အခန်း (၁၁၄)
Vol. 12 Ch. 114
Chapter 114
နှစ်နှစ်ကြာပြီးနောက်၊ ၉ နှစ်အရွယ် ယွမ်မေရှီမှာ သူမ၏ တန်ဖိုးသည် အဘယ်အရာဖြစ်ကြောင်း နားမလည်သေးချေ။ အရပ်ရှည်သော သူမ၏ အစ်ကိုနှင့် နှိုင်းယှဉ်လျှင် သူမ ဘာကိုမှ ကောင်းစွာ မလုပ်နိုင်သေးပေ။
သူမ အသက်ရှင်နေရခြင်းမှာ သူမ၏ အစ်ကိုက သူမအား ချစ်သလို၊ ဖခင်ကလည်း ချစ်သောကြောင့်ပင်။
ယွမ်မိသားစု၏ ရှေးအစဥ်အလာ စည်းကမ်းများအရဆိုလျှင် သူမသည် လွန်ခဲ့သော အချိန်များ ကတည်းက ပယ်ထုတ်ခံရပြီးပြီဖြစ်ကာ သူမ၏ အမည်မှာလည်း လုံးဝ အဖျက်ခံရပြီး ဖြစ်လိမ့်မည်။
သူတို့သည် အလွန်အစွမ်းထက်ပြီး သူမ၏ တည်ရှိမှုကို အလွယ်တကူ ဖျက်ပစ်နိုင်သူများပင်။ ယွမ်မေရှီမှာ သူမ၏ မိခင်နှင့်အတူ ရှိနေမှသာ စိတ်အေးချမ်းမှု ကို ခံစားရလေသည်။
သို့သော် ကားမတော်တဆမှု တစ်ခုက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့၏။ သူမ အမေထံမှ သွေးများ မရပ်မနား စီးကျနေသည်ကို ကိုယ်တိုင် မြင်ခဲ့ရသည်။
သူမ၏ အားနည်းနေပြီဖြစ်သော အမေကပြော ၏။ "မေရှီ သမီး မကြောက်နဲ့ ဖေဖေက ခနနေရင် လာကယ်လိမ့်မယ် သူက အရမ်းပြည့်စုံတဲ့ လူတစ်ယောက်ပဲ မေမေတို့ အဆင်ပြေသွားမှာ သေချာတယ်"
ယွမ်မေရှီ ငိုကြွေးလိုက်၏။
မေမေ၊ ဘယ်သူမှ လာမှာမဟုတ်ဘူး...
ယွမ်မိသားစု၏ မျိုးဆက်များတစ်လျှောက်တွင် အိမ်ရှင်မဖြစ်သူသည် သခင်ကြီး မတိုင်မီ အမြဲတမ်း ကွယ်လွန်ခဲ့ကြပြီး၊ အခြားမျိုးရိုးနာမည်နှင့် အမျိုးသမီး တစ်ဦးအား အာဏာသိမ်းယူရန် အခွင့်အရေး ကို သူတို့ ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ပေ။
သူမ အမေ၏ အသက်ရှူသံများ ရပ်တန့်သွားပြီး မျက်လုံးများက အိပ်ပျော်နေသကဲ့သို့ မှိတ်သွားသည်။ အမေဖြစ်သူမှာ နောက်ဆုံး သေခါနီးအချိန်တွင်ပင် သူမ၏ ပြီးပြည့်စုံသော ခင်ပွန်း ယွမ်ကျန်းဟိုင် ရောက်လာလိမ့်မည်ဟု ဆက်လက်ယုံကြည်နေခဲ့၏။
ရိုးသားလွန်းသော မိခင် နှင့်မတူဘဲ ယွမ်မေရှီမှာ ယွမ်မိသားစု၏ ဉာဏ်ရည်မြင့်မားမှု ကို အမွေဆက်ခံခဲ့သည်။ ဤကဲ့သို့သော နေ့မျိုး အနှေးနဲ့အမြန် တစ်နေ့ ရောက်လာမည်ကို သူမသိသော်လည်း ပြင်းထန်သော ဝမ်းနည်းမှု ကို ခံစားနေတုန်းပေ။
သူမ၏ အမေဖြစ်သူ မရှိတော့သည့်နောက်တွင် သူမလည်း သေဆုံးရလိမ့်မည်။
သူမ ကမ္ဘာကြီး စတင် ပြိုလဲ လာ၏၊ ထိုနောက်တွင် နာကျင်မှုများ လိုက်လာသည်၊ အထူးသဖြင့် သူမ၏ ဦးခေါင်း အလွန်နာကျင်လာပြီး ရှင်းလင်းစွာ မတွေးနိုင်တော့ပေ။
သေခြင်းနှုင့်အသက်ရှင်ခြင်းအစွန်းဖျား ရောက်နေချိန်မှ နောက်ဆုံးတွင် ဖခင်ဖြစ်သူ ယွမ်ကျန်းဟိုင် ရောက်လာခဲ့၏။
သူသည် သွေးထွက်နေသော သမီးကို ကားအပျက်အစီးများ ကြားမှ သယ်ထုတ်လာကာ သူမ၏ ချောမွေ့သော ဆံပင်ရှည်ကို ညင်သာစွာ ပွတ်သပ်ပေးပြီး ယွမ်မေရှီ၏ မှိုင်းပြပြဖြင့် အသက်မဲ့သော မျက်လုံးများ ကို အေးစက်စွာ စိုက်ကြည့်ခဲ့သည်။
သူက ညင်သာစွာ ပြော၏။ "ဖေဖေ့ရဲ့ ချစ်လှစွာသော သမီးလေး"
"ဂုဏ်ယူပါတယ်၊ အခုကစပြီး သမီးက တန်ဖိုး ရှိသွားပြီ၊ သမီးက လူအများကြီးကို ကယ်တင်လိမ့်မယ်၊ ပြီးတော့ သမီးရဲ့ နာမည်ကို သူရဲကောင်းပုံပြင်တွေထဲကလို လူသားမျိုးနွယ်တွေက ချီးမွမ်းကြလိမ့်မယ်"
"ဒါပေမဲ့ ကယ်တင်ရှင် တစ်ယောက် ဖြစ်တယ်ဆိုတာက အမြဲတမ်း ဒုက္ခအများကြီး တောင့်ခံရတယ်လို့ ဆိုလိုတာပဲ၊ ဖေဖေ သမီးကို မယိမ်းမယိုင်တဲ့ စိတ်ဝိညာဉ် နဲ့ ကောင်းချီးပေးတယ်"
ယွမ်မေရှီမှာမူ ဖခင်၏ ညင်သာသော ပွေ့ဖက်မှုထဲတွင် လဲလျောင်းနေပြီး သွေးအလွန်အကျွံ ထွက်ထားသောကြောင့် သူမ သတိရတစ်ချက် မရတစ်ချက်ဖြင့် ဝေဝါးနေသည်။
ယခင်က သူမ၏ ဖခင်သည် သူမအား အရမ်းအားနည်းသူ၊ တန်ဖိုးမရှိသူ၊ အသုံးမကျသူ အဖြစ် သဘောထားသောကြောင့် အမြဲတမ်း စိတ်မပါသော အထိအတွေ့များနှင့်သာ သူမအား ဆက်ဆံခဲ့၏။
သို့သော် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ယွမ်မေရှီ သူမ ဖခင်၏ ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရသည်။
နိုင်ငံခြားရောက်နေသော ယွမ်ချန်က ညီမဖြစ်သူ ကားမတော်တဆမှု ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူလုပ်နေသော သုတေသန ပရောဂျက်ကို ချက်ချင်း ရပ်နားပြီး ယွမ်မိသားစုထံ လေယာဉ်ဖြင့် ပြန်လာခဲ့၏။
ယွမ်ချန်က သူ့ဖခင်အား မေးလိုက်သည် "ညီမလေး ဘယ်မှာလဲ"
ယွမ်ကျန်းဟိုင်က ပြုံးလိုက်၏။ "ငါ သင်ပေးခဲ့တဲ့ အမူအကျင့်နဲ့ ကျင့်ဝတ်တွေကို မင်း အကုန်မေ့သွားပြီလား အိမ်ပြန်ရောက်ရင် ငါ့ကို အရင် နှုတ်ဆက်သင့်တယ်လေ"
ဒေါသဖြင့် တောက်လောင်နေသော ယွမ်ချန်သည် လက်သီးကို ဆုပ်လိုက်သော်လည်း သူ၏ စိတ်ခံစားချက်များကို ပေါက်ကွဲခွင့် မပြုနိုင်ပေ။ သူ၏ဖခင်မှာ လူတိုင်းကို ဦးညွှတ်ခိုင်းသူ အာဏာရှင် တစ်ဦးနှင့်တူသည်။
သူသာ လိုက်နာခြင်းမရှိပါက ယွမ်ချန် သူ၏ညီမကို ဘယ်သောအခါမှ မြင်ရတော့မည် မဟုတ်ချေ။
ယွမ်ချန်သည် ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ " မင်္ဂလာနံနက်ခင်းပါ အဖေ"
ယွမ်ကျန်းဟိုင်မှာ ကျေနပ်သွားသည်။ " ကောင်းတယ်၊ မင်္ဂလာနံနက်ခင်းပါ ချန်၊ အဖေ မင်းကို အရမ်းလွမ်းနေခဲ့တာ မင်းက အတောင်စုံတာနဲ့ ပျံထွက်သွားပြီး အိမ်ကို တစ်ခါမှ ပြန်မလာခဲ့ဘူး"
သူသည် ယွမ်ချန်အနားသို့ လျှောက်သွားပြီး ပွေ့ဖက်လိုက်ကာ "ပြန်လာတာ ကြိုဆိုပါတယ်"
ယွမ်ချန်က ဖခင်၏ အေးစက်သော ပွေ့ဖက်မှု ကို ခံနိုင်ရည်ရှိပြီး ထိုအရာမှာ သူ ဘယ်သောအခါကမှ မလွတ်မြောက်နိုင်ခဲ့သော အေးစက်မှုပင်။
ခဏအကြာတွင် ယွမ်ကျန်းဟိုင်သည် ယွမ်ချန်ကို လွှတ်လိုက်ပြီး သူ၏ အနက်ရောင် သစ်သားကြိမ်တုတ်ကို မှီကာ တုန်ယင်စွာ လျှောက်သွားပြန်၏။ "ငါ့ရဲ့ အခြေအနေက မြန်မြန် ဆိုးရွားလာနေပြီ၊ နောက်ရက်အနည်းငယ်အတွင်း ဘီးတပ်ကုလားထိုင် လိုလာလိမ့်မယ်၊ ဒါက မင်းကို ဒီလို ပွေ့ဖက်ခွင့်ရတဲ့ နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်"
ယွမ်ချန်က မေးသည်။ "ညီမလေး ဘယ်မှာလဲ"
ယွမ်ကျန်းဟိုင်က လက်တင်ကုလားထိုင်တွင် ထိုင်လိုက်ပြီး သူ၏ ကျောရိုးရောင်ရောဂါကြောင့် ပြင်းထန်စွာ နာကျင် နေရသော်လည်း သူ့အမူအရာမှာ ညင်သာနေဆဲ ဖြစ်သည်။
”ဒီမတော်တဆမှုက သူ့ရဲ့ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါ တော်တော်များများကို ကြေမွသွားစေခဲ့တယ်၊ သူ ဆေးရုံမှာ ကုသမှု ခံယူနေတယ်၊ သူ့ခန္ဓာကိုယ် အနှံ့မှာ ပိုက်တွေနဲ့၊ ခွဲစိတ်မှု ခုနစ်ကြိမ် လုပ်ခဲ့ရပြီး သူ့အရိုးတွေကို သံမဏိချောင်းတွေနဲ့ ဖြည့်ထားရတယ်"
"ငါ့ သမီးတစ်ယောက် အနေနဲ့ အခုဆို သူ ထူးချွန်လာပြီ ငါ သူ့အတွက် ဂုဏ်ယူတယ်"
"သူ ဘယ်နာကျင်မှုကိုမဆို မျက်ရည်တစ်စက်မှ မကျဘဲ သည်းခံနိုင်စွမ်းရှိနေပြီ"
"သူက အခုထိ အရမ်းအားနည်းနေတုန်းပဲ၊ ဒါကြောင့် သူ့ကို မနှောင့်ယှက်နဲ့ဦး၊ ဒီမှာပဲခဏနေ သင့်တော်တဲ့ အချိန်ရောက်ရင် မင်း သူ့ကို တွေ့ရလိမ့်မယ်"
ကားမတော်တဆမှု၏ အမှန်တရားကို ယွမ်ချန် သေချာပေါက် သိသည်။ ဤ သွေးအေးသော အာဏာရှင်က ဤမျှ စောစော စတင်လှုပ်ရှားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိသည့်အတွက် သူ နောင်တရ နေ၏။
၁၈ နှစ် အရွယ်မှ ကိုယ့်အားကိုယ်ကိုးကာ သူ၏ လက်နက် ပရောဂျက်မှ ပိုက်ဆံအချို့ ရရှိခဲ့သည်။ သူ အခြေကျပြီးနောက် မိခင်ဖြစ်သူနှင့် ညီမကို ခေါ်ထုတ်သွားရန် စီစဉ်ထားခဲ့၏။
သူက မေးသည် "အခုမှ ဘာလို့ ဟန်ဆောင်နေရတာလဲ"
ယွမ်ကျန်းဟိုင် အတိတ်ကို ပြန်အမှတ်ရသွားပြီး အနည်းငယ် ဝမ်းနည်း သကဲ့သို့ ဖြစ်ကာ "ငါ မင်းကို ပြောပြထားတယ်လေ၊ ငါ့ရဲ့ အခြေအနေက ဆိုးရွားလာနေပြီ၊ ငါ ဘယ်အချိန် သေမလဲ မသိဘူး၊ ဒါပေမဲ့ သူ ငါ့ထက် အရင် သေရမယ်ဆိုတာတော့ ငါသိတယ်"
"ဒီတစ်ကြိမ်ကလွဲပြီး ကျန်တဲ့တစ်သက်လုံး သူ့ရှေ့မှာ ခင်ပွန်းကောင်း အဖြစ် ငါနေခဲ့တယ်"
"ဒီလို ဖြစ်ခဲ့ဖူးသူအနေနဲ့ မင်းကို အကြံလေးတစ်ခု ပေးချင်တယ်- တစ်နေ့ မင်း လက်ထပ်တဲ့အခါ မင်းရဲ့ ဇနီးနဲ့ အချိန်နည်းနည်းပဲ ဖြုန်းပါ၊ ဘာလို့လဲဆိုတော့ မင်း သူ့ဘေးမှာ အကြာကြီး နေရင် သူက သေးငယ်တဲ့ တိရစ္ဆာန်လေးလို မင်းအပေါ် မှီခိုလာလိမ့်မယ်၊ အဲ့ကျရင် မင်း သူ့အပေါ် ခံစားချက် မဖြစ်လာအောင် တားဆီးဖို့ ခက်ခဲလာလိမ့်မယ်"
"သူ မရှိတော့ ငါ ရက်အတော်ကြာ စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ တကယ်ကို မနှစ်မြို့စရာပဲ"
ယွမ်ချန်တွင် ဆက်နားထောင်နေရန် အင်အားမရှိတော့ပေ။
သွေးအေးမှု၏ ထိပ်ဆုံးအဆင့်သို့ ရောက်ပြီးနောက်တွင်ပင် သူက ဟန်ဆောင်ထားသော နူးညံ့မှု ကို ပြသနေရသေးသည်။
ယွမ်ချန်မှာ ယွမ်အိမ်တော်တွင် နေထိုင်ရန် စိတ်ကူးမရှိသည့်အတွက် လျင်မြန်စွာ လျှောက်ထွက်သွား၏။ ဖခင်ဖြစ်သူက သူ၏ညီမကို လွယ်လွယ်ကူကူ တွေ့ခွင့်ပေးမည် မဟုတ်ကြောင်း သူသိသဖြင့် စိတ်ရှည်ရှည်နှင့် စောင့်ရမည်။
သို့သော် ထိုစောင့်ဆိုင်းရမှုမှာ သုံးလ ကြာခဲ့သည်။
ယွမ်ချန်မှာ စုဝေးပွဲများစွာကို တက်ရောက်ရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။
ယွမ်ကျန်းဟိုင်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ဧည့်သည်များကို ဂုဏ်ယူစွာ ပြောနေ၏။ "ကျွန်တော့်ရဲ့ မိတ်ဆွေတွေ ၊ ကျွန်တော့်သားက အခုဆို အလုပ်တွေကို ကူညီနိုင်နေပြီ သူက ငယ်သေးလို့ ခပ်မိုက်မိုက်နိုင်ပေမယ့် အရည်အချင်းရှိပါတယ်၊ သူကသာ ယွမ်မိသားစုကို အမွေဆက်ခံမှာဖြစ်ပြီး အနာဂတ်မှာ ခင်ဗျားတို့ အားလုံးက သူ့ကို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဧည့်သည်များမှာ ဤ ခေါင်းမာသော သခင်လေးအတွက် လက်ခုပ်တီးနေကြသော်လည်း သံသယဝင်နေကြ၏။ သူတို့ရှိ သစ္စာရှိမှုမှာ ယွမ်ကျန်းဟိုင်အတွက်သာ ဖြစ်သော်လည်း သခင်အိုကြီးက ပြောထားသည့်အတွက် သူတို့ လိုက်နာရမည်ဖြစ်သည်။
အချိန်များကြာပြီးနောက် ယွမ်ချန်သည် ယွမ်ကျန်းဟိုင်ကို ထပ်မံမေး၏ "အဖေ၊ အခု ကျွန်တော် ညီမလေးကို တွေ့လို့ရပြီလား"
ယွမ်ကျန်းဟိုင်က ခဏတာ စဉ်းစားသည်။ " မင်းကို သူနဲ့ တစ်ကြိမ် တွေ့ခွင့်ပေးမယ်၊ သူလည်း မင်းကို တကယ်တွေ့ချင်နေတာ"
ယွမ်ချန်မှာ ကားပေါ်သို့ တက်လိုက်ကာ၊ နာရီအနည်းငယ်ကြာပြီးနောက် ကားသည် စည်ကားသောမြို့မှ ဝေးလံသော တောင်ကုန်းဒေသ သို့ ရောက်သွားပြီး ထိုနေရာတွင် ခဲရောင် အဆောက်အအုံအသစ်များ ဆောက်ထားကာ အဝင်ဝတွင် လုံခြုံရေးဝန်ထမ်းများ အများအပြား ရှိ၏။
ယွမ်မိသားစုယာဉ် ဖြစ်ကြောင်း မြင်သောအခါ အစောင့်များက ဂိတ်ကို ဖွင့်ပေးသည်။
ယွမ်ကျန်းဟိုင်၏ လမ်းညွှန်မှုအောက်တွင် ယွမ်ချန်သည် ကြီးမားသော အဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်လိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းတိုင်း သံတံခါးတစ်ခု ပွင့်သွားကာ သူ့အား ဖြတ်သန်းသွားလာခွင့် ပေးနေ၏။
နောက်ဆုံးတွင် ယွမ်ကျန်းဟိုင်သည် ဓာတ်ခွဲခန်းတစ်ခု၏ ဝင်ပေါက်ရှေ့တွင် ရပ်လိုက်သည်။
သူက ပြော၏ "သူက မွေးစကတည်းက အရမ်း ထူးခြားတဲ့ ကလေးတစ်ယောက်ပဲ ရောဂါဖြစ်စေတဲ့ မျိုးဗီဇတွေ အများကြီးကို သယ်ထားရတာ"
"ဒီရက်တွေအတွင်း သူ အရမ်းကြံ့ခိုင်ခဲ့တယ်၊ စမ်းသပ်မှုတွေ အများကြီးကို ခံနိုင်ရည်ရှိခဲ့တယ်၊ ငါ ဆေးအသစ်တွေ အများကြီး ထုတ်နိုင်စေခဲ့တယ်"
တံခါးဖွင့်လိုက်သောအခါ ညီမဖြစ်သူ၏ စိတ်ထိန်းမနိုင်သော အော်သံများ ထွက်ပေါ်လာ၏။သူမသည် ပြင်းထန်သော နာကျင်မှုကြောင့် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အေးစက်သော ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်။သူမ ယွမ်ချန်ကို မြင်သောအခါ သူ့ဆီသို့ တွားသွား လာ၏။
"ကိုကို သမီး အရမ်းနာလွန်းလို့ သေချင်တယ်"
သူမက ယွမ်ချန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး "သမီးကို သတ်ပေးပါ ကျေးဇူးပြုပြီး သမီးကို သတ်လိုက်ပါတော့"
ထိုအချိန်တွင် ယွမ်ချန်မှာ သူ့ကိုယ်သူ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွမ်ကျန်းဟိုင်က သက်ပြင်းချလိုက်ပြီး သူ၏ ဘီးတပ်ကုလားထိုင်ကို ယွမ်မေရှီ၏ နောက်သို့ လှည့်ကာ ညင်သာစွာဆွဲ လိုက်သောအခါ သူမသည် သူ၏ ရင်ခွင်ထဲသို့ ပြန်ရောက်သွားသည်။
ယွမ်မေရှီက ပြော၏။ "ဖေဖေ၊ ဒါကို အဆုံးသတ်လိုက်ရအောင်၊ သမီး ဆက်ပြီး သည်းမခံနိုင်တော့ဘူး"
ယွမ်ကျန်းဟိုင်က ညင်သာစွာ ပြောသည် " ဖေဖေ့ရဲ့ ချစ်လှစွာသော သမီးလေး၊ အသစ်ထုတ်ထားတဲ့ ဆေးတွေ စပြီးရောင်းချနေပြီ၊ သမီးကြောင့် ရောဂါဆိုးတွေ အများကြီးကို အနိုင်ယူနိုင်ခဲ့ပြီး ကလေးငယ်တွေ အများကြီးကို ကယ်တင်နိုင်ခဲ့တာ၊ သမီးက သူတို့ကိုယ်စား နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့တယ်၊ ဖေဖေ အဲဒီဆေးတွေကို သမီးနာမည်နဲ့ ပေးထားတယ် သူတို့က သမီးကို အဆက်မပြတ် ချီးမွမ်းနေကြတာ"
ယွမ်မေရှီ၏ လက်သေးသေးလေးများက ဖခင်၏ အဝတ်များကို ဆုပ်ကိုင်ထားသည်။ "ဒါပေမဲ့... ဒါပေမဲ့ သမီး..."
သမီးဖြစ်သူ၏ ဆံပင်ရှည်ကို ညင်သာစွာ ပွတ်သပ်ရင်း ယွမ်ကျန်းဟိုင်က ပြော၏ "ယွမ်မိသားစုမှာ ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ နဲ့ ဆင်ခြင်တုံတရားမဲ့တာကို ဖြစ်စေတဲ့ မျိုးရိုးလိုက်ရောဂါ ရှိတယ် သမီးမှာလည်း ဒီမျိုးဗီဇ ရှိနေပြီ အခု စတင် ပေါ်ပေါက်လာပြီ"
"သမီးက ဆက်ပြီး သည်းခံပြီး ဖေဖေကို ကုသနည်း ထုတ်လုပ်ခွင့်ပေး၊ အဲဒါဆို သမီးရဲ့ အစ်ကိုကိုလည်း ကယ်တင်နိုင်လိမ့်မယ်"
"သမီး သူ့ကို သိပ်ချစ်တယ် မဟုတ်လား ၊ သူကလည်း သမီးကို တန်ဖိုးထားတယ်၊ သမီး အမေကို ဆုံးရှုံးခဲ့ရပြီးပြီ၊ သူ့ကိုပါ ဆုံးရှုံးချင်သေးလား"
ယွမ်မေရှီမှာ တဖြည်းဖြည်း စိတ်ငြိမ် သွားပြီး နာကျင်မှုလည်း သိပ်မရှိတော့ပုံရသည်။
ယွမ်ကျန်းဟိုင်က ဂုဏ်ယူစွာ ပြော၏။
"ငါ့သမီးမှာ မယိမ်းမယိုင်တဲ့ စိတ်ဝိညာဉ် တကယ်ရှိတာပဲ"
"သမီးမှာ တိုင်းတာလို့မရနိုင်တဲ့ ကြီးမားတဲ့ တန်ဖိုး ရှိတယ်"
"လူသားမျိုးနွယ်က သမီးအတွက် ဂုဏ်ပြုတဲ့ အထိမ်းအမှတ်ကျောက်တိုင် တွေ စိုက်ထူကြလိမ့်မယ်"