စီးတော်ယာဉ်များ ခွဲဝေပေးခြင်း
Vol. 17 Ch. 164
ဘာ... အညံ့ခံလိုက်တာလား...
ကျန်းချန် အနည်းငယ်အံ့အားသင့်သွား၏။ မည်သို့ပင်ဖြစ်စေ ၎င်းသည် သားရဲဘုရင်တစ်ပါးမဟုတ်လော။
ဝိညာဉ်တစ်ထောင်နယ်မြေ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်သုံးဦးအနက်တစ်ဦးဖြစ်ပါလျက်နှင့် ဤမျှအထိ ကျောရိုးပျော့ရသလော။ ၎င်းမှာ "ပညာရှိကိုသတ်၍ရသော်လည်း အရှက်ခွဲ၍မရ" ဟု ဆိုခဲ့ဖူးသည့် မျက်စိသုံးလုံးကျားလောက်ပင် မစွမ်းပေ။
ထို့အပြင် ၎င်းကို အနားတွင်ထားရှိခြင်းမှာလည်း အသုံးဝင်ပုံမရ။ တိုက်ခိုက်သည့်အခါ သူ့တွင် အသက်ပြန်ရှင်စေနိုင်သောစွမ်းရည်ရှိနေသဖြင့် ကူညီသူလုံးဝမလိုအပ်ပေ။
"အစ်ကိုကြီး... သူ့ကို အသက်ချမ်းသာပေးထားတာက ပြဿနာရှာတာနဲ့အတူတူပဲ။ အပြတ်ရှင်းပစ်လိုက်တာက ပိုကောင်းပါတယ်"
မျက်စိသုံးလုံးကျားက အနားသို့တိုးကပ်လာပြီး အစ်ကိုကြီးချန်ကို စိတ်မပျော့ရန်နှင့် ချက်ချင်းသတ်ပစ်ရန် တိုက်တွန်းလေတော့သည်။ ၎င်းတွင် ကိုယ်ပိုင်အကြံအစည်ရှိနေ၏။
လိပ်နက်ဘုရင်မှာ သူ့ရန်သူဖြစ်သဖြင့် အသက်ရှင်နေပါက သူ၏အေးချမ်းမှုကို သေချာပေါက်နှောင့်ယှက်ပေလိမ့်မည်။ ထို့အပြင် သူ့အနေဖြင့် အစ်ကိုကြီးချန်၏ပေါင်ကိုဖက်ထားပြီးဖြစ်ရာ သူ့စွမ်းဆောင်ရည်များကိုမြှင့်တင်နိုင်သလို အသက်ပြန်ရှင်ခွင့်လည်း ရရှိထားသည်။
အခြားသောသားရဲမျိုးနွယ်ဝင်များရောက်ရှိလာပြီး သူ့အခွင့်အရေးများအား လာရောက်လုယူခြင်းကို ခွင့်မပြုနိုင်ချေ။
"ကျွန်တော့်ကိုအသက်ချမ်းသာပေးပါ"
"ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီး ကျွန်တော့်ရဲအသက်လေးကို ချမ်းသာပေးပါ။ ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်..."
လိပ်နက်ဘုရင်မှာ ထွက်ပြေး၍မရတော့ဘဲ ကျန်းချန်၏သဘောထားမှာလည်း ဝေဝါးနေသည်ကိုမြင်သောအခါ အသည်းအသန်အသနားခံနေတော့သည်။
"အစ်ကိုကြီး... ကြင်နာမှုက အစ်ကိုကြီးကိုပဲဒုက္ခပေးလိမ့်မယ်"
"အခုမသတ်ရင် နွေဦးရောက်တာနဲ့ သူပြန်ပြီးအမြစ်တွယ်လာလိမ့်မယ်"
မျက်စိသုံးလုံးကျားမှာ မြှောက်ထိုးပင့်ကော်လုပ်သည့် အမတ်ယုတ်တစ်ဦးကဲ့သို့ ရန်တိုက်ပေးနေလေသည်။ ကံမကောင်းစွာပင် ကျန်းချန်ကသာ ဤနေရာတွင် နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်၏။
"တော်စမ်း"
၎င်းကို အမြဲတစေမကြည်ဖြူသောမိုချန်မှာလည်း အနားသို့လျှောက်လာသည်
"ဂိုဏ်းချုပ်... ဒီကျားမိစ္ဆာပြောတာကို နားမယောင်ပါနဲ့။ လိပ်နက်ဘုရင်ရဲ့ ဝိညာဉ်ပေါ်မှာ စာချုပ်တစ်ခုသာခတ်နှိပ်ထားလိုက်ပါ"
"ဒါဆိုရင် သူဘယ်တော့မှ သစ္စာဖောက်နိုင်မှာမဟုတ်တော့ဘူး"
သူသည် လိပ်နက်ဘုရင်ကိုနှိမ်နင်းခြင်းအပေါ် များစွာစိတ်မဝင်စားသော်လည်း မျက်စိသုံးလုံးကျားက ၎င်းကိုမမြင်ချင်သဖြင့် သူကဖြစ်အောင်လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"ဂိုဏ်းချုပ်... စဉ်းစားကြည့်ပါဦး။ သားရဲဘုရင်တစ်ပါးကို စီးတော်ယာဉ်အဖြစ်ထားရှိတာက ဂိုဏ်းချုပ်ရဲ့ဂုဏ်သိက္ခာကို ပိုပြီးမြင့်မားစေမှာမဟုတ်လား"
"သားရဲဘုရင်အဆင့်စီးတော်ယာဉ်ဆိုတာ အထက်လောကက အင်မော်တယ်တချို့မှာတောင် မရှိနိုင်တဲ့အရာမျိုးပါ"
သူ၏ မရပ်မနားဆွဲဆောင်မှုအောက်တွင် အစ်ကိုကြီးချန်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ ထိုမြင်ကွင်းကိုတွေးကြည့်ရုံနှင့်ပင် အလွန်အထာကျလှသည်မဟုတ်လော။
အောက်လောက၏အထွတ်အထိပ်မှာ သူတော်စင်အဆင့်နှင့် သားရဲဘုရင်များဖြစ်ကြပြီး သူက ထိုသားရဲဘုရင်ကို စီးနင်းသွားမည်ဖြစ်သည်။ ဒါကိုကြားရုံနှင့်ပင် အခြားသူများထက် အဆင့်အတန်းမြင့်မားနေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ ၎င်းမှာ အလွန်ဂုဏ်ယူစရာ ကောင်းပေလိမ့်မည်။
"မင်းပြောတာယုတ္တိရှိသားပဲ"
မျက်စိသုံးလုံးကျားမှာ ပျာယာခတ်သွား၏...
"အစ်ကိုကြီး... သူ့စကားကိုနားမယောင်ပါနဲ့..."
ကျန်းချန်က လက်ကိုဝှေ့ယမ်းလိုက်သည်...
"ငါ ဆုံးဖြတ်ပြီးပြီ။ လိပ်နက်ဘုရင်... မင်းငါ့ရဲ့စီးတော်ယာဉ် ဖြစ်ချင်ရဲ့လား"
စီးတော်ယာဉ်ဖြစ်ရခြင်းမှာ သိက္ခာကျလှသဖြင့် လိပ်နက်ဘုရင်မှာဆန္ဒမရှိပေ။ သို့သော် ယခုအခါ ၎င်း၏ရှေ့တွင် လမ်းနှစ်သွယ်သာရှိတော့သည်...
သေမလား၊ သဘောတူမလား...
"ကျွန်တော်... သဘောတူပါတယ်..."
ချက်ချင်းဆိုသလိုပင် မိုချန်၏ အနီးကပ်လမ်းညွှန်မှုအောက်တွင် ကျန်းချန်သည် ၎င်း၏ဝိညာဉ်ပေါ်၌ စာချုပ်တစ်ခုကိုခတ်နှိပ်လိုက်ရာ ထိုအချိန်မှစ၍ ဤသားရဲဘုရင်မှာ သူ၏စီးတော်ယာဉ်ဖြစ်လာတော့သည်။
အဝါလေးက သူမ၏ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ပြီးနောက် လိပ်နက်ဘုရင်၏ ဝိညာဉ်စွမ်းအားများ ပြန်လည်နိုးထလာကာ ဝိညာဉ်မှာလည်း လွတ်လပ်သွားသည်။ စနစ်၏အသိပေးသံလည်း ထပ်မံထွက်ပေါ်လာ၏။
"လက်အောက်ငယ်သားတစ်ဦး၏ သစ္စာခံမှုကိုရရှိသည့်အတွက်ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် အမှတ် ၄၅,၀၀၀,၀၀၀ ရရှိပါသည်"
စနစ်၏အတည်ပြုချက်အရ ၎င်းသည် သေချာပေါက် အစစ်အမှန်ပင်။ သို့သော် ဤအမှတ်များနှင့်ပတ်သက်၍ စနစ်က သုညတစ်လုံးထပ်ထည့်ရန် မေ့သွားခြင်းဖြစ်မည်။
တာအိုနန်းတော်အဆင့်သာရှိသော လန်ယီပင် သန်း ၂၅၀ ရရှိခဲ့သော်လည်း သူတော်စင်အဆင့်ရှိသည့် ဤသားရဲဘုရင်မှာ ၄၅ သန်းသာရ၏။
တစ်ခုခုတော့မှားနေပြီ...
အစ်ကိုကြီးချန်က ၎င်းကိုကြည့်လိုက်သည်။
ပစ်မှတ်- နဂါးစိမ်းအကြေးခွံ လိပ်နက်ဘုရင်
ပါရမီ- အဆင့် ၅
အဆင့်မြှင့်နိုင်သည့်အဆင့်- အဆင့် ၄
လိုအပ်သောအမှတ်- ၂၁,၀၀၀
တောက်... သားရဲဘုရင်တစ်ပါးက အဆင့် ၅ ပါရမီပဲ ရှိရသလား...
နောက်နေတာလား...
သူဘယ်လိုများ ဒီအဆင့်အထိကျင့်ကြံလာနိုင်တာလဲ...
သူ့ရှေ့က မြင့်မြတ်နယ်မြေခုနစ်ခုထဲမှာတောင် သူ့ထက်ပါရမီမြင့်တဲ့သူ အနည်းဆုံးတစ်သိန်းလောက်ရှိမှာပဲ...
ဒီကောင် သူတော်စင်ဖြစ်လာနိုင်တာက တကယ့်ကိုအံ့ဖွယ်ပဲ...
သူသည် ကောင်းကင်ယံတွင် ငတုံးများကဲ့သို့ရပ်နေကြသော သားရဲကြီးများကို ထပ်ကြည့်လိုက်ရာ ချက်ချင်းပင် ဒေါသထွက်သွားရသည်။ သူက မြေပြင်ပေါ်မှာရပ်နေပြီး သူတို့က ကောင်းကင်ပေါ်မှာ ပျံသန်းနေကြ၏။
"မင်းတို့က တော်တော်မာန်တက်နေကြတာပဲလား။ ကြည့်ရတာ မင်းတို့လည်းအရိုက်ခံချင်နေကြပုံပဲ"
ဤသားရဲကြီးများမှာ ၃၄ ကောင်အထိရှိနေသဖြင့် ပစ်မှတ်များပြားလှသည်။ အဝါလေးအနေဖြင့် သူတို့အားလုံးကို တစ်ပြိုင်နက်ပိတ်ဆို့ရန်ခက်ခဲနိုင်ကြောင်း ကျန်းချန်က တွက်ချက်လိုက်သည်။ သို့သော် ယခုအခါ လိပ်နက်ဘုရင်နှင့် သမင်ဘုရင်တို့မှာ သူ၏လူများဖြစ်သွားပြီဖြစ်သဖြင့် သူတို့ကိုအပြတ်ရှင်းရန်မှာ မဖြစ်နိုင်သည်တော့မဟုတ်။
၎င်းကို ကြားလိုက်ရသောအခါ ကောင်းကင်ယံရှိသားရဲအုပ်စုမှာ သူတို့၏ခန္ဓာကိုယ်များကို အလျင်အမြန်ကျုံ့လိုက်ကြပြီး မြေပြင်သို့ဆင်းသက်လာကြသည်။
"ကျွန်တော်တို့ မရဲပါဘူး"
"ကျွန်တော်တို့ လုံးဝမာန်မတက်ပါဘူး... အရမ်းလည်း လိမ္မာပါတယ်"
"ကျွန်တော်တို့ မျက်စိကန်းခဲ့မိပါတယ်... ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့အမှားတွေပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
"ဟုတ်ပါတယ်... ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့ကို အသက်ရှင်ခွင့်လမ်းစလေး ပေးသနားပါ"
"ဂိုဏ်းချုပ်ကျန်း... ဒီသားရဲလေးက ဘယ်တုန်းကမှ မကောင်းမှုမလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော်က များသောအားဖြင့် လူမသတ်ပါဘူး... မြက်ပဲစားတာပါ။ ကျွန်တော်က သားရဲကောင်းလေးပါ..."
အသက်ရှင်ခွင့် လမ်းစပေးရမလား...
မြက်ပဲစားတယ်ဟုတ်လား...
အစ်ကိုကြီးချန်မှာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။ သူတို့မှာ ယခုအခါ သနားစရာကောင်းနေသော်လည်း အကယ်၍ သူ့တွင် စနစ် သို့မဟုတ် အဝါလေးသာ မရှိခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။ ဤသားရဲအုပ်စုမှာ သူ့ကိုသတ်ရန် အိမ်အထိလာခဲ့ကြသည်။
"မင်းတို့ အသက်ရှင်ချင်ရင်ရတယ်... ဒါပေမဲ့မင်းတို့အားလုံး ငါ့တပည့်တွေအတွက် စီးတော်ယာဉ်တွေအဖြစ် ဒီမှာနေရမယ်"
"ဗျာ"
သားရဲကြီးများမှာ တစ်ကောင်နှင့်တစ်ကောင်ကြည့်လိုက်ကြပြီး ဝန်လေးနေကြသည့် အမူအရာများ ရှိနေကြသည်။ သားရဲကြီးများမှာ သူတော်စင်အဆင့်နှင့် တစ်ဆင့်တည်းဖြစ်ပြီး ဤအဆင့်တွင် သူတို့၏ဉာဏ်ရည်မှာ လူသားသူတော်စင်များထက် မနိမ့်ကျချေ။
သူတို့ကို စီးတော်ယာဉ်အဖြစ်ထားရှိခြင်းမှာ သူတို့အတွက် အဆပေါင်းရာနှင့်ချီ၍ ဆန္ဒမရှိသောကိစ္စပင်။ အထူးသဖြင့် ဤဖေးရှန်ဂိုဏ်းမှတပည့်များမှာ သူတော်စင်အဆင့်သို့ရောက်ရှိသူ တစ်ဦးမျှမရှိသေးဘဲ သူတို့၏ခွန်အားမှာ သားရဲကြီးများထက် များစွာနိမ့်ကျနေသောကြောင့်ဖြစ်သည်။
"ကြည့်ရတာ ဂိုဏ်းချုပ်က မင်းတို့ကို အတင်းအကျပ်ခိုင်းနေသလိုဖြစ်နေပုံပဲ"
"ကောင်းပြီလေ... ဒါဆိုရင် ငါမင်းတို့ကိုသတ်လိုက်မယ်... ဒါမှမင်းတို့လည်း အခက်မတွေ့တော့မှာ"
ဝုန်း...
သားရဲကြီးတစ်ကောင်မှာ ချက်ချင်းဒူးထောက်လိုက်၏။
"ကျွန်တော် သဘောတူပါတယ်... သဘောတူပါတယ်..."
အခြားသော သားရဲကြီးများမှာလည်း တစ်ကောင်ပြီးတစ်ကောင် ခေါင်းငြိမ့်ကာ လိုက်ပါလာကြတော့သည်။ အခြားနည်းလမ်းမရှိတော့ပေ။
သေရမည့်အစား ဆိုးရွားစွာအသက်ရှင်နေထိုင်ရခြင်းက ပို၍ ကောင်းမွန်ပေသည်။ ထို့အပြင် သေချာစဉ်းစားကြည့်လျှင် ကျန်းချန်၏ခွန်အားမှာ ကောင်းကင်ကိုဖောက်ထွက်နေပြီး သူ့နောက်သို့လိုက်ခြင်းမှာ အခြေအနေကောင်းနိုင်၏။
သူ၏တပည့်များအတွက် စီးတော်ယာဉ်ဖြစ်ရခြင်းက နောင်တစ်ချိန်တွင် ကြက်နှင့်ခွေးများပင် နတ်ပြည်တက်သကဲ့သို့ သူတို့ပါ အခွင့်အရေးရလာနိုင်ပေသည်။ ဤသို့တွေးကြည့်လိုက်သောအခါ ၎င်းမှာ လက်မခံနိုင်စရာမဟုတ်တော့ပေ။
"အကြီးအကဲမို... သွားပြီးစီစဉ်လိုက်တော့"
သူတို့ကို စီးတော်ယာဉ်အဖြစ်ပြုလုပ်ရန်မှာ သူတို့၏ဝိညာဉ်ပေါ်တွင် စာချုပ်တံဆိပ်ခတ်နှိပ်ရမည်ဖြစ်သည်။ ဤဖေးရှန်ဂိုဏ်းမှတပည့်များမှာ ထိုကဲ့သို့သော အဆင့်မြင့်လုပ်ငန်းစဉ်များကို မလုပ်ဆောင်နိုင်ကြချေ။
အကယ်၍ သားရဲများက ပြန်လည်ခုခံခဲ့လျှင် သခင်နှင့်ကျွန်ဆက်ဆံရေးမှာ ပြောင်းပြန်ဖြစ်သွားနိုင်သည်။ ၎င်းသည်လည်း ကျင့်ကြံခြင်းလောကတွင် အဆင့်မြင့်သားရဲများကို စီးတော်ယာဉ်အဖြစ်ပြုလုပ်ရန်ခက်ခဲရခြင်း၏ အကြောင်းရင်းပင်။ ဤကဲ့သို့သောစာချုပ်မျိုးမှာ နှစ်ဖက်စလုံး၏သဘောတူညီမှုကို လိုအပ်သည်။
မိုချန်မှာ အလွန်ဂုဏ်ယူစွာဖြင့် ခေါင်းငြိမ့်လိုက်သည်...
"ဂိုဏ်းချုပ်ရဲ့ အမိန့်ကိုနာခံပါတယ်"
ဖေးရှန်ဂိုဏ်းတွင် စုစုပေါင်း တပည့် ၇၀ ကျော် ရှိသော်လည်း ဤနေရာတွင် သားရဲကြီး ၃၄ ကောင်သာရှိသဖြင့် ထက်ဝက်ကျော်သောတပည့်များမှာ စီးတော်ယာဉ်ရရှိကြမည်မဟုတ်။ သို့ဆိုလျှင် မည်သူတို့ကို ရွေးချယ်မည်နည်း။
ဂိုဏ်းချုပ်က ယခုအခါ ဤလုပ်ပိုင်ခွင့်ကို သူ့အားအပ်နှင်းလိုက်လေပြီ။ ၎င်းသည် ကောင်းကင်သားတော်၏ နံပါတ်တစ်ယုံကြည်ရသူဖြစ်လာခြင်း၏ အဓိကလက္ခဏာဖြစ်သည်ဟု သူယူဆလိုက်သည်။
ဖေးရှန်ဂိုဏ်းမှတပည့်အားလုံးမှာ သူ့ကိုချက်ချင်းဝိုင်းရံလိုက်ကြပြီး ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားကြတော့သည်။ သူတော်စင်အဆင့်စီးတော်ယာဉ်...
စာချုပ်ချုပ်ဆိုလိုက်သည်နှင့် မိမိထက်အဆပေါင်းများစွာအစွမ်းထက်သော ကူညီသူတစ်ဦးကို ရရှိခြင်းနှင့်အတူတူပင်။ မည်သူကများ ဤကဲ့သို့သောအရာမျိုးကို မလိုချင်ဘဲနေမည်နည်း။
"အကြီးအကဲမို... ကျွန်တော် ရှန်ထိုက်ပါ။ ဒီမနက်တင် ကျွန်တော်တို့စကားပြောခဲ့ကြတာကို မှတ်မိတယ် မဟုတ်လား"
"အကြီးအကဲမို... ကျွန်တော်တို့ရဲ့ ပုံမှန်ဆက်ဆံရေးအရဆိုရင် ကျွန်တော့်ကို တစ်ကောင်လောက်မပေးရင် မသင့်တော်ဘူးမဟုတ်လား"
"အကြီးအကဲမို... အကယ်၍ ကျွန်တော်မရခဲ့ရင် ဂိုဏ်းချုပ်ကဒေါသထွက်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ"
"အကြီးအကဲမို... ကျွန်တော့်ကိုကြည့်ပါဦး"
ဤလုပ်ငန်းစဉ်ကိုလက်ခံပြီး ပထမဆုံးစက္ကန့်အတွင်းမှာပင် မိုချန်၏စိတ်ထဲတွင် ရွေးချယ်မည့်သူအချို့ ရှိနေနှင့်ပြီးသားဖြစ်သည်။
ကျိလင်းဟန်... ဂိုဏ်းချုပ်နောက်သို့ အကြာဆုံးလိုက်ပါခဲ့သော အမျိုးသမီးဖြစ်ပြီး ပါရမီရှင်လည်းဖြစ်သလို ဂိုဏ်းချုပ်က အထူးတလည်ဆက်ဆံသောသူလည်းဖြစ်သည်။ တစ်ကောင်တည်းသာရှိလျှင် သူမကိုပေးရမည်။
လင်းနင်... ပါရမီရှင်ဖြစ်သလို သူ၏တိုက်ရိုက်တပည့်လည်းဖြစ်သဖြင့် သေချာပေါက်ချန်ထား၍မရ။
လော့ယွမ်နှင့် ယင်းရွှယ်အာ... ဒုတိယမျိုးဆက်အကြီးအကဲများထဲတွင် အရေးကိစ္စများကို အများဆုံးကိုင်တွယ်ရသူများဖြစ်သလို ဂိုဏ်းချုပ် မကြာခဏထည့်သွင်းပြောကြားလေ့ရှိသူများလည်းဖြစ်သည်။ အကယ်၍ သူတို့ကိုမပေးခဲ့လျှင် ဂိုဏ်းချုပ်က သူ့ကို အလုပ်ကောင်းကောင်းမလုပ်ဘူးဟု ထင်မြင်ပေလိမ့်မည်။
ထန်ရုနှင့် လူဖန်... တတိယမျိုးဆက်၏ ခေါင်းဆောင်များဖြစ်ကြပြီး တာအိုနန်းတော်အဆင့်သို့ ရောက်ရှိရာတွင် လင်းနင်ပြီးလျှင် ဒုတိယမြောက်ဖြစ်ကြသဖြင့် သူတို့လည်းရသင့်ပေသည်။
ရှန်ထိုက်၊ ချင်ချန်၊ ကန်းကျိယီ... ဒီငတုံးအနည်းငယ်... ကောင်းပါပြီလေ... သူနှင့် ပုံမှန်လေကန် စကားပြောဖော်များဖြစ်ကြသည့်အတွက်...
ဝေမြောင်၊ ရှုရန်လင်နှင့် အခြားတပည့်များအတွက်မူ သူတို့မှာ ကောင်းကင်ကံကြမ္မာအဆင့် ၉ တွင်သာ ရှိသေးသဖြင့် လူငယ်များအနေဖြင့် အတွေ့အကြုံများ ပိုမိုရယူရန်လိုအပ်နေသေးသည်။