← Chapters

နှင်းဝိညာဉ်သွေးဆိုးအိပ်မက် ၊ ပါရမီရှင်အဆင့် အရှိန်အဝါနှင့် ဝံပုလွေအုပ်စု၏ခံတပ်

Vol. 4 Ch. 37

နှင်းဝိညာဉ်သွေးဆိုးအိပ်မက် ၊ ပါရမီရှင်အဆင့် အရှိန်အဝါနှင့် ဝံပုလွေအုပ်စု၏ခံတပ်

Vol. 4 Ch. 37

ကျေးရွာအပြင်ဘက်ရှိ တိုက်ပွဲအကြွင်းအကျန်များကို အပြည့်အဝ ရှင်းလင်းရခြင်း မရှိသေးပေ။ သွေးနံ့နှင့် အသားများ လောင်ကျွမ်းနေသည့်အနံ့ သဲ့သဲ့သည် လေထုထဲတွင် ပျံ့လွင့်နေဆဲ ဖြစ်သည်။

လင်းထျန်းလုံ၏ အမိန့်အောက်တွင် နှင်းဝံပုလွေအုပ်စုသည် ရေညှိခုန်ပျံသားရဲများ၏ အလောင်းများကို စနစ်တကျ သယ်ဆောင်နေကြသည်။ ဤအလောင်းများသည် လာမည့်ရက်အနည်းငယ်အတွက် ရိက္ခာများ ဖြစ်လာပေလိမ့်မည်။

ထျန်းပင်းသည် အကြီးဆုံးဖြစ်သော ခေါင်းဆောင်အလောင်း၏ ဘေးတွင် စိတ်လှုပ်ရှားစွာ လှည့်ပတ်နေပြီး တစ်ချက်တစ်ချက် မီးပွားများ ပါဝင်သော အသက်ရှူသံများကို မှုတ်ထုတ်ကာ သူ၏ မီးလျံကိုက်ချက်ကို ထပ်မံစမ်းသပ်ချင်နေသည်။ သို့သော် လင်းထျန်းလုံ၏ ခြေဖဝါးတစ်ဖက်က သူ့ခေါင်းကို ဖွဖွလေးဖိချလာခဲ့သည်။

“ဝူး... (စိတ်လျော့စမ်းပါ ကလေးရာ... မင်း အစွမ်းထက်မှန်း သိပါတယ်...)”

လင်းထျန်းလုံ၏ လေသံတွင် ဖခင်တစ်ဦး၏ ဂုဏ်ယူမှုနှင့်အတူ မတတ်သာသည့်ဟန်များ ရောပြွမ်းနေသည်။

သစ်ပင်အိမ်အတွင်းတွင် ပိုင်လင်သည် ရှောင်လန်နှင့် ရှောင်ယင်းကို ဂရုတစိုက် ပြုစုနေလေသည်။ ကလေးငယ်နှစ်ဦးသည် နူးညံ့သော သားရေဖျာပေါ်တွင် ခွေခွေလေး လဲလျောင်းကာ နို့ရည်ကို တပြွတ်ပြွတ် စို့နေခဲ့ကြသည်။

သူတို့၏ ဖြူဖျော့နေသော မျက်နှာလေးများတွင် သွေးရောင်ပြန်လွှမ်းလာသော်လည်း မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင်မူ စိတ်ခွန်အားကုန်သွားသဖြင့် မောပန်းမှုများ ကျန်ရှိနေဆဲ ဖြစ်သည်။

“ဗိုက်ဆာလို့ သေတော့မယ်... နောက်ဆို ဒီလောက်အထိ အားမစိုက်တော့ဘူး...” ရှောင်ယင်းသည် စိတ်ထဲတွင် အားနည်းစွာ ညည်းတွားနေလေသည်။ “...ဒါပေမဲ့ တကယ်ပဲ ဝံပုလွေဖေဖေကို ကူညီနိုင်ခဲ့တယ် မဟုတ်လား...” ရှောင်လန်မှာ အားနည်းနေသော်လည်း တည်ငြိမ်စွာ တွေးတောနေနိုင်‌ဆဲပင် “ဒါပေမဲ့ ပေးဆပ်ရတဲ့ တန်ဖိုးကတော့...”

ထိုစဉ် ကျေးရွာ၏အနောက်မြောက်ဘက် တောအုပ်အနက်ထဲမှ ကင်းစောင့်နေသော နှင်းဝံပုလွေတစ်ကောင်၏ စူးရှပြီး တိုတောင်းသော အော်သံတစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် ပြတ်တောက်သွားသည်။

၎င်းမှာ သားကောင်တွေ့ရှိခြင်းကြောင့် စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲ သေစေနိုင်သော အန္တရာယ်နှင့် ကြုံတွေ့ရခြင်းကြောင့် ထိတ်လန့်မှုမျိုးပင် ဖြစ်သည်။

လင်းထျန်းလုံသည် ချက်ချင်းခေါင်းမော့လိုက်ပြီး သူ၏ ရေခဲပြာဝံပုလွေမျက်ဝန်းများဖြင့် ထိုအရပ်မျက်နှာကို စူးရှစွာ ကြည့်လိုက်သည်။

မျိုးတူပဲ့တင်ထပ်သံ ကွန်ရက်အတွင်းတွင် ထိုကင်းသမား၏ အသက်စွမ်းအင် တုန်ခါမှုမှာ လျင်မြန်စွာ အားနည်းသွားပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။

“တစ်ခုခုက ကင်းသမားကို သတ်လိုက်တာလား”

လင်းထျန်းလုံသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် တိုတောင်းပြီး အရေးကြီး သတိပေး၊ ဟိန်းဟောက်သံများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

“တိုက်ခိုက်ရေးအဖွဲ့တွေအားလုံး... အကောင်းဆုံး အခြေအနေမှာ အသင့်ပြင်ထား... တံတိုင်းအတွင်းကို ပြန်ဆုတ်ကြ...” “ရန့်မြဲ့... အရှေ့မြောက်ထောင့်ကိုသွား... ထျန်းပင်း... ဒီကို ပြန်လာခဲ့... တံတိုင်းအောက်ခြေမှာ နေ...” “သက်ကြီးရွယ်အိုနဲ့ အားနည်းတဲ့သူတွေ... ဂူထဲကို ဝင်ကြ... မြန်မြန်...”

တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ပြီးဖြစ်သော နှင်းဝံပုလွေအုပ်စုသည် အလွန်လျင်မြန်စွာ တုံ့ပြန်လာကြသည်။ သူတို့သည် ပါးစပ်ထဲမှ အစာများကို ချက်ချင်းစွန့်ပစ်ကာ သစ်သားမြို့ရိုးနောက်သို့ ဒီရေအလား ဆုတ်ခွာသွားကြပြီး အန္တရာယ်လာရာဘက်သို့ သွားများကို ဖြဲပြလျက် ဟိန်းဟောက်နေကြသည်။

ရန့်မြဲ့ထံမှ အအေးဓာတ်များ ထွက်ပေါ်လာပြီး အရှေ့မြောက်ထောင့်ရှိ မြင့်မားသော နေရာသို့ ခုန်တက်လိုက်သည်။ ထျန်းပင်းသည် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း တံတိုင်းအောက်ခြေသို့ လိမ္မာစွာ ဆုတ်ခွာလာခဲ့ပြီး သူ၏ ကိုယ်ပေါ်ရှိ ရေခဲအကြေးခွံချပ်ဝတ် မှာလည်း အနည်းငယ် တောက်ပနေခဲ့သည်။

လင်းထျန်းလုံ ကိုယ်တိုင်ကတော့ အမြင့်ဆုံး ကင်းစင်ပေါ်သို့ ခုန်တက်ကာ ထူးဆန်းစွာ တိတ်ဆိတ်နေသော တောအုပ်ကို စိုက်ကြည့်နေသည်။ အေးစက်၊ကောက်ကျစ်သော ပြိုင်ဖက်ကင်းအရှိန်အဝါတစ်ခုသည် တောအုပ်၏ အရိပ်များကြားတွင် လျင်မြန်စွာ ရွေ့လျားနေပြီး ကျေးရွာဆီသို့ ချဉ်းကပ်လာနေကြောင်း သူခံစားမိလိုက်သည်။

“သူပဲ... အရင်တစ်ခါက ငါတို့ကို လာပြီး အကဲစမ်းသွားတဲ့ကောင်... ဒီတစ်ခါ အရှိန်အဝါက ပိုပြီးပြင်းထန်နေတယ်... ဒါက… သေချာပေါက် ပါရမီရှင်အဆင့်ပဲ”

‘လာနေပြီ’

သွေးရောင်အရိပ်တစ်ခုသည် တောအုပ်အစပ်မှ တစ္ဆေတစ်ကောင်အလား လက်ခနဲ ထွက်ပေါ်လာသည်။ ထိုသားရဲ၏ အရှိန်မှာ ယခင်က ရေညှိခုန်ပျံသားရဲများထက် အဆပေါင်းများစွာ သာလွန်လေသည်။

သူသည် ချက်ချင်းမတိုက်ခိုက်ဘဲ တံတိုင်းအပြင်ဘက် ကွင်းပြင်အစပ်တွင် ရပ်တန့်ကာ သူ၏ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်သည်။

သူ့တစ်ကိုယ်လုံးသည် သွေးကဲ့သို့ရဲရဲနီနေပြီး နက်မှောင်သော အမွေးအမှင်များမှာ လေမတိုက်ဘဲ လှုပ်ခတ်နေသည်။ အထူးခြားဆုံးမှာ သူ၏ မျက်နှာဖြစ်ပြီး သေမင်းတမန်ကဲ့သို့ အဖြူရောင် အရိုးမျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသည်။

မျက်နှာဖုံးအောက်တွင် အရောင်မတူသော ဒေါင်လိုက်မျက်ဝန်းနှစ်စုံမှာ အေးစက်ပြီး ဝိညာဉ်မီးလျှံများအလား တောက်ပနေသည် - တစ်စုံမှာ သွေးကဲ့သို့နီရဲနေပြီး အခြားတစ်စုံမှာ ရေခဲကဲ့သို့ ပြာလဲ့နေသည်။

သူ၏နောက်ကျောတွင် မြေခွေးအမြီးသုံးချောင်းမှာ ညင်သာစွာ ယိမ်းနွဲ့နေလေသည်။ ဘယ်ဘက်နှင့်ညာဘက် အမြီးများတွင် အပြာရောင် ဝိညာဉ်မီးလျံနှင့် အဖြူရောင် နှင်းမှုန် ၊ ရေခဲများ အသီးသီး ရစ်ပတ်နေပြီး ထူးဆန်း၍ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

၎င်းမှာ ယခင်က လင်းထျန်းလုံတွေ့ခဲ့ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော မြေခွေးမိစ္ဆာပင် ဖြစ်သည်။ သူ၏ အရွယ်အစားမှာ ယခင်တွေ့ဆုံခဲ့စဉ်ကထက် အနည်းငယ် ပိုကြီးလာခဲ့ပြီး သူ ထုတ်လွှတ်နေသော ဖိအားက နှင်းဝံပုလွေ အများအပြားကို အသက်ရှူကျပ်စေသည်အထိပင် ဖြစ်စေနိုင်လေသည်။

“တကယ်ကို ပါရမီရှင်အဆင့်မှာပဲ... ပထမဆုံးတွေ့တုန်းကထက် ပိုပြီးပြဿနာတက်နိုင်မယ့် အရှိန်အဝါမျိုးပဲ...”

လင်းထျန်းလုံက တိတ်တဆိတ် တွက်ချက်နေခဲ့သည်။

သစ်ပင်အိမ်အတွင်းရှိ နို့စို့ပြီးကာစ ကလေးငယ်နှစ်ဦးသည်လည်း ထိုထူးဆန်းသော သွေးရောင်အရိပ်ကို မြင်တွေ့လိုက်ကြသည်။

သူတို့သည် ထိုမြေခွေးမိစ္ဆာ၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ - အထူးသဖြင့် အဖြူရောင် အရိုးမျက်နှာဖုံး၊ အရောင်မတူသော မျက်လုံးလေးလုံးနှင့် ရေခဲနှင့်မီးလျှံများ ရစ်ပတ်နေသော အမြီးများကို မြင်လိုက်ရသောအခါ ဧကရီနှစ်ပါး၏ သားငယ်အိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွားကြသည်။

သူတို့၏ သေးငယ်သော ခန္ဓာကိုယ်လေးများမှာ တပြိုင်နက်တည်း တောင့်တင်းသွားပြီး ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ လာသော တုန်လှုပ်မှုတစ်ခု သူတို့ကို ဆုပ်ကိုင်ထားလိုက်သည်။

“နှင်းဝိညာဉ်သွေးဆိုးအိပ်မက်၊ အဲဒါ မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာတာလဲ...”

ရှောင်ယင်း၏ရင်ထဲတွင် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ “ဒီပုံစံ... အင်အားက အထွတ်အထိပ်ကို မရောက်သေးပေမယ့် ဒီလက္ခဏာတွေက... နောက်ပိုင်းခေတ်မှာ ‘နှင်းဝိညာဉ်သွေးဆိုးအိပ်မက်’ ဆိုပြီး နာမည်ကြီးလာမယ့် ဘေးအန္တရာယ်ကြီးရဲ့ ကလေးဘ၀ပုံစံမဟုတ်လား... ဘယ်လိုလုပ် ဒီလောက်စောစော ပေါ်လာတာလဲ... ပြီးတော့… သူက ဝံပုလွေဖေဖေကို ပစ်မှတ်ထားနေတာလား...”

“ 'နှင်းဝိညာဉ်သွေးဆိုးအိပ်မက်’... ‘ဝိညာဉ်ခေတ်’ မှတ်တမ်းအစအနတွေအရ ဝိညာဉ်စွမ်းအင်နိုးထမှု အလယ်ပိုင်းကာလမှာ ထွက်ပေါ်လာတာပဲ၊ အရမ်းကောက်ကျစ်ရက်စက်တယ်... အထူးသဖြင့် အစွမ်းထက်သူတွေရဲ့ ဝိညာဉ်တွေကို စားသုံးရတာနှစ်သက်တယ်... သူဖြတ်သန်းသွားတဲ့ နေရာတိုင်း သေမင်းမြေဖြစ်ခဲ့တယ်... အထွတ်အထိပ်မှာတုန်းကဆိုရင် မိစ္ဆာဘုရင်အဆင့်ထိကို တကယ် ရောက်ခဲ့တာ...”

ရှောင်လန်၏ ဦးနှောက်ထဲတွင် အလုပ်ရှုပ်နေခဲ့သည်။ သူမ၏ တည်ငြိမ်သော ဆန်းစစ်မှုများသည်ပင် ထိုထိတ်လန့်မှုကို ဖုံးကွယ်ထား၍မရနိုင်ပေ။

“သွားပြီ... သွားပြီ... ဝံပုလွေဖေဖေက အစွမ်းထက်ပေမယ့် ဒီလို ဘေးအန္တရာယ်ကြီးနဲ့ ယှဉ်ရင်...” ရှောင်ယင်းမှာ စိတ်ထဲမှ အော်ဟစ်နေလေသည်။ “ဒီဧကရီတော့ ပြန်ဝင်စားလာပြီးခါစမှာတင် မြေခွေးဗိုက်ထဲ ရောက်မသွားချင်သေးဘူး...”

“စိတ်လျှော့ထားစမ်း” ရှောင်လန်က သူမ၏ ထိတ်လန့်မှုကို နှိပ်ကွပ်လိုက်လေသည်။ “သူက မိစ္ဆာဘုရင် မဖြစ်သေးဘူး... ဝံပုလွေဖေဖေမှာလည်း တိုက်ခိုက်နိုင်စွမ်း ရှိကောင်းရှိနိုင်တယ်... တစ်ခုခုတော့ စဉ်းစားရမယ်...”

မြို့ရိုးအပြင်ဘက်တွင်… လင်းထျန်းလုံ၏ ကြွက်သားများမှာ တင်းမာနေပြီး သူ့အပေါ် ကြီးမားသော ဖိအားများ ပေးနေနိုင်သည့် မြေခွေးမိစ္ဆာကို စူးစိုက်ကြည့်နေသည်။ သူသည် ပြိုင်ဘက်၏ ပါရမီရှင်အဆင့်ဖိအားကို လက်တွေ့ကျကျ ခံစားနေရသလို ထိုထူးဆန်းသော အရိုးမျက်နှာဖုံးနှင့် ဝိညာဉ်အော်သံကို မည်သို့ရင်ဆိုင်ရမည်နည်း ဆိုသည်ကို တွက်ချက်နေသည်။

မြေခွေးမိစ္ဆာ၏ မျက်လုံးလေးလုံးသည် အသင့်ပြင်ထားသော နှင်းဝံပုလွေအုပ်စုကို အေးစက်စွာ ဖြတ်ကျော်ကြည့်ရှုပြီး နောက်ဆုံးတွင် လင်းထျန်းလုံထံသို့ ရောက်ရှိသွားသည်။

လောဘနှင့် ကစားချင်စိတ် အရိပ်အယောင်များ သူ၏မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။ သူသည်လည်း ဤပြိုင်ဘက်ဟောင်းကို မှတ်မိနေပုံရသည်။

ဟိန်းသံမပေး၊ သတိပေးခြင်းမရှိဘဲ၊ မြေခွေးမိစ္ဆာသည် ရုတ်ချည်း လှုပ်ရှားလာခဲ့သည်။

သူ၏ပစ်မှတ်မှာ လင်းထျန်းလုံမဟုတ်ဘဲ တံတိုင်းအောက်ခြေရှိ ထူးခြားသောစွမ်းအင်များ ထုတ်လွှတ်နေသည့် ဝံပုလွေပေါက်လေး - ထျန်းပင်းပင် ဖြစ်သည်။

သွေးရောင်အရိပ်တစ်ခုသည် ထျန်းပင်းထံသို့ နေရာကူးပြောင်းလိုက်သကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် ခုန်အုပ်လိုက်သည်။ ၎င်း၏အရှိန်မှာ မျက်စိဖြင့် လိုက်ကြည့်ရန် ခက်ခဲလောက်အောင် မြန်ဆန်လှသည်။

မြေခွေးလက်သည်းများပေါ်တွင် အပြာရောင်နှင့် အဖြူရောင် အလင်းများ ရစ်ပတ်နေပြီး ထျန်းပင်း၏ လည်ပင်းကို တည့်မတ်စွာ ချိန်ရွယ်ထားသည်။

“သေချင်နေတာပဲ!” လင်းထျန်းလုံ ထိတ်လန့်သွားသလို ဒေါသလည်းထွက်သွားသည်။

“ထျန်းပင်း... နေရာမှာပဲ နေ...”

လင်းထျန်းလုံက အော်ဟစ်ရင်း ကြားဖြတ်ဟန့်တားရန် ခုန်ဆင်းလာလေသည်။

“အားဝူး!”

ထျန်းပင်း၏ ဗီဇများ ထိုကြောက်မက်ဖွယ် ဖိအားကြောင့် နိုးထလာခဲ့သည်။ သူသည် နောက်ဆုတ်မသွားဘဲ ဟိန်းဟောက်လိုက်ရာ သူ၏ရေခဲအကြေးခွံချပ်ဝတ်မှ အလင်းရောင်များ အမြင့်ဆုံးအထိ တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် သူသည် ပါးစပ်ကိုဖြဲကာ ထိုမြေခွေးကိုပြန်လည် ကိုက်ခဲရန် ပြင်လိိုက်သည်။

“ဘုန်း... ရှပ်...”

မြေခွေးလက်သည်းများက ထျန်းပင်း၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ သွားကျိန်းစရာကောင်းသော ပွတ်တိုက်သံကြီး ထွက်ပေါ်လာခဲ့သည်။

ကျောက်ဆောင်ကိုပင် ဖောက်ထွင်းနိုင်လောက်သော ထိုတိုက်ကွက်ကို ရေခဲအကြေးခွံချပ်ဝတ်က ခံနိုင်ရည်ရှိနေပြီး နက်ရှိုင်းသော အဖြူရောင် အစင်းရာအချို့သာ ကျန်ရစ်စေသည်။ သို့သော် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ထျန်းပင်းမှာ နာကျင်စွာ အော်ဟစ်ရင်း လွင့်စင်သွားရသည်။

ထျန်းပင်း၏ မီးလျံကိုက်ချက်ကိုမူ မြေခွေးမိစ္ဆာက လျင်မြန်စွာ ရှောင်တိမ်းလိုက်သဖြင့် အမွေးအမျှင်အချို့သာ လောင်ကျွမ်းသွားရသည်။

မြေခွေးမိစ္ဆာ၏ မျက်ဝန်းထဲတွင် အံ့ဩမှု အရိပ်အယောင်များ ပေါ်လာသည်။ ဤဝံပုလွေပေါက်လေး၏ အကာအကွယ်သည် ဤမျှမာကျောလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

ထိုစဉ် လင်းထျန်းလုံ ရောက်ရှိလာခဲ့သည်။ သူ၏ဓားလက်သည်းများက လေကိုခွင်းကာ မြေခွေးမိစ္ဆာ၏ ခါးနှင့်ဝမ်းဗိုက်ဆီသို့ တည့်မတ်စွာ ဦးတည်သွားသည်။

မြေခွေးမိစ္ဆာ၏ တုံ့ပြန်မှုမှာလည်း အလွန်မြန်ဆန်လှသည်။ သူ၏ ခြေလေးချောင်းဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ရာ ခန္ဓာကိုယ်မှာ အလေးချိန်မဲ့နေသကဲ့သို့ နောက်သို့ လွင့်မျောသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်ရှိ အရိုးဖြူများမှာ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

“ကလစ်...”

လင်းထျန်းလုံ၏ လက်သည်းများက အရိုးချပ်ဝတ်တန်ဆာနှင့် ပြင်းထန်စွာ ရိုက်ခတ်မိလိုက်ရာ သတ္တုနှင့်ကျောက်တုံး တိုက်မိသကဲ့သို့ အသံကြီးထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားသည်။ မြေခွေးမိစ္ဆာသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီး အရိုးချပ်ဝတ်တန်ဆာပေါ်တွင် အက်ရာများ ပေါ်လာသော်လည်း လုံးဝ ကွဲအက်သွားခြင်း မရှိပေ။ လင်းထျန်းလုံမှာလည်း တုန်ခါမှုကြောင့် လက်သည်းများ ထုံကျင်သွားသည်။

“မာလိုက်တဲ့ လိပ်ခွံပဲ”

မြေခွေးမိစ္ဆာသည် ချက်ချင်းပဲ ဟန်ချက်ပြန်ထိန်းလိုက်သည်။ သူ၏မျက်ဝန်းများထဲမှ ကစားချင်စိတ် ပျောက်ကွယ်သွားပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်များက အစားထိုး ဝင်ရောက်လာသည်။

သူက ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်သည်။

“ဝူး...”

ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ဝင်ရောက် သွားနိုင်လောက်သည့် အက်ကွဲပြီး စူးရှသည့် အော်ဟစ်သံကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

[ ဝိညာဉ်တုန်ခါဟိန်းသံ ]

မမြင်ရသော အသံလှိုင်း ဖိအားတစ်ခု ရှေ့တန်းတစ်လျှောက်လုံးကို ဖြတ်သန်းသွားခဲ့သည်။ လင်းထျန်းလုံ အပါအဝင် ထိုအသံကို ကြားလိုက်ရသော နှင်းဝံပုလွေတိုင်းသည် ခေါင်းကို ကြီးမားသောတူကြီးတစ်ချောင်းဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ပြင်းထန်သော ခေါင်းမူးခြင်းနှင့် ပျို့အန်ချင်စိတ်များမှာ နောက်ဆက်တွဲ ပါလာပြီး လှုပ်ရှားမှုများမှာ ချက်ချင်း တောင့်တင်း နှေးကွေးသွားရသည်။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်း တို့ပင်လျှင် ဤကြောက်မက်ဖွယ် ဟိန်းသံ၏ သက်ရောက်မှုကြောင့် မျက်နှာလေးများ ဖြူဖျော့သွားကြသည်။

“ဝိညာဉ်တိုက်ခိုက်မှုလား”

လင်းထျန်းလုံ ထိတ်လန့်သွားသည်။ မူးဝေမှုကို အောင့်ခံရင်း သူ၏ ဝံပုလွေဘုရင်ဖိအားကို အလိုအလျောက် ထုတ်ဖော်ကာ ဤစွမ်းအားကို ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။

မြေခွေးမိစ္ဆာ၏ မျက်ဝန်းထဲတွင် ကောက်ကျစ်မှုအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ သူသည် တောင့်တင်းနေသော လင်းထျန်းလုံ သို့မဟုတ် ဝံပုလွေအုပ်စုကို ဆက်လက်တိုက်ခိုက်ခြင်း မရှိဘဲ ရုတ်တရက် ခေါင်းလှည့်ကာ သွေးရောင်အရိပ်အဖြစ် ပြောင်းလဲသွားပြီး ရောက်လာစဉ်ကထက်ပင် ပိုမိုလျင်မြန်သော အရှိန်ဖြင့် တောအုပ်အနက်ထဲသို့ တိုး၀င် ပျောက်ကွယ်သွားတော့သည်။

သူရောက်လာသည်မှာ မြန်ဆန်လွန်းသလို ပြန်သွားသည်ကလည်း မြန်ဆန်လွန်းလှသည်။

လင်းထျန်းလုံသည် မူးဝေနေဆဲဖြစ်သော ခေါင်းကိုခါရမ်းလိုက်သည်။ မြေခွေးမိစ္ဆာ ပျောက်ကွယ်သွားရာ အရပ်ကိုကြည့်ရင်း သူ၏မျက်နှာထားမှာ အလွန် လေးနက်နေခဲ့သည်။

“ဒီကောင်က... အရင်တစ်ခေါက်ကထက် ပိုသန်မာလာတယ်... ပြီးတော့ ပိုပြီးလည်းကောက်ကျစ်လာတယ်... ခုနက ငါတို့ကို ထိခိုက်အောင် လုပ်ဖို့ အခွင့်အရေး အပြည့်ရှိပေမယ့် သူက ထျန်းပင်းရဲ့ အကာအကွယ်နဲ့ ငါ့ရဲ့ တုံ့ပြန်မှုကို စမ်းသပ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားတယ်... သတင်းအချက်အလက် လာယူတာများလား...”

သူသည် ထျန်းပင်း၏ ဘေးသို့သွားကာ ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ကံကောင်းထောက်မစွာပင် သာမန်ဒဏ်ရာသာ ရရှိထားခြင်း ဖြစ်သည်။

“တော်တယ် ကလေး...” လင်းထျန်းလုံက ထျန်းပင်း၏ခေါင်းကို ပွတ်ပေးလိုက်သည်။

“ဝူး...” ထျန်းပင်းက ဝမ်းနည်း၊ဂုဏ်ယူမှုများရောယှက်နေသည့် ခံစားချက်ဖြင့် သူ့လက်လေးကို ပြန်လည်ပွတ်သပ်နေသည်။

ထို့‌နောက် လင်းထျန်းလုံသည် တံတိုင်းပေါ်သို့ ပြန်တက်ကာ တုန်လှုပ်နေသော ဝံပုလွေအုပ်စုကို ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်နေပြန်သည်။

“ပြဿနာအစစ်က အခုမှစတာပဲ... သူ့ရဲ့ဝိညာဉ်ဟိန်းသံနဲ့ အဲဒီ အရိုးချပ်ဝတ်တန်ဆာကို ကိုင်တွယ်ဖို့ နည်းလမ်းကို အမြန်ဆုံးရှာရမယ်...”

သူသည် သစ်ပင်အိမ်ကိုပြန်လှည့် ကြည့်လိုက်ကာ သူ၏အကြည့်က ဝံပုလွေမများ စုဆောင်းထားသော အပင်များနှင့် ခုန်ပျံသားရဲခေါင်းဆောင်၏ အမြုတေအပေါ်သို့ ရောက်သွားသည်။

“ဖြစ်နိုင်တာက... အဖြေက ဒီစစ်ပွဲနိုင်ရာကနေရတဲ့ ပစ္စည်းတွေထဲမှာပဲ ရှိနေမလား...”

All Chapters