[ကရုဏာတရားကြီးမားသော]
Vol. 13 Ch. 125
လော့ရီ၏ ဒဏ်ရာများ အနာကျက်သွားပြီးနောက် ညီအစ်မ နှစ်ဦးသား အချိန်ပြည့် အတူတကွ ရှိနေနိုင်ခဲ့ကြသည်။
သူတို့သည် အချင်းချင်း ရုတ်တရက် ဆုံးရှုံးသွားကြမည်ကို စိုးရိမ်နေသည့်အလား လက်ချင်း အမြဲ ဆုပ်ကိုင်ထားခဲ့ကြ၏။
ညအချိန်၌ ရောထွေးပူးကပ်၍ နှစ်ဦးသား အိပ်ပျော်နေကြစဉ် သံတံခါးကို ဆွဲဖွင့်လိုက်သည့် ပဲ့တင်သံက သူတို့အား လန့်နိုးသွားစေခဲ့၏။
ဝေဝါးနေသော မြူနှင်းမှုန်ထဲတွင် ထူးဆန်းသော အမျိုးသမီးတစ်ဦး၏ အသံကို ကြားရသည်။ “ဘုရားဘုရား သူတို့ တကယ် ရှိနေတာပဲ”
အဖြူရောင် အလင်း အစက်အပြောက်ကလေးများက အမှောင်ထုထဲတွင် ရွေ့လျားနေကြပြီး တဖြည်းဖြည်းဆိုသလို ပို၍ နီးကပ်လာခဲ့၏။
လော့ရီမှ အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်နေဆဲ၌ပင် အမျိုးသမီးတစ်ဦးက သူမအား ပွေ့ချီကာ လှည့်၍ ပြေးသွားခဲ့ချေသည်။
ယိချီကိုယ်၌လည်း အမျိုးသားတစ်ဦးက ပွေ့ချီခြင်းခံလိုက်ရ၏။
ရှေ့မှ ကင်းလှည့်နေကြသော အစေခံတို့ကြောင့် လော့ရီနှင့် ယိချီတို့ကို ပွေ့ပိုက်လာသည့် လူနှစ်ဦးသည် ထောင့်ချိုးတစ်နေရာသို့ တိုးဝင်ခိုအောင်းကာ သူတို့၏ အသက်ရှူသံကိုပင် အောင့်ထားရလေ၏။ ထိုအစေခံအဖွဲ့မှ တရွေ့ရွေ့ ချဉ်းနင်းလာသည်နှင့်အမျှ သူတို့၏ လျှို့ဝှက်ချက်သည် မကြာမီပင် ပေါ်ပေါက်တော့မည့် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။
ယိချီမှ အနီးရှိ အခန်းတစ်ခုကို လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြောလိုက်၏။ “အဲ့ထဲမှာ ပုန်းလို့ ရတယ်”
ထိုအမျိုးသမီးက တံခါးကို စမ်း တွန်းကြည့်မိသောအခါ သော့ဖွင့်ထားသည်ကို တွေ့ရလေသည်။
အားလုံးသော သူတို့သည် အတွင်း၌ ပုန်းအောင်း၍ တံခါးကို ချက်ချင်း ပိတ်ချလိုက်ကြတော့သတည်း။
တံခါးပေါက်ဝသို့ ချဉ်းကပ်လာခဲ့သော ခြေသံများ တစ်စထက်တစ်စ မှေးမှိန်၍ ပျောက်ကွယ်သွားသည့်အခါတွင်မှ ထိုအမျိုးသမီးမူ အနည်းငယ် စိတ်လျော့နိုင်ခဲ့လေသည်။
ယိချီမူ အမျိုးသား၏ ရင်ခွင်ထဲမှ ရုန်းထွက်ခဲ့ပြီး ထိုနည်းတူစွာ လော့ရီသည်လည်း အမျိုးသမီး၏ လက်တွင်းမှ လျှောထွက်ကာ သူစိမ်း နှစ်ဦးကို စူးစိုက်ကြည့်လျက် နှစ်ဦးသား လက်အစုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ကြလေ၏။
သူတို့က တစ်ပြိုင်နက်တည်း မေးမြန်းကြသည်။ “ဦးတို့က ဘယ်သူတွေလဲ”
အမျိုးသားက ဖြေကြားခဲ့၏။ “ဦးကို မစ္စတာစုလို့ ခေါ်လို့ရတယ် ဒါက ဦးရဲ့ ဇနီးပါ”
ယိချီက သတိချပ်၍ မေးသည်။ “ဘာလို့ ဒီကို လာကြတာလဲ”
မစ္စတာစုက ဆိုလေ၏။ “သမီးတို့ကို ကယ်ဖို့ လာခဲ့တာ”
လော့ရီက စိန်ခေါ်သကဲ့သို့ မေးလိုက်သည်။ “အဘိုးရဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား”
မစ္စတာစုက ဆိုလေ၏။ “ဦးက သူ့ရဲ့ စီးပွားရေးမိတ်ဖက်ပါ သူ လုပ်နေတဲ့ ကိစ္စတွေကို မတော်တဆ သိသွားခဲ့တာ ဒါပေမဲ့ သူ လုပ်နေတဲ့ ဒီ စမ်းသပ်မှုတွေကို ဦးလက်မခံနိုင်ဘူး ဒါက သိပ်ကြောက်စရာ ကောင်းတယ်၊ တကယ် ဆိုးရွားလွန်းတာ သူက လူတွေကို လူလိုတောင် ဆက်ဆံတာမဟုတ်ဘူး”
လော့ရီနှင့် ယိချီတို့က တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြ၏။ အမှောင်ထုထဲတွင် ကာလကြာမြင့်စွာ ရှင်သန်ခဲ့ရသည့်အတွက် သူတို့သည် တစ်ဦးကိုတစ်ဦးသာ သစ္စာစောင့်သိ ယုံကြည်နိုင်တော့ပြီး အရွယ်ရောက်ပြီးသူ လူကြီးများကို မယုံကြည်တော့ပေ။ အဘယ်သို့ဆိုစေ လူကြီးများက သူတို့၏ ဘဝထဲသို့ ရောက်ရှိလာခဲ့သည့်အချိန်တိုင်း လောဘရမ္မက်နှင့် တဏှာပယောဂတို့၏ လွှမ်းမိုးမှုမှ ပေါ်ထွက်လာသော အကျည်းတန်ဆုံး ဘက်ခြမ်းကိုသာ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
လော့ရီက ဆို၏။ “ဒါ အဘိုး ညီမလေးတို့ရဲ့ သစ္စာရှိမှုကို စမ်းသပ်နေတာလား”
ယိချီက ပြောသည်။ “ဖြစ်နိုင်တယ်”
ညီအစ်မ နှစ်ဦးမှာ မစ္စတာစုတို့ ဇနီးမောင်နှံအား ပြန်ကြည့်၍ တစ်ပြိုင်နက်တည်း မေးကြ၏။ “ဦးတို့ ဒီနေရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ”
မစ္စတာစု၌ သမီးတစ်ဦး ရှိပေသည်။ သို့သော် သူမ အရွယ်၌ ဤမျှ တည်ငြိမ်သော မျက်နှာထားမျိုး ဘယ်သောအခါမျှ ရှိခဲ့မည် မဟုတ်ချေ။
ဒါဆို သူတို့က ဖန်တီးထားတဲ့ ကလေးများလား။
အလွန်အမင်း မြင့်မားသော ဉာဏ်ရည်၊ တည်ငြိမ်သော စိတ်ခံစားမှု၊ ရုပ်ရည်ရူပကာ ချောမောမှုတို့နှင့် ပြည့်စုံကြသည်။
ဂရုတစိုက် ပြုစုပျိုးထောင်ပါက သူတို့သည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာကြမည်မှာ အမှန်ပင်။
မစ္စတာစုမှာ သူတို့အား ကလေးများကဲ့သို့ ဆက်ဆံရန် မလိုလားတော့ပေ။ ဉာဏ်ပညာအားဖြင့် ညီအစ်မ နှစ်ဦးက သူ့ထက် သာလွန်နိုင်ပေသည်။
သူက ရိုးသားပွင့်လင်းစွာ ဝန်ခံခဲ့၏။ “ဦးက ဒေတာကြီးတွေကို သုံးပြီး အာမခံလုပ်ငန်း လုပ်တယ် ယွမ်ကျန်းဟိုင်ရဲ့ မိတ်ဆက်ပေးမှုနဲ့ လူချမ်းသာတချို့က သူတို့ရဲ့ သားသမီးတွေအတွက် အသက်အာမခံ ဝယ်ကြတယ် ကလေး သေသွားရင် မိဘတွေက လျော်ကြေး နည်းနည်း ရနိုင်တာပေါ့”
“ဦးဘက်က နှစ်တွေ အကြာကြီး စုဆောင်းထားတဲ့ ဒေတာတွေကို အခြေခံပြီး တွေ့ခဲ့တာကတော့ သေသွားတဲ့ ကလေးတွေက စွမ်းဆောင်ရည် နိမ့်ကျသူတွေချည်းပဲ”
“သူတို့ သေသွားတာကို မိဘတွေကလည်း နောင်တ မရကြဘူး”
“ပထမတော့ မိဘတွေက အာမခံငွေ လိမ်လည်ဖို့ သားသမီးတွေကို သတ်တယ်လို့ ထင်ခဲ့ပေမဲ့ သူတို့က ချမ်းသာတဲ့ မိသားစုတွေကလေ ဒီလောက် ငွေလေးကို လိုမှမလိုတာ နောက်တော့မှ ဖောက်သည်တစ်ယောက်ကို ခြေရာခံ စုံစမ်းပြီး ဒီနေရာကို ရှာတွေ့ခဲ့တာ”
ဤစကားစသို့ ရောက်သောအခါ မစ္စတာစုတစ်ယောက် သူ၏ တုန်ယင်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် အတန်းလိုက် စီထားသော အာဟာရ သိုလှောင်ကန်များနှင့် ရေတွက်၍မရသော ဖန်တီးမှု အပျက်အယွင်းများကို မြင်တွေ့ခဲ့ရ၏။
သူသည် သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။ “အရမ်းဆိုးရွားလွန်းတယ်…”
မစ္စစု၏ မျက်လုံးများက နီရဲလာခဲ့၏။ သူမသည်လည်း မိခင်တစ်ဦးဖြစ်ပြီး ဤချမ်းသာကြွယ်ဝသူများက အဘယ်ကြောင့် ဤသို့သော အရာများကို လုပ်ဆောင်ကြသည်ကို နားမလည်နိုင်ချေ။
သူမကိုယ်တိုင်လည်း သူမ၏ သမီးကို ကိုယ်ဝန်လွယ်ထားစဉ်က ကလေးတွင် ပြဿနာ ရှိမည်ကိုလည်း ကြောက်ရွံ့ခဲ့ဖူး၏။ သို့သော် သူမသည် မည်သို့ပင် ဖြစ်စေ မီးဖွားရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင် အဆုံးသတ်သည် ဖြစ်စေကာမူ သူမ၏ သားသမီးအား ချစ်ခင်ကြင်နာ၍ ပြုစုစောင့်ရှောက်မည်ဖြစ်၏။
အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကား အပေါ်ယံသာ ဖြစ်ပြီး ကြွားလုံးထုတ်ရန်အတွက်သာ ဖြစ်ချေသည်။
တိုတောင်းလှသော လူ့ဘဝတွင် မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်နိုင်ခြင်းကသာ တကယ်တမ်း၌ အရေးပါသောအရာပင်။
သူမက ဆိုသည်။ “ဘာလို့ သူတို့ ဒီကလေးတွေကို မလိုချင်ရတာလဲဆိုတာ အန်တီ တကယ် နားမလည်နိုင်ဘူး”
ယိချီက ဖြေလေသည်။ “သူတို့က စွန့်ပစ်ခံရတဲ့ ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေလေ ဒါက တစ်ခါတစ်လေဆို ဖြစ်တတ်တယ် မွေးတုန်းကတော့ ကောင်းတယ် ထင်ရပေမဲ့ ကြီးလာတော့ ပြဿနာတွေ ပေါ်လာတာပေါ့ အဲဒါကြောင့် အဘိုးက သူတို့ကို ပြန်ခေါ်သွားတာ”
မစ္စတာစုက “ပြန်ခေါ်သွားခြင်း” ဟူသော အဓိပ္ပာယ်ကို သေချာပေါက် သိ၏။ သို့သော် ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်ဦးက ရက်စက်သော အဖြစ်မှန်များကို ဤမျှ အေးစက်စွာ ပြောနေသည်ကို ကြားရသောအခါ လက်ခံရန် ခက်ခဲခဲ့ချေသည်။
သူသည် ဤကလေးငယ်နှစ်ဦးကို ခေါ်ထုတ်၍ ပုံမှန် ပတ်ဝန်းကျင်တွင် ကြီးပြင်းစေရမည်။
သူက ပြောလေသည်။ “မကြောက်ပါနဲ့ တံခါးမှာ အစောင့်တွေ မရှိဘူး ဦးတို့ သမီးတို့ကို ခေါ်ထုတ်သွားနိုင်တယ်”
လော့ရီက ဝမ်းနည်းစွာ သက်ပြင်းချလျက် ဆို၏။ “ဘယ်သူမှ သမီးတို့ကို မကယ်နိုင်ပါဘူး ဦးတို့ ဝင်လာနိုင်ပေမဲ့ ထွက်သွားလို့တော့ မရဘူး”
ယိချီက ပြောခဲ့၏။ “ဒါက သမီးတို့ရဲ့ သစ္စာရှိမှုကိုဘဲ စမ်းသပ်နေတာပဲ မဟုတ်ဘူး အဘိုးက ဦးတို့ရဲ့ သစ္စာရှိမှုကိုလည်း စမ်းသပ်နေတာ ဦးတို့ မြင်ခဲ့တဲ့ အမှန်တရားကို လက်ခံဖို့ ဆန္ဒရှိရင် အဘိုးက ဦးတို့ကို မသတ်ပါဘူး သူက အသုံးဝင်တဲ့ အစိတ်အပိုင်းတွေဆို အမြဲတမ်း တန်ဖိုးထားတယ်”
မစ္စတာစုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဆိုလေသည်။ “သမီး ဘာတွေ ပြောနေတာလဲ”
လော့ရီက ဆို၏။ “ကြင်နာတတ်သူတွေ မြန်မြန် ထွက်ပြေးကြ”
စူးရှသော အချက်ပေးသံ ထွက်ပေါ်လာခဲ့ရာ ပတ်ပတ်လည်၌ အနီရောင် မီးများ လင်းလက်လာခဲ့ချေသည်။
“သတိပေးချက်! သတိပေးချက်! သတိပေးချက်!”
“ဧရိယာ A၊ တတိယထပ်တွင် ကျူးကျော်သူတွေရှိနေတယ်”
စုဇနီးမောင်နှံမှာ ထိတ်လန့်တုန်လှုပ်သွားကာ ပြေးထွက်ရန် ကြိုးစားသော်လည်း တံခါးမှာ အဝေးထိန်းဖြင့် သော့ခတ်ထားခဲ့သည်။
လော့ရီက သနားစိတ်ဖြင့် သူတို့အား ကြည့်လျက် ဆို၏။ “နောက်ကျသွားပြီ…”
“ဘန်း!”
တံခါးမှာ ရက်စက်စွာ ဖျက်ဆီးခံရပြီး လက်နက်ကိုင်စွဲထားသည့် အစေခံအင်အားစု အမြောက်အမြားက ချက်ချင်းဆိုသလို တိုးဝှေ့ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက်တွင် အော်ဟစ်သံများနှင့် ပြင်းထန်သော တိုက်ခိုက်မှုများက သိပ်မကြာခဲ့ပေ။ နောက်ဆုံး၌ စုဇနီးမောင်နှံအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရလေသည်။ ယွမ်ကျန်းဟိုင်မှ သူတို့အတွက် ပုံမှန် သေဆုံးမှု အကြောင်းရင်းကို ဖန်တီးပေးလိမ့်မည်။ သူသည် ထိုသို့သော ကိစ္စရပ်များတွင် ကျွမ်းကျင်သူ ဖြစ်လေ၏။
“မင်းတို့ ကောင်းကောင်း လုပ်ခဲ့ကြတယ်” ဟု ယွမ်ကျန်းဟိုင်က သူ၏ ဘီးတပ်ကုလားထိုင်ကို ထိန်းချုပ်၍ လော့ရီနှင့် ယိချီထံ ချဉ်းကပ်လာရင်း ပြောလေသည်။
သူက ဆိုခဲ့၏။ “မင်းတို့အတွက် သတင်းကောင်း ရှိတယ် ဒီည စမ်းသပ်မှု တစ်ခု ခံယူပြီးရင် မင်းတို့ လွတ်လပ်ခွင့်ရလိမ့်မယ်”
လော့ရီနှင့် ယိချီတို့သည် စိတ်လှုပ်ရှားတုန်လှုပ်ခြင်းဟူ၍ မဖြစ်နိုင်တော့ချေ။ စမ်းသပ်မှု မှန်သမျှမှာ အလွန် နာကျင်စေတတ်၏။ ယင်းသို့ဖြစ်ရခြင်းမှာ ယွမ်ကျန်းဟိုင်မှ သူတို့၏ စွမ်းရည် အကန့်အသတ်များကို သိရှိလိုသောကြောင့် အသုံးပြုသည့် နည်းလမ်းများက အလွန်အမင်း ပြင်းထန်သောကြောင့်ပင်။
လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ယွမ်ကျန်းဟိုင်မှ သူတို့အား တကယ် ပေးလိမ့်မည်ဟု နှစ်ဦးသား မယုံကြည်ကြချေ။
သူတို့နှစ်ဦးမှာ ယွမ်ကျန်းဟိုင်၏ အဖိုးတန် ပိုင်ဆိုင်မှုများ ဖြစ်ကြ၏။ အခန်းအား နူးညံ့သော ရေမြုပ်ဖော့ချပ်များဖြင့် ဖုံးအုပ်ထားပြီး ကိုယ့်ကိုယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် မာကျောသော မျက်နှာပြင် တစ်ခုမျှပင် မရှိပေ။ သူတို့၌ သေဆုံးမှုကို ရွေးချယ်နိုင်ခွင့်ပင် မရှိချေ။
ယွမ်ကျန်းဟိုင်က လော့ရီအား လက်ယပ်ခေါ်လိုက်၏။ “လာခဲ့၊ ကလေး”
လော့ရီက တွန့်ဆုတ်စွာဖြင့် သူ့ထံသို့ သွားခဲ့၏။
ယွမ်ကျန်းဟိုင်မှ သူမအား သေချာ ဂရုတစိုက် လေ့လာပြီး ညင်သာစွာ ပြောလေသည်။ “မင်းက သိပ်ကို ကြင်နာပြီး နူးညံ့တဲ့ ကလေးတစ်ယောက်ပဲ ယိချီကို အတိုင်းအဆမဲ့ ချစ်တယ် ယိချီကလည်း အဲဒီ ချစ်ခြင်းမေတ္တာကို မင်းကို တန်ပြန်ပေးတယ်”
“ဒါက အံ့ဩစရာပဲ အမှောင်ထုနဲ့ ကောက်ကျစ်မှုကနေ မွေးလာတာတောင် မင်းက အလင်းရောင်ကို သယ်ဆောင်ထားတုန်းပဲ”
“ငါ ဒီဇိုင်းထုတ်ထားတဲ့ မျိုးရိုးဗီဇအရဆို ယိချီ ဖျားသင့်တာ ကြာပြီ ဒါပေမဲ့ အခုချိန်အထိ ရောဂါလက္ခဏာ တစ်ခုမှ မပြဘူး အချိန်အကြာကြီး လေ့လာပြီးမှ ငါ နောက်ဆုံးတော့ နားလည်သွားတာ မင်း သူ့ကို ကယ်ခဲ့တာ”
ယွမ်ကျန်းဟိုင်သည် သူ၏ ညှိုးနွမ်းနေသော လက်ကို ဆန့်တန်း၍ လော့ရီ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အမိအရ ဆွဲယူပွေ့ဖက်လိုက်ပြီး သူမ၏ လည်ပင်းအား ဓားတစ်ချောင်းဖြင့် အလျင်အမြန် ဖောက်ထွင်းလိုက်ရာ နက်ရှိုင်းသော ဓားဒဏ်ရာမှ သွေးများမှာ မရပ်မနား ပန်းထွက် စီးကျလာခဲ့လေတော့သည်။
“မလုပ်နဲ့”
ယိချီက အော်ဟစ်ကာ အလျင်အမြန် ပြေးလာသော်လည်း အစေခံများက တားဆီးထားခဲ့ကြ၏။
ယွမ်ကျန်းဟိုင်သည် သူ၏ ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ပြီး လော့ရီအား မြေပြင်ပေါ်သို့ လဲကျစေခဲ့၏။ သူ၏ မျက်နှာပေါ်၌ အေးစက်သော အပြုံးဖြင့် ဆိုလေသည်။ “မင်း သူ့ကို ဖျက်ဆီးပစ်လို့လည်း ရတယ်”
သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားလျက် ဆံပင်များကို ဆွဲဆောင့်ကာ ဦးနှောက်အတွင်းသို့ သံများ တရစပ် ရိုက်သွင်းခံနေရသော နှိပ်စက်ခြင်းပမာ ပြင်းထန်သည့် ဝေဒနာက ယိချီ၏ တစ်ကိုယ်လုံးအား ဆွဲဆုတ်နေခဲ့သည်။ ရှိုက်ကြီးတငင် ငိုကြွေးလျက် သူမ၏ မျက်နှာပြင်ပေါ်၌ မျက်ရည်စများ စီးကျလာပြီး အသက်ပင် ကောင်းမွန်စွာ မရှုနိုင်တော့ချေ။
ယွမ်ကျန်းဟိုင်က ယိချီ၏ တုံ့ပြန်မှုကို စောင့်ကြည့်လျက် ဆိုလေသည်။ “ငါ့ရဲ့ ထင်မြင်ချက်က မှန်ပုံ ရတယ် လော့ရီရဲ့ သေဆုံးမှုက သူရဲ့ ရောဂါကို လှုံ့ဆော်ပေးလိုက်ပြီ နှစ်တွေအကြာကြီး ငါ ရှာနေခဲ့တဲ့ အဖြေက တကယ်တော့ ချစ်ခြင်းမေတ္တာပဲ”
ယိချီ: ကျွန်မ သတိရှိနေဆဲပါ။ နောက်လာမဲ့ အပိုင်းကို ဆက်ရေးနေပါ့မယ်။ မနက်ကျမှ ပြန်လာဖတ်ပါ။ ညဘက် ပို့စ်တင်တာက မသေချာမရေရာတာတွေများလို့ ဘလော့ခံရဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် စောင့်စရာ မလိုပါဘူး။