စိတ်ဓာတ်ကျစရာ
Vol. 17 Ch. 168
ထို့နောက် ကျန်းချန်သည် ကျန်သောမြစ်လေးစင်းဖြစ်သည့် ယင်ယန်၊ ဆန္ဒခြောက်ပါး၊ စိတ်ခံစားချက်ခုနစ်ပါးနှင့် အရပ်ရှစ်မျက်နှာဟင်းလင်းပြင်တို့ကို အင်မော်တယ်အဆင့်သို့ မြှင့်တင်လိုက်သည်။ ယခုဆိုလျှင် သူ၏သိုင်းတာအိုအမှတ်အသားကိုးခုစလုံးမှာ အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားလေပြီ။
အဆင့်မြှင့်တင်မှုတစ်ခုချင်းစီတိုင်းမှာ ရောက်ရှိနေသူအားလုံးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ နောက်ဆုံးတွင်မူ သူတို့အားလုံးမှာ ထုံထိုင်းသွားတော့၏။
သိမြင်နားလည်မှုဟုတ်လား... အဲဒီအဓိပ္ပာယ်မရှိတဲ့စကားတွေကို မယုံကြနဲ့တော့...
"ဂိုဏ်းချုပ်ရဲ့ သိုင်းတာအိုနယ်ပယ်က အင်မော်တယ်လောကမှာရှိတဲ့ မြင့်မြတ်အင်မော်တယ် အတော်များများထက်တောင် သာလွန်နေပြီ"
မိုချန်သည် ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး သူ၏ ယခင်က ကျင့်ကြံခြင်းဆိုင်ရာအသိပညာများမှာ ပြင်းထန်စွာစိန်ခေါ်ခံလိုက်ရကြောင်း တွေ့ရှိသွားသည်။
"တာအိုနန်းတော်အဆင့်မှာတင် သိုင်းတာအိုကိုးခုစလုံးကို အင်မော်တယ်အဆင့်အထိ မြှင့်တင်တာလား... ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး"
"ဂိုဏ်းချုပ်ရဲ့အခြေခံက အရမ်းကိုနက်ရှိုင်းလွန်းတယ်၊ အတိတ်မှာလည်းမရှိခဲ့သလို အနာဂတ်မှာလည်း ရှိလာမှာမဟုတ်ဘူး..."
"သူသာ သူတော်စင်အဆင့်ထဲကိုခြေလှမ်းလိုက်တာနဲ့ အဲဒီနယ်ပယ်မှာ ချက်ချင်း ပြိုင်ဘက်ကင်းဖြစ်သွားလိမ့်မယ်"
ချင်းစော့သည်လည်း ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမသည် သူတော်စင်အဆင့် ၉ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမကို သူတော်စင်အဆင့် ၁ က သူမကို အနိုင်ယူနိုင်သည်ဟု အစောပိုင်းကပြောခဲ့လျှင် လှောင်ရယ်မိပေလိမ့်မည်။ သို့သော် ယခုမူ လုံးဝမငြင်းနိုင်တော့။
တာအိုနန်းတော်အဆင့် ၉ ကျင့်ကြံသူတစ်ဦး သူတော်စင်အဆင့်သို့ ဝင်ရောက်သောအခါ ၎င်းတို့သည် သိုင်းတာအိုကိုးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရမည်ဖြစ်သည်။ သိုင်းတာအိုသိမြင်နားလည်မှုကို လောင်စာအဖြစ်အသုံးပြုကာ တာအိုနန်းတော်ကို အစွမ်းကုန်မြှင့်တင်ပြီး နောက်ဆုံးတွင် ကျင့်ကြံသူကိုယ်တိုင်၏ ကိုယ်ပိုင်နယ်ပယ်အဖြစ် ပြောင်းလဲရ၏။
ဤလုပ်ငန်းစဉ်အတွင်း သိုင်းတာအိုနယ်ပယ်မြင့်မားလေ၊ နောက်ဆုံးတွင်ဖြစ်ပေါ်လာသောနယ်ပယ်မှာ အစွမ်းပိုထက်လေဖြစ်သည်။ ကျန်းချန်၏ သိုင်းတာအိုနယ်ပယ်မှာ ကောင်းကင်အင်မော်တယ်တစ်ပါးထက်ပင်မြင့်မားနေသေးရာ သူသည် မည်သို့သောနယ်ပယ်မျိုးကို ဖန်တီးမည်နည်း။
၎င်းမှာ သူတော်စင်နယ်ပယ်ထက်ပင် ပိုအစွမ်းထက်နိုင်သည်။ သူ၏ စည်းမျဉ်းများအပေါ်နားလည်မှုမှာ ကန့်သတ်ချက်ရှိနေသေးသဖြင့် သူတော်စင်နယ်ပယ်ကဲ့သို့ ချောမွေ့စွာထိန်းချုပ်နိုင်ဦးမည်မဟုတ်။
ရောက်လာကတည်းကတိတ်ဆိတ်နေသော မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့မှာ ကြောင်တောင်တောင်အမူအရာများဖြင့် အံ့သြစွာမော့ကြည့်နေကြသည်။ သူတို့၏ ကိုယ်ပိုင်မြင့်မြတ်နယ်မြေများမှာ နန်းတော်ကြီးနှင့်နှိုင်းယှဉ်လျှင် ပျက်စီးယိုယွင်းနေသော ကျေးရွာလေးတစ်ရွာကဲ့သို့ ခံစားနေရပြီး မည်သည့်အထက်စီးဆန်သောခံစားချက်မျိုးမျှ မရှိတော့ချေ။
အထူးသဖြင့် လိပ်နက်ဘုရင်မှာ နောက်ဆုံးတွင် စိတ်ရင်းမှန်ဖြင့် သစ္စာခံလိုစိတ်များ ပေါ်ပေါက်လာတော့သည်။ ၎င်းသည် ငြင်းဆန်ချင်လျှင်ပင် ငြင်းဆန်၍မရတော့ပေ။
ဤလူသားမှာ အင်မော်တယ်လောက၏ အကြီးအကဲတစ်ဦးဖြစ်လာပေမည်။ သူ၏ စီးတော်ယာဉ်ဖြစ်ရခြင်းမှာ ဂုဏ်ငယ်စရာမဟုတ်ဟု ထင်မြင်သွားတော့သည်။
"သူ့ရဲ့ဝိညာဉ်စွမ်းအားက လိုအပ်တဲ့အဆင့်ကိုရောက်တာနဲ့ တစ်နာရီမကြာဘဲ သူ့ရဲ့နယ်ပယ်ကို ဖန်တီးနိုင်လိမ့်မယ်"
ချင်းစော့သည် သူမ၏ကိုယ်ပိုင်နယ်ပယ်ကိုစုစည်းရန် အလွန်ခက်ခဲခဲ့သည်ကို ပြန်လည်အမှတ်ရမိပြီး ခံစားချက်ပေါင်းစုံဖြစ်ပေါ်လာ၏။ တာအိုနန်းတော်ကို နယ်ပယ်တစ်ခုအဖြစ် မြှင့်တင်ရန်အတွက် သိုင်းတာအိုနယ်ပယ်၏လိုအပ်ချက်များ အမှန်တကယ်ရှိပေသည်။
သိုင်းတာအိုမြစ်ကိုးစင်းအနက် အနည်းဆုံးတစ်စင်းမှာ သူတော်စင်အဆင့်သို့ရောက်ရှိရမည်ဖြစ်ပြီး လေးစင်းမှာ ဘုရင်အဆင့်သို့ရောက်ရှိရမည်ဖြစ်သည်။ ကျန်လေးစင်းမှာလည်း မဟာဆရာအဆင့်ထက် နိမ့်ကျ၍ မရပေ။
၎င်းမှာ အနိမ့်ဆုံးစံနှုန်းဖြစ်သော်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဒုက္ခပေးရန် လုံလောက်၏။ ထို့အပြင် သူတော်စင်အဆင့်သို့ဝင်ရောက်ခြင်းမှာလည်း အတားအဆီးများရှိနေပြီး ယခုဆိုလျှင် မိုးကြိုးကပ်ဘေးပင်ရှိနေသေးရာ ပါရမီရှင်ကျင့်ကြံသူများစွာကို ပိတ်မိနေစေသည်။
ချင်းစော့ သူတော်စင်အဆင့်သို့ဝင်ရောက်စဉ်က သူမတွင် သူတော်စင်အဆင့်တာအိုတစ်ခုနှင့် ဘုရင်အဆင့်တာအိုရှစ်ခု ရှိခဲ့သည်။ ၎င်းမှာ နှလုံးသားဌာနတွင် အထူးချွန်ဆုံးသော သိုင်းတာအိုအခြေခံအဖြစ် သတ်မှတ်ခံခဲ့ရ၏။
ထို့ကြောင့် သူမသည် အဆင့်ကျော်ဖြတ်နိုင်ရန် တာအိုနန်းတော်နဝမအဆင့်တွင် နှစ်ပေါင်းသုံးထောင်မျှသာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ အခြားသော သူတော်စင်အဆင့်အကြီးအကဲအချို့မှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ပိတ်မိနေခဲ့ကြ၏။ ပါရမီရှင်တစ်ဦး၏ အားသာချက်မှာ ဤနေရာတွင်ရှိလေသည်။
"တစ်နာရီဟုတ်လား"
မိုချန်က သာသာယာယာရယ်လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်...
"မင်းက အင်မော်တယ်အဆင့်သိုင်းတာအိုကို အရမ်းအထင်သေးလွန်းတာပဲ။ ဂိုဏ်းချုပ်ရဲ့အခြေခံနဲ့ဆိုရင် နောင်တစ်ချိန်မှာ နယ်ပယ်တစ်ခုစုစည်းဖို့ဆိုတာ အသက်တစ်ရှိုက်စာပဲကြာလိမ့်မယ်"
အသက်တစ်ရှိုက်စာဟုတ်လား...
ချင်းစော့နှင့် နှလုံးသားဌာနအကြီးအကဲများမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤလူသားနှင့်နှိုင်းယှဉ်ရသည်မှာ အမှန်တကယ် စိတ်ဓာတ်ကျစရာကောင်း၏။
သို့သော် ထိုသို့ပြောပြီးပြီးချင်းမှာပင် သူတို့ ထပ်မံထိတ်လန့်သွားကြပြန်သည်။ တာအိုနန်းတော်၏အထက်တွင် နန်းဆောင်ကိုးခုကိုကိုယ်စားပြုသောမြစ်ကြီးမှာ ထပ်မံချဲ့ထွင်လာပြီး အရောင်ပြောင်းသွားကာ မရေမတွက်နိုင်သော အဖြူရောင်နှင့် ရွှေရောင်အမှတ်အသားအသစ်များ ချက်ချင်းဖြစ်ပေါ်လာသည်ကို မြင်ကြရ၏။
"နောက်ထပ် မြင့်မြတ်အင်မော်တယ်အဆင့်လား"
မိုချန်၏မျက်လုံးများမှာ ပြူးထွက်လုမတတ်ဖြစ်သွားရသည်။ သူက လူတွေကို အသက်ရှင်ခွင့်ရော ပေးဦးမှာလား။
အခြားသူများမှာမူ အထင်ကြီးလေးစားမှုသာရှိတော့သည်။ သူတို့မှာ သူနှင့်အဆင့်ချင်းကွာခြားလွန်းလှသဖြင့် ဘာမှမခံစားရတော့ဘဲ "တကယ်လွန်လွန်းတယ်" ဟုသာ ပြောနိုင်တော့သည်။
ဤနန်းတော်ကိုးခုမြစ်ကိုပုံဖော်ပြီးနောက် ကျန်းချန်က ခေတ္တရပ်နားလိုက်သည်။ အခြားနည်းလမ်း မရှိပေ။
မြင့်မြတ်အင်မော်တယ်တာအိုအဆောင်ဆိုသည်မှာ ကံတရားအပေါ်မူတည်နေပြီး ကံစမ်းမဲနှိုက်ရန် မလွယ်ကူသည့်အတွက် နောက်ထပ်အကြိမ် ၉၀ ကံစမ်းမဲအတွင်း တစ်ကြိမ်သာရရှိခဲ့ခြင်းဖြစ်သည်။
မိုချန်က ဂရုတစိုက်ချဉ်းကပ်လာပြီး မေးမြန်းလိုက်သည်...
"ဂိုဏ်းချုပ်... သိမြင်နားလည်မှုပြီးသွားပြီလား"
"ပြီးပြီထင်တာပဲ"
ဟူး... ငါ့ရဲ့ခွန်အားတွေ ထပ်တိုးလာပြန်ပြီ။ ဘဝက တကယ်ကိုအထီးကျန်ဆန်လွန်းတယ်...
အတည်ပြုချက်ကိုကြားလိုက်ရသောအခါ လူတိုင်းမှာ နားမလည်နိုင်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။ နောက်ဆုံးတော့ပြီးသွားပြီပေါ့။
ဤအတိုင်းသာဆက်သွားနေဦးမည်ဆိုလျှင် လူတိုင်းမှာ ဖိအားများကြောင့်သေသွားနိုင်၏။ သိုင်းတာအိုအားလုံးကို မိနစ်ပိုင်းအတွင်း အင်မော်တယ်အဆင့်သို့ရောက်အောင် လုပ်ဆောင်နိုင်ခြင်းမှာ လွန်လွန်းလှသည်။
လူတိုင်းစိတ်ဓာတ်ကျနေသည်ကိုမြင်သောအခါ အစ်ကိုကြီးချန်မှာ ကြင်နာစွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ဒါတွေအားလုံးက ငါနေ့စဉ်ရက်ဆက် ကြိုးစားပမ်းစားကျင့်ကြံပြီး နောင်တစ်ချိန်အဆင့်တက်ဖို့အတွက် အားအင်တွေစုဆောင်းထားခဲ့တဲ့ရလဒ်တွေပါ။ မင်းတို့လည်း လုပ်နိုင်ပါတယ်"
"ဆိုရိုးစကားရှိတယ်မဟုတ်လား... ချွေးထွက်များမှ သွေးထွက်နည်းမယ်တဲ့"
"သုံးနှစ်တောင်မပျံသန်းရသေးပေမဲ့ တစ်ခါပျံလိုက်ရင် ကောင်းကင်အထိရောက်သွားတာမျိုးပေါ့"
သူသာ ဤစကားကိုမပြောခဲ့လျှင် ပိုကောင်းမည်။ သူပြောလိုက်သည်နှင့် လူတိုင်း၏ပါးစပ်များမှာတွန့်သွားကြပြီး ကန့်ကွက်ချင်စိတ်ပေါက်သွားရသည်။
အဲဒါကို ကြိုးစားပမ်းစားကျင့်ကြံတာလို့ခေါ်တာလား...
အစ်ကိုကြီးကျင့်ကြံတာကို တစ်ခါမှမမြင်ဖူးပါဘူး၊ ဟုတ်ပြီလား...
ပြီးတော့ အားအင်တွေစုဆောင်းတာလား...
ဒီစကားလုံးက တခြားသူတွေအတွက်သုံးရင် အဆင်ပြေပေမဲ့ အစ်ကိုကြီးအတွက်သုံးဖို့ကတော့ တကယ်ကိုမသင့်တော်ပါဘူး...
"ဟားဟား... ဂုဏ်ပြုပါတယ်ဂိုဏ်းချုပ်... ဂုဏ်ပြုပါတယ်ဂိုဏ်းချုပ်"
မိုချန်က ပထမဆုံး စတင်မြှောက်ပင့်လိုက်ပြီး အခြားသူများမှာလည်း တစ်ဦးပြီးတစ်ဦး ဂုဏ်ပြုကြ၏။
ဂိုဏ်းချုပ်ကျန်းက ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။
သိုင်းတာအိုကိုးခုစလုံးက အင်မော်တယ်အဆင့်ကိုရောက်သွားပေမဲ့ သူက တာအိုနန်းတော်အဆင့် ၄ ကနေ အဆင့် ၅ ကိုပဲ တက်လာတာလား...
သူ့ကို သူတော်စင်အဆင့်ထဲ တိုက်ရိုက်ခေါ်သွားလို့မရဘူးလား...
ယခုဆိုလျှင် သူ၏လက်အောက်တွင် သူတော်စင်အဆင့်ကျွမ်းကျင်သူသုံးဦးရှိနေပြီဖြစ်သော်လည်း ဂိုဏ်းချုပ်ဖြစ်သူက တာအိုနန်းတော်အဆင့်တွင်သာရှိနေသေးရာ ခံစား၍သိပ်မကောင်းပေ။
သူသည် စနစ်သိုလှောင်ခန်းထဲရှိ နောက်ဆုံးသော တာအိုကောင်းကင်အင်မော်တယ်အဆောင်ကို ကြည့်လိုက်သည်။ မြစ်ကိုးစင်းစလုံးမှာ အဆင့်မြင့်သွားပြီဖြစ်ရာ ဤအရာမှာ အသုံးမလိုတော့ပုံ ပေါ်နေသည်။
နှမြောစရာကောင်းသည်မှာ ဤအရာမှာဒြပ်မဲ့ဖြစ်နေပြီး ထုတ်ယူပြီး ကျိလင်းဟန်ကိုပေး၍မရခြင်းပင်။ မဟုတ်ပါက သူမကိုပေးလိုက်မည်သာ။
သူသည် တာအိုကောင်းကင်အင်မော်တယ်အဆောင်ကို နှမြောတသစွာဖြင့်နှိပ်လိုက်ရာ ၎င်းပေါ်တွင် "အသုံးပြုရန်" ဟူသော ခလုတ်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
ဒါကို သုံးလို့ရသေးတာလား...
သူသည် စူးစမ်းလိုစိတ်ဖြင့်နှိပ်လိုက်၏။ ချက်ချင်းဆိုသလိုပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်...
တာအိုနန်းတော်မှာ တဖြည်းဖြည်းမြင့်တက်လာပြီး တိမ်တိုက်များအထိ ရောက်ရှိသွားသည်။ ရွှေရောင်အလင်းတန်းများ နေမင်းကြီးကဲ့သို့ထွက်ပေါ်လာပြီး အလွန်တောက်ပလှပေသည်...
မိုချန်သည် သူ၏မြင့်မြတ်သောဝိညာဉ်ဖြင့်ပင် တာအိုနန်းတော်ကို တည့်တည့်မကြည့်နိုင်တော့ဘဲ ၎င်း၏ ပုံသဏ္ဌာန်ကိုမမြင်ရတော့ကြောင်း တွေ့ရှိလိုက်၏။ ပိုမိုပြင်းထန်လာသော အလင်းလုံးကြီးကိုသာ မြင်နိုင်တော့သည်...
အစွန်းရောက်သော အလင်းရောင်သည် ဆန့်ကျင်ဘက်အားဖြင့် အမှောင်ထုကို ဆောင်ယူလာခဲ့သည်။ ထိုအချိန်တွင် ရောက်ရှိနေသူအားလုံးမှာ အချိန်၏စီးဆင်းမှုနှင့် အာကာသ၏ပြောင်းလဲမှုများကို ရုတ်တရက်ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထူးဆန်းကာခမ်းနားထည်ဝါသောမြင်ကွင်းများမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။
အရာအားလုံးကို လွှမ်းခြုံထားခြင်း...
ဖန်တီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ဓာတ်ကြီးငါးပါးအချင်းချင်း အထောက်အကူပြုခြင်းနှင့် အပြန်အလှန်ချုပ်ကိုင်ခြင်းဖြစ်စေ၊ လောကကြီး၏ ခံစားမှုခုနစ်ပါးနှင့် ဆန္ဒခြောက်ပါးဖြစ်စေ ကောင်းကင်နှင့် မြေကြီး၏ အစွန်းရောက်မှုများနှင့် မရေမတွက်နိုင်သော သက်ရှိများ၏ပုံသဏ္ဌာန်များ ဖြစ်စေ ကောင်းကင်ယံတွင် သိုင်းတာအိုအားလုံးကိုပြသထားသည့် ပုံရိပ်ကြီးတစ်ခုရှိနေသည်။
မိုချန်ကလွဲ၍ အခြားသူအားလုံး၏စိတ်အသိများမှာ လုံးဝပျောက်ဆုံးသွားခဲ့ပြီး ၎င်းအပေါ်တွင် စွဲလမ်းနစ်မွန်းသွားကာ မရုန်းထွက်နိုင်ကြတော့ပေ။ သူသည် ဘေးနားရှိလူအားလုံးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
သူတို့မှာ ဘေးနားတွင်ရှိနေကြသည်မှာသေချာသော်လည်း အလွန်ဝေးကွာနေသကဲ့သို့ခံစားရပြီး တူညီသော အချိန်နှင့် အာကာသမှ လူများ မဟုတ်သကဲ့သို့ပင်။
"ဒါ... ဒါက..."
"ဘာတွေဖြစ်သွားတာလဲ"
"ဘာလို့ ဒီလိုဖြစ်နေရတာလဲ"
သူသည် ကျန်းချန်ထံသို့သာ အကူအညီတောင်းခံသည့် အကြည့်များဖြင့် လှည့်ကြည့်လိုက်ရတော့သည်။ သို့သော် ကျန်းချန်မှာ အနည်းငယ်ပြုံးနေသည်ကို မြင်လိုက်ရ၏။
သူ၏ညာလက်မှာ လေထဲတွင် စက်ဝိုင်းတစ်ခုဆွဲလိုက်ရာ ဆူပွက်နေသော တာအိုနန်းတော်မှာ တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။ တာအိုနန်းတော်၏အလယ်မှ နက်မှောင်သောမြစ်တစ်စင်း စီးထွက်လာပြီး သိုင်းတာအိုအမှတ်အသားကိုးခုနှင့်အတူ စီတန်းလျက် သိုင်းတာအိုမြစ်ဆယ်စင်း အတူတကွစီးဆင်းနေသည့် ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏...
"ဆယ်ခုမြောက်လား"
"သိုင်းတာအိုအမှတ်အသားဆယ်ခုမြောက်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ"