အခန်း (၁၁၅)
Vol. 12 Ch. 115
Chapter 115
ပြင်ပလူများအတွက်မူ ယွမ်ချန် သည် ရုတ်တရက် ဆင်ခြင်တုံတရားရှိသူ ဖြစ်လာပြီး အမွေဆက်ခံသူ၏ ပုံပန်းသဏ္ဍာန်ကို ဟန်ဆောင်ယူထားသကဲ့သို့ ဖြစ်နေ၏။ သူ အနှစ်သက်ဆုံး လက်နက်ပရောဂျက်ကို စွန့်လွှတ်ကာ အိမ်တွင်သာနေပြီး ယွမ်မိသားစု၏ လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အာရုံစိုက်နေခဲ့သည်။
သူ အလုပ်များကို လုံလောက် ကောင်းမွန်စွာ ကိုင်တွယ်သောအခါ ဖခင်ဖြစ်သူ ယွမ်ကျန်းဟိုင်က သူ့ညီမကို အပြင်သို့ လမ်းလျှောက် ခေါ်ထုတ်ခေါ်ခွင့်ပြု၏။
မျိုးရိုးဗီဇ ရောဂါများစွာကို သယ်ဆောင်ထားရသောကြောင့် ယွမ်မေရှီသည် အကြိမ်ကြိမ် ဖျားနာခြင်းကို ခံစားခဲ့ရပြီးနောက် ယွမ်ကျန်းဟိုင်၏ နောက်ဆုံးပေါ် ကုသမှုအစီအစဉ်ကို ခံယူကာ ပြန်လည်သက်သာလာပြီး၊ နောက်တစ်ကြိမ် ထပ်မံဖျားနာပြန်ကာ အဆုံးမရှိသော သံသရာ တစ်ခုထဲတွင်သာ လည်ပတ်နေခဲ့ရသည်။
ဤအရာက သူမကို ခြောက်သွေ့နေသော မြက်ပင် ကဲ့သို့ ပိန်ချုံးနွမ်းနယ်နေစေ၏။ ယွမ်ချန် သူမကို ပွေ့ချီသောအခါ အလွန်ဂရုတစိုက် ကိုင်တွယ်ရပြီး၊ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် သူမ နာကျင်မည်ကို စိုးရိမ်နေရသည်။
ဓာတ်ခွဲခန်းထဲတွင် ယွမ်မေရှီ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ဆိုးရွားလာလိမ့်၏။ သူမသည် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းများစွာကို မြင်ခဲ့ရပြီး ပြင်းထန်စွာ အော်ဟစ် ငိုကြွေးကာ အဆုံးသတ်ပေးရန် တောင်းပန်နေသည်။
ထိုသို့သောအချိန်များတွင် ယွမ်ကျန်းဟိုင်က သူမကို ညင်သာစွာ ပြောလိမ့်မည် "သမီးရဲ့ အစ်ကိုကို သတိရပါဦး၊ သမီးသာ မသည်းခံဘူးဆိုရင် သူလည်း သမီးလိုပဲ ဒုက္ခခံစားရလိမ့်မယ်"
"နောက်ထပ် စမ်းသပ်မှု နည်းနည်းလောက်ပဲ လုပ်ရတော့မှာ ပြီးရင် ဆေးအသစ်ကို ထုတ်လုပ်နိုင်ပြီ"
"ဒီရောဂါဖြစ်စေတဲ့ မျိုးဗီဇတွေက သမီးရဲ့ တန်ဖိုးပဲ၊ သမီး ဆင်းရဲဒုက္ခတွေခံနေရတာက သူများတွေ ဆင်းရဲဒုက္ခတွေ မခံရတော့ဘူးလို့ ဆိုလိုတာပဲ၊ သမီးက အသက်တွေအများကြီးကို ကယ်တင်ခဲ့ပြီးပြီ၊ အခု သမီးရဲ့ အစ်ကိုကိုပါ ကယ်တင်လိုက်ပါဦး"
ထို့ကြောင့်၊ အကြိမ်တိုင်းတွင် ယွမ်မေရှီ ရုန်းကန်ခဲ့ရသည်။
ယွမ်ချန်က သူမကို အပြင်သို့ လမ်းလျှောက်ရန် ခေါ်ထုတ်ချိန်တိုင်းတွင် ယွမ်မေရှီ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ တနည်းနည်းဖြင့် အနည်းငယ် တိုးတက်လာတတ်၏။ သူမက ပန်းအမျိုးမျိုးနှင့် အပင်များကို နှစ်သက်ပြီး ယွမ်ချန်က များစွာ ခူးယူကာ သူမ၏ လက်ထဲ ထည့်ပေးတတ်သည်။ မတူညီသော ရှုခင်းများကို မြင်ရခြင်းကိုလည်း သူမ နှစ်သက်ပြီး ယွမ်ချန်က သူတို့ လမ်းလျှောက်တိုင်း နေရာမျိုးစုံကို လှည့်ပတ်ကာ လမ်းကြောင်းများကို ပြောင်းလဲ ပေးသည်။
သို့သော်၊ ဓာတ်ခွဲခန်းထဲတွင် နွမ်းနယ်သွားသော ပန်းများ ကဲ့သို့ပင် သူမသည် လျင်မြန်စွာ နွမ်းနယ်လာ၏။
နောက်တစ်ကြိမ် ယွမ်ချန် လာရောက်လည်ပတ် သောအခါ သူမ လုံးဝ တုံ့ပြန်မှု မပြတော့ဘဲ ပျက်နေသော စက်ရုပ်တစ်ရုပ် ကဲ့သို့သာ ဖြစ်နေပြီး၊ သူမ၏ မျက်လုံးများမှာ လစ်ဟာနေကာ စိတ်ခံစားမှု ကင်းမဲ့နေပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း မရှိဘဲ ထုံထိုင်းစွာ ရှိနေသည်။
သူမသည် ဘာအမှားမှ မလုပ်ခဲ့ပါဘဲနှင့် ဒုက္ခများစွာကို ခံနိုင်ရည်ရှိခဲ့ရသည်။
ယွမ်ချန်၏ ရင်ထဲတွင် နာကျင်မှု ခံစားရပြီး သူမကို ရင်ခွင်ထဲထည့်ကာ တင်းတင်းဖက်ထားလိုက်၏။
အံ့ဩစရာကောင်းသည်မှာ ယွမ်မေရှီ၏ အကြည့်များ အနည်းငယ် ကြည်လင်လာပြီး စကားစပြောသည်။ "သမီး သေချင်တယ် သမီးကို သတ်လိုက်ပါတော့"
ယွမ်ချန်မှာ တုန်လှုပ် သွား၏။
ယွမ်ချန်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေရင်း ယွမ်မေရှီက ဆက်ပြောသည် "ကိုကို သမီး ဒီနေရာကနေ ထွက်သွားလို့ မရတော့ဘူး၊ သမီး သေပြီးတဲ့အခါကျရင် ပြတင်းပေါက်နားက ကွေ့ဟွားပန်းစည်း ကို ယူပြီး ထွက်သွားပေးပါ"
ယွမ်ချန်မှာ လည်ချောင်းထဲ၌ တစ်ခုခုပိတ်စို့ နေသကဲ့သို့ပင်။ "ကိုကို ဒါကို မလုပ်နိုင်ဘူး"
အားနည်းသော အပြုံးဖြင့် ယွမ်မေရှီက ထပ်ပြောသည် " ကိစ္စမရှိပါဘူး၊ နောက်တစ်ခါ ထပ်မွေးလာရင် သမီးက ကိုကို ချစ်တဲ့သူတွေဆီကို တခြားပုံစံ နဲ့ ပြန်လာခဲ့မယ် ဒီတစ်ခါတော့ သမီး ကျန်းမာတဲ့ ကလေး အဖြစ် မွေးဖွားချင်တယ်"
ယွမ်ချန်မှာ ထိန်းမနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး အသက်ရှူရခက်ခဲစေသော၊ ပြင်းထန်သော၊ အားကိုးရာမဲ့သော ခံစားချက်က သူ့ကို လွှမ်းမိုးထားသည်။
သူက သူ၏ညီမငယ်ကို ပွေ့ဖက်ထားပြီး မုန်တိုင်းထဲမှ ဖယောင်းတိုင်လေးသဖွယ် တောက်ပခဲ့သော တက်ကြွလန်းဆန်း နေခဲ့သောအသက်တစ်ချောင်းမှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားသည်ကို ကြည့်နေခဲ့၏။
သူမ၏ နှလုံးမှာ ဘယ်သောအခါမှ ပြန်ခုန်လာတော့မည် မဟုတ်ပေ။
ဈာပနတွင် ယွမ်ချန်သည် ရင်ဘတ်၌ ကွေ့ဟွားပန်းကို ပန်ဆင်ထားပြီး ညီမဖြစ်သူ၏ ခေါင်းတလားထဲသို့ သကြားလုံးများစွာကို ထည့်ပေးခဲ့သည်။
သူမ နောက်တစ်ကြိမ် ဤကမ္ဘာသို့ ရောက်လာသောအခါ ချိုမြိန်သောဘဝ ကို ရှင်သန်နိုင်ရန် သူ မျှော်လင့်ခဲ့၏။
ယွမ်ကျန်းဟိုင်သည် တိုးညင်းစွာဖြင့် ဂုဏ်ပြုစကား ဆို၏ "သူက မယိမ်းမယိုင်တဲ့ စိတ်ဝိညာဉ် ရှိတဲ့ နာခံတတ်ပြီး အကျင့်ကောင်းတဲ့ သမီးတစ်ယောက်ပါ သူ့ကြောင့်ပဲ ဆေးဝါးအသစ်တွေ အများကြီး ထုတ်နိုင်ခဲ့ပြီး ရောဂါသည် ကလေးတွေကို ကုသနိုင်ခဲ့တာ အခုတော့ သူ့အတွက် သုံးမိနစ်လောက် တိတ်ဆိတ်ပေးပြီး ဂါရဝပြုကြပါစို့"
အောက်တွင် ဧည့်သည်များအားလုံးက ခေါင်းညိတ်ကာ တိတ်ဆိတ်စွာ ဂါရဝပြုခြင်းကို စတင်ကြသည်။
ယွမ်ချန်မှာ ဤ ဟန်ဆောင်ထားသော ထုံးတမ်းစဉ်လာကို ဆက်သီးမခံနိုင်တော့ပေ။ သူတို့အားလုံးသည် ထိုဆေးဝါးအသစ်များကို ရောင်းချခြင်းမှ ချမ်းသာလာသူများ ဖြစ်ပြီး၊ သူတို့၏ အကောင်းဆုံး စမ်းသပ်ခံကို ဆုံးရှုံးရခြင်းအတွက်သာ ငိုကြွေးနေကြခြင်းပင်။
ယွမ်ချန်သည် ခန်းမမှ ထွက်ခွာသွားပြီး အပေါ်ထပ်သို့ တက်ကာ ထုပ်ပိုးထားသော ခရီးဆောင်အိတ်ကို ယူဆောင်၍ ယွမ်မိသားစုမှ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။
အစေခံယောက်ျား အနည်းငယ်က ယွမ်ချန်၏ လမ်းကို ပိတ်ဆို့လိုက်၏။
" ဖယ်ကြစမ်း " သူ ဒေါသတကြီး အော် လိုက်သည်။
အစေခံများက စိတ်ခံစားမှုကင်းမဲ့စွာဖြင့် "သခင်လေး၊ ခင်ဗျား ထွက်သွားလို့ မရဘူး ဒါတွေက သခင်ကြီးယွမ်ရဲ့ အမိန့်ပါ"
"ဝှီး..."
ဘီးတပ်ကုလားထိုင်၏ ဂီယာသံ သဲ့သဲ့ ထွက်ပေါ်လာပြီး ယွမ်ကျန်းဟိုင်သည် ယွမ်ချန်ရှေ့တွင် ပေါ်လာသည်။
သူ့ သား၏ မျက်နှာကို ဂရုတစိုက် စူးစမ်းလိုက်ပြီးနောက် အေးစက်သော ရယ်သံ ဖြင့် ရယ်မောလိုက်၏၊ လှောင်ပြောင်သကဲ့သို့ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ပျော်ရွှင်နေသည်။
"ပထမဆုံး အကြိမ် အနေနဲ့ လူသတ်ရတာက အမြဲတမ်း ထူးခြားတဲ့ ခံစားချက်ကို ပေးတတ်တယ်၊ ငါ ပထမဆုံး သတ်ခဲ့တဲ့သူက ငါ့ရဲ့ အမေပဲ"
"ပြီးတော့ မင်းက မင်းရဲ့ ညီမကို သတ်ခဲ့တယ် မင်းက ငါ့ရဲ့ သွေးကို ဆက်ခံထားတဲ့ ပြစ်မှုကျူးလွန်ဖက်၊ ယွမ်မိသားစုရဲ့ အမွေဆက်ခံသူ ပဲ မင်း ဘယ်ကို ပြေးပြေး ဒါက ပြောင်းလဲသွားမှာ မဟုတ်ဘူး"
"မင်း အခု ၁၈ နှစ်ရှိပြီ၊ ကောလိပ်တက်တုန်းပဲ ငါ မင်းကို ခဏလွှတ်ပေးထားမယ်၊ ဒါပေမဲ့ နောက်ဆောင်းရာသီ ကျောင်းပိတ်ရက်မှာ ပြန်လာရမယ်၊ ငါ့ရဲ့ စီးပွားရေးမိတ်ဖက်တွေကို မင်းနဲ့ မိတ်ဆက်ပေးမယ်"
"မင်းက ပျိုးပင်ကောင်း တစ်ပင်ပဲ အခုလောလောဆယ် ခံနိုင်ရည်ရှိအောင်လုပ်ထား၊ ဆင်းရဲဒုက္ခက မင်းကို မြန်မြန်ရင့်ကျက်လာစေလိမ့်မယ် ၊မင်း အောင်မြင်မှု ရပြီးတဲ့အခါ မင်းငါ့နေရာကို ယူဖို့ ငါ့ကို သတ်ဖို့ ပြန်လာခဲ့နိုင်တယ်"
"မင်း တကယ့် အာဏာကို ကိုင်စွဲနိုင်မှ တကယ် လွတ်လပ်နိုင်လိမ့်မယ်"
ထိုစကားများပြောပြီးနောက် ယွမ်ကျန်းဟိုင်သည် လက်ဝှေ့ယမ်းပြလိုက်ရာ အစေခံများက လမ်း ဖယ်ပေးလာပြီး ယွမ်ချန်အား ခရီးဆောင်အိတ်ကို ဆွဲကာ ဖခင်ကို ကျော်လွန်သွားပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားရန် ခွင့်ပြုလိုက်သည်။
နှစ်များစွာကြာပြီးနောက် ယွမ်ကျန်းဟိုင်၏ အာဏာမှာမူ အားကောင်းနေဆဲပင်။ အခါအားလျော်စွာ သူသည် သူ၏ အစွမ်းသတ္တိကို ပြသတတ်ကာ၊ ယွမ်ချန်အား အတိတ်က ဖြစ်ရပ်များကို နာကျင်စွာ သတိရ စေ၏ - ဤသည်မှာ ယွမ်မိသားစု၏ အမွေဆက်ခံသူများကို အာဏာအတွက် လေ့ကျင့်ပေး သော နည်းလမ်းပင်။
သို့သော် ယွမ်ချန်၏ နှလုံးသားတွင် အနာကျင်ရဆုံး အပိုင်းမှာ ညီမဖြစ်သူအတွက်သာ ဖြစ်သည်။
သူမကို မကယ်တင်နိုင်ခဲ့ပေ။
အကယ်၍ နောက်ဘဝတစ်ခု တကယ်ရှိခဲ့လျှင် သူ့အနားသို့ ပြန်မလာဘဲ ပိုကောင်းသော မိသားစုထံသို့ ရောက်ရှိပါစေဟု ဆုတောင်းခဲ့သည်။
အချိန်တစ်ခုကြာအောင် ထုံထိုင်းနေခဲ့ပြီးနောက် ယွမ်ချန်၏ ဘဝတွင် ရှားပါးသော အပြုသဘောဆောင်သည့် အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့၏ - သူသည် သူမကိုယ်သူမ ဘက်ဆီဟု ခေါ်ပြီး စိတ်တိုတတ်သော အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
သူတို့ ပထမဆုံး တွေ့ဆုံချိန်က သူမ၏ ဓါးသွားမှာ သူ၏ လည်ချောင်းသွေးလွှတ်ကြောနှင့် တစ်လက်မသာ ကွာခဲ့၏။
ဆန့်ကျင်ဘက်လိင်နှင့် အလွန်နီးကပ်ရသော ဤတွေ့ဆုံမှုမှာ ယွမ်ချန်ကို အတော်လေး တုန်လှုပ် စေခဲ့သည်။
တွေ့ဆုံပြီး ငါးမိနစ် မပြည့်မီတွင် ယွမ်ချန်သည် တစ်နေ့ သူမနှင့် လက်ထပ်မည်ဟု သေချာသွားခဲ့ပြီး သူ့အသက်ကို တကယ် စွန့်စားကာ သူမကို အနိုင်ယူခဲ့၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်။
ဆူညံပွက်လောရိုက်နေသော သားငါးဦး ဆက်တိုက် မွေးဖွားပြီးနောက် ယွမ်ချန် တကယ်နောက်ထပ် ကလေး မလိုချင်တော့ပေ။
ယွမ်ကျန်းဟိုင် ဦးဆောင်သော ယွမ်မိသားစုကြီးမှာ အချိန်နှင့်အမျှ ပြဿနာများ ဖန်တီးနေဆဲပင်။ ယွမ်ချန်မှာ ကလေးတစ်ဦးစီနှင့် သူ၏ ဇနီး ဘက်ဆီကို ကာကွယ်ရသဖြင့် အတော်လေး ပင်ပန်းနေ၏။
သူသည် သူ၏ အကြီးဆုံးသား ယွမ်အောင်း လျင်မြန်စွာ ကြီးပြင်းလာပြီး ဝန်ထုပ်ဝန်ပိုးကို ခွဲဝေယူနိုင်ရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်နေခဲ့ပြီး ထိုသို့ ဖြစ်လာချိန်တွင် သူ အချိန်ကြာမြင့်စွာ စွန့်လွှတ်ထားခဲ့ရသော သူ၏ ကိုယ်ပိုင် လက်နက် သုတေသနကို အာရုံစိုက်နိုင်မည် ဖြစ်သည်။
တစ်နေ့တွင် သူ၏ ဇနီး ဘက်ဆီက ပျော်ရွှင်စွာ လှည့်ပတ်ပြီး ကိုယ်ဝန်ရှိကြောင်း ကြေညာလာ၏။
ယွမ်ချန် သတင်းစာကို ချလိုက်ပြီး အသက်ရှူရပ် သွားသည်။
ဘက်ဆီက ပြော၏။ " ဒီတစ်ခါတော့ သမီးလေး ဖြစ်မယ်ဆိုတာ သေချာတယ် "
ယွမ်ချန်က ပြောသည် "နောက်ထပ် သားတစ်ယောက်သာဆိုရင် ကိုယ် တကယ် သေသွားနိုင်တယ် မနေ့က ကိုယ် ဝယ်လာတဲ့ ရှေးဟောင်းကြွေပန်းကန်တွေ အကုန်လုံးကို အဲဒီ နတ်ဆိုးလေးတွေ ရိုက်ခွဲပစ်လိုက်ပြီးပြီ"
"စိတ်မပူပါနဲ့ အချစ်လေးရဲ့ တကယ်လို့ သားလေးဖြစ်သွားရင်လည်း နောက်တစ်ယောက် ထပ်ယူလိုက်ရုံပေါ့"
"ဒါဆို ကိုယ်တို့မှာ ကလေးခုနစ်ယောက် ဖြစ်သွားမှာ အဲဒါကျ အရမ်းများလွန်းတယ်"
"သမီးလေး မရရင် ရှင်လည်း သေမယ်မှတ်"
ယွမ်ချန်က နားလည်မှုယူရန်သာ ရွေးချယ်လိုက်ပြီး သူ၏ ဇနီး ဘက်ဆီမှာ သူမ၏ ဓါးကို ချလိုက်သည်။
ဘက်ဆီ၏ ဝမ်းဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုကြီးလာသည်။ ရေမြွှာပေါက်သောအခါ ယွမ်ချန်က သူမကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့၏။
သူ ဝင်ပေါက်နားတွင် ဟိုလျှောက် ဒီလျှောက်နှင့် စိတ်ပူပန် နေသည်။ ယခင်က ငါးကြိမ်တိုင်တိုင် ဤကဲ့သို့သော အခြေအနေကို ဖြတ်သန်းခဲ့ဖူးသော်လည်း သူ အလွန်အမင်း စိုးရိမ်နေဆဲပင်။
ပြတင်းပေါက်အပြင်ဘက်တွင် ကြီးမားသော ကွေ့ဟွားပန်းပင် တစ်ပင် ရှိ၏ အကြောင်းတစ်ခုခုကြောင့် ယနေ့တွင် ပန်းများ ပွင့်နေပြီး ပုံမှန် ရာသီထက် အနည်းငယ် စောသော်လည်း ၎င်း၏ ရနံ့က ယွမ်ချန်၏ စိတ်နှလုံးကို သက်သာရာရစေသည်။
သူနာပြုနှင့် ဆရာဝန် ထွက်လာ၏။
"မစ္စတာ ယွမ်၊ သမီးလေးရော အမေရော နှစ်ယောက်စလုံး ကျန်းမာပါတယ်၊ အဆင်ပြေသွားပါပြီ အခု သွားကြည့်လို့ရပါပြီ"
သူ၏ ရင်ထဲတွင် ကြီးမားသော ပျော်ရွှင်မှု ဖြစ်ပေါ်လာသည်။ ယွမ်ချန် ဆေးရုံခန်းထဲသို့ ဝင်လာပြီး သူ၏ ဇနီး ဘက်ဆီက မွေးကင်းစ ကလေးမလေး တစ်ဦးကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရ၏။
တကယ်ကို သမီးလေးပဲ။
သူ၏ ဇနီး ဘက်ဆီက ပြောသည် "ဘာလို့ သူ့ကို လာမချီတာလဲ ကျွန်မ ပင်ပန်းနေပြီ"
ယွမ်ချန်က နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသော သူ၏ အဖိုးတန် ကလေးငယ် ကို ချီလိုက်၏။သူမမှာ အလွန်နူးညံ့ပြီး သိမ်မွေ့သော မျက်နှာသွင်ပြင်များ ရှိရာ လှပစွာ ကြီးပြင်းလာမည်မှာ သေချာသည်။
သူမအား ကြည့်နေစဉ် ညီမဖြစ်သူ ယွမ်မေရှီကို ယွမ်ချန် သတိရမိသွားသည်။ သွေးသားတော်စပ်မှုကြောင့် ဖြစ်နိုင်ချေရှိ၏ ကလေးက သူမနှင့် အနည်းငယ် တူနေခဲ့သည်။
သူ စားပွဲပေါ်မှ စစ်ဆေးမှု အစီရင်ခံစာကို လက်တစ်ဖက် ဖြင့် ကောက်ယူပြီး အလျင်အမြန် ဖတ်ရှုလိုက်၏။ ယွမ်ချန် သက်ပြင်းချလိုက်မိသည် - သူ၏ သမီးမှာ ကျန်းမာသော ကလေးလေးပင်။
သူက ကလေးငယ်ကို တိုးတိုးလေး ပြောလိုက်၏။ " အသက်တစ်ချောင်းက ကိုယ် ချစ်တဲ့သူတွေဆီကို တခြားပုံစံ နဲ့ ပြန်လာနိုင်တယ်"
"ဒီတစ်ကြိမ်မှာ ကိုကို့ရဲ့ သမီးလေး ဖြစ်ချင်လား"
"အကယ်၍ ဖြစ်ချင်တယ်ဆိုရင် ကိုယ် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ဖို့ ကြိုးစားပါ့မယ် အတူတူ ချိုမြိန်တဲ့ဘဝလေးကို ဖြတ်သန်းလိုက်ကြစို့"