။ ရှန်ယန်ရှောင်လည်း နေရာမှာတင် တောင့်တောင့်ကြီးရပ်နေကာ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေပါတယ်။

"မမရေ နာတယ်"

ကောင်ချောလေးမျက်နှာမှာ နာကျင်ခံစားနေရပုံပေါ်လွင်နေပါတယ်။ ဇာမဏီငှက်နဲ့တိုက်မိထားတဲ့ သူ့ခေါင်းလေးကိုကိုင်ကာ ရှန်ယန်ရှောင်အား သနားစဖွယ်ကြည့်နေပါတယ်။

"....."

ရှန်ယန်ရှောင် စိတ်ထဲမှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားရပါသည်။ လူသတ်နတ်ဘုရားလေးရဲ့ ရိုးသားလှတဲ့မျက်ဝန်းတွေနဲ့ အခုလိုမျိုး စိုက်ကြည့်ခံနေရပြီး အလိုလိုက်ဂရုစိုက်ခံချင်နေသော အသံလေးနဲ့ သူမအား မမလို့ခေါ်ခံလိုက်ရသော ဒီခံစားမှုက....

တစ်ကယ့်ကို ဖော်ပြလို့မရနိုင်အောင် ထူးခြားပြောင်မြောက်လှပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၄၉)

ကောင်ချောလေးက ရှန်ယန်ရှောင် မလှုပ်မယှက်ဖြစ်နေတာကို တွေ့လိုက်ရတော့ တစ်ခုခုလွဲနေတယ်လို့ ခံစားမိလိုက်ကာ ထရပ်လိုက်ပြီးတော့ ရှန်ယန်ရှောင်ဆီကို ဖြည်းဖြည်းချင်းသွားလိုက်ကာ ရှန်ယန်ရှောင်ရဲ့လက်ကို ဆွဲယူလိုက်ပြီး နာကျင်နေတဲ့သူ့ခေါင်းပေါ်ကို တင်ပေးလိုက်ကာ သနားစဖွယ်အမူအယာနဲ့ ပြောလိုက်ပြန်ပါတယ်။

"မမ ဥုံဖွလုပ်ပေးဦး"[လခွမ်း]

"...."

ရှန်ယန်ရှောင် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ တော်သင့်ပြီထင်တယ်နော် ဘာလို့ အခုလို ချစ်စရာကောင်းအောင် လုပ်ပြနေရတာလဲ သူ ဘာဖြစ်ချင်နေတာလဲဟင်.....

ကောင်ချောလေးပြောလိုက်တာကို ကြားလိုက်ရတော့ ဦးလေးကျူ မျက်လုံးတွေ နီရဲတက်သွားပါတယ်။

"အနာဖြစ်တဲ့အခါ ဥုံဖွလုပ်ပြီး လေမှုတ်ပေးတာက ဒီကလေးကို ငါလုပ်ပေးနေကြပဲ"လို့ပြောကာ မျက်ရည်တွေကျလာပါတော့တယ်။

ရှန်ယန်ရှောင်တစ်ယောက် ကျားကနေကြောင်ဖြစ်သွားကာ ပွေ့ချီချော့မြှူတာကို လိုချင်နေသော မေတ္တာငံ့လင့်နေသော လူသတ်နတ်ဘုရားလေးကိ ငေးကြောင့်ကြည့်နေမိသည်။ သူမပါးစပ်က လှုပ်လှုပ်ရွရွဖြစ်သွားသလို ကျန်လက်တစ်ဖက်အား မြှောက်လိုက်ကာ ကောင်ချောလေးရဲ့ခေါင်းကို လက်နှစ်ဖက်လုံးနဲ့ တောင့်တောင့်ကြီးကိုင်လိုက်ပြီး အလွဲလွဲအချော်ချော်နဲ့ လေမှုတ်ပေးလိုက်ပါတယ်။

"မမ ဥုံဖွလုပ်လိုက်တာနဲ့ ဖန်းလေးမနာတော့ဘူးနော် သိလား"ဟု လူသတ်နတ်ဘုရားလေးကို ကလေးတစ်ယောက်လို ချော့မြှူပေးနေရတာက ဘာအထာကြီးလဲလို့ ဥုံဖွလုပ်ပေးနေရင်းနဲ့ သူမ တွေးမိလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ အချိုးမပြေတဲ့ လှုပ်ရှားမှုတွေက ကောင်ချောလေးကို ပြုံးသွားစေခဲ့ပါတယ်။ စောစောတုန်းက လူတွေရဲ့နှလုံးသားကို ဆွဲထုတ်သတ်ဖြတ်နေခဲ့တဲ့ လူသတ်နတ်ဘုရားလေးဟာဆိုရင် အခုအခါမှာတော့ ရိုးသားဖြူစင်လှတဲ့ အပြုံးတစ်ပွင့်ကို လန်းလန်းရွှင်ရွှင်ဖူးပွင့်စေလိုက်ပါတယ်။

ဒီတုံးတုံးအအကောင်လေးက ခပ်နှမ်းနှမ်း ဇာမဏီငှက်ထက်တောင် အရူးလုပ်လို့ပိုလွယ်တာပါလားဟရို့လို့ ညစ်ကျယ်ကျယ်ကောင်မလေးတစ်ယောက် တွေးမိလိုက်ပါတယ်။

"ဒီကောင်က ဘာပေါက်သွားတာလဲ"လို့ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လိုမျိုးနဲ့ သူ့သခင်ရှေ့မှာ လုပ်ပြနေတဲ့ လူသတ်နတ်ကို လက်နဲ့ထိုးပြပြီးတော့ ဦးလေးကျူအား မေးလိုက်ပါတယ်။

ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့တဲ့ ဦးလေးကျူလည်း စိတ်ထဲရှုပ်သွားပါတယ်။

"ဒါက...ဖန်းလေးအပြုအမူတွေက သူဟာ အတိတ်မေ့သွားတဲ့ပုံပဲ"လို့ ဦးလေးကျူက ပြန်ဖြေလိုက်ပါတယ်။

သူကိုယ်တိုင် ပြုစုယုယ ပျိုးထောင်ပေးခဲ့ရတဲ့ ကလေးတစ်ဖြစ်လည်း လူသတ်နတ်ဘုရားလေးနဲ့ အသေအကြေတိုက်ခိုက်ရတော့မှာပဲလို့သာ သူတွေးထားမိတာဖြစ်ပြီး အဲ့လူသတ်နတ်လေးက အခုလိုမျိုး ချစ်စရာကောင်းတဲ့ ငတုံးဖြစ်သွားမယ်လို့လည်း ထင်မထားခဲ့မိပါဘူး။

"အတိတ်မေ့တာ"လို့ ရှန်ယန်ရှောင် ရေရွတ်လိုက်ပါတယ်။

သူမရှေ့က လူချောလေးရဲ့ ချစ်စဖွယ်အပြုံးကို ခေါင်းကိုက်စွာကြည့်လိုက်မိသည်။ သူက လူသတ်နတ်မဟုတ်တော့တာ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်ပေမယ့် ဒီ ချစ်ဖို့ကောင်းလှတဲ့ ငတုံးကို သူမ ဘယ်လိုဖြေရှင်းရမလဲဟင်။

"ဒါက ယာယီပဲလား ဘာလားတော့ ငါလည်းမသိဘူး ဒါပေမယ့် ဖန်းလေးရဲ့ ပင်ကိုယ်စိတ်က ဒီအတိုင်းပဲ။ ဒီကလေးရဲ့ စိတ်ရင်းစိတ်ဓာတ်က အဆိုးကြီးမဟုတ်ဘူး တစ်ခုရှိတာကတော့ သူ့မှာ လုံခြုံမှုမရှိဘူးလို့ ခံစားမိနေတာတစ်ခုပဲ"လို့ ဦးလေးကျူက စိတ်ခံစားချက်တွေ ဆတိုးဖြစ်လာရင်း ပြောလိုက်ပါတယ်။

လူသတ်နတ်ဘုရားလေးက ချစ်ဖို့ကောင်းသော ငအလေးဖြစ်သွားတယ်ဆိုပေမယ့် နေမင်းသင်္ချိုင်းထဲက လူတွေဟာ ဒီရွာကို လွယ်လွယ်နဲ့ လက်လွှတ်ပေးမှာ မဟုတ်တာကြောင့် ဦးလေးကျူက ရွာသားအားလုံးကိုခေါ်ပြီး တစ်နေရာရာမှာ သွားပုန်းဖို့ စီစဉ်ထားပါတယ်။ နေမင်းသင်္ချိုင်းထဲကလူတွေ မတွေ့နိုင်မယ့် ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

ရွာက သူမကြောင့် အခုလိုဖြစ်ရတဲ့အတွက် ရှန်ယန်ရှောင် အပြစ်မကင်းသလို ခံစားနေရပါတယ်။ ဒီရွာသားတွေအားလုံးဟာ သူတို့တွေငယ်ငယ်လေးထဲက အစမ်းသပ်ခံအဖြစ် စမ်းသပ်ခံထားရတာဖြစ်ကာ စမ်းသပ်မှုပြီးတော့ ဒီရွာထဲမှာပဲ တစ်သက်လုံးနေလာကြတာကြောင့် အပြင်လောကအကြောင်း ဘာမှမသိကြပါဘူး။ ဦးလေးကျူက လင်းလက်တိုက်အကြောင်း နည်းနည်းပါးပါးသိပေမယ့်လည်း ဒီရွာကနေမခွာတော့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ သူတို့တွေက ကံကောင်းထောက်မခဲ့လို့ ရှင်သန်လွတ်မြောက်ခဲ့ပေမယ့် ရင်ဆိုင်ရမယ့် အနာဂတ်ကို ဘာမှန်းညာမှန်း မသိကြသေးဘဲ ရင်ဆိုင်ရမယ့် အနာဂတ်က ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။

ရှန်ယန်ရှောင်ဟာ သူတော်စင်တစ်ဦး မဟုတ်ပေမယ့် သူမမှာလည်း ကိုယ့်နီတိနဲ့ကိုယ်ရှိပါတယ်။

"ဦးလေးတို့က ဘဝသစ်စဖို့အတွက် နေရာတစ်ခုရှာနေတယ်ဆိုမှတော့ ကျနော်က နေရာတစ်ခုကမ်းလှမ်းမယ်လေ"

ရွာထဲကလူတွေဟာ သာမန်လူတွေလို့ ဘယ်လိုမှ သတ်မှတ်လို့ မရတော့သလို လူတွေကြားမှာ သွားနေမယ်ဆိုရင် သူတို့ရဲ့ ကွဲပြားတဲ့လက္ခဏာတွေကြောင့် သံသယဝင်ခံရမှာဖြစ်ပါတယ်။ ရှန်ယန်ရှောင် စိတ်ထဲမှာ အစီအစဉ်တစ်ခု ရှိပြီးဖြစ်ကာ ပထမဆုံး တော်ဝင်ရိုလန်ကျောင်းကိုပြန်ပြီးတော့ ကျောင်းကိုယ်စားပြုအနေနဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်မယ် အနိုင်ရသွားခဲ့ရင် စွန့်ပစ်နယ်မြေထဲမှာ သူမအနေနဲ့ နယ်မြေတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ လူတွေနဲ့အဝေးကြီးမှာရှိပြီး နတ်ဆိုးတွေနဲ့သာ အတူနေထိုင်ရမယ့် မသွားရနယ်မြေက ဒီရွာသားတွေအတွက်တော့ နေရာကောင်းတစ်ခုဖြစ်ပုံရပါတယ်။

"ဒါပေမယ့် လောလောဆယ်တော့ မသေချာသေးလို့ မြေပုံတစ်ခုပေးထားမယ်လေ။ သူတို့တွေကို ဒီနေရာကို အရင်ခေါ်သွားပြီးတော့ လောင်းကစားရုံရဲ့ ခေါင်းဆောင်ကိုရှာလိုက်ပါ ပြီးရင် သူ့ကိုဒါလေးပေးလိုက်ရင် သူက ဦးလေးတို့ လတ်တလောနေလို့ရမယ့် နေရာတစ်ခုကို စီစဉ်ပေးလိမ့်မယ်။ ကျနော်သေချာတဲ့အထိစောင့်ဦး အဲ့ဒီနောက် သေချာပြီဆိုတာနဲ့ ဦးလေးတို့ကို ကျနော် ခေါ်သွားပေးမယ်လေ ဘယ်လိုသဘောရလဲ"လို့ပြောလိုက်ပြီးနောက် အရိပ်လို့ ရေးထိုးထားတဲ့ သလင်းတံဆိပ်ကို ဦးလေးကျူအား ပေးလိုက်ပါတယ်။

ဒီတံဆိပ်က ယန်းရှီကိုယ်တိုင်လုပ်ထားတာဖြစ်ပြီး တစ်လောကလုံးမှာ တံဆိပ်ငါးခုပဲရှိကာ လူငါးဦးကို ကိုယ်စားပြုပါတယ်။

ဦးလေးကျူဟာ ရှန်ယန်ရှောင်ရဲ့ ကမ်းလှမ်းမှုအတွက် အံ့သြသွားပါတယ်။ ရှန်ယန်ရှောင်ဟာ သာမန်ကလေးတွေနဲ့ မတူတာကို သူသိပေမယ့် အခုလို ကမ်းလှမ်းမှုမျိုး လုပ်လာမယ်လို့တော့ သူ ထင်မထားခဲ့မိပါဘူး။

၁၃နှစ်အရွယ်ကလေးတစ်ယောက်က သူတို့အတွက် ခိုလှုံစရာနေရာတစ်ခု ပေးမယ်တဲ့လေ။ ဒီစကားကို ကြားရတာဟာ တစ်ကယ့်ကို ဆန်းကြယ်လွန်းပါတယ်။

"ဒါ...တစ်ကယ်ဆိုရင် ရွာမှာဖြစ်သွားတဲ့ ကိစ္စအတွက် မင်း စိတ်ထဲထည့်ထားနေဖို့ မလိုပါဘူး။ ရွာသားတွေက ရိုးသားဖြူစင်ကြတယ်ဆိုပေမယ့် သူတို့ကိုယ်ထဲမှာက ကျိန်စာတစ်ခုရှိနေသေးတော့ ညရောက်တာနဲ့ သာမန်လူတွေလို ဖြစ်မှာမဟုတ်တော့ဘူး"လို့ ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ရင်းကို ကျေးဇူးတင်စွာနဲ့ ဦးလေးကျူက ပြောလိုက်ပါတယ်။

ငယ်ရွယ်သော်လည်း တည်တည်ငြိမ်ငြိမ်ရှိလှတဲ့ ဒီလူငယ်အပေါ်မှာ ဦးလေးကျူ အထင်ကြီးကြီးလာပါတယ်။

"ကျိန်စာအတွက်က ဦးလေးပူစရာမလိုတော့ပါဘူး"လို့ ရှန်ယန်ရှောင်က ပြုံးစစနဲ့ပြောလိုက်ပါတယ်။

ဒီသွေးရူးသွေးတန်းကျိန်စာဟာ ပေါင်းစပ်ကျိန်စာလေး တစ်ခုပဲဖြစ်ကာ သူမအနေနဲ့ အသုံးပြုဖူးခြင်းမရှိပေမယ့် လှည့်စားကျိန်စာနဲ့ ပုံစံတူပါတယ်။ လှည့်စားကျိန်စာတွေရဲ့ အနှစ်သာရကို ပိုင်နိုင်ထားတာကြောင့် သွေးရူးသွေးတန်းကျိန်စာကို သူမ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

"ဒီကိစ္စကို ကျနော့်တာဝန်ထားလိုက်ပါ။ သူတို့အားလုံးကို အကောင်းအတိုင်း ပြန်ဖြစ်သွားစေဖို့ ကျနော်အာမခံပါတယ်"လို့ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၄၅၀)

ဦးလေးကျူတစ်ယောက် နည်းနည်းကြောင်သွားပြီးတော့ ယုံကြည်မှုရှိနေသော ရှန်ယန်ရှောင်ကို မသေမချာမရေမရာနဲ့ ကြည့်လိုက်ပါတယ်။

"သွေးရူးသွေးတန်းကျိန်စာကို ပယ်ဖျက်ဖို့အတွက် အကြီးတန်းဆင့်ခေါ်သူနဲ့အထက်အဆင့်ဖြစ်မှရတာနော် ငါသိသလောက်ဆိုရင် လင်းလက်တိုက်တစ်တိုက်လုံးမှာ ဆင့်ခေါ်သူတွေကို အခုကာလမှာ တစ်ယောက်တစ်လေကိုတောင် တွေ့ဖို့မလွယ်တော့ဘူး"

ကောင်ကလေးက ကူညီပေးချင်တာ ကောင်းတယ့်ကိစ္စဖြစ်ပေမယ့် ဒီကိစ္စရဲ့ အတိမ်အနက်ကိုတော့ သိထားဖို့လိုလို့ ရှင်းပြလိုက်ပါတယ်။

ရှန်ယန်ရှောင် မေးသပ်လိုက်ပါတယ်။ တစ်ကယ်တော့ သူမက အကြီးတန်းအဆင့်ကို တက်ရောက်သွားမသွားကို သူမလည်းမသိသေးပေမယ့် သေချာပြန်တွေးလိုက်ရင်လည်း ကိစ္စတော့မရှိနိုင်ပါဘူး။

"ကျနော်က ဆင့်ခေါ်သူပဲ ကျနော့်အဆင့်ကတော့ ကျနော်လည်း မသေချာသေးပေမယ့် ကျနော့်ကို ကြိုးစားကြည့်ခိုင်းပေါ့။ ဘာပဲပြောပြော တစ်ခြားနည်းလည်း ရှိမှမရှိတာကိုး ဟုတ်တယ်မလား"

သူ့နားသူ မယုံနိုင်ဖြစ်သွားပြီးတော့ ရှန်ယန်ရှောင်ကို ငေးကြည့်မိလိုက်ပါတယ်။ သူ့ရင်စို့တောင် မရှိသေးတဲ့ ကောင်ကလေးက ဆင့်ခေါ်သူတဲ့လား။ ဆင့်ခေါ်သူတွေဆိုတာ လင်းလက်တိုက်ရဲ့ ချဉ်ဖတ်တွေဖြစ်နေတာ တော်တော်ကြာပြီလေ အဲ့ဒါကို ကလေးလေးတစ်ယောက်က ဘယ်ကနေဘယ်လို တတ်မြောက်လာတာလဲ။

သို့ပေမယ့်လည်း ရှန်ယန်ရှောင်ရဲ့ တက်ကြွနေတဲ့စိတ်ကို မလွန်ဆန်နိုင်တာနဲ့ လွတ်မြောက်ခဲ့တဲ့ ရွာသားအားလုံးကို ခေါ်လိုက်ပါတယ်။ သတ်ဖြတ်ပွဲကြီးအပြီးမှာ ရွာသားငါးဆယ်ခန့်ပဲ ကျန်ပါတော့တယ်။ သူတို့ရဲ့ ဇစ်မြစ်အမှန်ကို ရွာသားတွေမသိစေချင်တာကြောင့် ရှန်ယန်ရှောင်က သူတို့ရဲ့ အနာတရတွေကို ကုပေးနိုင်တယ်လို့သာ ဦးလေးကျူပြောလိုက်ပါတယ်။

ပထမဆုံးရွာသားရဲ့ သွေးရူးသွေးတန်းကျိန်စာကို ပယ်ဖျက်ပေးမှုက အောင်မြင်သွားပါတယ်။ လူငါးဆယ်အတွက် သူမ တစ်နေ့လုံးအချိန်ကုန်သွားခဲ့ပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ အစပ်မှာရှိတဲ့ လောင်းကစားရုံရဲ့ တည်နေရာမြေပုံကို ဦးလေးကျူအားပေးလိုက်ပါတယ်။ ဆေးရည်ပုလင်းတွေနဲ့ရွှေပြားတစ်ချို့ကိုလည်း ပေးထားခဲ့လိုက်ပြီးနောက် တော်ဝင်ရိုလန်ကျောင်းကို အမြန်ဆုံးပြန်ဖို့ စိတ်ကူးထားပါတယ်။ ရွာသားငါးဆယ်လောက်ကို သူမ ကျိန်စာဖျက်ပေးပြီးချိန်မှာ သူမ ကျောင်းကနေထွက်လာခဲ့တာ အခုဆိုရင် တစ်လနဲ့၂၇ရက်ရှိပြီလို့ ဇာမဏီငှက်ကပြောခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ပြိုင်ပွဲကြီးစဖို့ သုံးရက်ပဲ လိုပါတော့တယ်။ ရှန်ယန်ရှောင် ရူးချင်သလိုလို ဖြစ်သွားပါတယ်။ နေမင်းသင်္ချိုင်းကနေ ကျောင်းကိုပြန်ဖို့အတွက် အနည်းဆုံး ဆယ်ရက်ကြာမှာဖြစ်ပြီး သူမနဲ့အဖိုးကြူတို့ အချိန်းအချက်အရဆို အဖိုးကြူက အမည်းရောင်မြို့ကို ပြန်သွားလောက်ပါပြီ။

ကိုယ့်ခြေထောက်ကိုယ်သုံးပြီး ပြန်ပြေးရမှာတဲ့လား။ ဒီလိုသာဆိုရင်တော့ ကျောင်းကိုပြန်ရောက်တဲ့အချိန်ဆို ပြိုင်ပွဲကြီးလည်း ပြီးနေရောပေါ့။

"ဇာမဏီငှက်ရေ ငါတို့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့လိုလာပြီ"

စိတ်ညစ်နေတဲ့ ရှန်ယန်ရှောင်က ထောင့်တစ်ထောင့်မှာ ထိုင်ကာ မြေပေါ်မှာ စက်ဝိုင်းတွေရေးခြစ်နေသော ဇာမဏီငှက်ကို မျက်စိမှေးကာ ကြည့်လိုက်ပုံက မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေပုံပေါက်ပါတယ်။

"မင်း...မင်း ဘာလုပ်ချင်တာလဲ"

ဇာမဏီငှက် ကြက်သီးတဖြန်းဖြန်းထသွားကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ကာထားလိုက်ပြီး ကြောက်ရွံ့ဟန်ဖြစ်ပေါ်သွားပါတယ်။

ရှန်ယန်ရှောင် ပါးစပ်တလှုပ်လှုပ်ဖြစ်သွားရပါတယ်။ ငါက သခင်ကောင်းတစ်ယောက် မဟုတ်ပေမယ့်လည်း မင်းက အနိုင်အထက်ပြုကျင့်ခံရမယ့် မိန်းကလေးတစ်ယောက်လိုတော့ မလုပ်သင့်ဘူးလေကွာ။

"အဟမ်း...မင်းမှာ ကားမူးတတ်တဲ့အကျင့်ရှိတာကို ငါမှတ်မိတယ် ဟုတ်တယ်နော်"လို့ ရှန်ယန်ရှောင်က ခေါင်းထဲမှာ အစီအစဉ်တစ်ခု ချမှတ်လိုက်ရင်း ပြောလိုက်တာဖြစ်သည်။

ဇာမဏီငှက် သူမကို ပြန်ကြည့်လိုက်တဲ့ အကြည့်က ပေါက်ကရတွေ မပြောစမ်းနဲ့ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ။

"မင်းကြည့်လေ မင်းလှည်းမစီးနိုင်တာကို သခင်ဖြစ်တဲ့ငါ့အနေနဲ့ နားလည်မှုရှိပေးဖို့ လိုတယ်နော် ဟုတ်တယ်ဟုတ်။ မင်းက မူလပုံပြန်ပြောင်းလိုက်ပြီးတော့ ပျံသွားမယ်ဆိုရင် မင်းဘာပြောမလဲ"လို့ ရှန်ယန်ရှောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အလိုလိုက်မယ့်လေသံကိုသုံးကာ ပြောလိုက်ပါတယ်။

ဇာမဏီငှက် ပြောစရာစကားမရှိဖြစ်သွားသည်....

ဘောကိုနားလည်မှုရှိလေ....ငါကားမူးတာကို သိရဲ့သားနဲ့ တစ်လမ်းလုံး လှည်းထဲကနေ ထည့်ခေါ်လာပြီးတော့များ...

"မင်းက မြန်မြန်ပြန်ပြေးချင်တာနဲ့ ငါ့ကို ပို့ဆောင်ရေးပစ္စည်းအဖြစ် အသုံးချချင်တာမလား"လို့ ဇာမဏီက ဒေါသတကြီး ပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်က သူ့ဒေါသကို ညင်သာစွာ ချော့မြှူလိုက်ပါတယ်။

"အဲ့လိုမပြောပါနဲ့ကွာ။ ငါက မင်းကိုဂရုစိုက်ပါတယ်ဟ ဒါဆိုရင် မင်းက လှည်းစီးပြီးပြန်ချင်တာလား"လို့ ပြောလိုက်သည်။

လှည်းစီးတဲ့အကြောင်းကို ပြောလိုက်တာနဲ့ ဇာမဏီငှက်မျက်နှာဟာ ချက်ခြင်းဆိုသလို စိမ်းပြာပြာဖြစ်သွားပါတယ်။ ဒီဘဝမှာ သူအမုန်းဆုံးအရာက လှည်းဖြစ်ပါတယ်။

"ဟွန့်"

"ကောင်းပြီကွာ မင်းငါ့ကို နှစ်ရက်အတွင်း ပြန်ပို့နိုင်ရင် ချိုချဉ်တစ်လုံးဝယ်ကျွေးမယ်"

"..."

ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့ ရှန်ယန်ရှောင် ကြည့်လိုက်ပါတယ်။

"မင်းအဖေငါက ဒဏ္ဍာရီသတ္တဝါကွ ချာတိတ်တစ်ယောက် မဟုတ်ဘူးနော်"

ဇာမဏီလုံး၀ ပေါက်ကွဲသွားရပါတယ်။

ရှန်ယန်ရှောင် မျက်လုံးတွေကို မှေးလိုက်ပြီးတော့ ဝှစ်ကနဲထရပ်လိုက်ပြီး သူမရဲ့ အရပ်မြင့်တာကို အားကိုးပြီး ဇာမဏီငှက်အား ဘာမှလှုပ်ခွင့်မပေးဘဲ ထောင့်မှာကပ်သွားအောင် တွန်းလိုက်ပြီး ဇာမဏီငှက်ကို သူမနဲ့နံရံကြားကို ပို့လိုက်ကာ သူမရဲ့လက်နှစ်ဖက်က နံရံကိုကပ်ထားလိုက်ပါတယ်။

အလင်းကိုကျောခိုင်းရပ်ထားသော ရှန်ယန်ရှောင်က သူမမျက်လုံးတွေကို အန္တရာယ်ရှိစွာ မှေးလိုက်သည်။

"မင်း ပျံမှာလား မပျံဘူးလား"

အလွန်ရက်ရက်စက်စက် အနိုင်ကျင့်တတ်သော သူ့ရဲ့မယုံစရာသခင်အား ကြည့်လိုက်ပြီးနောက် ဇာမဏီငှက်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေထသွားပါတယ်။

"မင်း မပျံဘူးလို့ ပြောမယ်ဆိုရင်တော့..."

ရှန်ယန်ရှောင်က အဆုံးသတ်စကားကို မပြောသေးဘဲ သံရှည်ဆွဲလိုက်ပြိးနောက် ပြုံးဖြီးဖြီးလုပ်လိုက်ပါတယ်။

"မင်းကို ငါ နမ်းပစ်မှာ"

"...."

အဲ့အချိန်မှာ ဇာမဏီငှက် လုံးဝကို တောင့်တင်းသွားပြီးနောက် ချက်ခြင်းပဲ အော်ပြောလိုက်တာကတော့"ငါပျံမယ်...ငါပျံပါ့မယ်...ပျံမယ်..."လို့ ဖြစ်ပါတော့သည်။

ကောင်ချောလေးက ဇာမဏီနဲ့ရှန်ယန်ရှောင်တို့ရဲ့ ထူးဆန်းတဲ့ကိုယ်နေဟန်ထားတွေကို ကြည့်လိုက်ပြီးတော့ ချစ်စဖွယ်အတတပုံနဲ့ လူသတ်နတ်ဘုရားလေးက ရေရွတ်ပြောလိုက်ပါတယ်။

"ငှက်ရူးက အတောင်ပံလည်းမရှိဘဲနဲ့ ဘယ်လိုလုပ်ပျံကြမှာတုန်း"

ပြောပြီးတဲ့နောက် ချစ်စဖွယ်အတီးအတ လူသတ်နတ်ဘုရားလေးက ရှန်ယန်ရှောင်ဆီသွားလိုက်ကာ နောက်ကနေသူမရဲ့ ခါးကိုဖက်လိုက်ပြီး ပြောလိုက်ပြန်တာက"မမ ကျနော် ဗိုက်ဆာတယ်..."ဆိုပြီး သနားဖွယ်အသံနဲ့ပဲဖြစ်ပါတယ်။

ရှန်ယန်ရှောင်ချက်ခြင်းပဲ တောင့်ကနဲဖြစ်သွားရင်း ဒီကောင့်ကို ဘာလို့မေ့သွားမိတာလဲလို့ တွေးလိုက်ပါတယ်။

အတိတ်မေ့ပြီးတဲ့နောက် ဒီလူသတ်နတ်ဘုရားက ချစ်ဖို့ကောင်းတဲ့ငအလေးဖြစ်သွားပြီးတော့ သူမကို အစ်မအရင်းအဖြစ်ဆက်ဆံသတ်မှတ်နေပါတယ်။ ဦးလေးကျူက ဘယ်လိုပဲ ချော့မော့ပြောသော်လည်း ရှန်ယန်ရှောင်အနားကနေ တစ်ဖဝါးမှမခွာခဲ့ပါဘူး။ သူဟာ သူမရဲ့အရိပ်လို တစ်ကောက်ကောက်လိုက်နေခဲ့ပါတယ်။

ရွာသားတွေရဲ့ ကျိန်စာကို သူမ ဖယ်ရှားပေးနေတုန်းမှာတော့ သူမနဲ့ ခြေသုံးလှမ်းအကွာမှာရပ်နေပြီး အလုပ်များနေခဲ့တဲ့ ရှန်ယန်ရှောင်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငေးကြည့်နေခဲ့ကာ စားလည်းမစားသောက်လည်းမသောက်ခဲ့ပါဘူး။

အိပ်ချင်စိတ်ကို ထိန်းမရတော့ဘဲ အိပ်ပျော်သွားတော့မှသာ ဦးလေးကျူက ပွေ့ချီပြီး ကုတင်ပေါ်သယ်မပေးလို့ ရသွားခဲ့ပါတယ်။ အခုနိုးလာတာနဲ့ သူမနားကို ကပ်လာပြန်ပါပြီ။

"မင်း....တော်လိုက်တော့။ ချက်ခြင်းလွှတ်လိုက်စမ်း။ ငါ့သခင်ကို ဖက်ဖို့ ဘယ်သူကပြောလို့တုန်းကွ ကောင်စုတ်လေး ချက်ခြင်းလွှတ်ပေးစမ်း"

သခင်ဆိုးရဲ့ လောလောလတ်လတ်ခြိမ်းခြောက်ခြင်း ခံထားရတာကို ဇာမဏီငှက် လုံးဝမေ့သွားပုံပါပဲ။ ကောင်ကလေးက သူ့သခင်ဖြစ်သူအား ပရောပရီလုပ်နေတာကို ဒေါပွသွားပါတယ်။

All Chapters