ဝံပုလွေဘုရင် ပြန်လည်ရောက်ရှိလာခြင်း၊ ပါရမီရှင်အဆင့်
Vol. 4 Ch. 40
ရှောင်ယင်း၏ မရည်ရွယ်ဘဲ ရေရွတ်လိုက်သည့်စကားကြောင့် သစ်ပင်အိမ်အတွင်းရှိ လေထုမှာ ရေခဲမှတ်သို့ ရောက်သွားသကဲ့သို့ အေးစက်သွားသည်။
“ဖြစ်နိုင်တာက... ဝံပုလွေဖေဖေ တကယ်ပဲ...” ရှောင်လန်၏ နှလုံးသားမှာ အမှောင်ထဲ နစ်မြုပ်သွားခဲ့သည်။
အနာဂတ်ကာလတွင် ကြောက်မက်ဖွယ်စွမ်းအားများဖြင့် နာမည်ကျော်ကြားလာမည့် ‘နှင်းဝိညာဉ်သွေးဆိုးအိပ်မက်’ ဟူသော အမည်ကို ပြန်ပြောင်းသတိရလိုက်မိသောအခါ သူမ၏ ရင်ထဲတွင် အသက်ရှူကြပ်မတတ်ဖြစ်သွားကာ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။ “ငါတို့က... အရမ်း အားနည်းလွန်းနေသေးတယ်... ငါ့ရဲ့ စွမ်းအားတွေသာ မြန်မြန် ပြန်ရရင်...”
တစ်ဖက်တွင် ရှောင်ယင်းမှာလည်း တိတ်ဆိတ်နေခဲ့သည်။ သူမ၏ နက်ရှိုင်းသော ခရမ်းမျက်ဝန်းများထဲတွင်ရှိနေကျ တောက်ပမှုများမှာလည်း ပျောက်ဆုံးနေလေသည်။ “တောက်... ဒီဧကရီရဲ့ မိစ္ဆာသိုင်းပညာတွေသာ ရှိနေသေးရင်...”
ဧကရီနှစ်ပါးလုံး စိတ်ထဲတွင်ကြီးကြီးမားမား ခံစားနေရစဉ် ရှောင်လန်က စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် အဝေး တောင်ကြားလမ်းဆီမှ ပါးလွှာသော်လည်း အလွန်ရင်းနှီးသော စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက်အာရုံခံလိုက်မိသည်။ ထိုစွမ်းအင်လှိုင်းမှာ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် အားကောင်းလာနေလေသည်။
“နေဦး.. ရှောင်ယင်း၊ နင်ခံစားမိလား... အဲဒီအရှိန်အဝါက... ဝံပုလွေဖေဖေပဲ၊ သူ… သူပျောက်ကွယ်သွားတာ မဟုတ်ဘူး... အဲဒီအစား... သူက ပိုပြီ သန်မာလာနေတာ”
“ဘာ၊ တကယ်ကြီးလား” ရှောင်ယင်းက ချက်ချင်း အာရုံစိုက်လိုက်ရာ သိပ်မကြာမီမှာပင် ကြီးထွားလာသော ထိုဆက်သွယ်မှုကို ခံစားလိုက်ရသည်။
အားနည်းနေသေးသော်လည်း တက်ကြွသော အသက်စွမ်းအားနှင့် ခွန်အားများ ပြည့်နှက်နေသည်။ “ဝံပုလွေဖေဖေ မသေသေးဘူး၊ သူက... အဆင့်တက်ဖို့ ကြိုးစားနေတာလား”
မျှော်လင့်ချက် မီးတောက်ကလေးများ သူတို့၏ရင်ထဲတွင် ပြန်လည်တောက်လောင်လာကြသည်။
တောင်ကြားလမ်း၏ နက်ရှိုင်းသော နေရာတွင် လင်းထျန်းလုံ၏ အသွင်ပြောင်းလဲမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အနီရောင်ဝိညာဉ်သစ်သီး၏ လွှမ်းမိုးကြီးစိုးနိုင်လွန်းသော ဆေးစွမ်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နက်ရှိုင်းသော အညစ်အကြေးများကို အဆက်မပြတ် သန့်စင်နေခဲ့သည်။
ပြင်းထန်သော နာကျင်မှုနှင့် အသစ်တဖန်ပြန်လည်မွေးဖွားခြင်းတို့ ယှက်နွှယ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနံ့ဆိုးများထွက်နေကာ အမည်းရောင်အညစ်အကြေးများ ဖုံးလွှမ်းနေသော်လည်း ထိုအလွှာအောက်ရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ၊ လရောင်များကို အငမ်းမရ စုပ်ယူနေကြပြီး ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်သော ပြောင်းလဲမှုကို ဆောင်ရွက်နေကြသည်။
နောက်ဆုံးတွင် နောက်ဆုံးလက်ကျန် မသန့်ရှင်းသေးသည့် စွမ်းအင်များကို ခန္ဓာကိုယ်မှ မောင်းထုတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သောနာကျင်မှုကြီးသည် ဒီရေအလား ဆုတ်ခွာသွားပြီး မကြုံစဖူး ကြည်လင်မှုနှင့် ခွန်အားတို့ အစားထိုးဝင်ရောက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် မြစ်ကြီးတစ်စင်းအလား ဟိန်းဟောက်စီးဆင်းနေသည်။
ပါရမီရှင်အဆင့်အတားအဆီးမှာလည်း ရေကာတာကြီး ပေါက်ထွက်သွားသကဲ့သို့ သဘာဝအတိုင်း ကွဲအက်သွားသည်။
[ စနစ် အသိပေးချက် - ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် အဆင့် (၂၀) သို့ ရောက်ရှိပြီး ပါရမီရှင်အဆင့်သို့ တရားဝင် ဝင်ရောက်သွားပြီ ဖြစ်သည် ]
[ စနစ် အသိပေးချက် - ဝံပုလွေပြာသွေးမျိုးဆက် တိုးတက်လာသည်။ မျိုးနွယ်စုမှာ ဝံပုလွေပြာဘုရင် (အခြေခံ) အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သည် ]
[ စနစ် အသိပေးချက် - အနီရောင်ဝိညာဉ်သစ်သီးဖြင့် သန့်စင်ပြီးနောက် အခြေခံ စွမ်းရည်များ သိသိသာသာ တိုးတက်လာသည်။ ပင်ကိုစွမ်းရည် အကျိုးသက်ရောက်မှုအားလုံး အနည်းငယ်စီ တိုးမြှင့်ခံရသည် ]
လင်းထျန်းလုံ မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ ရေခဲပြာမျက်ဝန်းများထဲတွင် ငွေရောင်အလင်းတန်းများ လက်ခနဲ ဖြတ်သန်းသွားပြီး ပိုမို နက်ရှိုင်းကာ ထက်မြက်လာသည်။
သူသည် တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး ကိုယ်ပေါ်ရှိ ခြောက်သွေ့နေသော အညစ်အကြေးများကို ခါချလိုက်ရာ အောက်ဘက်မှ အသစ်စက်စက် ငွေဖြူရောင် အမွေးအမျှင်များ ပေါ်ထွက်လာခဲ့သည်။ အရောင်မှာ ယခင်ကထက် ပိုမိုသန့်စင်ပြီး တောက်ပနေကာ လရောင်အောက်တွင် ပြဒါးရည်ကဲ့သို့ လင်းလက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ အဆမတန် ကြီးထွားလာခြင်းမရှိဘဲ ပိုမိုပြေပြစ်ပြီး ပြီးပြည့်စုံလာသည်။ ကြွက်သားများမှာ ဖောင်းပွခြင်း မရှိဘဲ ကျစ်လစ်နေကာ ပေါက်ကွဲထွက်လုမတတ် ခွန်အားများဖြင့် ပြည့်နှက်နေသည်။
ယခင်အခြေအနေထက် များစွာသာလွန်သော ပါရမီရှင်အဆင့် ဖိအားတစ်ခုသည်လည်း သူ့ထံမှ သဘာဝအတိုင်း ထွက်ပေါ်နေသည်။
သူသည် အနီးနားရှိ ရေအိုင်ထဲသို့ ခုန်ဆင်းကာ ကိုယ်လက်သန့်စင်ရန် မစောင့်နိုင်တော့ပေ။
“ခွန်အားဘယ်လောက်တိုးလာလဲမသိဘူး၊ စမ်းကြည့်ရအောင်...”
သူသည် မည်သည့် စွမ်းရည်ကိုမှ မသုံးဘဲ လက်သည်းတစ်ချက်ကိုသာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
‘ရွှတ်...’
လေထုစုတ်ပြဲသွားသကဲ့သို့ စူးရှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ “မယုံနိုင်စရာပဲ...” သူ ပြေးလွှားကြည့်ပြန်ရာ ခန္ဓာကိုယ်မှာ အလွန်ပေါ့ပါးနေပြီး အရှိန်မှာလည်း ဒုံးကျည်တစ်စင်း ပေါက်ကွဲထွက်လာသကဲ့သို့ပင်။
အရေးအကြီးဆုံးမှာ မျိုးတူပဲ့တင်ထပ်သံနှင့် ချိတ်ဆက်မှုသည် ပိုမိုရှင်းလင်းပြီး အားကောင်းလာကာ အကွာအဝေးမှာလည်း ပိုမိုကျယ်ပြန့်လာပြီး အတွေးများကို ပိုမိုတိကျစွာ ပေးပို့နိုင်သည်ကို သူခံစားလိုက်ရသည်။
“ပြန်ဖို့ အချိန်တန်ပြီ! အားလုံး စိတ်ပူနေကြတော့မယ်...”
သူသည် ခေါင်းမော့ကာ ရှည်လျားပြီး ပဲ့တင်ထပ်နေသော ဝံပုလွေဟိန်းသံကြီးကို ထုတ်ဖော်လိုက်သည်။ ထိုအသံထဲတွင် အားကောင်းသော အသက်စွမ်းအားနှင့် ဘုရင်တစ်ပါး၏ခန့်ညားမှုတို့ ပြည့်နှက်နေပြီး ညကောင်းကင်ယံကို ဖောက်ထွင်းကာ အဝေးသို့ ပျံ့လွင့်သွားတော့သည်။
[ လမင်းဟိန်းဟောက်ခြင်း ] စွမ်းရည်သည် သဘာဝအတိုင်း အသက်ဝင်လာပြီး ပတ်ဝန်းကျင်မှ ထူထပ်သော လရောင်များကို မြစ်ချောင်းများ၊ ပင်လယ်ထဲစီးဝင်သကဲ့သို့ အစွမ်းကုန်စုပ်ယူပြီးနောက် သူ၏ ပါရမီရှင်အဆင့်သည် ပိုမိုခိုင်မာလာခဲ့သည်။
ဤဟိန်းသံသည် နှင်းဝံပုလွေကျေးရွာအတွင်း ရှိသူတိုင်း၏ စိတ်ထဲမှ မှောင်မိုက်မှုများကို ဖယ်ရှားလိုက်နိုင်သော ပထမဆုံး အရုဏ်ဦး အလင်းရောင်အတိုင်းပင်။
“အာဝူး...” “အာဝူး...”
ဂနာမငြိမ်ဖြစ်နေသော နှင်းဝံပုလွေအားလုံးသည် ခေါင်းများကို တစ်ပြိုင်နက်တည်းမော့လိုက်ကြပြီး ဟိန်းသံလာရာ အရပ်သို့ စိတ်လှုပ်ရှားစွာ ငေးကြည့်နေကြသည်။ သူတို့၏ ဘုရင်သည် ဘေးကင်းရုံသာမက ယခင်ကထက် ပိုမိုအစွမ်းထက်လာပြီဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့၏ နှလုံးသားများမှာ နောက်ဆုံးတွင် တည်ငြိမ်သွားပြီး ကြီးမားသော ဝမ်းမြောက်၀မ်းသာဖြစ်မှုနှင့် အံ့ဩမှုတို့ ချက်ချင်း လွှမ်းမိုးသွားတော့သည်။
“သူ အောင်မြင်သွားပြီ၊ ဝံပုလွေဖေဖေ တကယ်ပဲ အဆင့်ချိုးဖျက်နိုင်ခဲ့ပြီ” ရှောင်လန်သည် စိတ်ချင်းဆက်သွယ်မှုမှာ မယုံနိုင်လောက်အောင် အားကောင်းပြီး တောက်ပလာသည်ကို ခံစားလိုက်ရသည်။ “ဒီဖိအားက... သေချာပေါက် ပါရမီရှင်အဆင့်ပဲ၊ ဝံပုလွေဖေဖေက တကယ့်ကို အံ့မခန်းပါပဲဟာ” ရှောင်ယင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်ခုပ်ပင် တီးချင်သွားလေသည်။
(၁၀) မိနစ် မပြည့်ခင်မှာပင် တောက်ပသောလရောင်ကို ၀တ်ရုံအလားလွှမ်းခြုံထားသည့် ငွေရောင်ပုံရိပ်တစ်ခု နှင်းဝံပုလွေကျေးရွာ အပြင်ဘက်တွင် ပေါ်လာသည်။
ယခုအချိန်တွင် လင်းထျန်းလုံ၏ ရုပ်သွင်မှာ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ အမွေးအမျှင်များမှာ ငွေရောင်တောက်ပနေကာ မြင့်မြတ်လှပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာလည်း သွယ်လျ၍ ပြီးပြည့်စုံလှသည်။
ဝံပုလွေမျက်ဝန်းများမှာ နက်ရှိုင်းပြီးခန့်ညားကာ တစ်ကိုယ်လုံးမှ ပါရမီရှင်သက်ရှိတစ်ဦး၏ အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေသည်။
နှင်းဝံပုလွေအုပ်စုသည် အလိုအလျောက် ဝပ်ဆင်းသွားကြပြီး သူတို့၏ အဆင့်တိုးတက်ပြောင်းလဲသွားသော ဝံပုလွေဘုရင် ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုသည့်အနေဖြင့် ရိုသေသော ညည်းတွားသံများ ပြုလုပ်လိုက်ကြသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ဤမြင်ကွင်းကို ကြည့်ရင်း သူမတို့၏ မျက်လုံးဝိုင်းကြီးများထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေလေတော့သည်။
“ဝံပုလွေဖေဖေက... ပိုပြီး ချောလာသလို... အဲလေ... မဟုတ်ပါဘူး... ပိုပြီး သန်မာလာတယ်လို့ ပြောမလို့ပါ”