အခန်း (၁၁၁)
Vol. 12 Ch. 111
Chapter 111
[ ဒင် ]
[ စနစ်သတိပေးချက်: host ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ အချိန်နောက်ပြန်ဆုတ်ခြင်းက ပြီးဆုံးတော့မယ် ]
ယွမ်လော့ရီ၏ ကျန်ရှိနေသော အချိန်မှာ ကုန်ခမ်းလုနီးပါး ဖြစ်လာသည်။
သူမသည် ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့ ချန်ထားခဲ့သော အင်္ကျီကို ဝတ်ဆင်ထားဆဲပင်။ ညကမည်မျှပင် အေးစေကာမူ သူမ၏ ခန္ဓာကိုယ်မှာ သက်သောင့်သက်သာဖြင့် နွေးထွေးနေခဲ့၏။
သူမက လက်ကို မြှောက်၍ လက်ဖျံဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ ဝမ်းနည်းဖွယ် ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း ယွမ်လော့ရီ အကြိမ်ကြိမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူမကိုယ်သူမ ထိန်းချုပ်ကာ ရှေ့ဆက်ရမည်။ လူသတ်သမားကို ဖမ်းဆီးရမည့် သူမ၏ ခရီးမှာ မပြီးဆုံးသေးပေ။
ဤ တိုက်ခိုက်မှုမှာ သူမ၏ အစ်ကိုများအား ထိခိုက်မှု များစွာကို ဖြစ်စေခဲ့၏။ တောင်ပေါ် ဗီလာ သို့ ပြန်ရောက်ပြီးမှသာ သူတို့၏ ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။ သူတို့၏ တပည့်များက လက်နက်များဖြင့် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေကြကာ ခိုင်မာသော အကာအကွယ် အတားအဆီးကို ဖွဲ့စည်းထားကြသော်လည်း အန္တရာယ်မှာ မပြီးဆုံးသေးပေ။
သူမ လူတိုင်းအား ကယ်တင်ခြင်းကို သေချာစေရန်အတွက် နောက်ဆုံး ပဟေဠိကို ဖြေရှင်းရန် လိုအပ်သည်။
တတိယအစ်ကိုဖြစ်သူ ယွမ်ရုံသည် ညီမဖြစ်သူ ထွက်ခွာတော့မည်ကို သိရှိပြီး ပြော၏။
"ကိုကိုတို့ ညီမလေးကို ဒီနေရာမှာ အမြဲတမ်း စောင့်နေမယ်"
ယွမ်လော့ရီက ပြန်ဖြေသည်။
"နားလည်ပါပြီ ဒီလိပ်စာကို သမီး မှတ်ထားပြီးပြီ နောက်တစ်ခါ သမီး ပြန်လာရင် တခြားနေရာ ရောက်သွားလည်း ဒီကိုပဲ ပြန်လာရှာမယ်"
သူမသည် လက်မောင်းတွင် ဒဏ်ရာရထားသော တတိယအစ်ကို ယွမ်ရုံ၊ နဖူးမှ သွေးထွက်နေသော စတုတ္ထအစ်ကို ယွမ်စစ် နှင့် ခြေထောက်တွင် အပစ်ခံထိထားသော ပဉ္စမအစ်ကို ယွမ်ကျွင်း တို့ကို ဖက်လိုက်၏။
သူမ အစ်ကိုများ၏ စောင့်ကြည့်မှုအောက်တွင် ယွမ်လော့ရီ ပျောက်ကွယ်သွားခဲ့ပြီး ယွမ်ဖာ့၏ အင်္ကျီမှာလည်း မြေပြင်ပေါ်သို့ အလွတ်တိုင်းပင် ကျသွားခဲ့သည်။
သူတို့၏ အကာအကွယ်အောက်တွင်သာ နေခဲ့သော ကောင်မလေးမှာ ယခုအခါ လှည့်စားတတ်သော တရားခံအစစ်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အချိန်စက်ဝန်းအသစ် တစ်ခုဆီသို့ ဦးတည်သွားလေပြီ။
ခဏတာ မူးဝေပြီးနောက် ယွမ်လော့ရီ သူမ၏ ကိုယ်ပိုင်အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။
မိုးသောက်ယံ အချိန်ဖြစ်ပြီး မိုးကုတ်စက်ဝိုင်းမှာ ကြယ်တံခွန်တန်း၏ အမြှီး ကဲ့သို့ မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်ပေးနေ၏။ ထိုအောက်တွင် နေမင်းကြီး၏ အကန့်အသတ်မရှိသော တောက်ပမှုက ည အမှောင်ကို မကြာမီ ဖယ်ရှားသွားတော့မည်။
ဝမ်းနည်းမှုမှ အပြည့်အဝ ရုန်းမထွက်နိုင်သေးသော ယွမ်လော့ရီသည် သူမ၏ ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေလိုက်၏။
သူမ၏ လက်များကို ပြန် ကြည့်လိုက်သည်။ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးအနေဖြင့် သူမတွင်ရှိသော ခွန်အားမှာ သူမ၏ အစ်ကိုများနှင့် ယှဉ်နိုင်ခြင်း မရှိသေးသည့်အပြင် သူမ၏ လက်များမှာ သေးငယ်လွန်းပြီး ဒုတိယအစ်ကို ပစ်ပေးလိုက်သော ခြောက်လုံးပြူး သေနတ်ကိုပင် ခဲယဉ်းစွာ ဆုပ်ကိုင်ထားနိုင်ရုံသာ ရှိခဲ့သည်။
ဤမျှ အားနည်းသူတစ်ဦးက တရားခံအစစ်ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။
ယွမ်လော့ရီ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အရာတစ်ခုကိုတော့ သူမ သိသည် - ဤအချိန်တွင် သူမ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိတော့ပေ။
သူမ၏ အစ်ကိုများက သူမအား ကာကွယ်ရန် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြသည် - ယခုအခါ သေခြင်းတရားကို မကြောက်ဘဲ သူတို့ကို ကာကွယ်ရန်မှာ သူမ၏ အလှည့်ပင်။
ပြတင်းပေါက် အပြင်ဘက်တွင် နေ ရောင်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ကြည်လင်သော အလင်းရောင်က အခန်းထဲသို့ လွှမ်းမိုးလာ၏။
ယွမ်လော့ရီ တစ်ခုခု လုပ်ဆောင်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။ ယနေ့ ၊ သူမ အလွန် အရေးကြီးသော ကိစ္စတစ်ခု လုပ်ဆောင်ရန် ရှိ၏။
သူမ၏ ဒုတိယအစ်ကို ချန်ထားခဲ့သော စာမှတ်စုမှာ သွေးစွန်းနေပြီး စာလုံးတိုင်းမှာ ရှုပ်ထွေးနေခဲ့သည်။ သူ၏ နောက်ဆုံး အချိန်များတွင် နာကျင်မှုမှာ မခံမရပ်နိုင်အောင် နာကျင်ခဲ့ရပြီး လက်များ အဆက်မပြတ် တုန်ယင်နေခဲ့ရမည်။
သို့သော် သူ ရေးထားခဲ့သည်မှာ
"အဖေ့ကို ယွမ်မေရှီ အကြောင်း သွားမေးပါ"
ဒါက လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် ရွှေသော့ ကြီးပဲ။
ယွမ်မေရှီ ဟူသော နာမည်ကို ယွမ်လော့ရီ တစ်ကြိမ်တစ်ခါသာ ကြားဖူးခဲ့သည်။ သူမက ဖေဖေယွမ်၏ ညီမဖြစ်ပြီး အသက် ကိုးနှစ်အရွယ်တွင် ရောဂါဖြင့် သေဆုံးသွားခဲ့သူပင်။ ထိုထက်ပို၍ သူမ ဘာမှ မသိခဲ့ပေ။
ကံကောင်းသည်မှာ ယနေ့ တနင်္ဂနွေနေ့ ဖြစ်ပြီး ဖေဖေယွမ် မှာ အိမ်မှ ထွက်ခွာသေးမည် မဟုတ်။ ဤအလုပ်ကို ပြီးမြောက်ရန် ယွမ်လော့ရီတွင် အချိန်လုံလောက်စွာ ရှိသည်။
သူမ တံခါးကို တွန်းဖွင့်ကာ ဖေဖေယွမ်ကို ရှာရန် စာကြည့်ခန်းသို့ သွားလိုက်၏။
"ဒေါက် ဒေါက် ဒေါက်"
ယွမ်လော့ရီ တံခါးခေါက်သော်လည်း တုံ့ပြန်မှု မရှိ။ ပုံမှန်အားဖြင့် ဖေဖေယွမ်သည် နံနက်ပိုင်းတွင် အိပ်ယာထပြီးလျှင် စာအနည်းငယ် ဖတ်လေ့ရှိသော်လည်း ယနေ့ အခန်းထဲတွင် ဘာမှမရှိပေ။
ဤအရာက ယွမ်လော့ရီ ကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။ တစ်ခါတစ်ရံ ဖေဖေယွမ် ထွက်ခွာသွားပါက လပေါင်းများစွာ ပြန်မလာဘဲ လုံးဝ ဆက်သွယ်၍ မရဖူးချေ။
သူမ တရားခံအစစ်ကို ရှာဖွေနေချိန်တွင် တရားခံအစစ်ကလည်း သူမဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေ၏။ အန္တရာယ်မှာ စက္ကန့်တိုင်း စက္ကန့်တိုင်း မြင့်တက်လာနေပြီဖြစ်သည်။
သူမ ကြာကြာ အချိန်ဆွဲနေ၍ မရတော့ပေ။
"ညီမလေး ဒီကို ဘာလို့ စောစောစီးစီး ရောက်နေတာလဲ"
ရင်းနှီးသော အသံတစ်ခုက နောက်ကွယ်မှ ထွက်ပေါ်လာသည်။ သူမ၏ ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့မှာ စင်္ကြံလမ်းထောင့်တွင် ပေါ်လာ၏။ သူ၏ အခန်းမှာ စာကြည့်ခန်းဘေးတွင် ရှိပြီး တံခါးခေါက်သံ ကြားသဖြင့် စစ်ဆေးရန် ထွက်လာပုံရသည်။
သူ အိပ်ရာမှ ထကာစဖြစ်ပြီး ပွပွချောင်ချောင် အပြာနှင့် အဖြူစင်း စတိုင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် သွားတိုက်ဆေးခွက်နှင့် ကျန်လက်တစ်ဖက်တွင် သွားပွတ်တံကို ကိုင်ထားသည်။
သူမ စိတ်ခံစားမှုများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ယွမ်လော့ရီသည် ယွမ်ဖာ့ ဆီသို့ ပြေးသွားပြီး သူ၏ရင်ခွင်ထဲသို့ ဝင်ရောက်လိုက်ရာ ယွမ်ဖာ့မှာ မတည်မငြိမ်ဖြင့် ယိုင်တိုင်တိုင် ဖြစ်သွားရသည်။
"ဝိုး ဝါး ဖြည်းဖြည်းလုပ်ပါ ရေတွေ ဖိတ်ကုန်တော့မယ် ဘာဖြစ်တာလဲ မနေ့ကမှ တွေ့ထားတာပဲကို ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
ယွမ်လော့ရီသည် ရှိုက်ကြီးတငင် ငိုကြွေးပြီး စနစ်၏ ကန့်သတ်ချက်များကြောင့် သူမတွင် ပြောမပြနိုင်သော အရာများစွာ ရှိသည်။
သူ၏ခန္ဓာကိုယ်က နွေးထွေး နေပြီး ဒဏ်ရာလည်းမရထားကာ နာကျင်ခြင်းလည်း မရှိပေ။
ဒီလောက်ဆို လုံလောက်ပြီ။
ရုတ်တရက် သူ့အား တွယ်ကပ်လာသော ညီမလေးနှင့် ရင်ဆိုင်ရသောအခါ ယွမ်ဖာ့သည် အနည်းငယ် ပျော်ရွှင်မှုကို ခံစားရသော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးမှုလည်း ဖြစ်လာ၏။
ယမန်နေ့က ယွမ်စစ်အား အမြတ်ထုတ် အနိုင်ကျင့်ရာတွင် အောင်မြင်ပြီးနောက် သူ အထူးကောင်းမွန်သော စိတ်ခံစားချက်တွင် ရှိနေခဲ့၏။ သူ စျေးဝယ်စင်တာတွင် အကြီးအကျယ် စျေးဝယ်ခဲ့ပြီး ထောင်သားစတိုင် အပြာနှင့် အဖြူစင်း ညအိပ်ဝတ်စုံကို စိတ်ကူးပေါက်ပေါက်ဖြင့် ဝယ်ခဲ့သည်။
ယခု သူ၏ ညီမက သူ့အား ဖက်ကာ ငိုယိုနေသောအခါ သူ အမှန်တကယ် ရာဇဝတ်မှု ကျူးလွန်မိသဖြင့် ထောင်ကျနေပြီး သူ၏ ညီမက သူ့အား ရင်ကွဲနာကျစွာ လာရောက် လည်ပတ်နေသကဲ့သို့ ခံစားရသည်။
သူ၏ မြင့်မြတ်၍ အေးစက်သော အစ်ကိုကြီး ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ထို ဈေးကြီးသော ဝတ်စုံကို ချက်ချင်း ဝတ်ရန် လိုအပ်သည်။
ယွမ်ဖာ့က ပြောလိုက်သည်။
"အရင် လွှတ်ပေးပါဦး၊ ကိုကို တခြား အင်္ကျီ လဲလိုက်မယ်"
ယွမ်လော့ရီမှာ မချင့်မရဲဖြင့် လွှတ်ပေးလိုက်ပြီး ယွမ်ဖာ့ နောက်မှ သူ၏ အခန်းထဲသို့ လိုက်ဝင်သွား၏။
မြင့်မားသော အနက်ရောင် သစ်သား စာအုပ်စင် များပေါ်တွင် ဥပဒေနှင့် သက်ဆိုင်သော စာအုပ်များစွာနှင့် ဂိမ်းခွေ များစွာတို့ဖြင့် ပြည့်နက်နေသည်။ သူသည် ယွမ်နှစ်သိန်း တန်သော ဒုံးပျံမော်ဒယ် တစ်ခုကိုလည်း ဝယ်ယူခဲ့ပြီး ကျည်ကာမှန် ဘူးထဲတွင် ခင်းကျင်းပြသထားရာ - သူ ထိုအရာများကို အမှန်တကယ် နှစ်သက်ကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။
ကွန်ပျူတာတင်ထားသော အလုပ် စားပွဲပေါ်တွင် ဘောပင်များ၊ ဖုန်းတစ်လုံး နှင့် ခရက်ဒစ်ကတ်များ စသော အသေးအဖွဲ ပစ္စည်းအချို့ ရှိ၏။ ထောင့်တစ်နေရာတွင် သူမ ပျောက်ဆုံးနေခဲ့သော မုန့်ပဲသရေစာများကို ယွမ်လော့ရီ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ယခုအခါ ကုန်လုနီးပါး ဖြစ်နေပြီ။
သန့်ရှင်းရေး လုပ်ပြီးနောက် ယွမ်ဖာ့ သည် သပ်ရပ်သော ဝတ်စုံတစ်စုံကို လဲဝတ်လိုက်၏။ သူသည် သူ၏ လက်များကို ယွမ်လော့ရီ ဆီသို့ ကမ်းလိုက်ကာ
"ကိုကို အဆင်သင့် ဖြစ်ပြီ၊ ဆက်ဖက်ကြရအောင်"
ယွမ်လော့ရီက ခေါင်းခါလိုက်သည်။
"မလိုတော့ဘူး သမီး စိတ်ခံစားချက်တွေ တည်ငြိမ်သွားပြီလို့ ခံစားနေရပြီ"
ယွမ်ဖာ့သည် ထိုနေရာမှာပင် မတ်မတ် ရပ်နေမိ၏။ သူ့ ညီမလေး၏ တွယ်ကပ်တတ်သော အတွေ့အကြုံကတ်၏ သက်တမ်းမှာ အမှန်တကယ် တိုတောင်းလွန်းလှသည်။
ယွမ်လော့ရီက မေး၏
"ဒုတိယအစ်ကို၊ ဖေဖေ ဘယ်သွားတာလဲ"
ယွမ်ဖာ့က ပြန်ဖြေသည်။
"သူ သူ့ငယ်ချင်းတွေနဲ့ တွေ့ဖို့ အပြင်ထွက်သွားတယ် ညဘက် အရမ်းနောက်ကျမှ ပြန်လာလောက်မယ်ထင်တယ် ညီမလေး သူနဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိလို့လား"
ယွမ်လော့ရီ သက်ပြင်းချလိုက်သည်။ ကောင်းပြီ၊ သူ အကြာကြီး ခရီးထွက်သွားတာ မဟုတ်ဘူး။ ညနေ သူ ပြန်လာသည်အထိ စောင့်ဆိုင်းပြီးမှ မေးရတော့မည်။
ယွမ်လော့ရီမှာ သူ၏ ဒုတိယအစ်ကို ဖြစ်သူလည်း ယွမ်မေရှီနှင့် ပက်သပ်၍ သိသင့်သလောက် သိကောင်းသိနိုင်မည်ကို သတိရသွား၏။ သူမက မေးလိုက်သည်။
"သူ့ညီမအကြောင်း မေးချင်တာ ကိုကို သူ့အကြောင်း ဘာ သိလဲ"
ခဏတာ စဉ်းစားပြီးနောက် ယွမ်ဖာ့က အဖြေပြန်ပေး၏။
"သိပ်တော့ မသိဘူး သူက အရမ်းငယ်သေးတဲ့အချိန်မှာ
သေသွားတာ ပြီးတော့ အဖေက သူ့အကြောင်း ပြောဖို့ဆိုရင် တွန့်ဆုတ် နေတတ်တယ်၊ အဘိုးကတော့ သူ ငယ်ငယ်လေးကတည်းက စိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်ခု ဖြစ်ခဲ့တာလို့ ပြောပြဖူးတယ် သူ့ကို ကယ်ဖို့ အဘိုး က ဆေးတွေ အများကြီး ထုတ်ခဲ့ပေမဲ့ ဘာထိရောက်မှုမှ မရှိဘဲ သူ ကိုးနှစ် မှာ ဆုံးသွားခဲ့တာ"
ဆေး လား?
ယွမ်လော့ရီက သူမ၏ ပဉ္စမအစ်ကိုဖြစ်သူ ယွမ်ကျွင်း သောက်ခဲ့သော ဆေးကို သတိရမိသွားသည်။ ၎င်းမှာ ယွမ်ကျန်းဟိုင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး
ပျက်စီးလာတဲ့တခြားညီအစ်ကိုများနဲ့မတူဘဲ ယွမ်ကျွင်းကို သေချာတဲ့အတိုင်းအတာတစ်ခုအထိ ကြည်လင်ပြတ်သားမှုကို ထိန်းသိမ်းထားနိုင်စေခဲ့သည်။
ယွမ်ဖာ့က
"ဪ ဟုတ်သားပဲ ညီမလေး ဒီမှာ ရှိနေတုန်း မနေ့က ကိုကို အမြတ်ထုတ် ယူခဲ့တဲ့ ပစ္စည်း တွေကို ပြဦးမယ် ဒုတိယအစ်ကို က ညီမလေး ကိုယ်စား အကျိုးအမြတ်များတဲ့ စာချုပ် တစ်ခု လက်မှတ်ထိုးခဲ့တယ် သိလား"
သူသည် စာရွက်စာတမ်းပုံထဲမှ တစ်ခုကို ဆွဲထုတ်ပြီး ယွမ်လော့ရီ ကို ပေးလိုက်၏။
စာမျက်နှာများကို အမြန်လှန်ကြည့်ရင်း ယွမ်လော့ရီ ရုတ်တရက် သဘောပေါက်သွားသည်— ဤအရာမှာ သူမ စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ် နှင့် လက်မှတ်ထိုးခဲ့သော စာချုပ်ပင်။
ယခုမှစ၍ သူသည် ယွမ်လော့ရီ ကို လူသိရှင်ကြားစွာ ထုတ်လုပ်ရေးနှင့် ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းတွဲများတွင် ပါဝင်ရန် အခွင့်အရေးများ ရှာဖွေပေးရမည်။ ရရှိသော ဝင်ငွေ၏ ၉၀% မှာ ယွမ်လော့ရီ ရရှိရမည်ဖြစ်ပြီး ကျန် ၁၀% သည်သာ ယွမ်စစ် ၏ ကုမ္ပဏီပိုင် ဖြစ်၏။
ယွမ်ဖာ့ က ရှင်းပြသည်၊
"ပုံမှန်ဆိုရင်တော့ ယွမ်စစ်က သူလက်မှတ်ထိုးထားတဲ့ လူသစ်တွေကို ၃၀-၇၀ ခွဲဝေမှု ပေးတယ် သူက ၇၀% ယူပြီး လူသစ်တွေက ၃၀% လေ ကိုကို့ရဲ့ မမောမပန်း ကြိုးပမ်းမှုတွေကြောင့် ညီမလေးကို ဒီလို ရက်ရောတဲ့ စည်းကမ်းချက်တွေ နဲ့ ဒီလိုအခွင့်အရေးမျိုး ရလာခဲ့တာ"
ဤအရာမှာ အလွန် အထင်ကြီးစရာကောင်း၏။
သို့သော် အောက်ခြေနားတွင် စာလုံးသေးသေးလေးဖြင့် ရေးထားသော စာတစ်ကြောင်းကို ယွမ်လော့ရီ သတိပြုမိလိုက်သည်။
"ကိုယ်စားလှယ် အနေဖြင့် ယွမ်ဖာ့ သည် ၁၅% ကော်မရှင်ခကို ကောက်ခံမည် ဖြစ်သည်"
အချိန်စက်ဝန်း အဟောင်းတွင် ယွမ်စစ်၏ စျေးကွက်အတွင်း အမြင့်ဆုံး ကော်မရှင်ခမှာ ၁၀% ဖြစ်သည်ဟု ပြောခဲ့ဖူး၏။ သို့သော် ယခု သူမ၏ ဒုတိယအစ်ကို က သူမအား 1.5 ဆ ပိုများသော ဈေးကို တောင်းနေခြင်းပင်ဖြစ်သည်။