အခန်း (၁၂၀)
Vol. 12 Ch. 120
Chapter - 120
[တစ်ထပ်တည်းကျသော အနှစ်သာရ]
ယွမ်လော့ရီက မေးမြန်းချေသည်။ “ကမ္ဘာလမ်းကြောင်းတွေက ပေါင်းစည်းနိုင်လား”
အချိန်နောက်ပြန်ဆုတ်မှုများကို ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးသည့်နောက် ယွမ်လော့ရီမူ တစ်ဖက်၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာလျှင် အခြားတစ်ဖက်၌လည်း အလားတူ ပြောင်းလဲမှုများ ရှိခဲ့သည်ကို တွေ့ခဲ့ရချေသည်။
ဆိုလိုသည်မှာ ကမ္ဘာလမ်းကြောင်းများမှာ ဆက်သွယ်လျက်ရှိသည်ဟူ၍တည်း။
စနစ်မှာ
ကမ္ဘာလမ်းကြောင်းသစ်များကို ဖန်တီးနိုင်သည်ဖြစ်ရာ ကမ္ဘာလမ်းကြောင်းများကို ပေါင်းစည်းစေခြင်းလည်း ဖြစ်နိုင်ပေမည်။
ထိုနည်းဖြင့် ကမ္ဘာလမ်းကြောင်းအားလုံးမှ လူအများမှာ ကောင်းမွန်သော အဆုံးသတ်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ကမ္ဘာ့လမ်းကြောင်း ၂ ၌ ကွယ်လွန်ခဲ့ကြသော ယွမ်အောင်းနှင့် ယွမ်ဖာ့ပင်လျှင် ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ပေလော။
ယွမ်လော့ရီက စနစ်၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်မျှော်နေခဲ့၏။
[ဒင်!]
[Host ရဲ့ သြဇာလွှမ်းမိုးမှုကို စစ်ဆေးနေပါတယ်]
[ဒင်!]
[စစ်ဆေးမှု ပြီးပါပြီ Host ရဲ့ သြဇာလွှမ်းမိုးမှုက လုံလောက်ပါတယ် အဲဒီ ကမ္ဘာလမ်းကြောင်း သုံးခုက တချို့ အခြေအနေတွေအောက်မှာတော့ ပေါင်းစည်းနိုင်ပါတယ်]
ယွမ်လော့ရီက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။ “ဘယ်လို အခြေအနေမျိူးတွေလဲ”
[Host ဖက်က သြဇာလွှမ်းမိုးမှု ရဖို့ မူလကမ္ဘာလမ်းကြောင်းကို အချိန် နောက်ပြန်ဆုတ်ဖို့ လိုပါတယ်]
ယွမ်လော့ရီတစ်ယောက် သဘောပေါက်သွားခဲ့၏။
လုံခြုံရေးအိမ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမသည် ကမ္ဘာလမ်းကြောင်း ၁ သို့ အချိန်နောက်ပြန်ဆုတ်ရမည်။ ထိုနေရာ၌ လျှို့ဝှက်ချက်အားလုံး မြင်သာထင်ရှားလာလိမ့်မည်။
ကားမှာ ဆက်လက် မောင်းနှင်နေခဲ့ပြီး ညရှုခင်းတို့က နောက်သို့ တရွေ့ရွေ့ဖြင့် လျင်မြန်စွာ ဖြတ်သန်းသွားကြ၏။
နောက်ထပ် နာရီဝက်ခန့်အကြာတွင် အုပ်စုမှာ လက်နက်ကိုင်များစွာ ကင်းလှည့်နေသော လုံးလုံး ဖြူဖွေးစွတ်နေသည့် ခံတပ် လုံခြုံရေးအိမ်သို့ ရောက်ရှိလာခဲ့သည်။
ဖေဖေယွမ်၏ အထူးအဆင့်အတန်းမှာ လက်နက် လျှို့ဝှက်ချက်များစွာကို ရယူခွင့် ပေးထားသဖြင့် သူသည် နိုင်ငံတော်၏ အမြင့်ဆုံးလုံခြုံရေး ဦးစားပေးပုဂ္ဂိုလ်ဖြစ်ခဲ့၏။ ဤတိုက်ခိုက်မှုအပြီး၌ အမြင့်ဆုံးအဆင့် လုံခြုံရေးကို ဖေဖေယွမ်မှ ရရှိသည်မှာ သဘာဝပင်။
သူတို့သည် ခံတပ်ကြီးအတွင်း၌ ဓာတ်လှေကားဖြင့် မြေအောက်ထပ် ဆယ်လွှာသို့ တိုက်ရိုက် ဆင်းသွားခဲ့ကြရာ လေထုက အေးစိမ့်လျက် ရှိချေ၏။
စစ်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ဖေဖေယွမ်အား ဆိုလေသည်။ “မစ္စတာယွမ် စိတ်ချလက်ချ အနားယူပါ ဒီနေရာက တကယ် စိတ်ချရပြီး ခြောက်လစာ လူနေဖို့အတွက် လိုအပ်သမျှ အထောက်အပံ့တွေရှိပါတယ် ဒုံးပျံတွေ လာထိရင်တောင် မစ္စတာနဲ့ မိသားစုကို နည်းနည်းလေးတောင် မထိခိုက်စေရပါဘူး”
ဖေဖေယွမ်က ပြော၏။ “ငါ့ သားသုံးယောက် ကျန်သေးတယ် ဇနီးဖြစ်သူကလည်း ပနားမားမှာ တာဝန်ထမ်းဆောင်နေတာ”
ထိုသူက ပြန်ဖြေလေသည်။ “သူတို့ကို ခေါ်ဖို့ လူတွေ လွှတ်ထားပြီးပါပြီ သိပ်မကြာခင် ရောက်လာကြမှာပါ”
ဖေဖေယွမ်တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့၏။ “မင်းတို့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်”
ထိုသူက ပြုံးလျက် ပြောသည်။ “ဝန်ဆောင်မှုပေးရတာကိုပဲ ကျွန်တော်က ဂုဏ်ယူမိပါတယ်ဗျာ”
ယွမ်လော့ရီမူ တည်ကြည်လေးနက်နေသော ဖခင်အား စူးစိုက်ကြည့်ရှုရင်း အသစ်ဆန်း ခံစားချက်ကို ခံစားနေရချေ၏။
အိမ်၌မူ သူသည် အံဝင်ခွင်ကျ ဖြစ်မနေသကဲ့သို့ပင်။ တစ်စုံတစ်ယောက်က အကြွေးယူထားပြီး ပြန်မဆပ်သည့်အလား မျက်မှောင်ကြုတ်လျက်သာ နေတတ်၍ မေမေယွမ်၏ ဆူပူမှုကို ခံရလေ့ ရှိပေသည်။
သို့သော် ဤနေရာ၌ ဖေဖေယွမ်မူ အရည်အချင်းရှိသူပမာ ထင်ရှားနေပြီး ဝန်ထမ်းများကလည်း သူ့အား အလွန်ပင် လေးစားကြချေသည်။
တကယ်တမ်း၌ သူသည် အိမ်ပြင်ပတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတကား။
ဖေဖေယွမ်က ထိုလူများနှင့် ကိစ္စရေးရာများ ဆွေးနွေးရန် သွားခဲ့စဉ် ယွမ်လော့ရီနှင့် သူမ၏ အစ်ကိုနှစ်ယောက်တို့အား ဧည့်ခန်းသို့ လမ်းပြခေါ်ဆောင်သွားကြ၏။ သူမသည် ဆိုဖာပေါ်တွင် ထိုင်လျက် နောက်ဆုံးတွင် တစ်ခဏတာ အနားယူခွင့် ရခဲ့ချေသည်။
တစ်ဦးတည်း သီးသန့် အခန်းတစ်ခန်း ရသည်နှင့် လော့ရီမှာ အချိန် နောက်ပြန်ဆုတ်ခြင်း လုပ်ငန်းစဉ်ကို စတင်၍ နောက်ဆုံးပဟေဠိ အစိတ်အပိုင်းကို လက်စသတ်မည်ဖြစ်၏။
သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့က သူမ ဘေး၌ ထိုင်လျက် ခြေထောက်ရှည်များကို ဆန့်တန်းကာ ထပ်၍ ထိုင်နေ၏။ သူသည် ရီမုတ်ကို ကိုင်လျက် ချန်နယ်များကို စိတ်မရှည်စွာ ပြောင်းနေစဉ် ရုပ်မြင်သံကြားက တဖျတ်ဖျတ် လက်နေခဲ့သည်။
ယွမ်ဖာ့က ဆိုလေ၏။ “လာနောက်နေတာဘဲ ဒီ မြေအောက်ခံတပ်ကြီးမှာ အင်တာနက်က မရှိ၊ ဖုန်းလည်း သုံးမရ၊ ဂြိုဟ်တုတီဗီ ကြည့်ရမယ်တဲ့လေ မကြည့်တာ နှစ်ရှစ်ရာလောက် ကြာနေပြီကို အမလေးလေး ဒီ ခေတ်နောက်ကျတဲ့ ဆပ်ပြာလိုဒရမ်မာတွေက မတရားပျင်းစရာကောင်းလိုက်တာ”
ယွမ်ဖာ့၏ ခန္ဓာကိုယ်ဟန်ပန်က သူ၏ ကမ္ဘာလမ်းကြောင်းသို့ နောက်ပြန်ဆုတ်ခဲ့စဉ် ယွမ်အိမ်တော်ပျက်ထဲ၌ စားပွဲပေါ် ခြေထောက်တင်ကာ ထိုင်နေပုံအား ယွမ်လော့ရီကို အမှတ်ရစေခဲ့၏။ သို့သော် ထိုစဉ်က ယွမ်ဖာ့မူ တီဗီကြည့်မနေဘဲ လူများကို နှိပ်စက်နေခဲ့ချေသည်။
ကမ္ဘာလမ်းကြောင်းများ ပေါင်းစည်းပါက ယွမ်ဖာ့သည် ထိုကမ္ဘာလမ်းကြောင်း၌ သူ လုပ်ဆောင်ခဲ့သော အရာများကို မှတ်မိသွားမည်ဖြစ်ပြီး သူသည် အံ့အားသင့် တုန်လှုပ်မိမည်မှာ မလွဲဧကန်ပေ။
ယွမ်ဖာ့တစ်ယောက် စိတ်ဝင်စားစရာ တစ်စုံတစ်ရာကို ရှာမတွေ့တော့သည့်အတွက် ရီမုတ်အား ယွမ်လော့ရီ၏ လက်ထဲသို့ တွန်းထည့်ပေးလိုက်ချေသည်။ “ကိုကို့ရဲ့ အချစ်ဆုံး ညီမလေး၊ ညီမလေးရဲ့ သဘောကောင်းတဲ့ ဒုတိယကိုကိုက တီဗီ ထိန်းချုပ်ခွင့်ကို လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပြီ တန်ဖိုးထားသင့်တယ်နော်”
ထိုသို့ ပြောဆိုပြီးနောက် သူသည် ထရပ်၍ အစ်ကိုကြီး ယွမ်အောင်းထံသို့ သူလျှို၏ အထောက်အထားကို စုံစမ်းရန် လိုက်သွားလေသည်။
ယွမ်ဖာ့က မေးမြန်းခဲ့၏။ “သူလျှိုက ဘယ်သူဖြစ်နိုင်တယ် ဆိုတာကို ဦးဆောင်မှုတစ်ခုခု ရထားပြီလား”
ယွမ်အောင်းက ပြန်ဖြေသည်။ “အတိုင်းတာကို လူအယောက်နှစ်ဆယ်အထိတော့ ကျုံ့ထားပြီးပြီ ကြည့်ကြည့်လိုက်”
ယွမ်ဖာ့က မေး၏။ “ဒါက အခကြေးငွေရတဲ့ အလုပ်လား၊ အခကြေးငွေမရတဲ့ အလုပ်လား”
ယွမ်အောင်း၏ မျက်လုံးများက မှောင်မိုက်သွားပြီး ယွမ်ဖာ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။
ယွမ်ဖာ့က ဆိုလေသည်။ “ရပြီ၊ နားလည်သွားပြီ အခကြေးငွေ မရဘူးပေါ့”
ယွမ်ဖာ့သည် ထိုလူနှစ်ဆယ်၏ မှတ်တမ်းများကို စတင်၍ စစ်ဆေးခဲ့ချေသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် မိသားစု၏ အသက်ရှင်ရပ်တည်ရေးနှင့် သက်ဆိုင်သည်ဖြစ်ရာ သူသည် သူ၏ ညီမဖြစ်သူအား အန္တရာယ်တွင်းထဲ၌ မနေစေချင်ပေ။ သူလျှိုကို အမြန်ဆုံး ဖော်ထုတ်ရန် ကူညီပေးခြင်းက ပို၍ ကောင်းပေလိမ့်မည်။
အလွန်ပင် ဝမ်းနည်းစရာ ကောင်းသည်။
မိသားစုတစ်စုလုံးတွင် ယွမ်စစ်၏ သိုးမွေးကိုသာ အလွယ်တကူ ရိတ်ယူ၍ ရ၏။ သို့သော် အစ်ကိုကြီးအား ရိတ်ယူရန်မှာ အလွန်ပင် အန္တရာယ်များသည်။ ငွေတစ်ပြားမျှ မရရှိနိုင်သည့်အပြင် အပြစ်ဒဏ်ကိုသာ ရင်ဆိုင်ရမည် ဖြစ်ချေ၏။
ဤအတောအတွင်း၌ ယွမ်လော့ရီက စိတ်ကူးယဉ် အချစ်ဒရာမာ ဇာတ်လမ်းတွဲတစ်ခုကို ရွေးချယ်ခဲ့ချေသည်။ သူမ ကြည့်လေလေ အိပ်ချင်လာလေလေ ဖြစ်လာ၏။ သို့သော် သူမ အိပ်ပျော်လုနီးပါး ဖြစ်သည့်အခါတိုင်း အမျိုးသမီး ဇာတ်လိုက်၏ ငိုယိုသံကြောင့် လန့်နိုးလာရချေသည်။
ယွမ်လော့ရီ၏ စိတ်ဓာတ်များက ချက်ချင်းပင် ပြန်လည် နိုးကြားလာခဲ့၏။ ဤအကျိုးသက်ရောက်မှုသည် သူမ လိုချင်သည့်အတိုင်းပင်။ လော့ရီတစ်ယောက် ယနေ့ည၌ အိပ်ပျော်၍ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမမမူ အချိန် နောက်ပြန်ဆုတ်ခြင်းကို စတင်ရန် လိုအပ်နေသေးသည်။
နံနက် ၃ နာရီခန့်တွင် ယွမ်အောင်းနှင့် ယွမ်ဖာ့တို့နှစ်ယောက် အတူတကွ ပူးပေါင်း၍ သူလျှိုကို ဖော်ထုတ်နိုင်ခဲ့ကြပြီး သူတို့၏ မျက်နှာအမူအရာများက လေးနက်လာခဲ့ချေသည်။
ယွမ်အောင်းက ယွမ်လော့ရီအား မေးမြန်းခဲ့၏။ “ညီမလေးကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးတဲ့ ကားဒရိုင်ဘာ ရှောင်ဖုန်းဆီက ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုး သတိထားမိခဲ့သေးလား”
ယွမ်လော့ရီက ပြန်လည် တွေးကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ ဒရိုင်ဘာ ရှောင်ဖုန်းမှာ အလွန်ပင် ကြိုးစားလုပ်ကိုင်တတ်သူ ဖြစ်ပြီး သူ၏ အလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်သူဖြစ်သည်။
ယွမ်လော့ရီတစ်ယောက် ခုနစ်နှစ်အရွယ်၌ ပြန်ပေးဆွဲခံရစဉ်တွင် ရှောင်ဖုန်းမှ ပြန်ပေးသမားများကို လိုက်လံ၍ ဖမ်းခဲ့၏။ သူသည် ထရပ်ကားဖြင့် တိုက်ခံရပြီး သေလုမြောပါး ဖြစ်ခဲ့ရသော်လည်း ပြန်ပေးသမားများ၏ ကားလိုင်စင်နံပါတ်ပြားကို မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ယွမ်မိသားစုအား အကူအညီ ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် ယွမ်မိသားစုက သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး လုံးဝ ယုံကြည်ခဲ့ကြ၏။
ယွမ်အောင်းက ဆိုလေသည်။ “သူက မိသားစုရဲ့ သူလျှိုဘဲ သူ့ရဲ့ လျှို့ဝှက်ဘဏ်အကောင့်ထဲမှာ အဲဒီ ပြန်ပေးသမားတွေနဲ့ ချိတ်ဆက်ထားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ကိုကို တွေ့ခဲ့တယ် ညီမလေးကို ကယ်တာကနေရတဲ့ ဒဏ်ရာက လှည့်စားမှုကြီးတစ်ခုဘဲ”
ယင်းမူ ဒရိုင်ဘာ ရှောင်ဖုန်းမှ ယွမ်လော့ရီအား မည်သည့် ဆိုးယုတ်သည့် ရည်ရွယ်ချက်ကိုမျှ ပြသခဲ့ခြင်း မရှိသောကြောင့် သူမမှ လုံးဝ မမျှော်လင့်ခဲ့မိသည့် အရာပင်။ အချိန်အများစုတွင် သူသည် တိတ်တဆိတ်ဖြင့် သတိထားမခံရစေဘဲ လုံးဝ တည်ရှိမနေသူကဲ့သို့ပင် နေခဲ့ချေသည်။
သူသည် ယွမ်မိသားစုမှ ခိုင်းစေသည့်အတိုင်း သွားလာခဲ့ပြီး နှစ်ပေါင်းများစွာ ယွမ်မိသားစုအား ကျိုးနွံစွာ အစေခံခဲ့သည်။
ထို့ကြောင့် သူသည် နောက်ကွယ်မှ စီမံသူ ဖြစ်နေခဲ့၏။ ထိုအချက်က ထိုပြန်ပေးဆွဲသမားများမှ ယွမ်မိသားစု၏ အဖိုးတန်သမီးအား ပြန်ပေးဆွဲရဲသည့် အကြောင်းရင်းကို ရှင်းပြနေချေသည်။
ယွမ်လော့ရီသည် ယွမ်မိသားစုအား တစ်နေ့နေ့၌ ဖျက်ဆီးပစ်ရန် အခွင့်အရေး ရရှိရန်အတွက် ဤမျှ နာခံမှုရှိနေသည့် ရှောင်ဖုန်း၏ စိတ်ပိုင်းဖြတ်မှု၏ အတိမ်အနက်ကို စိတ်ကူးယဉ်၍ပင်မရခဲ့ချေ။
ဝန်ထမ်း အမျိုးသမီးတစ်ဦးက ထွက်လာပြီး ပြော၏။ “အခန်း အဆင်သင့်ဖြစ်ပြီမလို့ အနားယူလို့ရပါပြီ”
ယွမ်ဖာ့က ယွမ်လော့ရီအား ပြောသည်။ “သွားအိပ်တော့ ညဉ့်နက်တဲ့အထိနေတာ ညီမလေး ကျန်းမာရေးအတွက် မကောင်းဘူး”
ယွမ်လော့ရီက မေးခဲ့၏။ “ကိုကိုတို့ နှစ်ယောက်ကရော”
သူမ၏ အစ်ကိုနှစ်ယောက်က အေးစက်စွာ ပြုံးလိုက်ကြသည်။
ယွမ်အောင်းက ဆိုလေ၏။ “ကိုကိုတို့ လုပ်ရမယ့်ကိစ္စတွေ ရှိနေသေးတယ်”
ယွမ်လော့ရီက သိလိုက်ချေသည်။ ထို အေးစက်သော အပြုံးကား သူမအား ကာကွယ်ရန်အတွက် ယွမ်မိသားစုအသစ်၏ ယွမ်မိသားစုအဟောင်းအပေါ် လက်တုံ့ပြန်မှု စတင်တော့မည်ကို ဖော်ပြနေခြင်းပင်။
ရန်သူများကို ရင်ဆိုင်ရသောအခါ ယွမ်အစ်ကိုငါးယောက်တို့က စုပေါင်း၍ လုပ်ဆောင်တတ်ကြ၏။ သူတို့၏ လက်စားချေမှုများမှာ ရက်စက်ကြမ်းကြုတ်၍ အလျှော့မပေးတတ်ကြချေ။ သူတို့သည် အစတည်းက ဖြူစင်ကောင်းမွန်သော လူများ လုံးဝ မဟုတ်ကြဘဲ သူတို့၏ အမှောင်ခြမ်းကို ဂရုတစိုက် ဖုံးကွယ်ထားသူများသာပင်။
သူတို့သည် ကမ္ဘာပေါ်ရှိ အစ်ကိုကြီးနှင့် အတူတူပင်။ သူတို့၏ သတ်ဖြတ်မှုများကို တုန်လှုပ်ခြင်းမရှိ ပြန်တွေးလျက် ပို၍ သတ်ခဲ့သင့်သည်ဟုသာ ဆန္ဒရှိနေကြသူများဖြစ်၏။
ယခုတွင် သူတို့ ညီမလေး၏ လည်ပင်း၌ ဒဏ်ရာများ ရှိနေပါလျက် ကျူးလွန်သူများကို အပြစ်မပေးဘဲ လွှတ်ပေးမည် မဟုတ်ချေ။
ယွမ်လော့ရီက ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်၏။ “ဒါဆိုရင် သမီး သွားအိပ်တော့မယ်နော်”
ဝန်ထမ်း၏ ခေါ်ဆောင်မှုဖြင့် သူမသည် အိပ်ခန်းထဲသို့ သွားခဲ့သည်။ ထိုအခန်းသည် တစ်ယောက်အိပ် ကုတင်၊ အဝတ်ဗီရိုကြီးတစ်လုံးနှင့် စားပွဲတစ်လုံးပါသော ကျဉ်းမြောင်းသော နေရာလေးတစ်ခုဖြစ်၏။
ယွမ်လော့ရီက ကုတင်အစွန်း၌ ထိုင်လျက် စိတ်ကို ငြိမ်သက်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ချေသည်။
သူမ၏ အစ်ကိုများက သူမအား ကာကွယ်ရန်အတွက် ညလုံးပေါက် အလုပ်လုပ်၍ ယွမ်အိမ်တော်ဟောင်းအား လက်တုံ့ပြန်ခဲ့သကဲ့သို့ပင် သူမသည်လည်း မူလကမ္ဘာလမ်းကြောင်းထဲသို့ အရဲစွန့်ဝင်ရောက်ရမည်။
မသိခြင်းများဖြင့် ဆန်းကြယ်သော ကမ္ဘာ့လမ်းကြောင်းက ကြောက်စရာကောင်း၏။ အန္တရာယ်ရှိ၏။ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေပြီး မည်သည့်အရာမဆို ဖြစ်ပျက်နိုင်ပေသည်။
သို့သော်လည်း သူမ သွားကိုသွားရမည်။
ထိုအခါမှသာ အဖြစ်ဆိုးအားလုံးတို့က ပြီးပြည့်စုံသော အဆုံးသတ်သို့ ရောက်ရှိနိုင်မည် ဖြစ်ချေသည်။