အခန်း (၁၁၆)
Vol. 12 Ch. 116
Chapter 116
”ငါသေချင်တယ်”
မှုန်မှိုင်းနေသော အခန်းထဲရှိ ၁၈ နှစ်အရွယ် ယွမ်လော့ရီ၏ အကြည့်မှာ မှိန်ဖျော့နေပြီး အသက်မဲ့နေ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ယွမ်ချန် သူ့သမီးဖြစ်သူ ယွမ်လော့ရီထံမှ ထိုစကားများအား ထပ်ကြားခဲ့ရသည်။
မေ့ပစ်ထားသော မှတ်ဥာဏ်များ ပြန်လည်ပေါ်လာပြီး သူ့ညီမ၏ ခန္ဓာကိုယ်အပူရှိန်မှာ သူ၏ ရင်ခွင်ထဲမှာပင် တဖြည်းဖြည်း လျော့နည်းလာခဲ့ကာ နောက်ဆုံးတွင် လုံးဝ အေးစက်သွားခဲ့ပြီး သူမ၏ သေဆုံးမှုဖြစ်စဥ် အသေးစိတ်များက သူ့ စိတ်ထဲတွင် ဆက်တိုက် ပြန်လည်ပေါ်လာနေသည်။
သက်သာစ ပြုနေသော ဒဏ်ရာမှာ ရက်စက်စွာပင် ထပ်မံစုတ်ဖြဲခံလိုက်ရပြီး သွေးများဆက်တိုက်ထွက်နေခြင်းက ယွမ်ချန်အား လွန်စွာနာကျင် ခံစားရစေသည်။ သူ့ကိုယ်သူ တည်ငြိမ်နေအောင် ထိန်းထားရ၏။
သူသည် ယခင်ကကဲ့သို့ အကူအညီမဲ့နေသော ၁၈ နှစ်သား မဟုတ်တော့ချေ။ ယခုအခါ သူ့တွင် လုံလောက်သည့် အဆက်အသွယ်များနှင့် အရင်းအမြစ်များ ရှိနေပြီဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ သူ့သမီးကို ကယ်တင်ရမည်။
ယွမ်ချန်က ပထမဆုံး ယွမ်လော့ရီကို ယွမ်အိမ်တော်မှ ထွက်သွားဖို့ရန် ပြောလိုက်၏။
အခြေအနေကို သက်သာလာစေရန် လုပ်ရမည့် ပထမဆုံးအဆင့်မှာ ပတ်ဝန်းကျင်ကို ပြောင်းလဲရန်ပင်။ သူ၏ ညီမလေးမှာ ဓာတ်ခွဲခန်းမှ ထွက်၍ အခြားနေရာတစ်ခုသို့ သွားရသောအခါတိုင်း ပို၍ပျော်ရွှင်တတ်၏။
ယွမ်ချန်က ယွမ်လော့ရီအတွက် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများနှင့် ငွေသားများပါရှ်ိသော ခရီးဆောင်အိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။
သူမက သူမသွားချင်သည့် တည်နေရာကို ရွေးချယ်နိုင်ပြီး ကိုယ်ရံတော်များက လျှို့ဝှက်စွာ လိုက်ပါ စောင့်ရှောက်ပေးလိမ့်မည်ပင်။
ထို့နောက် ယွမ်ချန်သည် သူ၏ ဇနီးဘက်ဆီအား ရှာဖွေ၏။ “ကိုယ့်ညီမတုန်းကလိုပဲ သူနေမကောင်းဖြစ်နေတယ်"
ဘက်ဆီ၏ မျက်လုံးများမှာ ချက်ချင်း နီရဲလာခဲ့သည်။
ယွမ်လော့ရီက သူမ၏ သမီးအရင်း မဟုတ်ကြောင်း သူမသိနှင့်ပြီး ဖြစ်သော်ငြား နှစ်ပေါင်းများစွာရှိခဲ့သည့် မိခင်နှင့်သမီး ကြားရှိ သံယောဇဉ်မှာမူ အတုမဟုတ်ပေ။ ယခု သူမ၏ ချစ်လှစွာသော ကလေးငယ်မှာ ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံးသော ဆင်းရဲဒုက္ခကို ခံစားရတော့မည်။
ဖြစ်နိုင်လျှင် သူမသာ ယွမ်လော့ရီ၏ နေရာကို ဝင်ကာ အရာအားလုံးကို ခံစားပေးလိုက်ချင်သည်။
အကယ်၍ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းသာ လဲပေးလို့ရနိုင်လျှင် ဆေးရုံခေါင်းမိုးပေါ်တွင် ခုန်ချဖို့တန်းစီနေသည့် မိခင်များနှင့် ပြည့်နေမည်ဖြစ်၏။
ယွမ်ချန်က သူ၏ ဇနီးသည်ကို ပွေ့ဖက်လိုက်ပြီး: "ဒီကိစ္စရဲ့ နောက်ကွယ်မှာ ယွမ်မိသားစု ရှိနေတယ် သူတို့ နှစ်တွေ အကြာကြီး ပုန်းကွယ်နေခဲ့ပေမဲ့ ပြန်လှုပ်ရှားလာတာ မကြာသေးဘူး"
"စိတ်မပူပါနဲ့ ကိုယ်တို့ရဲ့ အင်အားတွေက အရင်ကထက် ပိုပြီးအားကောင်းနေပါပြီ ဒီတစ်ခါတော့ ကိုယ် ယွမ်မိသားစုတစ်ခုလုံးကို ဖယ်ရှားပစ်မယ် သူတို့ သေကိုသေရမယ်"
"အချစ် ဒီမှာနေခဲ့ပြီး ကလေးတွေကို ပြန်ခေါ်လိုက် ဒီနှစ်တွေအတွင်းမှာ သူတို့လည်း နယ်ပယ်မျိုးစုံမှာ ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီပဲ အတူတူဆိုရင် ကိုယ်တို့တွေ အနိုင်ရမှာပါ"
"ကိုယ် ကုမ္ပဏီကို သွားဖို့လိုတယ် အဲဒီမှာ..."
ယွမ်ချန်၏ အမူအရာမှာ ဝမ်းနည်းနေသည့် ပုံပြောင်းသွားကာ: "အဲဒီမှာ ၂၂၂ ဆီရမ် ရှိတယ်"
အတိတ်တွင် ယွမ်ကျန်းဟိုင်သည် ယွမ်မေရှီအား "ကုသခြင်း" မှတစ်ဆင့် ဆီရမ်များစွာကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ၂၂၂ ဆီရမ်မှာ ယွမ်မိသားစု၏ မျိုးရိုးလိုက်ရောဂါကို လုံးဝကုသပေးနိုင်သည့် ဆီရမ်ပင်။
ဤရောဂါ၏ ပထမဆုံးအဆင့်အနေနှင့် ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ထို့နောက် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှု မတည်မငြိမ်ဖြစ်ခြင်း၊ ဆင်ခြင်တုံတရား ဆုံးရှုံးခြင်း နှင့် နောက်ဆုံးတွင် လူနာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ် ပြင်းပြလာခြင်းတို့ ဖြစ်သည်။
ယွမ်လော့ရီ၏ အခြေအနေမှာ နောက်ဆုံးအဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမက သေဖို့ရန် စိတ်ဆုံးဖြတ်ထားပြီဖြစ်၏။ ဆေးဝါးများဖြင့် သူမကို ကုသ၍ ရတော့မည် မဟုတ်ချေ။
သို့သော် ယွမ်ချန် လက်မလျှော့ချင်ပေ။ တစ်သန်းပုံ တစ်ပုံသာ အခွင့်အရေးရှိလျှင်ပင် သူ ထိုအခွင့်အရေးအား တင်းကြပ်စွာ ဆုပ်ကိုင်ထားရမည်ပင်။
ယွမ်ချန်သည် ယွမ်အိမ်တော်မှ ကုမ္ပဏီသို့ ထွက်ခွာသွားပြီး ဘက်ဆီမှာမူ ယွမ်လော့ရီအား နှုတ်ဆက်ဖို့ရန် သွားလိုက်၏။
ကုမ္ပဏီသို့ ရောက်ရှိပြီးနောက် ယွမ်ချန်သည် စစ်ဆေးရေးဂိတ်များစွာကို ဖြတ်ကျော်ခဲ့ရပြီးနောက် လေးလံသော တံခါးတစ်ခု၏ ရှေ့၌ ရပ်လိုက်သည်။
"ဘီပ်"
ယွမ်ချန်က သူ၏ ကတ်ကို ပွတ်ဆွဲလိုက်ရာ တံခါးမှာ အလိုအလျောက် ပွင့်သွားပြီး အေးစက်နေသည့် လေအေးများ တိုက်ခတ်လာခဲ့၏။ ဆီရမ်ကို ထိန်းသိမ်းဖို့ရန်အတွက် ဤနေရာ၏ အခန်းအပူချိန်အား အအေးဆုံးတွင် ထားရ၏။
အောက်ခြေမှ မျက်နှာကျက်အထိ မြင့်သော စင်များပေါ်တွင် မရေတွက်နိုင်သော ဖန်ပုလင်းများ ကို ထားရှိထားသည်။
အနက်ရောင် သေတ္တာတစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး ယွမ်ချန်က ၎င်းကို ဖွင့်ဖို့ရန်အတွက် အဆင့်သုံးဆင့်ရှိသည့် စကားဝှက်များကို ရိုက်ထည့်လိုက်ပြီးနောက် ပွင့်သွားချိန်တွင် အတွင်း၌ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့၏။
"ချန် ဆက်မရှာနဲ့တော့ ငါယူပြီးသွားပြီ"
ယွမ်ကျန်းဟိုင်၏ အသံမှာ အနောက်ဘက်မှ ထွက်လာခဲ့သည်။ သူက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ကုန်းကွကွ ဖြစ်နေကာ အသက်ရှူကိရိယာနှင့် ချိတ်ဆက်အသက်ရှုနေရပြီး သူ၏ ဆံပင်များလည်း တစ်ခေါင်းလုံး ဖြူနေပြီဖြစ်ကာ သူ၏ လက်ချောင်းများက ပင့်ကူခြေထောက်များကဲ့သို့ပင် လက်ရန်းများကို တင်းတင်းဆုပ်ကိုင်ထား၏။
အချိန်က သူ၏ခန္ဓာကိုယ်ကို ပိုမို အားနည်းလာစေသော်ငြား သူ၏ မျက်လုံးများမှာ ထက်မြက်ကာ အာဏာဆန် နေဆဲပင်။
သူ့နောက်တွင် မရေတွက်နိုင်သည့် သစ္စာရှိ အိမ်အကူများစွာ ရပ်နေပြီး သေနတ်များကို ယွမ်ချန်ဆီသို့ ဦးတည်ကာ ချိန်ရွယ်ထား၏။
ယွမ်အိမ်တော်နှင့် ကုမ္ပဏီတို့ရှိ စောင်ကြည့်ရေးကင်မရာများမှာ လွန်ခဲ့သော ကာလများကတည်းက ဟက်ခံထားရပြီး စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ယွမ်ချန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။
ယွမ်ချန်က ယွမ်လော့ရီမှာ သူ၏သမီးအရင်းမဟုတ်ကြောင်း သိသွားသည်နှင့် ယွမ်ကျန်းဟိုင် သူ ပုန်းကွယ်နေစရာ မလိုတော့ကြောင်း သိသွားကာ စတင်လှုပ်ရှားလာ၏။
ဖခင်နှင့် ပြန်တွေ့ရချိန်တွင် ယွမ်ချန် ဒေါသထွက်ကာ ရွံရှာမိ၏။ လွန်ခဲ့သော နှစ်များတစ်လျှောက်လုံး သူ တတ်နိုင်သမျှ ကြိုးစားခဲ့သော်ငြား ဤအတ္တကြီးသည့် ဘီလူးအား မသတ်နိုင်ခဲ့ပေ။
သူက အေးစက်စွာ မေးလိုက်သည် "ဆီရမ်ကို ဘာလို့ ယူသွားတာလဲ"
ယွမ်ကျန်းဟိုင်က စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကာ: "ငါ မင်းကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပြီလေ ငါ့ကို တွေ့ရင် သေသေချာချာနှုတ်ဆက်ရမယ်လို့ ငါ မင်းကို မွေးခဲ့တာ ကျင့်ဝတ်မသိတတ်တဲ့သူ ဖြစ်လာဖို့ မဟုတ်ဘူး"
ဤသည်မှာ သူ့ဖခင်က သူ၏ ထိန်းချုပ်လိုစိတ်အား ပြနေခြင်း ဖြစ်ကြောင်း သိသဖြင့် ယွမ်ချန်က လက်သီးကို ဆုပ်လိုက်၊ ဖြည်လိုက်သာ လုပ်နေ၏။
သူက ပြောလိုက်သည်။ "မင်္ဂလာညနေခင်းပါ အဖေ"
ယွမ်ကျန်းဟိုင်က ပြုံးကာ: "မင်္ဂလာညနေခင်းပါ ချန် ငါ မင်းကို အရမ်းလွမ်းနေခဲ့တာ ဘာလို့ ငါ့ကို လာမတွေ့တာလဲ တခြားသူတွေက မင်းကို မိဘစကား နားမထောင်တဲ့လူလို့ ထင်ကုန်ရင် ယွမ်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်"
ယွမ်ချန်က မေးလိုက်သည်။ "ဆီရမ်ကို ဘာလို့ ယူသွားတာလဲ"
ယွမ်ကျန်းဟိုင်က အေးဆေးစွာ ပြော၏။ "တစ်ခါတလေမှာ မင်းက တကယ်ဂရုမစိုက်တတ်တဲ့ အဖေတစ်ယောက်ပဲ အမြဲတမ်း အပြင်မှာပဲ ပြေးလွှားနေပြီး မင်းရဲ့ ကလေးတွေ ပြောင်းလဲလာတာကို သတိမထားမိဘူးလေ ဒီတော့ အဘိုး တစ်ယောက်အနေနဲ့ ငါကပဲ သူတို့ကို ဂရုစိုက်ပေးရတာပေါ့"
"မင်းရဲ့ အကြီးဆုံးသား ယွမ်အောင်းက ၁၃ နှစ်မှာ ရောဂါစဖြစ်လာခဲ့ပေမဲ့ မင်း သတိမထားမိခဲ့ဘူးလေ အဲဒါကြောင့် ငါဆီရမ်ကို သုံးပြီး သူ့ကို ကုခဲ့ရတယ်"
"ဒါပေမဲ့ အာနိသင်က သိပ်အဆင်မပြေပါဘူး ရောဂါသိပ်မဆိုးလာအောင်ပဲ လုပ်နိုင်တာလေ ကုသနိုင်တာ မဟုတ်ဘူး နောက် နှစ်အနည်းငယ်အတွင်းပဲ သူ သေသွားလိမ့်မယ်"
"အဲဒါကြောင့် ငါ မင်းဆီကို ပြည့်စုံတဲ့ ကလေး တစ်ယောက် ပို့ပေးခဲ့တာ ယွမ်အောင်း သူနဲ့ တွေ့လိုက်တာနဲ့ သူ့ရောဂါ ချက်ချင်း ပျောက်သွားတယ်
တကယ်ကို အံ့ဩစရာပဲ ပြီးတော့ ငါ့ရဲ့ သီအိုရီကိုလည်း အတည်ပြုနိုင်ခဲ့တယ်"
"ကျန်တဲ့ ဆီရမ်ကိုတော့ ငါ သိမ်းထားခဲ့တယ် ဒါက ငါ့ရဲ့ ချစ်ရတဲ့ သမီးလေး မေရှီ ချန်ထားခဲ့တဲ့ တန်ဖိုးကြီး အမွေအနှစ်လေးပဲ"
ယွမ်ကျန်းဟိုင်က ထိုနာမည်ကို ထုတ်ပြောလိုက်ချိန်တွင် ယွမ်ချန်၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်သွားခဲ့သည်။
ဖခင်တစ်ဦးအနေနှင့် ယွမ်ကျန်းဟိုင်က သူမကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ကာ အမြတ်ထုတ်ခဲ့ပြီး သူမ၏ နောက်ဆုံး အခြေအနေအထိကို ရသလောက် စုပ်ယူခဲ့သည်။ သို့ပေမဲ့ ယခုတွင် သူမက သူ့၏ ချစ်ရသော သမီးဟု ပြောနေ၏။
သူက ဖခင်တစ်ဦးဖြစ်ဖို့ မထိုက်တန်ပေ။
ယွမ်ချန် အော်ဟစ်လိုက်သည် "ခင်ဗျားမှာ သူ့နာမည်ကို ခေါ်ပိုင်ခွင့် မရှိဘူး"
ယွမ်ကျန်းဟိုင်က အေးစက်စွာ ရယ်မောကာ "မင်းမှာရော ခေါ်ပိုင်ခွင့်ရှိလို့လား”
”ဒီဓာတ်ခွဲခန်းထဲက ဆေးဝါးတွေရဲ့ တစ်ဝက်လောက်က သူ့ရဲ့ သုတေသနကနေ ထုတ်လုပ်နိုင်ခဲ့တာ ဒီနှစ်တွေအတွင်းမှာ အဲဒီဆေးတွေက ကလေးတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ပြီး မင်းကိုလည်း စည်းစိမ်ဥစ္စာ တွေ ရရှိစေခဲ့တယ် ယွမ်မိသားစုကို တခြားမိသားစုတွေထက် ပိုအစွမ်းထက်စေခဲ့တယ်လေ"
"မွေးစကတည်းက မင်းက အပြစ်တွေ သယ်လာခဲ့တာ ဘာလို့လဲဆိုတော့ မင်း ခံစားခဲ့ရတဲ့ အကျိုးအမြတ် အသီးအပွင့်တိုင်းက ငါ ဒီလိုနည်းလမ်းတွေနဲ့ သိမ်းယူခဲ့တာမလို့ပဲ"
"ငါ မရှိရင် မင်းလည်း ရှိလာမှာ မဟုတ်ဘူး"
"နောက်ဆုံးမှာတော့ မင်းက သူ့ကို သတ်ခဲ့တဲ့လူပဲ မင်းက ငါ့ရဲ့ ကြံရာပါပဲ"
ယွမ်ကျန်းဟိုင်က နောင်တရသော လေသံဖြင့် ဆက်ပြော၏။ "သူသာ ပိုကြာကြာ အသက်ရှင်ခဲ့မယ်ဆိုရင် ငါ ဆေးအသစ်တွေ ပိုပြီး သုတေသန လုပ်နိုင်ခဲ့မှာ မင်းက ငါ့ကို ဆုံးရှုံးမှုတွေ မနည်းစေခဲ့ဘူးပဲ”
"ဒါပေမဲ့ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောသားပဲ ငါကိုယ်တိုင် မင်းကို ပြုစုပျိုးထောင်ခဲ့တာ ငါ့မှာ မင်းအပေါ် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိတယ် ဒါကြောင့် ငါ မင်းကို အချိန်တိုင်း ချမ်းသာပေးခဲ့တယ်"
"လူသားတွေရဲ့ စိတ်ခံစားမှုတွေဆိုတာ တကယ့်ကို အံ့ဩစရာပဲ ဟုတ်တယ်မလား"
ယွမ်ကျန်းဟိုင် လက်မြှောက်လိုက်ချိန်တွင် လက်ချောင်းထိပ်များမှာ အားနည်းစွာ တုန်ယင်နေသော်ငြား အစေခံတစ်ဦးက စိတ်ငြိမ်ဆေးသေနတ်ကို ယွမ်ချန်ထံသို့ ဦးတည်ကာချိန်ထားလိုက်သည်။
"အိပ်လိုက်ပါ ချန် ငါ မင်းကို သေချာပြန်စဉ်းစားဖို့ အချိန်ပေးမယ် ဒီတစ်ခါတော့ မင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
အစေခံက ခလုတ်ကို ဆွဲလိုက်၏။ စိတ်ငြိမ်ဆေးမြားက သူ့ဆီသို့ အရှိန်အဟုန်ဖြင့် လွင့်လာပြီး ယွမ်ချန်မှာ မြေပြင်ပေါ်သို့ မလဲကျသွားခင် လည်ပင်းတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။
___________________________________________