လင်းထျန်းလုံ လိုက်လံတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း
Vol. 4 Ch. 38
လင်းထျန်းလုံသည် တံတိုင်းအထက်တွင် မတ်မတ်ရပ်လျက် မြေခွေးမိစ္ဆာ ပျောက်ကွယ်သွားရာ တောအုပ်အနက်ထဲကို ငေးကြည့်နေခဲ့ပြီး သူ၏ မျက်နှာထားမှာလည်း အလွန် လေးနက်နေခဲ့သည်။
“ဒီကောင်ရဲ့ အရိုးချပ်ဝတ်တန်ဆာနဲ့ ဝိညာဉ်ဟိန်းသံက တော်တော် ဒုက္ခပေးမယ့်ပုံပဲ... ပြီးတော့ သူက အရမ်းမြန်လွန်းတယ်... သူ့ကိုပြန်တိုက်ဖို့ နည်းလမ်းရှာရမယ်...”
သူသည် တံတိုင်းပေါ်မှ ခုန်ဆင်းကာ ရေညှိခုန်ပျံသားရဲခေါင်းဆောင်၏ ဦးခေါင်းထဲမှ ရရှိထားသော စိမ်းပြာရောင် အမြုတေကို သွားရောက် ကြည့်ရှုလိုက်သည်။
၎င်းသည် သိမ်မွေ့သော စိတ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေပြီး သူက လက်သည်းဖြင့် အသာအယာ တို့ထိကြည့်လိုက်သည်။
“ဒီအမြုတေရဲ့ အရှိန်အဝါက နည်းနည်းထူးခြားနေတယ်... ပုန်းကွယ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းဘက်ကို ယိမ်းနေသလိုပဲ... ဒါကို အသုံးချလို့ရနိုင်မလား...”
ထို့နောက်သူသည် ဝံပုလွေမများ ရှာဖွေစုဆောင်းထားသော ထူးဆန်းသည့် အပင်မြစ်များနှင့် နွယ်ပင်များကို ကြည့်လိုက်သည်။ အချို့မှာ ထူးခြားသော မာကျောမှု သို့မဟုတ် ဒြပ်စင်များအားခုခံနိုင်စွမ်းများ ရှိပုံရသည်။ “ဒါတွေကို သုံးပြီး ရိုးရှင်းတဲ့ အကာအကွယ် ပစ္စည်းတွေ လုပ်လို့ရနိုင်မလား...”
သူနက်နက်နဲနဲ စဉ်းစားနေစဉ်မှာပင် ကျေးရွာအပြင်ဘက်မှ သတိပေး ဟိန်းသံတစ်ခု စူးရှစွာ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဝံပုလွေအုပ်စု၏ အနောက်မြောက်ဘက်ရှိ ကင်းသမားတစ်ကောင်၏ အသက်စွမ်းအင် ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့်အတူ ယှဉ်တွဲပါလာခြင်းဖြစ်သည်။
“နောက်တစ်ခါလား! ဒီတစ်ခါတော့ အကဲစမ်းတာကိုကျော်ပြီး တိုက်ရိုက်သတ်ဖြတ်တာပဲ” လင်းထျန်းလုံ လန့်သွားသည်။ သူသည် စစ်ပွဲလက်ကျန် ပစ္စည်းကိစ္စကို ခေါင်းထဲမှ ချက်ချင်းထုတ်လိုက်ရသည်။ “ငါတို့ကို အသက်ရှူချိန်တောင် မပေးဘဲ တိုက်ခိုက်မယ့်ပုံပဲ”
“တိုက်ခိုက်ရေးအဖွဲ့ အားလုံး... အမြင့်ဆုံး အသင့်ပြင်ထား... တံတိုင်းပေါ်ကို ပြန်ဆုတ်ကြ...” “ရန့်မြဲ့... အရှေ့မြောက်ထောင့်... ထျန်းပင်း... ဒီကို ပြန်လာခဲ့... တံတိုင်းအောက်ခြေမှာ နေ...” “သက်ကြီးရွယ်အိုနဲ့ အားနည်းတဲ့သူတွေ... ဂူထဲကို ဝင်ကြ... မြန်မြန်...”
တိုက်ပွဲအတွေ့အကြုံ ရှိလာပြီဖြစ်သော နှင်းဝံပုလွေအုပ်စုသည် အလွန် လျင်မြန်စွာ တုံ့ပြန်ကြသည်။ သစ်သားမြို့ရိုးအတွင်းသို့ ဒီရေအလား ဆုတ်ခွာသွားပြီး အန္တရာယ်လာရာဘက်သို့ ဟိန်းဟောက်နေကြသည်။
ရန့်မြဲ့သည် အရှေ့မြောက်ထောင့် ကင်းစင်ပေါ်သို့ အအေးဓာတ်များလွှမ်းခြုံလျက် ခုန်တက်လိုက်သည်။ ထျန်းပင်းကလည်း တံတိုင်းအောက်ခြေသို့ လိမ္မာစွာဆုတ်ခွာလာသည်။
ဝံပုလွေအုပ်စုက အလျှင်အမြန် စုစည်းသွားသည်ကို မြင်သောအခါ မြေခွေးမိစ္ဆာသည် တစ်ဖန် တောအုပ်အနက်ထဲသို့ ဆုတ်ခွာသွားပြန်သည်။
ထို့နောက် လင်းထျန်းလုံက ဝံပုလွေအုပ်စုထဲမှ သန်မာသည့် ဝံပုလွေအချို့ကို ခေါ်ကာ မြေးခွေးမိစ္ဆာနောက်သို့ လိုက်သွားလေတော့သည်။
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့်ရှောင်ယင်း တို့သည်လည်း အပြင်အခြေအနေကို စောင့်ကြည့်နေကြသည်။
လင်းထျန်းလုံသည် တွန့်ဆုတ်မနေဘဲ ထျန်းပင်းနှင့် ရန့်မြဲ့အပါအဝင် သန်မာသော နှင်းဝံပုလွေအချို့ကို ရွေးထုတ်ကာ နှင်းဝိညာဉ်သွေးဆိုးအိပ်မက် ပျောက်ကွယ်သွားရာ အရပ်သို့ လိုက်လံတိုက်ခိုက်ရန် ကျေးရွာပြင်သို့ ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ ရပ်တန့်လုမတတ် ဖြစ်သွားရသည်။
“နေပါဦး၊ ဝံပုလွေဖေဖေက ဘာလို့ လိုက်သွားတာလဲ” ရှောင်လန် ဇဝေဇဝါ ဖြစ်သွားရသည်။ “အဲဒီ နှင်းဝိညာဉ်သွေးဆိုးအိပ်မက်က ကင်းသမားကိုသတ်ပြီး အစွမ်းကုန်ကြမ်းတမ်းနေတဲ့အချိန်လေ... သူ့ကိုလိုက်တိုက်တာက အရမ်းအန္တရာယ်များလွန်းတယ်”
“ဘုရားရေ၊ ဝံပုလွေဖေဖေက ထိပ်တိုက် တွေ့ဖို့ သွားနေတာလား” ရှောင်ယင်း၏စိတ်ထဲတွင် ထိတ်လန့်မှုနှင့်အတူ လေးစားမှုများ မသိမသာ ဖြတ်ပြေးသွားသော်လည်း စိုးရိမ်စိတ်က ချက်ချင်းဖုံးလွှမ်းသွားသည်။ “ဒါပေမဲ့ အဲဒါက အနာဂတ် ဘေးအန္တရာယ်ကြီးလေ”
သူတို့သည် တားဆီး၍မရသဖြင့် ရင်တမမဖြင့်သာ စောင့်ဆိုင်းနေရတော့သည်။ သူမတို့အတွက် တစ်စက္ကန့်တိုင်းသည် တစ်နှစ်ကဲ့သို့ ကြာရှည်နေခဲ့လေသည်။
လင်းထျန်းလုံသည် အဖွဲ့ကိုဦးဆောင်၍ ဖျော့တော့ပြီး အေးစက်သော အရှိန်အဝါနောက်သို့ ခြေရာခံ လိုက်ပါသွားသည်။ နှင်းဝိညာဉ်သွေးဆိုးအိပ်မက်သည် အလွန် လျင်မြန်သော်လည်း ဤတစ်ကြိမ်တွင် သူ၏ခြေရာများကို တမင်ဖုံးကွယ်မထားခဲ့ပေ။ ထိုအစား သူတို့ကို ပိုမိုနက်ရှိုင်းသော နေရာသို့ မျှားခေါ်နေသကဲ့သို့ပင်။
“ဒီကောင်က... ငါတို့ကို တမင်ခေါ်နေတာလား...”
လင်းထျန်းလုံ သတိကပ်သွားကာ မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အုပ်စုကို ယပ်တောင်ပုံစံဖြန့်ခွဲ၍ အပြန်အလှန် ပံ့ပိုးနိုင်ရန် နေရာယူခိုင်းလိုက်သည်။
လိုက်လံမှုမှာ အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေပြီး၊ တောအုပ်နက်ကိုကျော်လာကာ ရှေ့မှမြင်ကွင်းမှာ ရုတ်တရက် ရှင်းလင်းသွားသော်လည်း ပိုမို၍ဖိစီးလာသည်။
မတ်စောက်သော ကျောက်ကမ်းပါးများနှင့် နက်ရှိုင်းသည့်ချောက်တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။ ချောက်ထဲတွင် ပျံ့နှံ့နေသော အရှိန်အဝါမှာ မြေခွေးမိစ္ဆာနှင့် အရင်းအမြစ်တူသော်လည်း ပို၍ထူထပ်ပြီး အေးစက်နေသည်။
“ဒါက သူ့ရဲ့အသိုက်လား... ဒါမှမဟုတ် သူရွေးချယ်ထားတဲ့ စစ်မြေပြင်လား...”
လင်းထျန်းလုံ တွန့်ဆုတ်မနေပေ။ ဤကြီးမားသော ခြိမ်းခြောက်မှုကို အမြစ်ဖြတ်ရပေမည်။
သူသည် အမိန့်ပေးသံဖြင့် ဟိန်းဟောက်လိုက်ရာ ဝံပုလွေအုပ်စုသည် ပုံစံပြောင်းလိုက်သည်။ ရန့်မြဲ့နှင့် ထျန်းပင်းသည် ဘယ်နှင့်ညာမှ ရှေ့ပြေးအဖြစ် တိတ်ဆိတ်စွာ ချောက်ထဲသို့ တိုးဝင်သွားကြသည်။
ချောက်အတွင်းတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေ သွေးညှီနံ့က ပိုမိုပြင်းထန်လာလေ ဖြစ်သည်။
“ဒီနားမှာပဲ”
လင်းထျန်းလုံ၏ အာရုံစူးစိုက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဝံပုလွေပြာသွေးမျိုးဆက်၏ စူးရှသော အာရုံခံစားမှုက အပေါ်ထောင့်မှလာသော အလွန်ပါးလွှားသည့် သတ်ဖြတ်လိုစိတ် တစ်ခုကို ဖမ်းဆုတ်လိုက်မိသည်။
“အပေါ်မှာပဲ”
သူမော့ကြည့်ရန်ပင် အချိန်မရလိုက်ပေ။ အလိုလျှောက် တိုက်ခိုက်ရေး အသိစိတ်သက်သက်ကို အားကိုးကာ ခြေလေးချောင်းဖြင့် ကန်ထုတ်ပြီး နောက်ဘက်သို့ ခုန်ရှောင်လိုက်ရသည်။
“ရှပ်!”
သူ ခုန်ထွက်လိုက်သည်နှင့် တပြိုင်နက် အပြာရောင်ဝိညာဉ်မီးလျံနှင့် အဖြူရောင် ရေခဲများ ရစ်ပတ်နေသော မြေခွေးလက်သည်း အရိပ်တစ်ခုက သူ ရပ်ခဲ့သောနေရာကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်ရာ မြေကြီးပေါ်တွင် နက်ရှိုင်းသော အစင်းရာသုံးခု ကျန်ရစ်သွားခဲ့သည်။
နှင်းဝိညာဉ်သွေးဆိုးအိပ်မက်၏ ပုံရိပ်သည် အပေါ်ဘက်ရှိ ကျောက်ဆောင်စွန်းတစ်ခုတွင် တစ္ဆေတစ်ကောင်အလား ထွက်ပေါ်လာခဲ့သည်။ သူသည် အမြင်အာရုံ လှည့်စားခြင်းနှင့် ပုန်းကွယ်ခြင်း စွမ်းရည်အချို့ကို အသုံးပြု၍ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်လုနီးပါး ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် အကွာအဝေးမှာ အလွန်နီးကပ်နေပြီဖြစ်သဖြင့် လင်းထျန်းလုံ စူးစိုက်ကြည့်လိုက်ရာ မြေခွေးမိစ္ဆာ၏ အချက်အလက်များ စိတ်ထဲတွင် ပေါ်လာခဲ့သည် -
[ မျိုးနွယ် - နှင်းဝိညာဉ်သွေးဆိုးအိပ်မက်မြေခွေး (မျိုးဗီဇပြောင်းသွေးမျိုးဆက်) ]
[ အဆင့် - ၂၃ (ပါရမီရှင်အဆင့် မိစ္ဆာသားရဲ) ]
[ အခြေအနေ - ဒဏ်ရာအနည်းငယ်ရ (လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေသည်) ]
[ ပင်ကိုယ်စွမ်းရည်များ - ရေခဲဝိညာဉ်မိစ္ဆာမီးလျံ (ခရမ်းရောင်) ၊ အရိုးချပ်ဝတ်တန်ဆာ (ခရမ်းရောင်) ၊ ဝိညာဉ်လေချွန်သံ (ခရမ်းရောင်) ]
[ စွမ်းရည်များ - အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်) ၊ ရေခဲဝိညာဉ်တစ္ဆေပိုင်းဖြတ်ခြင်း (ခရမ်းရောင်) ၊ ပုံရိပ်ယောင်မျက်ဝန်း (ခရမ်းရောင်) ]
‘ဒဏ်ရာနည်းနည်းပဲ ရှိတာလား... ဒဏ်ရာပြန်ကောင်းတဲ့နှုန်းက အရမ်းမြန်တာပဲ... ခရမ်းရောင်အဆင့် ပါရမီတွေချည်းပဲ... ဒါကြောင့် ကိုင်တွယ်ရခက်နေတာကိုး’ လင်းထျန်းလုံ၏ နှလုံးသားထဲတွင် အေးစက်သွားပြီး တစ်ချိန်တည်းမှာပင် ဤကိစ္စကို ဒီနေရာမှာတင် အပြတ်ရှင်းရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာခဲ့သည်။
မြေခွေးမိစ္ဆာသည် တိုက်ကွက် လွဲချော်သွားသဖြင့် သူ၏မျက်လုံးလေးလုံးထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။
လင်းထျန်းလုံက ဤကြိုတင်ကြံစည်ထားသော တိုက်ခိုက်မှုကို ရှောင်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူသည် တွန့်ဆုတ်မနေဘဲ မြေပြင်အနေအထားကို အသုံးချ၍ ထပ်မံ ထွက်ပြေးရန် ပြင်လိုက်သည်။
“ရန့်မြဲ့!” လင်းထျန်းလုံ ဟိန်းဟောက်လိုက်သည်။
အသင့်ဖြစ်နေသော ရန့်မြဲ့သည် အမိန့်ကြားသည်နှင့် ခေါင်းမော့ကာ ယခင်ကထက် ပိုမိုအားကောင်းသော အေးခဲဟိန်းသံကို မှုတ်ထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် မြေခွေးမိစ္ဆာကို တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ဘဲ ထွက်ပြေးနိုင်ခြေအရှိဆုံး လမ်းကြောင်းကို တိတိကျကျ ပိတ်ဆို့လိုက်ခြင်းသာ ဖြစ်သည်။
“ကလစ်...”
ရေခဲလွှာများက မြေခွေးမိစ္ဆာ၏ လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
မြေခွေးမိစ္ဆာ၏ အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထိုစက္ကန့်ပိုင်းလေးက လင်းထျန်းလုံနှင့် ထျန်းပင်းအတွက် အခွင့်အရေး ဖြစ်လာလေသည်။
“ထျန်းပင်း... သူ့ကို ချုပ်ထားစမ်း”
လင်းထျန်းလုံ အမိန့်ပေးလိုက်ရင်း ဝံပုလွေဘုရင်၏ ဖိအားနှင့် သွေးဆာသားရဲဟိန်းသံသည်လည်း ပြိုင်တူပေါက်ကွဲထွက်ပေါ်လာသည်။
မမြင်ရသော ဖိအားတစ်ခုက မြေခွေးမိစ္ဆာကို လွှမ်းခြုံထားလိုက်ပြီး ဝံပုလွေအုပ်စု၏ တိုက်ပွဲဝင်စိတ်ဓာတ်များမှာလည်း ဆူပွက်လာသည်။
ထျန်းပင်း ဟိန်းဟောက်လိုက်ရာ တစ်ကိုယ်လုံးရှိ ရေခဲအကြေးခွံများမှာ တလက်လက် တောက်ပလာသည်။ တားဆီးမရသော အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်ပြီး မီးလျံကိုက်ချက်ဖြင့် မြေခွေးမိစ္ဆာကို မြဲမြံစွာ ကိုက်ခဲချုပ်နှောင်ထားလိုက်သည်။
မြေခွေးမိစ္ဆာ၏ လက်သည်းများနှင့် ကိုက်ခဲမှုအများစုကို ရေခဲအကြေးခွံက ချပ်၀တ်သဖွယ် ကာကွယ်ပေးထားပြီး သွားကျိန်းစရာ ပွတ်တိုက်သံများ ထွက်ပေါ်နေခဲ့သည်။ ထျန်းပင်းသည် မြေခွေးမိစ္ဆာ၏ ပြင်းထန်သော ခွန်အားကြောင့် ယိုင်နဲ့နေသော်လည်း ဟိန်းဟောက်နေပြီး ခြေတစ်လှမ်းမျှ နောက်မဆုတ်ပေ။
လင်းထျန်းလုံသည် ငွေရောင်လျှပ်စီးအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဓားလက်သည်းများက ထျန်းပင်းတိုး၀င်လာသည်ကို ရှောင်တိမ်းရန်ကြိုးစားနေစဉ် ပေါ်ထွက်လာသော မြေခွေးမိစ္ဆာ၏ ဟာကွက်ဖြစ်သည့် ခါးနှင့်ဝမ်းဗိုက်ဆီသို့ တည့်မတ်စွာ တိုး၀င်သွားခဲ့သည်။
မြေခွေးမိစ္ဆာသည် စူးရှစွာ အော်ဟစ်လိုက်ပြီး အရိုးချပ်ဝတ်တန်ဆာက အရေးကြီးသော နေရာများကို ချက်ချင်းဖုံးအုပ်လိုက်ကာ အစွန်းရောက် အရိပ်လျှပ်စီးခြေလှမ်းဖြင့် ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် လင်းထျန်းလုံက ပိုမြန်နေခဲ့သည်။ တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့သော သူ၏ဓားလက်သည်းများက အလွန်ရက်စက်လေသည်။
“ကလစ်... ရှပ်...”
အရိုးချပ်ဝတ် ကွဲအက်သံနှင့် အသားထဲသို့ လက်သည်း စိုက်ဝင်သွားသံတို့ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
မြေခွေးမိစ္ဆာသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခါးတစ်လျှောက်တွင် ကြီးမားသောဒဏ်ရာကြီး ဖြစ်ပေါ်သွားကာ သွေးများ ပန်းထွက်လာသည်။
သူ၏ မျက်ဝန်းထဲမှ ရက်စက်သော အလင်းရောင်များ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။
နာကျင်မှုကို အောင့်ခံနေရင်း သူ၏ မြေခွေးမြီးအ သုံးချောင်းမှ အပြာနှင့်အနီ ရောယှက်နေသော ကြောက်မက်ဖွယ် စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
“ဘုန်း...”
ပြင်းထန်သော စွမ်းအင်လှိုင်းက ထျန်းပင်းနှင့် အခြားသော နှင်းဝံပုလွေများကို ချက်ချင်းလွင့်စင်သွားစေသည်။
ထိုအခွင့်အရေးကို အရယူကာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အသုံးပြု၍ အသေအလဲ ထွက်ပြေးတော့ပေမည်။
“ငါက လှည့်ကွက်တစ်ခုတည်းကို နှစ်ခါ အလိမ်မခံဘူး!”
လင်းထျန်းလုံ၏ အေးစက်သော အသံထွက်ပေါ်လာခဲ့သည်။ သူသည် မြေခွေးမိစ္ဆာ၏ လှုပ်ရှားမှုလမ်းကြောင်းကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။
ဝံပုလွေပြာသွေးမျိုးဆက်၏ စွမ်းအားများမှာ သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်လာပြီး သူ၏အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ မြေခွေးမိစ္ဆာ ထွက်ပြေးမည့် လမ်းကြောင်းပေါ်တွင် ကြိုတင် ရောက်ရှိနေပြီ ဖြစ်သည်။
ဓားလက်သည်း - သေမင်းတမန် ရိုက်ချက်
မြေခွေးမိစ္ဆာ၏ မျက်လုံးလေးလုံးထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ရန်သူက သူ၏ ခြေလှမ်း လမ်းကြောင်းကို မည်သို့ ကြိုတင်သိမြင်သွားသည်ကို သူ နားမလည်နိုင်တော့ပေ။
“ရွှီး...”
လက်သည်းများသည် သူ၏လည်ပင်းကို တိကျပြတ်သားစွာ ပိုင်းဖြတ်သွားခဲ့သည်။
လှုပ်ရှားမှု အားလုံး ရပ်တန့်သွားလေသည်။
[ ဒင် - ပိုင်ရှင်သည် ပါရမီရှင်အဆင့် မိစ္ဆာသားရဲ · နှင်းဝိညာဉ်သွေးဆိုးအိပ်မက်မြေခွေးကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ပြီပဲဖြစ်သည် ]
[ စွမ်းရည် ကျခြင်း - အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်)! စုပ်ယူမလား? ]
[ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်) - လှုပ်ရှားမှု အမျိုးအစားစွမ်းရည်ဖြစ်သည်။ အသုံးပြုပါက အရှိန်နှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည်။ အသုံးပြုနေစဉ်အတွင်း တိုက်ခိုက်နိုင်စွမ်းကို အနည်းငယ် တိုးမြှင့်ပေးသည်။ ]
စနစ်၏ အသိပေးချက်ကို ကြည့်ရင်း လင်းထျန်းလုံ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ ဤကြီးမားသော ခြိမ်းခြောက်မှုကြီးကို သူဖြေရှင်းနိုင်ခဲ့လေပြီ။
သူသည် စွမ်းရည်ကို ချက်ချင်းမစုပ်ယူသေးဘဲ မြေခွေးမိစ္ဆာ၏ ဦးခေါင်းခွံကို သတိကြီးစွာဖြင့်ဖွင့်လိုက်သည်။ ရေခဲနှင့် မီးစွမ်းအင်များ ရောယှက်နေပြီး အတွင်းတွင် အလင်းတန်းများ စီးဆင်းနေသော ခရမ်းရောင် အမြုတေတစ်ခု ထွက်ကျလာသည်။ ယခင် စိမ်းပြာရောင်အမြုတေထက် များစွာ ပိုမိုအားကောင်းပြီး သန့်စင်လှသည်။
“တကယ်ပဲ အမြုတေ ရှိတာပဲ၊ ပြီးတော့ ခရမ်းရောင်အဆင့်...” လင်းထျန်းလုံ ဝမ်းသာသွားပြီး သေချာ သိမ်းဆည်းထားလိုက်သည်။ “ဒီအထဲမှာပါတဲ့ စွမ်းအင်တွေက ရှုပ်ထွေးတယ်... ဘယ်လို သုံးရမလဲဆိုတာ သေချာစဉ်းစားရမယ်”
ထို့နောက် သူ၏အကြည့်သည် မြေခွေးအလောင်းထံသို့ ရောက်သွားခဲ့သည်။ “ဒီအရိုးချပ်ဝတ်တန်ဆာက ပစ္စည်းကောင်းပဲ... ကွဲသွားပေမယ့် ပြန်သုံးလို့ ရနိုင်လောက်တယ်... ပြီးတော့ ဒီသားရေ ၊ လက်သည်းတွေ... အားလုံးက ပါရမီရှင်အဆင့် ပစ္စည်းတွေပဲ... အလဟဿ မဖြစ်စေရဘူး”
“ရန့်မြဲ့... ညီအစ်ကိုတွေကိုခေါ်ပြီး ဒီကောင်ကို သယ်သွားကြ... သတိထားနော်... အရိုးတွေက မာတယ်... လက်သည်းတွေကလည်း ထက်တယ်...” လင်းထျန်းလုံ ညွှန်ကြားလိုက်သည်။
ကိစ္စများကို သေချာစီမံပြီးနောက် သူသည် ခရမ်းရောင် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း စွမ်းရည်ကို ပြန်လည် အာရုံစိုက်လိုက်သည်။ “အရှိန်နဲ့ ပုန်းကွယ်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်... တိုက်ခိုက်တာကိုလည်း အားဖြည့်ပေးနိုင်တယ်ဆိုတော့... လိုက်ဖမ်းတာ ၊ ထွက်ပြေးတာနဲ့ ခြုံခိုတိုက်ခိုက်တာတွေအတွက် တကယ့်ကို နတ်ဘုရား စွမ်းရည်ပဲ”
[ စုပ်ယူမည်လား ]
[ စုပ်ယူမယ် ]
ထူးဆန်းသော အလင်းတန်းများ ပါဝင်သည့် စွမ်းအင်တစ်ခုသည် လင်းထျန်းလုံ၏ ခန္ဓာကိုယ်ထဲသို့စီးဝင်လာသည်။ အရှိန်ပြင်းစွာ လှုပ်ရှားရန်နှင့် အရှိန်အဝါဖုံးကွယ်ရန် စွမ်းအားများကို မည်သို့အသုံးချရမည်ဆိုသော ဉာဏ်အလင်းများ သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
စွမ်းအားအသစ်ကိုခံစားရင်း သူသည် သယ်ဆောင်သွားသော မြေခွေးအလောင်းနှင့် လက်ထဲမှ ခရမ်းရောင် အမြုတေကို ကြည့်ကာ နောက်ဆုံးတွင် စုဆောင်းထားသော အပင်များနှင့် ခုန်ပျံသားရဲ၏ စိမ်းပြာရောင် အမြုတေထံသို့ အကြည့်ရောက်သွားသည်။
“အဲ့မြေခွေးရဲ့ပစ္စည်းတွေ ၊ အမြုတေ ၊ ပြီးတော့ ဒါတွေအကုန် ပေါင်းလိုက်ရင်... ဝံပုလွေအုပ်စုရဲ့ အင်အားကို မြှင့်တင်ပေးနိုင်မယ့် ပစ္စည်းတချို့ကို တကယ်ပဲ ဖန်တီးလို့ ရနိုင်လောက်တယ်...”
ဝေဝါး၀ါးအစီအစဉ်တစ်ခု သူ၏ စိတ်ထဲတွင် ပုံပေါ်လာခဲ့သည်။
သူသည် ချောက်နက်ကြီးကို ဝေ့ဝဲကြည့်လိုက်ကာ “ဒီနေရာမှာ... တခြားလျှို့ဝှက်ချက်တွေ ရှိနေသေးသလား... နောက်မှ ပြန်လာပြီး သေချာရှာဖွေရမယ်”