ရေခဲမီးလျှံ ဝံပုလွေပေါက်လေး၏ ခြောက်လှန့်မှုနှင့် ခုန်ပျံသားရဲတို့၏ တိုက်စစ်
Vol. 4 Ch. 35
ကျေးရွာအပြင်ဘက်မှ ဆူညံသံများမှာ ဤတစ်ကြိမ်တွင် ပြန်လည်ငြိမ်သက်သွားခြင်း မရှိချေ။ စူးရှသော အော်ဟစ်သံအချို့မှာ တိုက်ခိုက်ရန် ခရာမှုတ်လိုက်သကဲ့သို့ပင်။
ဂနာမငြိမ် ဖြစ်နေသော ရေညှိခုန်ပျံသားရဲများသည် သစ်ပင်များကြားတွင် ရုတ်ချည်း လှုပ်ရှားလာကြပြီး တိတ်တဆိတ် စောင့်ကြည့်သူများအဖြစ်မှ သွေးအေး အမဲလိုက်သမားများအဖြစ် ပြောင်းလဲသွားကြတော့သည်။
လင်းထျန်းလုံသည် သစ်သားမြို့ရိုးအထက်တွင် မတ်မတ်ရပ်လျက် သူ၏ ဓားသွားအလား စူးရှသော ရေခဲပြာရောင် မျက်ဝန်းများဖြင့် နှင်းပြင်နှင့် သစ်ပင်များကြားတွင် ခုန်ပျံ၍ ချဉ်းကပ်လာသော ပုံရိပ်များကို စိုက်ကြည့်နေရင်း “လာကြပြီ” ဟူသော သတိပေး ဟိန်းသံနိမ့်နိမ့်တစ်သံထုတ်လွှတ်ကာ သတိပေးလိုက်သညါ။
တံတိုင်းအတွင်းရှိ နှင်းဝံပုလွေအုပ်စုသည်လည်း တိုက်ပွဲဝင်ရန် ချက်ချင်း နေရာယူလိုက်ကြသည်။ ကျားတစ်ကောင်၏ ခြိမ်းခြောက်မှုကို ကြုံတွေ့ဖူးပြီးသားဖြစ်သဖြင့် သူတို့သည် ကြောက်ရွံ့ခြင်း မရှိတော့ဘဲ ရိုးရှင်းသော ကာကွယ်ရေး ဗျူဟာကို ခင်းကျင်းကာ သွားများဖြဲပြလျက် အသင့်စောင့်ဆိုင်းနေကြသည်။
သစ်ပင်အိမ်အတွင်း၌မူ.. ခေါင်းလေး နှစ်လုံးသည် ပြတင်းပေါက်နားတွင် ပူးကပ်နေကြသည်။
“အီးယား... (ဟို ရုပ်ဆိုးကောင်တွေ ပြေးလာကြပြီ…)” ရှောင်ယင်းသည် သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အင်း... (အရေအတွက်က မနည်းဘူး ၊ ပြီးတော့ သူတို့ လှုပ်ရှားပုံက ထူးခြားတယ် ၊ ခုန်လိုက် ပျံ၀ဲလိုက်နဲ့...)” ရှောင်လန်က တည်ငြိမ်စွာ ဆန်းစစ်နေလေသည်။ “ဝံပုလွေဖေဖေ ဘယ်လို တုံ့ပြန်မလဲ... ဒီမြေပြင်အနေအထားနဲ့ ဒီလို ပြိုင်ဘက်တွေဆိုရင် ဝံပုလွေအုပ်စုအနေနဲ့ ထိပ်တိုက်တွေ့ဖို့ မလွယ်ဘူး...”
လင်းထျန်းလုံသည် အဝေးမှနေ၍ ခြောက်လှန့်ရန်နှင့် နှောင့်ယှက်ရန် အမိန့်ပေးတော့မည့်ဆဲဆဲတွင် သူ၏ နောက်ကျောဘက်မှ မရင့်ကျက်သေးသော်လည်း ရက်စက်မှု အငွေ့အသက် ပါဝင်နေသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ ထျန်းပင်းပင် ဖြစ်သည် ။
ဤကောင်လေးမှာ မောပန်းနေသော်လည်း ခန္ဓာကိုယ်ထဲမှ စွမ်းအားသစ်များက သူ့ကို ငြိမ်ငြိမ်နေခွင့် မပေးချေ။ သူသည် မိခင်ဖြစ်သူ ပိုင်လင်၏ စိုးရိမ်တကြီး တားဆီးမှုကြားမှ ရုန်းထွက်ကာ တံတိုင်းအောက်ခြေသို့ ပြေးထွက်သွားပြီး ချဉ်းကပ်လာသော ရန်သူများကို ရန်လိုစွာ ဟိန်းဟောက်လိုက်သည်။
သူ၏ ကျောပေါ်ရှိ အနီရောင် အစင်းကြောင်းများ ပါဝင်သော ရေခဲအကြေးခွံချပ်ဝတ်မှာ အနည်းငယ် ထောင်တက်နေပြီး အမြီးရှိ ရေခဲ၊မီးလျှံ ရောယှက်ထားဟန်ရသော အမွေးအမျှင်များမှာလည်း ပိုမိုတောက်ပလာသည်။
သူ့ထံမှ ထွက်ပေါ်နေသော ရေခဲနှင့်မီး ရောယှက်နေသည့် ထူးခြားသော အရှိန်အဝါကြောင့် သော်လည်းကောင်း၊ ‘နွားပေါက်လေး ကျားမကြောက်’ ဆိုသကဲ့သို့ ရန်စသော ပုံစံကြောင့် သော်လည်းကောင်း ရန်သူတို့၏ အာရုံစိုက်မှုကို ကောင်းကောင်းကြီး ဆွဲဆောင်လိုက်နိုင်သည်။
‘ဖျတ်... ဖျတ်... ဖျတ်...’
လေကိုခွင်းထွက်လာသော အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေ့မှအမြန်ဆုံး ပြေးလာသော ရေညှိခုန်ပျံသားရဲအချို့သည် နေရာအနှံ့မှ ခုန်ထွက်လာကြပြီး တံတိုင်းအောက်ရှိ ထျန်းပင်းထံသို့ ပစ်မှတ်ထားကာ ခုန်အုပ်လိုက်ကြသည်။
လေထဲတွင် ကွေးထားသော ခန္ဓာကိုယ်များကို ဆန့်ထုတ်လိုက်ရာ ထက်မြက်သော လက်သည်းများနှင့် ဖြူဖျော့သော မျက်လုံးကြီးများ ပေါ်လာပြီး အရှိန်မှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လာခဲ့သည်။
“သေချင်နေကြတာပဲ” လင်းထျန်းလုံ၏ မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားပြီး ကယ်တင်ရန် ခုန်ဆင်းဖို့ ပြင်လိုက်သည်။
သို့သော် ထျန်းပင်း၏ တုံ့ပြန်မှုက ပို၍ မြန်ဆန်နေခဲ့သည်။ တနည်းအားဖြင့် သူ၏ အသစ်နိုးထလာသော ဗီဇ၊ ပင်ကိုအသိစိတ်က ပိုမြန်နေသည်ဟု ဆိုရပေမည်။
သုံးဖက်သုံးတန်မှ ခုန်အုပ်လာမှုကို ရင်ဆိုင်နေရသော်လည်း သူသည် နောက်မဆုတ်ခဲ့ပေ။ ထိုအစား သူ၏ ခြေလေးချောင်းဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ ကိုယ်ပေါ်ရှိ ရေခဲအကြေးခွံချပ်ဝတ် မှ အလင်းဖျော့ဖျော့များ လက်ခနဲ ပေါ်လာတော့သည်။
“ဝူး...!” သူသည် ခန္ဓာကိုယ်အရွယ်အစားနှင့် မလိုက်ဖက်သော ဟိန်းသံကြီးကို ထုတ်ဖော်လိုက်ပြီး ရှောင်တိမ်းခြင်းမပြုဘဲ ရှေ့တည့်တည့်မှ ခုန်ပျံသားရဲထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လိုက်သည်။
[ စွမ်းရည် - တိုးဝှေ့တိုက်ခိုက်ခြင်း (အစိမ်း) ]
“ဘုန်း...”
ရိုက်ခတ်သံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထျန်းပင်း၏ ခန္တာကိုယ်မှာ အရွယ်ရောက်ပြီးသား ဝံပုလွေများလောက် မကြီးမားသေးသော်လည်း စွမ်းရည်မြှင့်တင်မှုနှင့် ဗီဇပြောင်း သွေးမျိုးဆက်တို့၏ အာနိသင်ကြောင့် တိုက်ချက်တိုင်းတွင် ခွန်အားများ ပြည့်နှက်နေသည်။
ထိုခုန်ပျံသားရဲမှာ လေထဲမှာတင် ရပ်တန့်သွားပြီး နောက်သို့ လွင့်ထွက်သွားကာ အရိုးကျိုးသံ သဲ့သဲ့နှင့်အတူ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူသည် ခေါင်းရမ်းလိုက်ပြီး ဘေးဘက်မှ ခုန်အုပ်လာသော အခြားသော ခုန်ပျံသားရဲ တစ်ကောင်ကို ပါးစပ်ဖွင့်၍ ကိုက်လိုက်ပြန်သည်။
ဝံပုလွေပေါက်လေး၏ ပါးစပ်ထဲတွင် နီရဲသော အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေပြီး လေထုပင် အပူစွမ်းအင်ကြောင့် တွန့်လိမ်သွားတော့မတတ် ဖြစ်သွားသည်။
[ စွမ်းရည် - မီးလျှံကိုက်ချက် (အစိမ်း) ]
“ဂျွတ်...”
ဤကိုက်ချက်မှာ ခန္ဓာကိုယ်ကို တိုက်ရိုက် မထိဘဲ ခုန်ပျံသားရဲ ဝှေ့ယမ်းလိုက်သော လက်သည်းများကိုသာ ရှပ်ထိသွားလေသည်။
“အီး...!” ခုန်ပျံသားရဲမှာ စူးရှစွာ အော်ဟစ်လိုက်ရသည်။ ထျန်းပင်း၏ သွားများနှင့် ထိတွေ့လိုက်သော အခိုက်အတန့်တွင် သူ့လက်သည်းပေါ်တွင် မီးပူတိုက်ခံလိုက်ရသကဲ့သို့ မီးခိုးဖြူများ ထွက်ပေါ်လာပြီး မည်းနက်သော မီးလောင်ဒဏ်ရာများ ကျန်ရစ်ခဲ့သည်။
ပူပြင်းလှသော နာကျင်မှုက ခြေလက်များတစ်လျှောက် ပျံ့နှံ့သွားသဖြင့် ခုန်ပျံသားရဲ၏ လှုပ်ရှားမှုများ ပုံစံပျက်သွားကာ နှင်းပြင်ပေါ်သို့ သနားစဖွယ် လဲကျသွားတော့သည်။
တတိယမြောက် ခုန်ပျံသားရဲ၏ တိုက်ခိုက်မှုမှာလည်း ရောက်ရှိလာပြီပဲ ဖြစ်သည်။ ၎င်း၏ ထက်မြက်သော လက်သည်းများက ထျန်းပင်း၏ ကျောပြင်ကို ကုတ်ခြစ်လိုက်သည်။
“ကလစ်...”
သွားကျိန်းစရာ အသံနှင့်အတူ ရေခဲအကြေးခွံချပ်ဝတ်ပေါ်တွင် မီးပွားများ ထွက်ပေါ်လာသော်လည်း ဖြူဖျော့သော အစင်းရာ အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး အကာအကွယ်ကို ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ချေ။
ပြင်းထန်သော ရိုက်ချက်ကြောင့် ထျန်းပင်း ယိုင်သွားသော်လည်း သူကခေါင်းကို အသာအယာခါရမ်းလိုက်ပြီး ကြီးကြီးမားမား ထိခိုက်မှု မရှိကြောင်း ပြသနေလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထျန်းပင်းသည် တစ်ကောင်တည်းဖြင့် ရန်သူသုံးကောင်ကို ရင်ဆိုင်နိုင်ခဲ့သည်။
သူသည် စွမ်းရည်အသစ်များနှင့် အားကောင်းသော ခုခံနိုင်စွမ်းကို အသုံးပြု၍ ပထမဆုံးသော ခြုံခိုတိုက်ခိုက်မှုကို ခုခံလိုက်နိုင်ရုံသာမက ရန်သူနှစ်ကောင်ကိုပါ ဒဏ်ရာရစေခဲ့သည်။
ဤမြင်ကွင်းကြောင့် ဝံပုလွေအုပ်စုသာမက တံတိုင်းပေါ်ရှိ လင်းထျန်းလုံပါ မှင်တက်သွားရသည်။
‘တော်လိုက်တဲ့ ကလေးလေး... ဒီအကာအကွယ်နဲ့ လက်သည်းကိုတောင် လောင်ကျွမ်းစေတဲ့ ကိုက်ချက်က... လက်တွေ့တိုက်ပွဲမှာ ထင်ထားတာထက်တောင် ပိုကောင်းနေပါလားဟ’
သစ်ပင်အိမ်အတွင်းရှိ ဧကရီနှစ်ပါးမှာလည်း ကြောင်အနေကြသည်။
“အီး... (အဲဒီ ကလေးပေါက်စက ဒီလောက်တောင် သန်မာတယ်လား...)” ရှောင်ယင်း၏ မျက်လုံးများမှာ တောက်ပနေခဲ့သည်။
“အင်း... (ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုကို မပြိုကွဲစေဘဲ ပေါင်းစပ်ထားနိုင်တယ်... ပြီးတော့ လက်တွေ့ကျတဲ့ တိုက်ခိုက်ရေးနဲ့ အကာအကွယ် စွမ်းရည်တွေ ဖြစ်လာတာပဲ...)” ရှောင်လန်၏ ရင်ထဲတွင် လှိုင်းထန်နေခဲ့သည်။
“ဝံပုလွေဖေဖေရဲ့ ပြုစုပျိုးထောင်ပုံက... မယုံနိုင်စရာပဲ ၊ ဝံပုလွေပေါက်လေးရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားမှာကို သူ မကြောက်ဘူးလား ၊ ပြီးတော့ ဒီကလေးက မီးလျှံအမြုတေ ကို ခံနိုင်ရည်ရှိမယ်ဆိုတာ သူ ဘယ်လိုလုပ် အတိအကျ ဆုံးဖြတ်နိုင်ခဲ့တာလဲ...”
“ပြီးတော့ အဲဒီ အကြေးခွံအက...” ရှောင်ယင်းနှင့် ရှောင်လန်တို့၏ အတွေးများ တစ်ထပ်တည်းကျသွားကြသည်။ “ကာကွယ်နိုင်စွမ်းကလည်း အဆင့်တူတွေထက် အများကြီး သာလွန်နေတယ်၊ ဒြပ်စင်တိုက်ခိုက်မှုတွေကိုတောင် လျော့ပါးစေနိုင်တယ်... ဒါက သာမန် နှင်းဝံပုလွေ ဗီဇပြောင်းလဲခြင်းက ရနိုင်တဲ့စွမ်းအားမျိုး.. တကယ်ရော ဟုတ်ရဲ့လား...”
ထျန်းပင်း၏ ပေါက်ကွဲထွက်ပေါ်လာမှုက အခြားခုန်ပျံသားရဲများကို ခြောက်လှန့်လိုက်နိုင်သည်။
သူတို့၏ တိုက်စစ်မှာ နှေးကွေးသွားပြီး ဖြူဖျော့သော မျက်လုံးကြီးများဖြင့် ‘ပူပြင်းပြီး မာကျောလွန်းသော’ ဤထူးဆန်းသည့် ဝံပုလွေပေါက်လေးကို စိုက်ကြည့်နေကြလေသည်။ ကြည့်ရသည်မှာ အန္တရာယ်အဆင့်ကို ပြန်လည် တွက်ချက်နေပုံရလေသည်။
သို့သော် ဤသည်မှာ အစသာရှိသေးကြောင်း လင်းထျန်းလုံ သိထားသည်။ ရန်သူအရေအတွက်က ဝံပုလွေအုပ်စုထက် များပြားသလို သင်ယူနိုင်စွမ်းလည်း မြင့်မားကြသည်။
“အာဝူး...” သူက အမိန့်သစ်တစ်ခု ပေးလိုက်ပြန်သည်။
၎င်းမှာ တိုက်စစ်ဆင်ခြင်း မဟုတ်ဘဲ… နေရာသေချာယူထားရန်နှင့် ခံစစ်တိုးချဲ့ခြင်းသာဖြစ်သည်။
ရန့်မြဲ့နှင့် သန်မာသည့် အခြားနှင်းဝံပုလွေများသည် တံတိုင်းအ၀များနှင့် အဓိကကျသော နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းလိုက်ကြသည်။
သူတို့သည်သူတို့သည် တံတိုင်းကို အကာအကွယ်ယူကာ အပြင်မှ ဝင်ရောက်ရန် ကြိုးစားနေသော ခုန်ပျံသားရဲများကို ကိုက်ခဲကုတ်ခြစ်နေကြပြီး အကာအကွယ်မရှိသော နေရာများသို့ အလွယ်တကူ တိုး၀င်ခွင့်မပေးချေ။ အခြားဝံပုလွေများမှာ ကင်းစောင့်ခြင်းနှင့် ပံ့ပိုးခြင်းများကို ပြုလုပ်နေကြရသည်။
လင်းထျန်းလုံ ကိုယ်တိုင်မှာတော့ ဗဟိုတွင် ထိုင်လျက် ဝံပုလွေဟိန်းသံဖြင့်ခြောက်လှန့်ခြင်းကို အချိန်မရွေး ထုတ်သုံးရန် ပြင်ဆင်ထားပြီး မျိုးတူပဲ့တင်ထပ်သံဖြင့် အဖွဲ့ဝင်တိုင်းကို ချိတ်ဆက်ကာ လိုအပ်ပါက ရန့်မြဲ့၏ အေးခဲဟိန်းသံ စွမ်းရည်ကို လမ်းညွှန်ပေးရန်ပါ အသင့်ရှိနေခဲ့သည်။
တိုက်ပွဲမှာ ရုတ်တရက် ထိပ်တိုက်တွေ့မှုမှတဆင့် မြေပြင်အနေအထားကို အားပြုသော ခံစစ်တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရေညှိခုန်ပျံသားရဲများသည် သေးငယ်သော နှင်းဝံပုလွေကျေးရွာလေးကို ဝိုင်းရံထားပြီး ဒီရေလှိုင်းအလား အဆက်မပြတ် တိုးဝင်ကာ နှင်းဝံပုလွေများ၏ ဟာကွက်ကို ရှာဖွေနေကြသည်။
ဝံပုလွေဟိန်းသံများနှင့် စူးရှသော အော်ဟစ်သံများက တောအုပ်ကွင်းပြင်တွင် ပဲ့တင်ထပ်နေတော့သည်။
လင်းထျန်းလုံ၏ အကြည့်က စစ်မြေပြင်ကို တည်ငြိမ်စွာ ဖြတ်သန်းသွားလေသည်။ ‘သူတို့ရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အားနည်းချက်ကို ရှာရမယ် ၊ ဒီလိုမျိုး အမြဲတမ်း ခံစစ်ဆင်နေလို့ မဖြစ်ဘူး...’
နောက်ဆုံးတွင် သူ၏အကြည့်သည် ထျန်းပင်း၏ မီးလျံကိုက်ချက်ကြောင့် ဒဏ်ရာရထားသော ခုန်ပျံသားရဲထံသို့ ရောက်ရှိသွားသည်။ ထိုကောင်၏ လှုပ်ရှားမှုများမှာ သိသိသာသာ နှေးကွေးပြီး နာကျင်နေပုံရသည်။ ‘မီးကို ကြောက်တာလား ၊ ဒါမှမဟုတ် အဲ့ဒီပူပြင်းတဲ့ စွမ်းအင်ကို ကြောက်ရွံ့တာလား...’
အတွေးတစ်ခု သူ၏ ဦးနှောက်ထဲတွင် လက်ခနဲ ပေါ်လာသည်။
“ဒီကောင်တွေကို ရှင်းဖို့အတွက် ထျန်းပင်းက အဓိကသော့ချက် ဖြစ်လာနိုင်တယ် ၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက တကယ် အရာထင်တာပဲ”