အပြင်းအထန်ရိုက်နှက်ခြင်း
Vol. 17 Ch. 161
ဤအော်ဟစ်သံကြောင့် တစ်ဖက်လူများသာမက ကျန်းချန်ပင်မှင်တက်သွားရသည်။ ထိုကျိန်စာသင့်နေသောကျားကို တစ်နေကုန် အရိပ်အယောင်ပင်မမြင်ရသဖြင့် သူစဉ်းစားနေခဲ့မိသည်။ တိုက်ပွဲအတွက်မလိုအပ်ဟုဆိုလျှင်ပင် ယခုကဲ့သို့ပျောက်ချက်သားကောင်းနေခြင်းမှာ လွန်လွန်းသည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ဂိုဏ်းစောင့်နတ်သားရဲဟူသောဘွဲ့ထူးကို ခံယူထားဆဲပင်။
အမှန်စင်စစ် ၎င်းမှာ ကျောထောက်နောက်ခံပြုပေးမည့်သူအား သွားရောက်ခေါ်ယူနေခြင်းဖြစ်နေ၏။
မျက်စိသုံးလုံးကျားသည် အစောပိုင်းက ဂိုဏ်းစောင့်နတ်သားရဲအဖြစ် အတင်းအဓမ္မစေခိုင်းခံရခြင်းမှာ ဖေးရှန်ဂိုဏ်းသို့စတင်ရောက်ရှိချိန်တွင် အဝါလေး၏နှိမ်နင်းခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ထိုစဉ်က ၎င်းမှာ အကြီးအကျယ်ဆုံးမခံခဲ့ရဖူးလေရာ ဖေးရှန်ဂိုဏ်းတစ်ခုလုံးတွင် အဝါလေးမှလွဲ၍ မည်သူ့ကိုမျှမကြောက်ပေ။
အချိန်အတော်ကြာသည်အထိ ၎င်းသည် နောက်တောင်ဘက်ရှိ ဝိညာဉ်သွေးကြောအနီးသို့ပင် မချဉ်းကပ်ရဲခဲ့ချေ။
သို့သော်အချိန်ကြာလာသည်နှင့်အမျှ အချင်းချင်းရင်းနှီးလာပြီး အဝါလေးကလည်း ၎င်းအပေါ် တစ်စုံတစ်ရာထပ်မံပြုလုပ်ခြင်းမရှိတော့သဖြင့် တဖြည်းဖြည်းစိတ်အေးလာ၏။ တစ်ခါတစ်ရံ အားလပ်သည့်အခါများတွင် ၎င်းသည် ထိုမိန်းကလေးငယ်နှင့် စကားပြောရန်နှင့် ရင်းနှီးမှုရယူရန် နောက်တောင်ဘက်သို့ သီးသန့်သွားရောက်တတ်သည်။
အဝါလေးက ၎င်းကို အရေးမလုပ်သလောက်ရှိသော်လည်း ၎င်းကမူ မလျှော့သောဇွဲဖြင့် ကြိုးစားနေဆဲပင်။ သူမသည် ဖေးရှန်ဂိုဏ်း၏ အစွမ်းထက်ဆုံးလက်နက်ကြီးဖြစ်သဖြင့် ယခုကဲ့သို့ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားခြင်းက နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။
သူသည် သားရဲဘုရင်နှစ်ပါး လာရောက်တိုက်ခိုက်သည့်သတင်းကို စောစောစီးစီးသိရှိခဲ့သည်။ ထိုသားရဲဘုရင်နှစ်ပါးမှာ သူ့ကိုရည်ရွယ်၍လာခြင်းဖြစ်ကြောင်း သေချာပေါက်ခန့်မှန်းမိ၏။
ကျန်းချန်အနေဖြင့် အံ့ဖွယ်များကို ဆက်လက်ဖန်တီးနိုင်မည်လားမသိသော်လည်း သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် အကာအကွယ်အစီအမံအချို့ပြုလုပ်ထားရန် လိုအပ်ပေသည်။
ထို့ကြောင့် နံနက်စောစောစီးစီးတွင်ပင် ကယ်တင်ရှင်ကိုသွားရောက်ခေါ်ယူရန် ဝိညာဉ်သွေးကြောရှိရာသို့ သွားခဲ့၏။ ဇွဲရှိရှိကြိုးစားခြင်း၊ လှည့်ဖြားခြင်းနှင့် နောက်ဆုံးတွင် "နင့်အဖေ ကျန်းချန် ဝိုင်းရံတိုက်ခိုက်ခံနေရပြီ" ဟူသော အကြောင်းပြချက်ကိုအသုံးပြု၍ ဤဘိုးတော်မလေးကို ခေါ်ထုတ်လာနိုင်ခဲ့ခြင်းပင်။
ကျား၏ကျောပေါ်တွင်စီးနင်းလိုက်ပါလာသော မိန်းကလေးငယ်မှာ သူမ၏ဝိုင်းစက်သောမျက်လုံးလေးများကို ပုတ်ခတ်ကာ အပြစ်ကင်းစင်သောပုံစံဖြင့် ကြည့်နေလေသည်။
"မေမေ... သူတို့က မေမေ့ကိုရိုက်ချင်တဲ့လူတွေလား"
ကျန်းချန်မှာ မျက်စိသုံးလုံးကျားကို မကြည့်ဘဲမနေနိုင်တော့ပေ။ မိမိတွင် အံ့မခန်းစွမ်းဆောင်နိုင်သော သမီးတစ်ယောက်ရှိသည်ကို သူမည်သို့များမေ့လျော့နေခဲ့ပါလိမ့်။
အဓိကအချက်မှာ သူမကိုတိုက်ပွဲတွင်ပါဝင်စေရန် တွန့်ဆုတ်နေသောကြောင့်ဖြစ်သည်။
အဝါလေး အစွမ်းထုတ်သုံးရသည့်အကြိမ်တိုင်းတွင် ပေးဆပ်ရသည့်တန်ဖိုးတစ်ခုရှိနေ၏။ လူဦးရေများလေလေ ပေးဆပ်ရသည့်တန်ဖိုးကြီးမားလေလေပင်။
ပထမဆုံးအကြိမ် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ကျင့်ကြံသူသုံးဦး၏ ဝိညာဉ်စွမ်းအားများကို ဖယ်ရှားပေးပြီးနောက် သူမသည် အချိန်အတော်ကြာ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့ပြီး နောက်ပိုင်းတွင်လည်း အားပြန်ဖြည့်ရန် ဝိညာဉ်ကျောက်တုံးများစွာကို စားသုံးခဲ့ရသည်။
အစ်ကိုကြီးချန်မှာ သူမအတွက် ယခုတိုင်စိတ်မကောင်းဖြစ်နေဆဲပင်။
"လိမ္မာတဲ့သမီးလေး... ဒါကို ဖေဖေကိုင်တွယ်နိုင်ပါတယ်။ သမီးပြန်သွားလိုက်ပါဦး"
အကယ်၍ သမီးသာ ဤနေရာမှာရှိနေပါက ဖေဖေကိုယ်တိုင်စွမ်းဆောင်ရည်ပြပြီး တိုက်ပွဲကိုစိုးမိုးနိုင်မည့် အခွင့်အရေးများ ဆုံးရှုံးသွားပေလိမ့်မည်။
လိမ္မာပါ သမီးလေးရယ်... ပြန်ပြီးကစားနေလိုက်ပါ။ ဖေဖေ့ရဲ့ဟန်ထုတ်ရမယ့်အခွင့်အရေးကိုတော့ လာမလုပါနဲ့ဦး...
အဝါလေးက သူမ၏ကျစ်ဆံမြီးနှစ်ခုကို အားပါပါခါယမ်းလိုက်သည်။
"မသွားဘူး... လူဆိုးတွေအများကြီးပဲ။ သမီး မေမေ့ကိုကူညီချင်တယ်"
သက်ပြင်းချမိ၏... ဤသမီးလေးအပေါ်ထားရှိသော သူ၏မေတ္တာမှာ အချည်းနှီးမဟုတ်ခဲ့ပေ။ သူမသည် သူ၏ဘေးကင်းရေးကို စိုးရိမ်နေရှာသည်။
အစ်ကိုကြီးချန်မှာ ဝမ်းသာပီတိဖြစ်ရသလို တစ်ဖက်ကလည်း အခက်တွေ့နေ၏။
"ကျန်းချန်... ဒါက မင်းရဲ့ နောက်ဆုံးဝှက်ဖဲလား"
အဝါလေးပေါ်လာကတည်းက ပိဖုန်း၏အကြည့်များမှာ သူမထံမှမခွာတော့ပေ။ ဤမိန်းကလေးငယ်မှာ ဝိညာဉ်စွမ်းအား အရိပ်အယောင်မျှပင်မရှိဘဲ သာမန်လူသားတစ်ဦးနှင့်သာတူနေသည်။
သို့သော် မိစ္ဆာသားရဲများစွာကို မြင်တွေ့နေရသော်လည်း သူမမှာ အကြောက်အလန့်မရှိပေ။ ထို့ပြင် သူ၏နတ်ဘုရားဝိညာဉ်ဖြင့် မည်မျှစမ်းသပ်စစ်ဆေးစေကာမူ သူမထံမှ နတ်ဘုရားဝိညာဉ်လှိုင်းအချက်ပြမှုတစ်ခုမျှပင် မတွေ့ရှိရချေ။
သူ၏စမ်းသပ်မှုမှာ အဝါလေး၏အာရုံစိုက်မှုကို ရရှိသွားပုံရ၏။ သူမ၏ နက်မှောင်သောမျက်လုံးလေးများက သူ့ထံသို့စူးစိုက်ကြည့်လာသည်။
"မေမေ... ဟိုဘက်မှာ သူကအသန်ဆုံးပုံပဲ"
သူမက ဝကစ်ကစ်လက်ကလေးကိုဆန့်ထုတ်ကာ ပိဖုန်းကိုညွှန်ပြလိုက်သည်။
"မေမေ့အတွက် သူ့ကိုနှိမ်နင်းပေးစေချင်လား"
အစ်ကိုကြီးချန်မှာ ပြောစရာစကားမဲ့သွားရသလို ပိဖုန်းမှာလည်း ထိုနည်းတူပင်။ သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိလာသည့် နှစ်ပေါင်းများစွာအတွင်း အထင်သေးခြင်းကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်၏။
"ကျန်းချန်... မင်းကတကယ်ပဲ ဒီမိန်းကလေးငယ်ကို ဒီသူတော်စင်နဲ့ ယှဉ်ပြိုင်ခိုင်းဖို့ ရည်ရွယ်ထားတာလား"
အစ်ကိုကြီးချန်က ပုခုံးတွန့်ပြလိုက်သည်။
"ငါလည်း အဲလိုမလုပ်ချင်ပါဘူး"
"ဒါပေမဲ့ ဒီနေ့ မင်းရဲ့ကံကြမ္မာက သိပ်မကောင်းဘူးထင်တယ်"
သူ၏ချစ်သမီးလေးမှာ စွမ်းဆောင်ရည်ပြသရန်စိတ်အားထက်သန်နေသဖြင့် ယနေ့တွင် သူကိုယ်တိုင် စွမ်းရည်ပြသရန် အခွင့်အရေးရတော့မည်မဟုတ်။
"အဲလိုလား"
"ဒါဆိုရင်လည်း ဒီသူတော်စင်က သူမကို တကယ်ပဲ တွေ့ဆုံချင်မိပါတယ်"
သူက တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် တစ်ဖက်ရှိ သားရဲဘုရင်နှစ်ပါးက စိတ်လှုပ်ရှားစွာဖြင့် သူတို့၏သူတော်စင်အဆင့်များကို ဖွင့်လှစ်လိုက်ကြသည်။
"ဟားဟားဟား... မျက်စိသုံးလုံးကျား... နောက်ဆုံးတော့ မင်းပေါ်လာရဲပြီပေါ့"
"မင်းအဖေပေးခဲ့တဲ့ အရှက်ရမှုတွေကို ဒီနေ့ နှစ်ဆပြန်ဆပ်ရမယ်"
"ဒီနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့... ဒီနေ့ကစပြီး ကျားမျိုးနွယ်စုမှာ သားရဲဘုရင် ရှိတော့မှာမဟုတ်ဘူး"
"ဒီနေ့ မင်းကို အသေရိုက်မယ်"
မျက်စိသုံးလုံးကျားမှာ မိုက်မဲသူမဟုတ်ပေ။ ၎င်းက သူတို့နှင့်တိုက်ခိုက်ရန် အစီအစဉ်မရှိချေ။
၎င်းသည် သားရဲဘုရင်နှစ်ပါးကို ချက်ချင်းလက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"ဒီလူဆိုးနှစ်ယောက်က အဆိုးဆုံးပဲ... သူတို့က နင့်အဖေကိုပြန်ပေးဆွဲသွားမယ်၊ ဒါမှ နင် သူ့ကို ဘယ်တော့မှထပ်မတွေ့ရတော့မှာလို့ပြောကြတယ်"
"ဘာ"
အဝါလေးမှာ ချက်ချင်းပင် ဒေါသထွက်သွား၏။
နောက်တစ်ခဏတွင် သူတော်စင်အဆင့်များမှာ ပျောက်ကွယ်သွားပြီး သားရဲဘုရင်နှစ်ပါးမှာ ဧရာမတောင်ကြီးနှစ်လုံး ပြိုကျသကဲ့သို့ လဲကျသွားကြတော့သည်။
ဝုန်း... ဝုန်း
မြေပြင်မှာ ပြင်းထန်စွာတုန်ခါသွားပြီး အက်ကွဲကြောင်းများပေါ်ပေါက်လာကာ ဖုန်မှုန့်များလည်းလွင့်ပျံသွားသည်။ နားကွဲမတတ် ဆူညံသံများကြားတွင် ကျင့်ကြံသူအမြောက်အမြားမှာ ကောင်းကင်ထက်သို့ အလျင်အမြန်ပျံတက်ကုန်၏။
သူတို့၏ခွန်အားဖြင့်ဆိုလျှင် ဤတုန်ခါမှုကြောင့် လဲကျသွားမည်မဟုတ်။
ခန့်ညားထည်ဝါလှသော ဤသူတော်စင်အဆင့်ကျွမ်းကျင်သူမှာ တုန်ခါမှုဖြစ်ပေါ်လာသည်နှင့် မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားပြီး အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ဘဲဖြစ်နေသည်။
"ကျန်းချန်... မင်းဘာလုပ်လိုက်တာလဲ"
သူသည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေသော်လည်း သူ၏အသံမှာ အဝေးမရောက်နိုင်တော့သည်ကို သတိပြုမိသွားသည်။
"မေမေ... သမီး သူတို့သုံးယောက်လုံးရဲ့ ဝိညာဉ်စွမ်းအားနဲ့ နတ်ဘုရားဝိညာဉ်တွေကို ပိတ်ဆို့လိုက်ပြီ"
အဝါလေးမှာ ချီးကျူးစကားကိုစောင့်မျှော်နေသောအမူအရာမျိုး ရှိနေ၏။
အစ်ကိုကြီးချန်မှာ သူ၏ထိတ်လန့်မှုကို ထိန်းချုပ်ကာ သူမ၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"အရမ်းတော်တယ် သမီးလေး"
ဒါက အလွန်စွမ်းအားကြီးမားလွန်းသည်...
ယခင်က မျက်စိသုံးလုံးကျားကိုနှိမ်နင်းစဉ်က အဝါလေးသည် ၎င်း၏နတ်ဘုရားဝိညာဉ်ကို ပိတ်ဆို့ရန်အတွက် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု လိုအပ်ခဲ့သည်။
သို့သော် ယခုအခါ သူတော်စင်အဆင့်ကျွမ်းကျင်သူသုံးဦးကို ရင်ဆိုင်ရာတွင် ဤမျှဝေးကွာသော အကွာအဝေးမှပင် အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သည်။
သူသတိမထားမိဘဲ အဆင့်တက်သွားခဲ့ခြင်းလော...
ဖြစ်နိုင်သည်... သူမသည် အပိုင်းအစများကို နှစ်ကြိမ်ပေါင်းစပ်ခဲ့ဖူးသည်မဟုတ်ပါလား...
"ကျန်းချန်... မင်းရဲမှော်အတတ်တွေနဲ့ လှည့်စားမှုတွေက ငါ့ကိုအရူးလုပ်နိုင်မယ်လို့မထင်နဲ့"
သူတော်စင်ပိဖုန်းမှာ ရူးသွပ်လုနီးပါးဖြစ်နေ၏။ ရုတ်တရက်ဆိုသလို သူသည် အရာအားလုံးကိုစွမ်းဆောင်နိုင်သော သူတော်စင်အဆင့်ကျွမ်းကျင်သူဘဝမှ ဝိညာဉ်စွမ်းအားမရှိသည့်အပြင် နတ်ဘုရားဝိညာဉ်၊ သူတော်စင်အဆင့် သို့မဟုတ် အခြားသော အတတ်ပညာများကို အသုံးမပြုနိုင်သော သာမန်လူတစ်ဦးဖြစ်သွားခဲ့ရသည်။
သူ့လက်ထဲရှိ မြင့်မြတ်လက်နက်ကိုပင် အသက်မသွင်းနိုင်သလို သိုလှောင်လက်စွပ်ကိုပင် မဖွင့်နိုင်တော့ချေ။
ဤအခြေအနေသို့ ကျဆင်းသွားခြင်းမှာ အလွန်ဆိုးရွားလှသဖြင့် မည်သူမျှလက်မခံနိုင်။ သို့သော် သူနှင့်သာမန်လူကြားတွင် ကွာခြားချက်တစ်ခုတော့ရှိနေပါသေးသည်။
သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်၊ သွေးကြောများနှင့် သွေးလည်ပတ်မှုစနစ်မှာ အခြားသောကျင့်ကြံသူများထက် အဆများစွာပိုမိုကြံ့ခိုင်နေဆဲ။
၎င်းသည် အမှန်တရားဖြစ်၏။
သားရဲဘုရင်နှစ်ပါးမှာလည်း အခြေအနေသိပ်မကောင်းပေ။ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားဝိညာဉ်များ၏ အထောက်အပံ့မရှိဘဲ သူတို့၏ဧရာမပုံသဏ္ဌာန်ကို မထိန်းသိမ်းနိုင်တော့ဘဲ မီတာအနည်းငယ်မျှသာရှိသော မူလပုံစံသို့ လျင်မြန်စွာကျုံ့သွားကြတော့သည်။
၎င်းမှာ သူတို့၏မူလပုံသဏ္ဌာန်များသို့ အတင်းအဓမ္မ ပြန်လည်ပြောင်းလဲခံလိုက်ရသကဲ့သို့ပင်။
"ဒါ မဖြစ်နိုင်ဘူး"
"ဘာတွေဖြစ်သွားတာလဲ"
လူတစ်ဦးနှင့် သားရဲနှစ်ကောင်မှာ အဝတ်အစားများအချွတ်ခံလိုက်ရပြီး လူအများရှေ့တွင် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။
သူတို့သည် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
"မှော်အတတ်လား... လှည့်စားမှုလား"
အလင်းတစ်ချက် လက်သွားပြီးနောက် ကျန်းချန်သည် သူတော်စင်ပိဖုန်း၏ ရှေ့တည့်တည့်တွင်ပေါ်လာသည်။
သူသည် ပိဖုန်း၏လည်ပင်းကိုဆွဲကိုင်ကာ လက်သီးဖြင့် အားရပါးရထိုးချလိုက်တော့သည်။
ဘုန်း...
လက်သီးမှာ ပိဖုန်း၏မျက်နှာပေါ်သို့ ပြင်းထန်စွာကျရောက်သွား၏။
"ဒါကရောလှည့်စားမှုပဲလား"
သူတော်စင်ပိဖုန်း၏ခန္ဓာကိုယ်မှာ အလွန်တရာကြံ့ခိုင်လှသဖြင့် လက်သီးတစ်ချက်ဖြင့် မသေဆုံးသွားသော်လည်း သွားနှစ်ချောင်းမှာမူ လွင့်ထွက်သွားခဲ့ရသည်။
"မင်း..."
ပိဖုန်းမှာ ထိုလက်သီးတစ်ချက်ကြောင့် လုံးဝမှင်တက်သွား၏။ သူ့ဘဝတစ်လျှောက်လုံးတွင် ယခုကဲ့သို့ ဆက်ဆံခံရခြင်းမျိုး တစ်ခါမျှမရှိခဲ့ပေ။
သူသည် သွေးစွန်းနေသောအမြှုပ်များကို ထွေးထုတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် လက်သီးချက်များမှာ သူ၏မျက်နှာပေါ်သို့ မိုးပေါက်များကဲ့သို့ ကျရောက်လာတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
မကြာမီမှာပင် သူတော်စင်အဆင့်ကျွမ်းကျင်သူမှာ ပန်ဒါမျက်လုံးများ၊ ကျိုးသွားသောနှာခေါင်းနှင့် ကွဲအက်နေသောနှုတ်ခမ်းများဖြင့် ဝက်ခေါင်းကဲ့သို့ဖူးရောင်နေသောမျက်နှာကို ပိုင်ဆိုင်သွားရသည်။
အားရစရာပင်...
အစ်ကိုကြီးချန်သည် အသတ်ခံရပြီးမှ စနစ်အသုံးပြုခြင်းထက် ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ပို၍အားရကျေနပ်စရာကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
စနစ်အားကိုးသတ်ဖြတ်ခြင်းမှာ များသောအားဖြင့် ချက်ချင်းသေဆုံးစေသဖြင့် လက်သီးတစ်ချက်ချင်းစီ၏ထိချက်များကို ခံစားရခြင်းနှင့် မည်သို့နှိုင်းယှဉ်နိုင်ပါမည်နည်း။
ထို့ပြင် သူသည် သူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို ရိုက်နှက်နေခြင်းဖြစ်၏... မည်သူကများ ဤကဲ့သို့သော အထူးအတွေ့အကြုံမျိုးကို ရရှိနိုင်ပါဦးမည်နည်း။