အနီရောင်ဝိညာဉ်သစ်သီး၊ လူသားများအားတွေ့ရှိရခြင်း
Vol. 4 Ch. 39
[ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း ]စွမ်းရည်ကို စုပ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ဤခြေလှမ်းသိုင်းကွက်နှင့် ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားသည် လင်းထျန်းလုံ၏ ဦးနှောက်ထဲသို့ ဒီရေအလား ဝင်ရောက်လာသည်။
ဝိညာဉ်စွမ်းအင်ကို ကြားခံနယ်အဖြစ် အသုံးပြု၍ အရှိန်ကို အဆမတန်မြှင့်တင်ခြင်းနှင့် လှည့်စားနိုင်သော အရိပ်များ ချန်ရစ်ခြင်းတို့ ပါဝင်သည်။
“တကယ့် ပစ္စည်းလေးကောင်းပဲ...” လင်းထျန်းလုံ ဝမ်းသာသွားပြီး ချက်ချင်း စမ်းသပ်ကြည့်လိုက်သည်။
“ဝှစ်...” အသံတစ်သံနှင့်အတူ ပေါ့ပါးသော စွမ်းအားတစ်ခုသည် သူ၏ခြေလက်များတစ်လျှောက် လှည့်ပတ်စီးဆင်းသွားသည်။ စိတ်ထဲတွင် တွေးလိုက်ရုံဖြင့် သူ၏ပုံရိပ်မှာ ဝေဝါးသွားပြီး ငွေရောင်အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ကာ သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာမူ မီတာတစ်ဒါဇင်ကျော်သို့ ချက်ချင်းရောက်ရှိသွားတော့သည်။
“မြန်လိုက်တာ...” လင်းထျန်းလုံ ကိုယ်တိုင်ပင် အံ့ဩသွားရသည်။
“ဒါပေမဲ့...” သူသည် ပြဿနာတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်အရွယ်အစားမှာ မြေခွေးမိစ္ဆာထက် ပိုမိုကြီးမားလေးလံသဖြင့် ပေါ့ပါးမှုမှာ သူ၏ အားသာချက်မဟုတ်ပေ။ သူသည် ထိုမြေခွေးကဲ့သို့ တစ္ဆေဆန်သော အခြေအနေကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ဘဲ အရေးကြီးအချိန်၌ အရှိန်မြှင့်ရန်အတွက်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
“ဒါပေမဲ့ လုံလောက်ပါတယ်... အဆုံးအဖြတ်ပေးရမယ့် အချိန်မှာ ဒါက သေမင်းတမန်တိုက်ကွက် ဒါမှမဟုတ် အသက်ကယ်ဆေး ဖြစ်လာမှာပဲ”
စမ်းသပ်မှု ပြီးဆုံးပြီးနောက် သူသည် မြေခွေးအလောင်းကို ကြည့်လိုက်သည်။ “ပါရမီရှင်အဆင့် အသားက ဝံပုလွေပေါက်လေးတွေအတွက် အားဆေးပဲ... အလဟဿ မဖြစ်စေနဲ့” သူသည် ရန့်မြဲ့နှင့် ထျန်းပင်းကိုခေါ်၍ ဤအဖိုးတန်သားကောင်ကို ကျေးရွာသို့ အရင်ပြန်သယ်သွားခိုင်းလိုက်သည်။
ဝံပုလွေအုပ်စု ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် တောင်ကြားလမ်း၏ နက်ရှိုင်းသော နေရာမှ လူသံသဲ့သဲ့သည် လေနှင့်အတူ လွင့်ပါလာခဲ့သည်။
“ဟင်... ဒီလို လူသူဝေးတဲ့ တောင်နက်ထဲမှာ ဘာလို့ လူသံတွေ ကြားနေရတာလဲ...” လင်းထျန်းလုံ စိတ်ထဲတွင် သတိကပ်သွားပြီး သိချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ “ထျန်းပင်း... မင်းတို့ သားကောင်ကို အရင်သယ်သွားကြ... ငါသွားကြည့်လိုက်ဦးမယ်...”
သူသည် အမိန့်ပေးပြီးနောက် အသံလာရာဆီသို့ တစ်ကောင်တည်း တိတ်တဆိတ် လိုက်ပါသွားတော့သည်။ အသစ်ရရှိထားသော အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အပြည့်အဝ မသုံးထားသော်လည်း သူ၏လှုပ်ရှားမှုများမှာ အရင်ကထက် ပိုမိုတိတ်ဆိတ်သွားခဲ့သည်။
တစ်ကီလိုမီတာခန့် ခရီးနှင်ပြီးနောက် အသံများမှာ ပိုမိုရှင်းလင်းလာခဲ့သည်။ တကယ့်ကို လူသားစကားသံများပင်ဖြစ်သည်။
လင်းထျန်းလုံ ခေတ္တမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် အေးစက်မှုများ အစားထိုး ဝင်ရောက်လာသည်။ “လူသားတွေ... ငါ့နယ်မြေထဲကို ကျူးကျော်လာတာလား... ဘာလိုချင်လို့လဲ...”
သူသည် တောင်ကြားလမ်းအဆုံးရှိ ကျောက်ကမ်းပါးတစ်ခုပေါ်သို့ တိတ်တဆိတ် ရောက်ရှိသွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
အောက်ဘက်တွင် တောင်သုံးဖက် ဝန်းရံထားသော ချိုင့်ခွက်တစ်ခုရှိသည်။ လူဆယ်ယောက်ခန့် ပါဝင်သော လူသားအဖွဲ့တစ်ဖွဲ့သည် ထိုနေရာတွင် စခန်းချနေကြပြီး မီးပုံဘေးတွင် သူတို့၏ စိတ်လှုပ်ရှား လောဘတက်နေသော မျက်နှာများကို မြင်တွေ့နေရသည်။
“ကျွတ်... အခုဆို ကမ္ဘာကြီးက ပြောင်းလဲသွားပြီ... မြို့ထဲမှာ ရှုပ်ထွေးနေပြီလို့ ကြားတယ်... ဒါက ငါတို့အတွက် စီးပွားဖြစ်ဖို့ အခွင့်အရေးပဲ...”
“ဒီသစ်တောအိုကြီးထဲမှာ ရတနာတွေ အများကြီး ရှိမှာ သေချာတယ်... ရှားပါးဆေးမြစ်တွေရတာဖြစ်ဖြစ် ၊ ရှားပါးသားရဲတွေကိုဖမ်းမိတာဖြစ်ဖြစ်... ပြန်ရောက်ရင် ငါတို့သူဌေးဖြစ်ပြီ...”
“ဟုတ်တယ် ဟုတ်တယ်... ဒီနားတစ်ဝိုက်မှာ တော်တော်ကြီးတဲ့ကျားအရိပ်ကို တွေ့လိုက်တယ်လို့ ပြောသံကြားတယ်... အဲဒါကိုသာ ရရင်...”
တောလိုက်မုဆိုးများပင်။
လင်းထျန်းလုံ၏ ဝမျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သို့သော် သူ့ကို ပိုမို စိတ်ဝင်စားစေသည်မှာ စနစ်မျက်နှာပြင် ဖြစ်သည်။ စနစ်မျက်နှာပြင်တွင် ပြသထားသည်မှာ ဤလူအားလုံးသည် အဆင့် (၀)တွင်သာ ရှိကြသေးသည်။
“ထူးဆန်းတယ်... ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထတာ ဒီလောက်ကြာနေပြီ... ရှောင်လန်နဲ့ရှောင်ယင်းတောင် အဆင့်( ၂) ရောက်နေပြီ... ဒီလူတွေက ဘာလို့ ဘာမှမပြောင်းလဲသေးတာလဲ... နိုးထမှုက လူတိုင်းအတွက် မဟုတ်ဘူးလား...” သူဇဝေဇဝါဖြစ်သွားသော်လည်း ဆက်မတွေးတော့ပေ။ ဤသာမန်လူသားများသည် သူ့ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားနားပေ။
သူသည် သူတို့ကိုလျစ်လျူရှု၍ ပြန်လှည့်ရန်ပြင်လိုက်စဉ်၊ တောင်ကြားအောက်ခြေမှ လေပြည်တစ်ချက် တိုက်ခတ်လာပြီး ထူးဆန်းသော ရနံ့တစ်ခုပါ ရလိုက်သည်။
ချိုမြိန်ပြီးမွှေးကြိုင်ကာ အံ့ဩဖွယ် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုကို ချက်ချင်း နှိုးဆော်လိုက်နိုင်လေသည်။
တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ ထွားကျိုင်းသော လူတစ်ယောက်သည် ပွင့်လင်းမြင်သာသော အနီရောင်ဝိညာဉ်အလင်းတန်းများ ရစ်ပတ်ထားသော အသီးတစ်လုံးပါသည့် အပင်ကို ကိုင်မြှောက်ကာ ကြွားလိုက်သည်။
“ဟေး... ငါဘာတွေ့လဲကြည့်စမ်း... ဒီကောင်ကို အရင်ကမမြင်ဖူးပေမယ့် အနံ့ကတော်တော်မွှေးတာပဲဟ... ဒါက နတ်သစ်သီးများလားကွာ...”
ဘေးနားရှိ လူတစ်ယောက်က ရယ်မောလိုက်ကာ “တော်စမ်းပါကွာ... အရောင်က တောက်လွန်းနေတယ်... အဆိပ်သင့်နေဦးမယ်...”
လင်းထျန်းလုံ၏ အကြည့်သည် ထိုအသီးထံသို့ ချက်ချင်း ရောက်ရှိသွားပြီး အချက်အလက်များ ပေါ်လာသည် -
[ အနီရောင်ဝိညာဉ်သစ်သီး ]: ဝိညာဉ်စွမ်းအင်နိုးထပြီးနောက် ဖြစ်ပေါ်လာသော ကောင်းကင်အဆင့် ဝိညာဉ်သစ်သီး ဖြစ်သည်။ စားသုံးပါက ‘ရိုးတွင်းခြင်ဆီဆေးကြောခြင်းနှင့် အရိုးအသွင်ပြောင်းခြင်း အာနိသင်ကို ရရှိစေသည်။ ဆေးစွမ်းမှာ အလွန်ပြင်းထန်သဖြင့် ခြေလှမ်း၀က်ပါရမီရှင်အဆင့်အောက် ရှိသူများ လုံးဝမစားသုံးရ။
“ရိုးတွင်းခြင်ဆီဆေးကြောခြင်းနဲ့ အရိုးအသွင်ပြောင်းခြင်းတဲ့လား...” လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများ ရုတ်ချည်း ကျဉ်းမြောင်းသွားသည်။ “ဒါက ငါ့အတွက် အခွင့်အရေးပဲ”
သူလုံးဝ တွန့်ဆုတ်မနေတော့ပေ။
“အာဝူး...”
သူသည် ကြေညာချက်ထုတ်ပြန်လိုက်သကဲ့သို့ ဝံပုလွေဟိန်းသံကို ထုတ်ဖော်လိုက်ပြီး နောက်တစ်စက္ကန့်တွင် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း စတင်အသက်ဝင်သွားသည်။
သူ၏ ပုံရိပ်သည် ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပေ (၂၀) မြင့်သော ကျောက်ကမ်းပါးထက်မှ တည့်မတ်စွာ ပြေးဆင်းလာခဲ့သည်။
သူ၏ ခြေသည်းများသည် မတ်စောက်သော ကျောက်နံရံကို မြေပြန့်အလား နင်းချေတိုး၀င်လာခဲ့သည်။
“ဘုရားရေ... အဲဒါ ဘာအသံကြီးလဲ...” “ဝံပုလွေ... ဝံပုလွေကွ... အကြီးကြီးပဲ...” “မိစ္ဆာသားရဲကြီး”
မုဆိုးများ၏ ကြောက်လန့်တကြားအော်သံများ မဆုံးခင်မှာပင် လင်းထျန်းလုံသည် နတ်ဘုရားတစ်ပါးအလား တောင်ကြားအောက်ခြေသို့ ဆင်းသက်လာခဲ့ပြီဖြစ်သည်။
ယခင်နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာမူ လူအုပ်ကြားထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်သည်းများမှ အလင်းရောင် လက်ခနဲ ဖြစ်သွားကာ သွေးများ ပန်းထွက်လာသည်။
အဆင့် (၀) သာရှိသော မသမာသူ ကျူးကျော်သူများကို လင်းထျန်းလုံ လုံး၀သနားညှာတာခြင်းမရှိပေ။ သူ၏ ယခင်က လူသားဆန်သောစိတ်ကို ဝံပုလွေဘုရင်၏ ပြတ်သားသော သတ်ဖြတ်လိုစိတ်က လုံးဝလွှမ်းမိုးထားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
သူသည် မြေကြီးပေါ်သို့ လိမ့်ကျသွားသော အနီရောင်ဝိညာဉ်သစ်သီးဆီသို့ လျှောက်သွားပြီး ပါးစပ်ဖြင့် ကောက်ယူကာမျိုချလိုက်သည်။
သစ်သီးမှာ သေးလွန်းလှပြီး ပါးစပ်ထဲရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားသည်။
နောက်တစ်ခဏတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် ရေစီးကြောင်းကြီးသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရုတ်ချည်းပေါက်ကွဲထွက်လာသည်။
ဆူပွက်နေသော စွမ်းအင်များသည် သေးငယ်သော ဓားမြှောင်ပေါင်းများစွာအလား သူ၏ သွေးကြောများ၊အရိုးများ၊ အသားများနှင့် အူမချေးခါးမကျန် ဆေးကြော ၊ ဆွဲဖြဲ ၊ ပြန်လည် တည်ဆောက်နေကြသည်။
“အီး... ဆေးစွမ်းက ပြင်းထန်လိုက်တာ...” လင်းထျန်းလုံ ညည်းတွားလိုက်ကာ အသားများကို မွှန်းနေသကဲ့သို့ နာကျင်မှုကို သူအောင့်ခံနေခဲ့သည်။
သူသည် ဝပ်လိုက်ပြီး သူ၏ စိတ်စွမ်းအင်အားလုံးကို စုစည်းကာ ဤစွမ်းအားကို လမ်းညွှန်ပေးလိုက်သည်။ “ရိုးတွင်းခြင်ဆီဆေးကြောဖို့နဲ့ အရိုးအသွင်ပြောင်းဖို့ဆိုတာ... ထင်သလောက် မလွယ်ပါလားဟ...”
လရောင်သည် တုန်ယင်နေသော သူ၏ငွေရောင်ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး အတွင်းပိုင်းတွင် ပြောင်းလဲမှုများ ပြင်းထန်စွာ ဖြစ်ပွားနေတော့သည်။
နှင်းဝံပုလွေကျေးရွာ တွင်မူ...
ညဉ့်နက်နေပြီဖြစ်ပြီး လရောင်မှာ အေးစက်နေသည်။
သစ်ပင်အိမ်တံခါးဝတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် လဲလျောင်းရင်းမှ တောင်ကြားလမ်းဆီသို့ မျှော်လင့်တကြီး ငေးကြည့်နေကြပြီး သူတို့၏ မျက်နှာလေးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“ဘာလို့ အခုထိ ပြန်မလာသေးတာလဲ...” ရှောင်လန်၏ ရင်ထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေလေသည်။ “အဲဒီ နှင်းဝိညာဉ်သွေးဆိုးအိပ်မက်ကို လိုက်တာ ဒီလောက်ကြာတယ်လား... တစ်ခုခုများ ဖြစ်သွားတာလား...”
“ဝံပုလွေဖေဖေ... တိုက်ပွဲမှာ ရှုံးသွားတာတော့ မဟုတ်ပါဘူးနော်...” ရှောင်ယင်း ဆက်မတွေးရဲတော့ပေ။ သူမ၏ ခရမ်းရောင် မျက်ဝန်းကြီးများထဲတွင် မျက်ရည်များပင် ဝဲလာသည်။ “မဖြစ်ရဘူးနော်... ဝံပုလွေဖေဖေ... သမီးက ဖေဖေလို့တောင် ကောင်းကောင်း မခေါ်ရသေးဘူးလေ...”
နှင်းဝံပုလွေအားလုံးသည်လည်း အနီးတစ်ဝိုက်တွင် ဂနာမငြိမ်ဖြစ်ကာ လမ်းလျှောက်နေကြပြီး တစ်ချက်တစ်ချက် တိုးညင်းစွာ ညည်းတွားနေကြသည်။ ဝံပုလွေကျေးရွာ တစ်ခုလုံးသည် စိတ်ဖိစီးသော အခြေအနေအောက်တွင် ရောက်ရှိနေခဲ့သည်။
ဝံပုလွေဘုရင် ညဖက်အိမ်မပြန်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အဖွဲ့ဝင်အားလုံး၏ ရင်ထဲတွင် ဖော်မပြတတ်သော ထိတ်လန့်မှုများ ခံစားနေကြရသည်။
“ဖေဖေ... ဘယ်တွေများ ရောက်နေတာလဲ...”