(ကောင်းမွန်သော အခြေအနေတိုးတက်မှု)
Vol. 13 Ch. 124
ယွမ်ကျန်းဟိုင်၏ ဓာတ်ခွဲခန်း၌ ခင်းကျင်းပြသထားသည်များကို လာရောက်လေ့လာရန် လူငယ်ဇနီးမောင်နှံတစ်စုံ ရောက်ရှိလာခဲ့လေ၏။
ကြော်ငြာများတွင် ဖော်ပြထားသည့်အတိုင်းပင် အာဟာရဓာတ် လှောင်ကန်များကို သပ်သပ်ရပ်ရပ် စီတန်းထားပြီး မိဘများအတွက် မှာယူဖန်တီးထားသော သန္ဓေသားလောင်းများကို မွေးမြူထားလေသည်။ အချို့မှာ ဆဲလ်အစုအဝေးမျှသာ ရှိသေးသော်လည်း အချို့၌မူ လက်နှင့်ခြေများပင် စတင်ပေါ်ပေါက်နေချေပြီတည်း။
ထိုကလေးများအား ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်၌ ကြီးထွားလာကြစေကာ အပြည့်အဝ ဖွံ့ဖြိုးချိန်၌ မိဘများက သူတို့၏ အိမ်သို့ ခေါ်ဆောင်သွားကြမည် ဖြစ်၏။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ လူသားတို့သည် မျိုးရိုးဗီဇ ပြုပြင်ထားသော ကလေးငယ်များကို ပထမဆုံးအကြိမ် ဖန်တီးရန် ကြိုးပမ်းခဲ့ရာ လူလူနှင့် နန အမည်ရှိ ချစ်စဖွယ် အမြွှာညီအစ်မ နှစ်ဦး မွေးဖွားလာခဲ့ကြချေ၏။ သူတို့၌ အသက်အန္တာရာယ်ရှိသော ရောဂါအချို့ကို ခုခံနိုင်စွမ်းရှိခြင်းမှာ လူသားတို့၏ ခမ်းနားသော အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ချေသည်။
ထိုအချိန်မှစ၍ မျိုးရိုးဗီဇ နည်းပညာသည် ပိုမိုနက်ရှိုင်းစွာ တိုးတက်လာခဲ့ကာ ဤသို့ မွေးမြူထားသော ကလေးများမှာ မလိုလားအပ်သည့် ဗီဇများကို အများစု ရှောင်ရှားနိုင်ပြီး ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်သူများ ဖြစ်လာကြ၏။
ခင်ပွန်းဖြစ်သူက စိတ်အားထက်သန်စွာဖြင့် ဖွင့်ဟလေသည်။ "ကလေးက ဉာဏ်ရည်မြင့်မားမယ်လို့ သူတို့ အာမခံတယ်ကွာ ဟိုင်မိသားစုအကြောင်း မင်းလည်း သိတာပဲမလား ဉာဏ်နည်းတဲ့ သားတစ်ယောက်က ငါးဆက်မြောက်အထိ စုဆောင်းခဲ့တဲ့ ဘဏ္ဍာဥစ္စာတွေကို သုံးနှစ်အတွင်းမှာ ကုန်အောင် ဖျက်ဆီးခဲ့တာလေ ကိုယ်တို့သာ ထက်မြက်တဲ့ အမွေခံသားရရင် ကိုယ်တို့ရဲ့ စည်းစိမ်ဥစ္စာကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့"
ဇနီးဖြစ်သူကမူ စိုးရိမ်ပူပန်သည့် မျက်နှာဖြင့် ကြည့်ရှုနေခဲ့၏။ သူမသည် ကိုယ်ဝန်လွယ်ထားရပြီး ရံဖန်ရံခါတွင် ဝမ်းဗိုက်ထဲမှ ကလေး၏ ကန်ချက်ကိုပင် ခံစားနေရပြီ ဖြစ်သည်။
ယခုအချိန်တွင် ဤနေရာမှ ကလေးတစ်ဦးအား မှာယူဖန်တီးရန် ရွေးချယ်ပါက သူမ၏ ဝမ်းတွင်းမှ ရင်သွေးကို စွန့်လွှတ်ရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ခင်ပွန်းဖြစ်သူမှာ အရင်းအမြစ်အားလုံးကို စုစည်း၍ အကောင်းဆုံး ပြုစုပျိုးထောင်မှုကို ပေးရန်အတွက် သားသမီးတစ်ဦးတည်းကိုသာ လိုချင်သောကြောင့်ပင်။
ဧည့်ခံဝန်ထမ်း အမျိုးသားက ပြုံး၍ ပြောသည်။
"သခင်လေးခင်ဗျား၊ ထူးချွန်တဲ့ ရင်သွေးတစ်ယောက် ရရှိတာက သခင်လေးတို့ရဲ့ စည်းစိမ်ကို ထိန်းသိမ်းရုံသက်သက်တင် မဟုတ်ပါဘူးခင်ဗျ"
"မိဘတွေဟာ သားသမီးတွေအတွက် မွေးရာပါ ဘုရားသခင်တွေပါပဲ မိဘတွေက သားသမီးတွေကို ချစ်ချင်မှ ချစ်ပါလိမ့်မယ်”
"ဒါပေမဲ့ သားသမီးတွေကတော့ သခင်လေးတို့ကို အကန့်အသတ်မဲ့ ချစ်ပြီး လေးစား နာခံကြပါလိမ့်မယ် သခင်လေးတို့ ဘယ်လိုအမှားတွေပဲ ကျူးလွန်ခဲ့ပါစေ သူတို့က အကြိမ်ကြိမ် ခွင့်လွှတ်ပေးကြပါလိမ့်မယ် နောက်ဆုံး မခံမရပ်နိုင်တော့ဘဲ ထွက်ပြေးသွားရင်တောင် နည်းနည်းလေး ချော့မော့လိုက်ရုံနဲ့ ပြန်ရောက်လာကြမှာ"
"ဒါက ဗီဇပဲ သားသမီးတွေထက် ပိုကောင်းတဲ့ ကျွန်ဆိုတာ မရှိတော့ပါဘူး"
ခင်ပွန်းဖြစ်သူက ချက်ချင်း စွဲဆောင်သိမ်းသွင်းခံလိုက်ရသော်လည်း ဇနီးသည်ကမူ တွေဝေနေဆဲပင်။
ထိုဝန်ထမ်းက ဓာတ်ပုံအယ်လ်ဘမ်တစ်ခုအား ယူဆောင်လာပြီး ဇနီးဖြစ်သူရှေ့တွင် ဖွင့်လှစ်ပြသလိုက်သည်။
"ကျွန်တော်တို့ဖက်က သခင်လေးတို့ရဲ့ အကောင်းဆုံး ဗီဇပေါင်းစပ်မှုတွေကို ရွေးချယ်ပေးထားပါတယ် ဒါက အဲထဲက ပေါင်းစပ်မှုတွေပါ ဒီပုံစံတွေက သူတို့ အရွယ်ရောက်ရင် ဖြစ်လာမယ့် ပုံစံတွေပေါ့"
ဇနီးသည်မှာ မျက်လုံးအဝိုင်းသားဖြင့် ပင့်သက်ရှိုက်ရင်း ပြောလိုက်၏။
"သူတို့တွေ အားလုံးက သိပ်လှကြတာပဲ"
သူမသည် တစ်မျက်နှာပြီး တစ်မျက်နှာ လှန်လှောကြည့်ရင်း လုံးဝဥဿုံ စိတ်စွဲလမ်းသွားခဲ့ချေပြီ။
လူတိုင်းသည် အရည်အချင်းရှိသော သားနှင့် ထက်မြက်သော သမီးကိုသာ မျှော်လင့်ကြသည်ချည်းပင်။
သူမ၏ ဆန္ဒမှာ ယခုအခါ လက်တွေ့အကောင်အထည် ပေါ်လာနိုင်ချေပြီ။ ရွေးချယ်ခွင့် ရလျှင် မည်သူမဆို ပြီးပြည့်စုံသော ကလေးကိုသာ လိုချင်ကြသည်မှာ ဓမ္မတာပင်။
ဝန်ထမ်းက ဆက်လက်ပြောသည်။ "ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာက အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုပါပဲ မဒမ်တို့ သဘာဝအတိုင်း မွေးမယ်ဆိုရင် ၃ ရာခိုင်နှုန်းက မသန်စွမ်းဖြစ်နိုင်ခြေများပြီး ၉၈ ရာခိုင်နှုန်းက ပျမ်းမျှလူတန်းစား တစ်ယောက်သာ ဖြစ်ဖို့ အခွင့်အရေးရှိပါတယ်၊ ဒါမျိုးက ပျိုးထောင်ဖို့တောင် မတန်ပါဘူးဗျာ"
"အိမ်တစ်လုံး ဝယ်ရင်တောင် အသေးစိတ်တိုင်းကို စစ်ဆေးကြသေးတာပဲမလား ကလေးယူတဲ့ ကိစ္စကျတော့ မစစ်ဆေးဘဲ နေသင့်ပါ့မလား"
"မဒမ်၊ သူက မဒမ်ရဲ့ ဝမ်းထဲမှာ ရှိနေတုန်းပဲ မဒမ်မှာ သေခြင်းကို ဆုံးဖြတ်နိုင်တဲ့ အာဏာ ရှိပါတယ် သူ လူ့လောကထဲရောက်လာပြီဆိုတာနဲ့ မဒမ်မှာ ရွေးချယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး"
ခေတ္တမျှ စဥ်းစားချင့်ချိန်ပြီးနောက် ဇနီးဖြစ်သူသည် အယ်လ်ဘမ်ထဲမှ နေရောင်ခြည်ကဲ့သို့ တောက်ပနေသော ကောင်လေးပုံကို လက်ညှိုးထိုးပြကာ ဆိုလိုက်လေသည်။ "ကျွန်မ ဒီတစ်ယောက်ကို လိုချင်တယ်”
ယိချီသည် မှန်နံရံနောက်တွင် ရပ်လျက် ထိုဇနီးမောင်နှံအား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ဤကဲ့သို့သော မြင်ကွင်းများကို သူမ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ပြီး ဖြစ်၏။ ဤအဆင့်တွင် ရောင်းချမှု မအောင်မြင်ပါက သူမနှင့် သူမ၏ ညီမ လော့ရီတို့မူ ပန်းချီ၊ ဂီတ၊ ကကွက်၊ ကဗျာနှင့် ဉာဏ်ရည်စစ်ဆေးမှုများအား သရုပ်ပြရန် ခေါ်ထုတ်ခံရလေ့ရှိသည်။
မိဘများအား ပြီးပြည့်စုံသော ရင်သွေးများ ပိုင်ဆိုင်ခြင်း၏ ပီတိကို ကိုယ်တိုင် ကိုယ်ကျ ခံစားစေရန်ပင် ဖြစ်၏။
ထိုအခါ သူတို့သည် အလွန်ပင် ဂုဏ်ယူကျေနပ်ကြပြီး မိမိတို့၏ ဘဝနောက်ဆုံးကာလကို စိတ်ချစွာ အနားယူနိုင်ကြပေမည်။
ထူးချွန်ထက်မြက်သော သားသမီးများကို ရှာဖွေသူမိဘများမှာ အများအားဖြင့် ကြွယ်ဝချမ်းသာကြပြီး၊ ချမ်းသာကြွယ်ဝသော မိသားစုများကိုသာ ယွမ်ကျန်းဟိုင်၏ ဓာတ်ခွဲခန်းသို့ ဝင်ရောက်ခွင့် ပြုထားသည်။
သာမန်လူများကမူ ဓာတ်ခွဲခန်းတည်ရှိမှုကို လုံးဝ မသိရှိကြဘဲ သူဌေးများနှင့် အာဏာပိုင်များ၏ သားသမီးများမှာ အဘယ်ကြောင့် ဤမျှ ထူးချွန်နေကြသည်ကိုသာ အံ့သြနေခဲ့ကြချေ၏။
ဤသို့ဖြင့် စည်းစိမ်ဥစ္စာနှင့် ဂုဏ်သရေတို့သည် တစ်ဆက်ပြီး တစ်ဆက် ဆက်လက်တည်တံ့ခဲ့ကြရာ ချမ်းသာသူသည် ပိုမိုကြွယ်ဝလာပြီး ဆင်းရဲသူသည် ပိုမို ဆင်းရဲလာခဲ့ချေသည်။
"စည်းစိမ်ဥစ္စာသည် သုံးဆက်မခံ၊ ဆင်းရဲခြင်းသည် ငါးဆက်မကျော်" ဟူသော ကျိန်စာများသည် နောက်ဆုံးတွင် ပျက်ပြယ်သွားခဲ့ပြီး အထက်တန်းလွှာမိသားစု အမြောက်အမြားမှာ ယွမ်ကျန်းဟိုင်အား ကျေးဇူးတင်လွန်း၍ မျက်ရည်ပင် ကျခဲ့ကြသည်။
ယနေ့တွင် လော့ရီ၏ ဒဏ်ရာ မကျက်သေးသည့်အတွက် ယိချီ တစ်ဦးတည်းကိုသာ ခေါ်ခဲ့ခြင်း ဖြစ်၏။
သူမ၏ နောက်ဘက်မှ ဘီးတပ်ကုလားထိုင်က တဝီဝီမြည်သံ ထွက်ပေါ်လာသည်။ ယွမ်ကျန်းဟိုင်သည် အခြွေအရံများနှင့်အတူ ဆိုက်ရောက်လာချေပြီ။
သူက ပြောသည်။ "ငါနဲ့ လိုက်ခဲ့ သွေးသားတော်စပ်တဲ့ ညီမတစ်ယောက်နဲ့ မင်းကို တွေ့စေချင်တယ်၊ ယွမ်ချမ်ရဲ့ ဆဋ္ဌမမြောက် သမီးပဲ သူက ချို့ယွင်းချက်ရှိပေမဲ့ အသုံးဝင်သေးတယ်"
ယိချီသည် ယွမ်ကျန်းဟိုင်အနားသို့ ချဉ်းကပ်ရန် ဆန္ဒ လုံးဝမရှိသော်လည်း နာခံရမည်သာ ဖြစ်သည်။
ဓာတ်ခွဲခန်းများကို ဖြတ်ကျော်သွားစဥ် ယိချီတစ်ယောက် အာဟာရဓာတ်ရည်ထဲတွင် နစ်မြုပ်နေပြီး တစ်ကိုယ်လုံး ပိုက်များ တပ်ဆင်ခံထားရကာ မျက်လုံးများ ဖွင့်ထားသော်လည်း ဝိညာဥ်မဲ့နေသော သွေးသားတော်စပ်သည့် ညီမဟု ဆိုသူအား တွေ့မြင်လိုက်ရချေသည်။
ယွမ်ကျန်းဟိုင်က ရှင်းပြလေ၏။
"ယွမ်မိသားစုမှာ ထူးခြားတဲ့ ရောဂါမျိုးရိုးဗီဇ တစ်ခုရှိတယ် အဲဒါကို သယ်ဆောင်ထားသူတွေက ထူးခြားတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ပြီး ကြီးမြတ်ဖို့ ကံပါပေမဲ့၊ တစ်ချိန်ချိန်မှာတော့ ဖျားနာလာပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရွေးချယ်ကြတယ်"
"ငါ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ အားနည်းချက်တွေကို ဖယ်ရှားရင်း အားသာချက်တွေကို ထိန်းထားဖို့ မအောင်မြင်ခဲ့ဘူး"
"ဒီကလေးမှာလည်း ရောဂါမျိုးရိုးဗီဇပါတယ် ဒါပေမဲ့ ငါ ပြုပြင်မွမ်းမံထားတာက သူ့ကို ပဋိပစ္စည်းတွေ ထုတ်လုပ်နိုင်စေပြီး ရောဂါဖြစ်ပွားမှုကို ပျောက်ကင်းတဲ့အထိ မဟုတ်ပေမဲ့ နှေးသွားအောင် လုပ်ပေးနိုင်တယ်"
ယိချီသည် ထိုမိန်းကလေးအား အဘယ်ကြောင့် ပိုက်အများအပြား ချိတ်ထားသည်ကို ချက်ချင်း သဘောပေါက်လိုက်၏။ ၎င်းတို့မှာ သူမ၏ ခန္ဓာကိုယ်မှ ပဋိပစ္စည်းများကို ထုတ်ယူနေကြခြင်းပင် ဖြစ်သည်။
ယွမ်ကျန်းဟိုင်က ဆက်ပြော၏။
"သူ နာကျင်မှုကို မခံစားနိုင်ဘူး စိတ်ခံစားမှု မတည်ငြိမ်တာက ပဋိပစ္စည်း အရည်အသွေးကို ကျဆင်းစေမှာမို့ သူ့ရဲ့ ဦးနှောက်အရှေ့ပိုင်းကို ငါ ဖယ်ထုတ်လိုက်တယ်"
ယိချီ၏ ကိုယ်ထဲသို့ ကျောရိုးထဲအထိ အေးစက်စက် ခံစားမှုတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ယွမ်ကျန်းဟိုင်သည် လုံးဝ အရူးတစ်ယောက်ပင်။
မိမိ၏ မြေးကိုပင် ဤမျှထိ ရက်စက်နိုင်သည်။
သူမနှင့် သူမ၏ ညီမအား မည်သည့် ကံကြမ္မာက စောင့်ကြိုနေသည်ကို တွေး၍ပင်မရနိုင်ပေ။
လော့ရီကိုလည်း ယွမ်မိသားစု၏ ရောဂါကုသရေးအတွက် အသုံးပြုနေသော်လည်း နည်းလမ်းချင်း ကွဲပြား၏။ ယွမ်ကျန်းဟိုင်၏ အဆိုအရ လော့ရီမှာ သူတို့အား စိတ်ပိုင်းဆိုင်ရာ အပန်းဖြေစေရန် ကူညီပေးမည်ဟု ဆိုသည်။
ယိချီက မေးသည်။
"လော့ရီလည်း ဒီလို အဆုံးသတ်ရမှာလား”
ယွမ်ကျန်းဟိုင်က ဖြေ၏။ "ဟင့်အင်း သူက ငါ့ရဲ့ သုတေသနကို တခြားနည်းလမ်းတွေနဲ့ အထောက်အကူပြုမှာ သူ့ဆီမှာ ငါ ရှာနေတဲ့ အဖြေရှိတယ်လို့ ယုံကြည်တယ် ငါ သေချာ စစ်ဆေး အတည်ပြုဖို့ လိုတယ်"
ထိုညတွင် အခန်းထဲ၌ ယိချီတစ်ယောက် အိပ်မပျော်နိုင်ဘဲ လှိမ့်၍ လူးလွန့်နေခဲ့သည်။
သူမ ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းကို စဥ်းစားရမည်။
စိတ်မငြိမ်မသက်ဖြစ်ကာ အိပ်မရသဖြင့် သူမ သံတံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်ခွာခဲ့၏။
ယိချီ တစ်ယောက်တည်း ရှိစဥ်အခါက ဤတံခါးသည် သော့ခတ်ထားလေ့မရှိပေ။ အကြောင်းမှာ ယွမ်ကျန်းဟိုင်သည် သူမ မည်သို့မျှ တစ်ယောက်တည်း ထွက်သွားမည် မဟုတ်သည်ကို သိသောကြောင့်ပင်။
သူမ သူနာပြုခန်းသို့ သွားခဲ့ရာ လော့ရီလည်း နိုးနေခဲ့သည်။ အစောပိုင်းက သွေးဆုံးရှုံးမှုကြောင့် သူမ၏ ဒဏ်ရာများက နာကျင်နေဆဲဖြစ်ပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေရှာ၏။
လော့ရီက မေးလိုက်သည်။ "မမလည်း အိပ်မပျော်ဘူးလား၊ မမ"
ယိချီက ပြန်ဖြေ၏။ "အင်း၊ လုံးဝ အိပ်မပျော်ဘူး"
ယိချီမှ နေ့စဥ် ထွက်ပြေးရန် စဥ်းစားနေသကဲ့သို့ လော့ရီသည်လည်း အလားတူပင် တွေးတောနေခဲ့၏။ သူတို့၏ များစွာသော အတွေ့အကြုံများမှာ စကားများစွာ မပြောဘဲ တစ်ဦးကို တစ်ဦး နားလည်စေခဲ့သည်။
ယိချီသည် လော့ရီ၏ ခုတင်ထဲသို့ တွားတားဝင်သွားရာ၊ နှစ်ဦးသား သေးငယ်သော ကုတင်လေးပေါ်တွင် ဖက်တွယ်နေခဲ့ကြပြီး အနည်းငယ် ပို၍ နွေးထွေးမှုကို ခံစားလိုက်ရ၏။
လူကြီးများသည် ရွေးချယ်မှုများ ပြုလုပ်ကြပြီး သူတို့၏ ချစ်ခြင်းမေတ္တာနှင့် အကျိုးစီးပွားတို့က ဆက်နွယ်နေကြ၏။ သို့သော် ယိချီနှင့် လော့ရီတို့တွင်မူ အကျိုးစီးပွားဟူသော သဘောတရား မရှိပေ။ သူတို့သည် တစ်ဦးကိုတစ်ဦး ကောင်းစေချင်သည်သာ ဖြစ်သည်။
လော့ရီက ဆိုသည်။ "ညီမလေး အရင် သေရတော့မလား မသိဘူး"
ယိချီက ဖြေ၏။ "ဟင့်အင်း မမ အရင်သေမှာပါ ဘာပဲဖြစ်ဖြစ် မမက ညီမလေးထက် ဆယ်မိနစ် စောပြီး နေခဲ့ရတာပဲ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး"
"ဒါပေမဲ့ မမ အရင်သေသွားရင် ညီမလေး အထူးတလည် ခံစားနာကျင်ရလိမ့်မယ်"
"ဒါဆိုရင် အတူတူပဲ သေကြရအောင်လား"
"ဟုတ်ပြီ"
သူတို့သည် လက်ချောင်းကလေးများအား ချိတ်ကာ အသက်ရှင်ခြင်း၏ ကတိသစ္စာကို ခိုင်မာစွာ ပြုလိုက်ကြချေ၏။
ရှေ့တွင် လမ်းဆုံးနေသော်လည်း ကံကောင်းထောက်မစွာပင် သူတို့၌ တစ်ယောက်အတွက် တစ်ယောက် ရှိနေကြသေးပေသည်။