ချန်လီဓား
Vol. 17 Ch. 166
စနစ်ကသာသတိမပေးခဲ့လျှင် အစ်ကိုကြီးချန်သည် ဤအဓိပ္ပာယ်မရှိလောက်အောင်ထူးဆန်းသော အဓိကမစ်ရှင်ကို မေ့နေတော့မည်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဤမစ်ရှင်ကို လုံးဝအာရုံမစိုက်ခဲ့ချေ။
မဟုတ်ပါက သူသည် မြင်မြင်သမျှဂိုဏ်းများကို လိုက်လံတိုက်ခိုက်ဖျက်ဆီးကာ၊ နာခံသူကို ဆုပေး၍ မနာခံသူကို အပြစ်ပေးနေပေလိမ့်မည်။ ထို့နောက် လူအင်အားအမြောက်အမြားစုဆောင်းကာ ဖေးရှန်ဂိုဏ်းမှတစ်ဆင့် တဖြည်းဖြည်းချဲ့ထွင်ရင်း စကြဝဠာကိုစိုမိုးမည်ဖြစ်သည်။
၎င်းမှာ နယ်မြေတစ်ခုကိုညီညွှတ်အောင်လုပ်ဆောင်ရမည့် မှန်ကန်သောနည်းလမ်းပင်။
ခက်သည်က ဂိုဏ်းချုပ်ကျန်းမှာ အလွန်ပျင်းရိသူဖြစ်ပြီး အရာအားလုံး လိုက်လံအုပ်ချုပ်နေရခြင်းကို စိတ်မဝင်စားချေ။ ထို့အပြင် ဂိုဏ်းအများစုမှာ သူ့ကိုမနှောင့်ယှက်ကြသဖြင့် သူကလည်း လိုက်လံဖျက်ဆီးမနေတော့။
ယခုတစ်ကြိမ် မြင့်မြတ်နယ်မြေခုနစ်ခုစလုံးကိုနှိမ်နင်းပြီးနောက်တွင် ဤတာဝန်မှာ အလိုအလျောက်ပြီးမြောက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သေချာစဉ်းစားကြည့်လျှင် ဝိညာဉ်တစ်ထောင်နယ်မြေတစ်ခုလုံး၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားများမှာ ယခုအခါ သူ့လက်အောက်သို့ ရောက်ရှိနေလေပြီ။
သူသည် ဝိညာဉ်တစ်ထောင်နယ်မြေကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ဆောင်လိုက်ပြီဟု အမှန်တကယ်သတ်မှတ်၍ရပေသည်။ ဤအမှတ်သန်းတစ်ထောင်မှာ မမျှော်လင့်ဘဲရရှိလိုက်သော ဆုလာဘ်ကြီးပင်။
မြင့်မြတ်နယ်မြေခုနစ်ခု ဆုတ်ခွာသွားပြီးနောက် ဝိညာဉ်တစ်ထောင်နယ်မြေရှိ ကျင့်ကြံသူအများစု စောင့်ကြည့်နေကြသော ဤစစ်ပွဲကြီးမှာ နောက်ဆုံးတွင် နိဂုံးချုပ်သွားခဲ့လေပြီ။ အကယ်၍ ရှေ့တွင် တစ်ဖက်သတ်အရိုက်ခံလိုက်ရခြင်းကို စစ်ပွဲကြီးဟုခေါ်ဆိုနိုင်မည်ဆိုလျှင်ပေါ့။
အမှန်စင်စစ် မည်သို့ပင်ကြည့်စေကာမူ ဤတိုက်ပွဲမှာ ရတနာများနှင့် စီးတော်ယာဉ်များကို လာရောက်ဆက်သသည့် အဖွဲ့လိုက်လည်ပတ်မှုနှင့်ပိုတူနေ၏။
အစ်ကိုကြီးချန်သည် ယနေ့တိုက်ပွဲ၏ တစ်ဦးတည်းသောသူရဲကောင်းဖြစ်ပြီး လျစ်လျူရှုထား၍မရသော သူ၏ချစ်သမီးလေးကို ချက်ချင်းမြှောက်ပေးတော့သည်။ မျက်စိသုံးလုံးကျားက သူမကို ပျော်ရွှင်စွာဖြင့်ကုန်းပိုးလာပြီး အစ်ကိုကြီးချန်က ဘေးမှကူညီကာ နောက်တောင်ကုန်းရှိ ဝိညာဉ်သွေးကြောထံသို့ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သည်။
"သမီးလေး... နေလို့မကောင်းတာမျိုးရှိလား"
"မေမေ... သမီးအိပ်ချင်တယ်... အိပ်တော့မယ်"
"အေးပါ... အေးပါ... သမီးကြိုက်သလောက်အိပ်နော်။ ဝိညာဉ်ကျောက်တုံးတွေရောလိုသေးလား"
"အင်း..."
ဂိုဏ်းချုပ်ကျန်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာမှာ တောင်တစ်လုံးကဲ့သို့ ပုံကျလာသည်။ ထိုအခါမှသာ အဝါလေးမှာပြုံးလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ထိုဝိညာဉ်ကျောက်တုံးတောင်ကြီးမှာ သူမ၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ကံကောင်းစွာဖြင့်သူသည် အခြားသူများကို လာရောက်ကြည့်ရှုခွင့်မပေးခဲ့ပေ။ မဟုတ်ပါက သူတို့မှာ ထိတ်လန့်တုန်လှုပ်ကာ သေသွားနိုင်ပေသည်။
"မလောက်ရင် ကြိုပြောနော်"
ယနေ့တွင် သူသည် ကြွယ်ဝချမ်းသာနေပြီဖြစ်သဖြင့် အစ်ကိုကြီးချန်မှာ အလွန်ရက်ရောနေတော့သည်။
သူမကို နေရာချပေးပြီးနောက် သူသည် ရရှိလာသောအကျိုးအမြတ်များကို စတင်စစ်ဆေးလေ၏။ မြင့်မြတ်နယ်မြေခုနစ်ခုမှရရှိလာသောရင်းမြစ်များကို အချိန်ပေး၍အမျိုးအစားခွဲခြားပြီးနောက် သူသည် နောက်ထပ်အမှတ်သန်းတစ်ထောင်နှင့် လဲလှယ်လိုက်သည်။ ရင်းမြစ်အချို့ကို တပည့်များကျင့်ကြံရန်အတွက်ချန်ထားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးရတနာအချို့ကိုမူ သူတော်စင်ဆေးလုံးများဖော်စပ်ရန်အတွက် သိမ်းဆည်းလိုက်သည်။
လန်ယီ၏သစ္စာခံမှုကြောင့် ရရှိသော ၂၅၀ သန်း၊ လိပ်နက်ဘုရင်၏သစ္စာခံမှုကြောင့် ရရှိသော ၄၅ သန်းနှင့် မူလရှိနေသော ၉၂၀ သန်းကို ပေါင်းလိုက်လျှင်... အားလုံးပေါင်းပါက ယခုအခါ အမှတ် ၃.၂ ဘီလီယံကျော် ရှိနေလေပြီ။ ရှည်လျားလှသောကိန်းဂဏန်းကိုကြည့်ပြီး အစ်ကိုကြီးချန်မှာ အလွန်ကျေနပ်အားရနေမိသည်။
သူသည် အဆင့်မြှင့်တင်ခြင်းခလုတ်ကို ထပ်နှိပ်လိုက်ရာ စနစ်မှာ ထပ်မံအဆင့်မြင့်သွားပြန်သည်။
အဆင့်- ၈
အဆင့်မြှင့်ရန် လိုအပ်သောအမှတ်- ၀ / ၁၀,၀၀၀,၀၀၀,၀၀၀
လက်ရှိအမှတ်- ၂,၂၁၅,၈၇၈,၄၆၀
လက်ရှိစွမ်းရည်- လက်ခံသူသည် နောက်ထပ်တိုက်ခိုက်မှုအင်အားကို ၁၀ ဆတိုးစေရန် အမှတ်များကို အသုံးပြုနိုင်သည်၊ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်တစ်ရက်။
မှတ်ချက်- လက်ခံသူ၏အဆင့်မြင့်လေ အမှတ်ပိုကုန်လေဖြစ်သည်။
နောက်အဆင့်စွမ်းရည်- လက်ခံသူသည် အမှတ်များကိုအသုံးပြုကာ သက်မဲ့အရာဝတ္ထုများကို လေဟာနယ်ထဲမှဖန်တီးယူနိုင်သည်၊ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်မရှိ။
မှတ်ချက်- လက်ခံသူမြင်ဖူးသောအရာဖြစ်ရမည်၊ အရာဝတ္ထု၏အဆင့်မြင့်လေ အမှတ်ပိုကုန်လေဖြစ်သည်။
ဒါကဘာကြီးလဲ... ဖန်တီးခြင်းလား...
ကျန်းချန် အနည်းငယ်မှင်တက်သွားရသည်။ သူ၏စိတ်ထဲတွင် ဖန်တီးခြင်းဆိုသည်မှာ ဖန်ဆင်းရှင်ကဲ့သို့သောတည်ရှိမှုများသာ လုပ်ဆောင်နိုင်သည့်စွမ်းအားမျိုးဖြစ်သည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။
သို့သော် သေချာစဉ်းစားကြည့်လျှင် သူက သက်မဲ့အရာဝတ္ထုများကိုသာ ဖန်တီးနိုင်ခြင်းဖြစ်သည်။ အဆင့်တစ်ခုသို့ရောက်ရှိနေသော အင်မော်တယ်များလည်း လုပ်ဆောင်နိုင်ပေလိမ့်မည်။
သူပထမဆုံးစဉ်းစားမိသည်မှာ ဝိညာဉ်သွေးကြောတစ်ခုကိုဖန်တီးကာ ရွှမ်ကျီရုပ်ပုံထဲသို့ ထည့်သွင်းရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် ရုပ်ပုံအတွင်း၌လည်း ဝိညာဉ်စွမ်းအင်များရှိလာပေလိမ့်မည်။ ထို့နောက် အဝါလေးကိုလည်း ထိုနေရာသို့ရွှေ့ပြောင်းထားနိုင်မည်ဖြစ်ရာ နောင်တစ်ချိန်တွင် ရွှမ်ကျီရုပ်ပုံအတွင်းရှိ ကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ အဆပေါင်းထောင်ချီ၍ ပိုမိုကောင်းမွန်လာပေလိမ့်မည်။
သို့သော် ဤအရာမှာ နောက်ထပ်စနစ်အဆင့်မြှင့်တင်မှုအထိ စောင့်ဆိုင်းရပေဦးမည်။ အမှတ် ၁၀ ဘီလီယံလိုအပ်သဖြင့် အလှမ်းဝေးနေသေးသည်။ ယခုလက်ရှိ ခွန်အားဆယ်ဆတိုးနိုင်သည့်စွမ်းရည်နှင့် ပတ်သက်၍မူ...
သူသည် စနစ်စာမျက်နှာကိုဖွင့်ကြည့်လိုက်သည်။
လက်ရှိအဆင့်- သူတော်စင်အဆင့်
၁၀ ဆ တိုက်ခိုက်မှုအတွက် လိုအပ်သောအမှတ်- ၁၀၀,၀၀၀,၀၀၀
တောက်... တစ်ကြိမ်သုံးဖို့ကို သန်းတစ်ရာတောင်ကုန်တာလား...
တကယ့်ကို သွေးစုပ်တဲ့ စနစ်ပဲ...
ငါက တာအိုနန်းတော်အဆင့်မှာပဲ ရှိနေသေးတာလေ...
စနစ်ကမအဘူး...
သူ၏ဝိညာဉ်အဆင့်ကို တိုက်ရိုက်တွက်ချက်လိုက်ခြင်းပင်။
အဆင့်မြှင့်ပြီးနောက်သူသည် ကံစမ်းမဲခလုတ်ကိုနှိပ်လိုက်ပြီး အဆင့် ၅ ကံစမ်းမဲကို ရွေးချယ်လိုက်သည်။ သူကံမစမ်းဖြစ်တာကြာပြီမဟုတ်လော။
အဓိကမှာ ရွှမ်ကျီရုပ်ပုံ၏အရွယ်အစားကိုချဲ့ထွင်ရန် စီစဉ်ထားခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ထိုကောင်းကင်အင်မော်တယ် အဆောင်ကိုလည်း အဆင့်မြှင့်ရဦးမည်။ ၎င်းအပြင် နှလုံးသားထဲမှ ထိုနှလုံးသားမျိုးစေ့ကိုလည်း ကံစမ်းမဲနှိုက်ရင်း ရနိုင်မည်လော။
အဆင့် ၅ ကံစမ်းမဲမှာ တစ်ကြိမ်လျှင် ၁၀ သန်း ကုန်ကျသော်လည်း အစ်ကိုကြီးချန်မှာ တတ်နိုင်သည်ဖြစ်ရာ သူသည် အမှတ် ၁ ဘီလီယံကိုအသုံးပြု၍ အကြိမ် ၁၀၀ ဆက်တိုက်နှိုက်ရန် ဆုံးဖြတ်လိုက်သည်။ အလင်းတန်းများ ဆက်တိုက်လင်းလက်သွားပြီးနောက် ပထမဆုံးဆယ်ကြိမ်မှ ဆုလာဘ်များ ထွက်ပေါ်လာသည်။
"ဂုဏ်ပြုပါသည်... ရွှမ်ကျီရုပ်ပုံအပိုင်းအစ ၂ ခု ရရှိသည်"
"ဂုဏ်ပြုပါသည်... ကံကောင်းမှုများပေါက်ကွဲသွားပြီး မြင့်မြတ်အင်မော်တယ်အဆောင် ၁ ခု ရရှိသည်"
"ဂုဏ်ပြုပါသည်... တာအိုကောင်းကင်အင်မော်တယ်အဆောင် ၁ ခု ရရှိသည်"
"ဂုဏ်ပြုပါသည်... အင်မော်တယ်လက်နက်အပိုင်းအစ ၁ ခု ရရှိသည်"
"ဂုဏ်ပြုပါသည်... ကိုးပါးယန်အဆီအနှစ်စုစည်းခြင်း အင်မော်တယ်ဆေးလုံး ၁ လုံး ရရှိသည်"
"ဂုဏ်ပြုပါသည်... ထိုက်ရှောင်အသက်ဝိညာဉ် အင်မော်တယ်ဆေးလုံး ၁ လုံး ရရှိသည်"
"ဂုဏ်ပြုပါသည်... အကျဉ်းထောင်ဝိညာဉ် ရရှိသည်"
"ဂုဏ်ပြုပါသည်... ကံကောင်းမှုများပေါက်ကွဲသွားပြီး သူတော်စင်လက်နက် ချန်လီဓား ၁ လက် ရရှိသည်"
"ဂုဏ်ပြုပါသည်... ရွှမ်ကျီရုပ်ပုံအပိုင်းအစ ၂ ခု ရရှိသည်"
"ဂုဏ်ပြုပါသည်... လင်းရှန်းပိုးသားပန်း ၁ ပွင့် ရရှိသည်"
အဆင့် ၅ ကံစမ်းမဲမှာ အခြားကံစမ်းမဲများနှင့် ကွာခြားလှသည်၊ အောက်လောကတွင်မရှိနိုင်သော အင်မော်တယ်လက်နက်အပိုင်းအစများနှင့် အင်မော်တယ်ဆေးလုံးများကို တိုက်ရိုက်ထုတ်ပေးလေသည်။ ထိုလင်းရှန်းပိုးသားပန်းမှာလည်း အင်မော်တယ်လောကတွင်သာရှိသော၊ အင်မော်တယ်ဆေးလုံးများ ဖော်စပ်ရာတွင်အသုံးပြုသည့် ကောင်းကင်နှင့် မြေကြီးရတနာတစ်ခုဖြစ်သည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်မြေမှတစ်ဆင့် အင်မော်တယ်လောကသို့ ခိုးမဝင်နိုင်လျှင်ပင် သူသည် မကြာမီမှာပင် အောက်လောက၏စည်းမျဉ်းကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်လိမ့်မည်ဟုဆိုနိုင်သည်။
မည်သို့ပင်ဖြစ်စေ စနစ်မှပေးသောဆုလာဘ်များမှာ ဤကမ္ဘာ၏အဆင့်ကို ကျော်လွန်နေပြီမဟုတ်လော။
အဆင့် ၅ ကံစမ်းမဲတွင် ရွှမ်ကျီရုပ်ပုံအပိုင်းအစများကို သာမန်ဆုလာဘ်အဖြစ်သာသတ်မှတ်ထားပြီး တစ်ကြိမ်လျှင် ၂ ခုစီ ထွက်လာသည်။ တာအိုကောင်းကင်အင်မော်တယ်အဆောင်မှာလည်း တစ်ပြိုင်နက်ထွက်လာသဖြင့် သာမန်အရာဟုထင်ရသည်။
ထိုသူတော်စင်လက်နက် ချန်လီဓားမှာ မီးဓာတ်ဂုဏ်သတ္တိရှိပြီး သူ၏ဓာတ်ကြီးငါးပါး သိုင်းတာအိုများမှာ အင်မော်တယ်အဆင့်တွင်ရှိသဖြင့် ၎င်းကိုအသုံးပြုနိုင်သည်။ စနစ်မှဆုလာဘ်အဖြစ်ပေးသော ဤဓားနှင့်နှိုင်းယှဉ်လျှင် ယခင်က မိုးပြာသူတော်စင်ဓားမှာ အမှိုက်ပင်။
ဓားကိုယ်ထည်ပေါ်တွင် သူတော်စင်အဆင့်တိုးမြှင့်ခြင်း အစီအရင်သုံးခု ထွင်းထုထားပြီး မီးဓာတ်စွမ်းအားကို ၅ ဆ၊ ဓားအလင်းစွမ်းအားကို ၅ ဆနှင့် ဓားဆန္ဒစွမ်းအားကို ၂ ဆအထိ မြှင့်တင်ပေးသည်။ ၎င်းအပြင် ဤဓားကို အထွတ်အထိပ်သို့ရောက်ရှိစေရန် ကာကွယ်ပေးထားသော ရတနာအစီအရင်သုံးခုလည်းရှိသေးသည်။
အမှန်စင်စစ် အောက်လောကတွင် သူတော်စင်လက်နက်များကိုပိုင်ဆိုင်နိုင်သူမှာ အလွန်နည်းပါးလှသည်။ ပထမဦးစွာ ပစ္စည်းများကိုရရှိရန် အလွန်ခက်ခဲပြီး ရရှိလာလျှင်ပင် ဤအဆင့်ရှိသော လက်နက်ထုလုပ်သူ၊ မှော်အက္ခရာထွင်းထုသူ သို့မဟုတ် အစီအရင်ဆရာများကို ရှာမတွေ့နိုင်ကြချေ။
ဤအဆင့်ရှိသော လက်နက်နှင့် သူတော်စင်ချပ်ဝတ်တန်ဆာများကို လက်နက်ထုလုပ်သူ တစ်ဦးတည်းနှင့် မပြုလုပ်နိုင်ပေ။ ၎င်းမှာ နယ်ပယ်အသီးသီးမှကျွမ်းကျင်သူများ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပြီး ထိုအခြေအနေမှာ အလွန်ခက်ခဲလှသည်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော ကျရှုံးနိုင်ခြေလည်း ရှိသေးသည်။
ဝိညာဉ်တစ်ထောင်နယ်မြေတစ်ခုလုံးတွင် ပိဖုန်းတွင်သာ ဤသူတော်စင်အဆင့်ရှိ ငွေရောင်ညရိပ်ဓားတစ်လက်သာရှိခဲ့သည်။ ထိုဓားမှာ ပိဖုန်း၏အကောင်းဆုံးဖြစ်သော လေဓာတ်ဂုဏ်သတ္တိမဟုတ်ဘဲ အမှောင်ဂုဏ်သတ္တိဖြစ်နေ၏။
သို့သော် သူ့တွင်အခြားရွေးချယ်စရာမရှိပေ။ ၎င်းမှာ သူ၏ဘဝတစ်ဝက်နီးပါးအချိန်ပေးကာ အန္တရာယ်များကိုဖြတ်ကျော်ပြီး အခြားနယ်မြေများမှ စုဆောင်းလဲလှယ်လာခဲ့သောအရာပင်။ အံဝင်ခွင်ကျမရှိသော သူတော်စင်လက်နက်တစ်ခုမှာ ထိပ်တန်းရတနာလက်နက်ထက် များစွာသာလွန်ပေသည်၊ အသုံးပြုထားသောပစ္စည်းချင်းပင် ကွာခြားလှသည်။
စနစ်မှပေးသော ဤဓားနှင့်နှိုင်းယှဉ်လျှင် ငွေရောင်ညရိပ်ဓားမှာ များစွာနိမ့်ကျနေသေးသည်။ ၎င်းတွင် သူတော်စင်အစီအရင်နှစ်ခုနှင့် ရတနာအစီအရင်နှစ်ခုသာရှိသည်။ စနစ်မှထွက်ပေါ်လာသောအရာမှာ အမြဲတမ်းထိပ်တန်းအဆင့်သာ။
သူ၏အာရုံစိုက်မှုမှာ အကျဉ်းထောင်ဝိညာဉ်နှင့် မြင့်မြတ်အင်မော်တယ်အဆောင်တို့အပေါ်တွင် ရှိနေသည်။ အကျဉ်းထောင်ဝိညာဉ်မှာ အဆိပ်သူရဲကောင်းဝိညာဉ်နှင့်ဆင်တူပြီး သူ၏တိုက်ခိုက်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများကို တိုက်ရိုက်တိုးမြှင့်ပေးသည်။
အကျဉ်းထောင်ဝိညာဉ်ကို အသက်သွင်းပြီးနောက် လက်ခံသူသည် ၎င်းကိုအမြဲတမ်းပိုင်ဆိုင်သွားမည်ဖြစ်သည်။ နောင်တစ်ချိန်တိုက်ပွဲများတွင် ဤသူရဲကောင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်နှင့် တိုက်ခိုက်မှုတိုင်းတွင် ရန်သူကိုထောင်ချောက်ဆင် ပိတ်ဆို့ထားသည့်အာနိသင် အလိုအလျောက်ပါဝင်နေမည်ဖြစ်ရာ ရန်သူမှာလှောင်အိမ်ထဲရောက်နေသကဲ့သို့ ခံစားရပေလိမ့်မည်။
ဝိညာဉ်ဖြစ်စေ၊ ဝိညာဉ်စွမ်းအားဖြစ်စေ သို့မဟုတ် နယ်ပယ်ဖြစ်စေ ချုပ်နှောင်ခံထားရသည့် ဆိုးကျိုးသက်ရောက်မှုမျိုး ခံစားရပေလိမ့်မည်။ ရန်သူမှာအလွန်အစွမ်းထက်နေပါက ထိုလှောင်အိမ်ကိုချိုးဖျက်နိုင်ပေလိမ့်မည်။