အခန်း (၁၁၂)
Vol. 12 Ch. 112
Chapter 112
အား... ဒီ ရှေ့နေ လူလိမ်ကြီးရဲ့ ကိုယ်ကျင့်တရားက အမြဲတမ်း သုညအောက်မှာပဲ။
သူမ မမြင်နိုင်ခဲ့သော
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကို သတိရသွားပြီး reality show မှ ရရှိခဲ့သော ဆုကြေး ယွမ်သုံးသိန်းကိုလည်း ဒုတိယအစ်ကို ယွမ်ဖာ့ က ရိုးသားမှုမရှိစွာ သိမ်းယူသွားခဲ့ခြင်းအား ပြန်တွေးလိုက်သောအခါ ယွမ်လော့ရီ တိတ်ဆိတ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ လက်ထဲမှ ဖုန်းကို ကြည့်ရင်း အဆက်အသွယ်စာရင်းကို ရှာဖွေလိုက်၏။
"ဘယ်သူ့ကို ခေါ်မလို့လဲ"
ယွမ်ဖာ့က မေးသည်။
"အစ်ကိုကြီးကို"
ယွမ်လော့ရီ ပြန်ဖြေလိုက်၏။
အရာရာမှာ တစ်ဦးအပေါ် တစ်ဦး ပြန်လည်ထိန်းချုပ်တတ်မှု သံသရာထဲတွင် လည်နေခဲ့သည်။
ဒုတိယအစ်ကိုယွမ်ဖာ့မှာ စတုတ္ထအစ်ကိုယွမ်စစ်အား ထိုးနှက်နိုင်သဖြင့် ယွမ်လော့ရီသည် ယွမ်ဖာ့အား စာချုပ်လက်မှတ်ထိုးရာတွင် ကူညီရန် တောင်းဆိုခဲ့ဖူး၏။ ထိုနည်းတူစွာ၊ အကြီးဆုံးအစ်ကို ယွမ်အောင်းမှာလည်း ဒုတိယအစ်ကို ယွမ်ဖာ့ကို နိုင်နင်းနိုင်သည် ဖြစ်ရာ ယခုအခါ စည်းကမ်းသတ်မှတ်ချက်များ ညှိနှိုင်းရန်အတွက် အစ်ကိုကြီးအား ဖုန်းခေါ်ဆိုရန် ကြံစည်နေခြင်းပင်။
ဒုတိယအစ်ကိုသည် ရုတ်တရက် ထိတ်လန့်သွားပုံရပြီး သူ ယွမ်လော့ရီ အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာကာ ကြီးမားသော လက်ကြီးဖြင့် ဖုန်းမျက်နှာပြင်ကို ပိတ်လျက် ဖုန်းခေါ်ဆိုခြင်းကို တားလိုက်သည်။
"ဘာလို့ သူ့ကို ခေါ်ချင်တာလဲ"
ယွမ်ဖာ့က စိုးရိမ်တကြီး မေး၏။
"ဘာလို့လဲဆိုတော့ ကိုကိုက သမီးကို ဈေး တစ်ဆခွဲ ပိုယူပြီး သမီးရဲ့ ပိုက်ဆံတွေကို ယူသွားမှာလေ"
ယွမ်လော့ရီက ရှင်းပြသည်။
"အို ကိုကို့ရဲ့ ချစ်လှစွာသော ညီမလေးရယ် ကိုကိုက အဲဒီပိုက်ဆံတွေကို ညီမလေးအတွက် ခဏထိန်းသိမ်းပေးထားတာပါ ညီမလေး အရွယ်ရောက်လာရင် ပြန်ပေးမှာပေါ့ အေးဂျင့်ခကိစ္စအတွက်ကျ ကိုကိုက ညီမလေးအတွက် ဒီလောက်ကောင်းတဲ့ နှုန်းထားကို ညှိပေးခဲ့တာပဲ နည်းနည်း ပိုယူတာက ဖြစ်သင့်ပါတယ် တခြားသူဆို သုံးဆယူမှာ"
အတွေ့အကြုံများအရ ယွမ်လော့ရီသည် ယွမ်ဖာ့နှင့် အငြင်းပွားလေလေ သူက စကားအရာနိုင်လေလေ ဖြစ်ကြောင်း သိ၏။
ထို့ကြောင့် သူ့စကားများကို လျစ်လျူရှု ရန်သာ ရွေးချယ်လိုက်သည်။
သူမ ယွမ်ဖာ့၏ လက်ကို ဖယ်လိုက်ကာ အစ်ကိုကြီး ယွမ်အောင်း၏ နံပါတ်ကို ခေါ်ဆိုရန် ပြင်လိုက်သည်။
ယွမ်ဖာ့က ယွမ်လော့ရီကို ရင်ခွင်ထဲ ဖမ်းဆုပ်ပြီး ဖုန်းကို လုယူလိုက်၏။
"သူ့ကို ဖုန်းခေါ်ရင် ညီမလေးက ကိုကို့ရဲ့ ချစ်စရာ ညီမလေး မဟုတ်တော့ဘူးနော်"
"ဒါဆို သမီးက ကိုကို့အတွက် ဘာလဲ"
ယွမ်လော့ရီ ဒေါသတကြီး ရုန်းကန်သည်။
ဖုန်းကို ဝေးရာသို့ ပစ်ချလိုက်ပြီး ယွမ်ဖာ့သည် ယွမ်လော့ရီအား လက်တင်ကုလားထိုင်ပေါ် တွန်းချလိုက်၏။ သူ ကိုင်းညွတ်လာပြီး ပရော်ဖက်ရှင်နယ် ရှေ့နေတစ်ဦး၏ အပြုံးကို ပြုံးပြလိုက်သည်။
"ညီမလေးက ကိုကို့ရဲ့ လေးစားရတဲ့ ရွှေရောင် ဖောက်သည်လေးပဲ"
"ညီမလေးက ၁၁ နှစ်ပဲ ရှိသေးတာ၊ ရှေ့မှာ ဆက် လျှောက်ရမဲ့ တောက်ပတဲ့ အနာဂတ်တွေ ရှိသေးတယ် အဲ့ကျ ကိုကိုက ဥပဒေရေးရာ အားလုံးကို ကူညီဖြေရှင်းပေးမယ် ညီမလေး လုပ်ရမှာက ကိုကို့ကို အခကြေးငွေ နည်းနည်းလေး ပေးယုံပဲ ညီမလေးရဲ့ စတုတ္ထအစ်ကိုတောင် သူ့ရဲ့ ရှေ့နေဟောင်းကို ထုတ်ပစ်ပြီး အခု ကိုကို့ကို ပြန်ငှားထားတယ်"
"မနေ့က သူ့ဆီမှာ ဖြစ်ခဲ့တဲ့ ကံဆိုးမှုကြီးက သွေးချောင်းစီးနေတဲ့ သင်ခန်းစာတစ်ခုပဲ”
"ဒါကြောင့် ကိုကို့ကို လက်လွတ်မခံပါနဲ့၊ ဈေးနည်းပြီး အလုပ်မဖြစ်တဲ့ ရှေ့နေတွေက ညီမလေးကို ဒုက္ခပေးနိုင်တယ်"
ယွမ်ဖာ့မှာ ပြောရင်းပင် ယွမ်လော့ရီ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။
"ကိုကို့မှာ အကြံကောင်းတစ်ခု ရှိတယ် ဒီနေ့က နားရက်ဆိုတော့ ညီမလေးလည်း ကျောင်းပိတ်တယ်၊ ကိုကို အလုပ်လုပ်တဲ့ ဥပဒေလုပ်ငန်းကို လာပြီး ကိုကို့ရဲ့ ကျွမ်းကျင်မှုကို ကိုယ်တိုင် ကိုယ်ကျ လိုက် ခံစားကြည့်"
ညက အဖြစ်အပျက်များကြောင့် ယွမ်လော့ရီ ပင်ပန်းနေသည်။ သူမပြန်သွားပြီး ည မရောက်ခင် ဖေဖေယွမ်ပြန်လာသည်အထိ အိပ်နေရန် စီစဉ်ထားခဲ့၏။
သို့သော်လည်း ဒုတိယအစ်ကို ယွမ်ဖာ့မှာမူ ပျော်ရွှင်နေပုံရသည်။ ညီအစ်ကို မောင်နှမများမှာ များသောအားဖြင့် သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေတတ်ကြပြီး အချိန်တူတူကုန်ဆုံးရသည်မှာ ရှား၏။
အခြား အစ်ကိုများကဲ့သို့ပင်၊ သူ၏ အမိုက်စားဘက်ခြမ်းကို ညီမဖြစ်သူအား ပြသလိုသည်။ သို့သော် ပိုက်ဆံကို အလေးအနက်ထားသူပီပီ "သူတစ်ဦးတည်းသာ အမြတ်ထုတ်ခွင့်ရှိသည်" ဟူသော စိတ်နေစိတ်ထားလည်း သူ့တွင် ရောထွေးနေ၏။
ငွေနှင့် ပက်သပ်လျှင် အမြဲ အလေးအနက် ထားတတ်သူပင်။
ယွမ်လော့ရီတွင်လည်း အတွေးတစ်ခု ရှိ၏။
ပြန်လည်စတင်ခြင်းများစွာ ကို ဖြတ်သန်းပြီးနောက် သူမသည် အမှောင်ထုကို မြင်ခဲ့ရသကဲ့သို့ အလင်းရောင်၏ တန်ဖိုးကိုလည်း သိခဲ့ရသည်။ စတုတ္ထအစ်ကို ယွမ်စစ်နှင့် စိတ်ပိုင်းဆိုင်ရာ ဂိမ်းများကိုပင် ကစားခဲ့ရပြီး ပွတ်ကာသီကာ အနိုင်ယူနိုင်ခဲ့၏။
တစ်ဖန် ကြီးပြင်းလာသောအခါ အစ်ကိုများကို ပိုချစ်မြတ်နိုးတတ်လာပြီး အခက်ခဲများကိုပင် သူမကိုယ်တိုင် ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
သေခြင်းတရားကို ရင်ဆိုင်ရင်း လွတ်မြောက်ရာ လမ်းကို ရှာပေးခဲ့သူ ဒုတိယအစ်ကိုအား သူမ၏ အံ့သြဖွယ် မှော်မျက်လှည့်ပညာ ကို မပြရသေးပေ။ ထို့အတွက် သူမ နောင်တ မရချင်ချေ။
ယွမ်လော့ရီက အတည် သဘောဖြင့် ပြောလိုက်သည်။
"ကိုကိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး ရှေ့နေမှန်း သမီး သိပါတယ် သက်သေပြစရာ မလိုပါဘူး သမီးရဲ့ ရန်သူတွေကို အနိုင်ယူဖို့ ကိုကိုက အမြဲတမ်း ကူညီပေးနိုင်တာကို သမီး ကိုကို့ကို ယုံတယ်"
သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ အစ်ကို တစ်ယောက်ပဲ။
သေလုမျောပါး ဝေဒနာ ခံစားနေရချိန်တွင်ပင် ဒုတိယအစ်ကိုသည် လက်မလျှော့ဘဲ ဤကမ္ဘာကြီးအတွက် နည်းလမ်းရှာဖွေရန် ကူညီခဲ့သည်။
"ဒါဆို ကိုကို့ကို ဆက်ခန့်မယ်ပေါ့"
ယွမ်ဖာ့ မျက်လုံးများအရောင် တောက်လာသည်။
"ဟုတ်တယ် ဆက်ခန့်မယ်"
ယွမ်လော့ရီ ခေါင်းညိတ်၏။
"ဈေးနှုန်းရော မဆွေးနွေးတော့ဘူးလား"
"မလိုပါဘူး"
ယွမ်လော့ရီသည် ကုလားထိုင်ပေါ်မှ ခုန်ချကာ စာရွက်စာတမ်းများကို ယူပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။
"ဒုတိယအစ်ကို ဒီည ၇ နာရီကျရင် သမီး အံ့သြစရာကောင်းတဲ့ မှော်မျက်လှည့်တစ်ခု ပြမယ် ကြည့်ချင်လား"
ယွမ်ဖာ့မှာ ထို ကမ်းလှမ်းမှုကြောင့် အံ့အားသင့်သွား၏။ အမြဲတမ်း သူကသာ ညီမဖြစ်သူအား ဖျော်ဖြေခဲ့ရသည်။ ယနေ့ သူကြည့်ရမည့် အလှည့်ပင်။
ထို့နောက် သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။
ကလေးလေး ကြီးပြင်းလာလိုက်တာ နားလည်သဘောပေါက်တတ်နေပြီပဲ၊အစ်ကိုဖြစ်သူကို ကျေးဇူးတင်ကြောင်း တောင်ပြတတ်နေပြီ။
ဤအရာက အတိတ်နမိတ်ကောင်းပင်။ နောင်တွင် သူသည် အိမ်ကြီးထဲတွင် သနားစရာကောင်းစွာ နေထိုင်ရတော့မည်မဟုတ်၊
ညီမဖြစ်သူက သူ့ဆီကို မကြာမကြာ လာလည်တော့မည်မှာ သေချာသည်။
"ဒါပေါ့ ကိုကို ကြည့်ချင်တာပေါ့"
သူ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒါဆို နောက်မှ တွေ့မယ်"
ယွမ်လော့ရီ နှုတ်ဆက်လိုက်၏။
"နောက်မှ တွေ့မယ်"
ယွမ်လော့ရီသည် သူမ၏ အခန်းသို့ ပြန်သွားပြီး မှော်မျက်လှည့် ပြပွဲအတွက် စတင် ဒီဇိုင်းဆွဲလေတော့သည်။
ညနေ ၆:၃၀ တွင် ယွမ်ဖာ့ ရောက်လာပြီး တံခါးခေါက်ကာ စိတ်အားထက်သန်စွာ လာမေး၏။
"စတော့မှာလား"
"ဟုတ်တယ်၊ အတူတူ ရင်ပြင်ထဲကို သွားရအောင်"
ယွမ်လော့ရီက ပြောလိုက်သည်။
နှစ်ဦးသား အနီးဆုံး ပန်းခြံဝင်ပေါက်တစ်ခုဆီသို့ ကားအသေးလေး တစ်စီးဖြင့် သွားကြလေ၏။
ထိုအချိန်တွင် ညအမှောင်ယံမှာ တိတ်ဆိတ်သွားပြီး မကြာသေးခင် က မိုးသက်လေပြင်း ကျရောက်ထားခြင်းကြောင့် လေထုမှာ ထူးထူးခြားခြား လတ်ဆတ်နေကာ မြေပြင်မှာ ရှင်းလင်းနေခဲ့၏။ အေးမြသော ရာသီဥတုက လူများစွာကို ပန်းခြံတွင် လမ်းလျှောက်ရန် ဆွဲဆောင်နေခဲ့သည်။
ယွမ်လော့ရီသည် ယွမ်ဖာ့အား ပန်းခြံ၏ အလယ်ဗဟိုသို့ ဆွဲခေါ်သွား၏။
ယွမ်လော့ရီက ယွမ်ဖာ့၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အလေးအနက် ပြောလိုက်သည်။
"ဒုတိယအစ်ကို၊ သမီးက တကယ်တော့ အချိန်နဲ့ အာကာသကို ခရီးသွားနိုင်တဲ့ စုန်းမတစ်ယောက်ပဲ သမီးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါကြောင့် သမီးရဲ့ စွမ်းအားတွေကို ကိုကို့ကို ပေးချင်တယ်"
" ကိုကို သမီးကို အမှောင်ထု ထဲနေ ဆွဲထုတ်ဖို့ သကြားလုံးတွေကို သုံးခဲ့သလိုမျိုးပဲ"
"အခု ကိုကိုက သုံးအထိ ရေတွက်ရုံပဲ ပြီးတာနဲ့ ဒီက အမှောင်ထုကြီး ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါက ခက်ခဲတဲ့ မှော်ပညာကြီးပဲ"
ယွမ်ဖာ့ သံသယဝင်သွားသည်။
"ရေလိုက်ပါ"
ယွမ်လော့ရီက တိုက်တွန်း၏။
ယွမ်ဖာ့ စတင်ရေတွက်လိုက်သည်။
"၁"
"၂"
"၃"
ပန်းခြံတစ်ခုလုံးသည် ရုတ်ခြည်းဆိုသလို စူးရှ တောက်ပသော အလင်းရောင်များဖြင့် လင်းထိန်သွားသည်။ ရေပန်းများက အလင်းရောင်နှင့် လိုက်ဖက်စွာ ကခုန်နေသည့်အလား၊ ထူထပ်သော ခြုံပုတ်များကြားမှ ပိုးစုန်းကြူးများကလည်း ပန်းခြံကို နတ်ပြည်ကဲ့သို့ ပြောင်းလဲပစ်လိုက်သလိုပင် ယွမ်ဖာ့အား အလှဆုံးသော ခံစားချက်ကို ပေးစွမ်းနေ၏။
ယွမ်လော့ရီမှာ ဝမ်းမြောက်စွာဖြင့် နောက်ပြန်ခုန်ကာ ဦးညွှတ်လိုက်သည်။
"တာဒါ မှော်ဆန်တဲ့ အချိန် ရောက်လာပါပြီ၊ ဝမ်းနည်းမှုတွေအားလုံးက ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်အတွက်အစပဲ။ အခု ကိုကို့ကို ကာကွယ်ဖို့က သမီးရဲ့ အလှည့်ပဲ"
ပန်းခြံတစ်ခုလုံးက နတ်ဘုံကဲ့သို့ အံ့သြဖွယ် မြင်ကွင်းဖြစ်နေသဖြင့် ယွမ်ဖာ့မှာ စကားမပြောနိုင်ဘဲ ကြောင်နေခဲ့သည်။
ဒါ တကယ်ပဲ...
ညီမလေး တစ်ယောက်ရှိရတာ တကယ့်ကို တန်ဖိုးရှိလိုက်တာ
ရှိုးပြီးသွားသောအခါ ယွမ်ဖာ့က စူးစမ်းလိုစိတ်ဖြင့် မေးသည်။
"ညီမလေး ဘယ်လိုလုပ်လိုက်တာလဲ"
ယွမ်လော့ရီ ခရက်ဒစ်ကတ်ကို ထုတ်ပြလိုက်၏။
"သမီး ကိုကို့ရဲ့ ကတ်ကို သုံးပြီး ပေးလိုက်တာလေ"
ယွမ်ဖာ့မှာ ရေခဲဂူထဲသို့ ကျသွားသဖြင့် နေ့တစ်ဝက်လောက် မလှုပ်မယှက်နိုင် ဖြစ်သွားခဲ့သူအလား အေးခဲသွားပြီး ပြောစရာ စကားရှာမရတော့ချေ။ မနက်ခင်းပိုင်းက အဖြစ်အပျက်များကို ပြန်လည် သတိရမိသွားပြီး ယွမ်လော့ရီ စာရွက်စာတမ်းများနှင့် ထွက်သွားစဉ်အခါက သူ၏ ကတ်ဒ် အား ခိုးယူသွားခဲ့ခြင်း ဖြစ်နိုင်သည်ကို တွေးမိသွား၏။
ယွမ်ဖာ့ တုန်လှုပ်သွားပြီး
"ကိုကို့ရဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်လို သိတာလဲ"
ယွမ်လော့ရီ မဖြေပေ၊ အဘယ်ကြောင့်ဆိုသော် သွေးစွန်း နေသော မှတ်စု နောက်ဘက်တွင် ရေးထားခဲ့သည့် လျှို့ဝှက်နံပါတ်မှာ သူမ၏ မွေးနေ့ပင်။ သူ၏ အစ်ကို ဖြစ်သူမှာ ထိုစာရွက်အား တမင်တကာ ဆုတ်ဖြဲပေးခဲ့ခြင်း ဖြစ်နိုင်ပြီး သူသည် ပိုက်ဆံကို အမြဲ အလေးအနက်ထားသူဖြစ်ရာ သူ့အား သတ်လျှင်ပင် အခြားမည်သူ့ကိုမှ သုံးခွင့်ပေးမည် မဟုတ်ပေ။
"သမီး သိပ် အများကြီးမသုံးပါဘူး စိတ်မဆိုးပါနဲ့၊ ကိုကို နောက်မှ ပြန်ရှာလဲ ရပါတယ်"
ယွမ်လော့ရီ ပြောလိုက်သည်။
"ကိုကို စကားဝှက်ကို ပြောင်းတော့မယ်"
ယွမ်ဖာ့ ဒေါသတကြီး ပြောလိုက်၏။
"မပြောင်းပါဘူး"
ယွမ်လော့ရီ ပြန်ပြောသည်။
မောင်နှမ နှစ်ယောက်သား ပြန်သွားကြပြီး ယွမ်ဖာ့မှာ ယွမ်လော့ရီငယ်စဉ်က အကြောင်းများကို ပြန်တွေးနေမိ၏ - အနည်းဆုံးတော့ ငယ်ငယ်က စကားနားထောင်ပြီး ချိုသာတယ် ငါ့ကို မလှည့်စားတတ်ဘူး။
ယွမ်အိမ် တော်သို့ ပြန် ရောက်သောအခါ ယွမ်လော့ရီ သူမ ၏ စိတ်ရှည်သီးခံခြင်း ကို စတင်ရတော့သည်။ ည ၁၀ နာရီ ဝန်းကျင်တွင် ယွမ်လော့ရီက ဖေဖေယွမ် ပြန်လာပြီကို မြင်လိုက်ရ၏။
သူမ ဧည့်ခန်းဆီသို့ အမြန်သွားလိုက်သည်။ ဖေဖေယွမ်မှာ တံခါးဖွင့်ဝင်လာပြီး သူ၏ ကုတ်အင်္ကျီနှင့် အိတ်ကို အိမ်အကူထံသို့ပေးကာ သတင်းစာကို ယူလိုက်၏။ ဖေဖေယွမ်က သူမကို မြင် သောအခါ
"ဒီလောက် နောက်ကျနေပြီ ဘာလို့ မအိပ်သေးတာလဲ"
ယွမ်လော့ရီ အသက်ပြင်းပြင်း ရှူပြီး သူ့ရှေ့သို့ လျှောက်သွားလိုက်သည်။
"ဖေဖေ၊ သမီး မေးစရာ နည်းနည်း ရှိလို့ပါ"
(ရေးသူမှတ်ချက်။ ။ အားလုံးပဲ၊ နောက်ဆုံး ဆင်ခြင်သုံးသပ်မှု လုပ်ဖို့ အချိန်တန်ပါပြီ မနက်ဖြန်ကျရင် ယွမ်မိသားစုရဲ့ အတိတ်အကြောင်း ဆွေးနွေးကြမယ်)