[မိုးသောက်ချိန် မတိုင်မီ]
Vol. 13 Ch. 126
တစ်ဦးတည်းသော မှီခိုအားထားရာကို ဆုံးရှုံးသွားသောအခါ ပြိုလဲခြင်းဟူသည် ချက်ချင်းဆိုသလို ရောက်ရှိလာစမြဲ ဖြစ်လေသည်။
လွတ်လပ်ခွင့်။
၎င်းသည် မည်သို့မျှ ပိုင်ဆိုင်ခွင့် မရနိုင်သော အရာတည်း။
သူတို့နှစ်ဦးသည် သနားဖွယ်ရာ စမ်းသပ်ခံပစ္စည်းများ ဖြစ်ကြပြီး မွေးဖွားချိန်မှစ၍ ဤနေရာမှ ထွက်ခွာခွင့်ကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ချေ။
သူမ၏ ညီမ ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ယိချီသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ထာဝစဉ် အတူတူ နေထိုင်ကြမည်ဟူသော သူတို့၏ ကတိကို ပြန်လည် အမှတ်ရနေမိခဲ့၏။ ကံကောင်းစွာဖြင့် သူမတွင် ယခုအခါ ထိုကတိကို အမှန်တကယ် အကောင်အထည်ဖော်ရန် အရည်ချင်းရှိပြီ ဖြစ်သည်။ မစ္စတာစုက သူမကို ဖမ်းဆီးချုပ်နှောင်စဉ်က သူ၏ အိတ်ကပ်ထဲမှ ဓားငယ်လေး တစ်ချောင်းအား ခိုးယူထားခဲ့၏။
ယိချီသည် မည်သည့်အခါမျှ နာကျင်မှုကို မကြောက်ရွံ့သူ ဖြစ်သဖြင့် ဓားသွားသည် သူမ၏ လည်ပင်းကို အကြိမ်ပေါင်းများစွာ ပြတ်ရှစွာ ထိုးဖောက် ဝင်ရောက်သွားခဲ့ချေသည်။
သူမ၏ ယိမ်းယိုင်နေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး ယိချီသည် သွေးများ အော့အန်ခဲ့ပြန်၏။ သူမသည် အသက်ကို မနည်း ရှူသွင်းခဲ့ရပြီး သူမအား မကယ်တင်နိုင်စေရန် ရည်ရွယ်၍ ယွမ်ကျန်းဟိုင်အပေါ် မုန်းတီးမှုအပြည့်ဖြင့် ပြည့်နှက်နေသော မျက်ရည်စများနှင့်အတူ စိုက်ကြည့်နေခဲ့သည်။
ယွမ်ကျန်းဟိုင်က ဆို၏။ “နှမြောစရာပဲ မင်း ရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို လေ့လာချင်ခဲ့တာ”
အမျိုးသား အစေခံက မေးမြန်းခဲ့သည်။ “သခင်ယွမ်၊ ကျွန်တော်တို့ သူ့ကို ကယ်ရမလား”
ယွမ်ကျန်းဟိုင်က ဆိုလေသည်။ “မလိုဘူး၊ ငါ့မှာ အခြား အစားထိုးစရာတွေ ရှိတယ် သူတို့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြီးအောင် လုပ်ခဲ့ပြီးပြီ သူတို့က လိမ်မာတဲ့ ကလေးတွေပါ”
လူများ အခန်းထဲမှ ထွက်ခွာသွားခဲ့ကြ၏။
မကြာမီတွင် ဤ ရှုပ်ထွေးမှုများကို ရှင်းလင်းရန် တစ်စုံတစ်ဦး ရောက်ရှိလာလိမ့်မည်။ လော့ရီနှင့် ယိချီတို့၏ ရုပ်အလောင်းများမှာ မီးရှို့စက်ထဲသို့ ပစ်ချခံရပြီး ပြာအဖြစ်သို့ လောင်ကျွမ်းကာ ထိုပြာများကို မြစ်ထဲသို့ ပစ်ချ၍ ပင်လယ်ထဲသို့ မျောပါစေလိမ့်မည်။ သူတို့ မည်သည့်အခါမျှ တည်ရှိခဲ့ဖူးခြင်း မရှိသည့်အလား ထာဝစဉ် ပျောက်ကွယ်သွားရတော့မည်။
ယိချီတွင် အသက်အချို့ ကျန်ရှိနေသေးသဖြင့် သူမသည် နာကျင်စွာ တွားသွားလျက် သူမ ညီမ၏ နွေးထွေးနေဆဲ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
အတိတ်မှ မြင်ကွင်းများက သူမ၏ မျက်စိရှေ့တွင် ပြန်လည် ပေါ်ထွက်လာနေခဲ့၏။
စိတ်ပျက်စရာ။
သူမ၏ ကိုယ်ပိုင် ဆိုးသွမ်းသော သဘာဝသည် ကောင်းသော သေဆုံးခြင်းကို မထိုက်တန်ပါသော်ငြား သူမ၏ ညီမမှာမူ ကြင်နာသူ တစ်ဦး ဖြစ်၏။
ဘာကြောင့် သူမ၏ ညီမသည် ဤသို့သော ကြေကွဲဖွယ်ရာ အဆုံးသတ်နှင့် ကြုံတွေ့ရပါသနည်း။
မတရားလိုက်တာ၊ သိပ်ကို မတရားတာဘဲ။
သေလုဆဲဆဲ အခြေအနေတွင် ယိချီမှ လျှပ်စစ်ပစ္စည်း အချက်ပြမှု တစ်ခုခု အနှောင့်အယှက် ဖြစ်နေသည့်အလား တရှဲရှဲ မြည်ဟည်းသံ ကြားလိုက်ရသည်။
[ဒင်!]
[စနစ် အပြည့်အဝ အသက်ဝင်ပါပြီ
Host ကျေးဇူးပြုပြီး ဆန္ဒပြုပါ]
ယိချီမူ သွေးများ ဆက်လက် အော့အန်နေခဲ့ရာ သူမ၏ အသက်ရှူသံမှာ ပိုမို မှေးမှိန်နိမ့်ကျလာခဲ့သည်။
ဆန္ဒပြုပါတဲ့။
ဒါက ဘာလဲ။ အသံတွေလျှောက်ကြားနေရတာလား။
အကယ်၍ သူမ တကယ်တမ်း ဆန္ဒပြုနိုင်ခဲ့ပါလျှင် နောက်ဘဝတွင် သူမ၏ ညီမ လွတ်လပ်ခွင့် ရရှိစေရန် မျှော်လင့်မိပါ၏။
[ဒင်!]
[ဒီဆန္ဒက ပြည့်စုံဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်
နှစ်ပေါင်း ၁၈၀၀ အတွင်း ဘဝပေါင်း ၉၉ ခု ဖြတ်သန်းပြီးရင် host ကနေ ညီမလေးကို မွေးပြီးပြီးချင်း ဓာတ်ခွဲခန်းက ထွက်တာနဲ့ လွတ်လပ်ခြင်းကို ကြိုဆိုမဲ့ ဒုတိယ ကမ္ဘာလမ်းကြောင်းကို ဖန်တီးလိမ့်မယ်]
အားအင်၏ နောက်ဆုံး အကြွင်းအကျန်သည် လေထဲသို့ ပျောက်ကွယ်သွားခဲ့ရာ ယိချီ၏ မျက်လုံးထဲမှ အလင်းရောင်များ မှေးမှိန်ကာ နောက်ဆုံး၌ သေဆုံးသွားခဲ့သော်လည်း သူမ၏ နှုတ်ခမ်းများတွင် အောင်မြင်မှု၏ အပြုံးတစ်ခု ရှိနေခဲ့သည်။
အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော လူအုပ်စုတစ်စုက အခန်းထဲသို့ ဝင်လာခဲ့ပြီး ကလေးအလောင်းငယ် နှစ်ခုကို အလောင်းထည့်အိတ်များထဲသို့ ဂရုတစိုက် ထည့်ကာ သွေးများကို သုတ်သင်ပြီးနောက် တွန်းလှည်းကို တွန်း၍ ထွက်ခွာသွားကြ၏။
ယနေ့တွင် အလွန်များပြားသော ကလေးများ သေဆုံးခဲ့ရပြီး တစ်ခုပေါ် တစ်ခု ထပ်ထားသော အလောင်းများမှာ မီးရှို့သင်္ဂြိုလ်စက်ထဲသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
သုံးနာရီအကြာ၌ နံနက် အရုဏ်ဦး အလင်းရောင်နှင့်အတူ လုံ့လဝီရိယအပြည့်ဖြင့် အစေခံများသည် တွန်းလှည်းတစ်ခုကို မြစ်ကမ်းနားဘေးသို့ ဆွဲကာ ပြာများနှင့် အရိုးအပိုင်းအစများကို ရေထဲသို့ ပစ်ချခဲ့ကြ၏။
ရေစီးသန်သော မြစ်သည် အဆုံးမဲ့ စီးဆင်းနေခဲ့ပြီး ရေတွက်၍မရသော ကလေးငယ်များ၏ အကြွင်းအကျန်များကို ရေထဲသို့ ပစ်ချခဲ့ကြသည်။
မှိန်ပျသော အလင်းရောင်အောက်တွင် အေးခဲသော လေအေးများက ဆက်လက် ငိုကြွေးနေခဲ့ကာ မကျေနပ်မှုများစွာသည် မြစ်ရေစီးကြောင်းထဲသို့ ပေါင်းစည်း၍ ပင်လယ်ထံသို့ ဦးတည်ကာ စီးမျောပါသွားခဲ့၏။
[ဒင်!]
[စနစ် မက်ဆေ့ချ်: သဲလွန်စ ပြီးဆုံးပါပြီ။]
အချိန်သည် အရှိန်အဟုန်မြင့်တက်ခဲ့ရာ ဖုန်မှုန့်များမှာ ထောင့်များသို့ ပြန်လည် ကျရောက်သွားပြီး နံရံဆေးမှုတ်ပန်းချီများမူ မှေးမှိန်၍ အရာအားလုံး အိုမင်းဟောင်းနွမ်းသွားခဲ့၏။
လော့ရီ၏ ပါးပြင်ပေါ်တွင် မျက်ရည်များသည် စီးကျနေခဲ့ပြီး နောက်ဆုံး ပျောက်ဆုံးနေသော ပဟေဠိအပိုင်းအစမှာ ၎င်း၏ နေရာမှန်၌ တည်ရှိနေပြီဖြစ်၏။ အရာအားလုံး ဆက်စပ်သွားခဲ့ချေပြီ။ သူမသည် သူမ မည်သူဖြစ်သည်နှင့် သူမ၏ အတိတ်ကို ပြည့်ပြည့်စုံစုံ သိရှိခဲ့လေသည်။
အရေးအကြီးဆုံးအချက်မှာ လော့ရီသည် စနစ်မှာ သူမ၏ အမထံမှ ဆင်းသက်လာကြောင်း မှတ်မိသွားလေပြီဖြစ်သည်။
ဒုတိယ ကမ္ဘာလမ်းကြောင်းတွင် လော့ရီမှာ မွေးဖွားချိန်၌ ယွမ်မိသားစုထံသို့ ပို့ဆောင်ခံခဲ့ရပြီး ယွမ်အစ်ကို ငါးဦး၏ ညီမ ဖြစ်လာခဲ့၏။ ထိုအတောအတွင်း ယိချီမှာမူ ဓာတ်ခွဲခန်းထဲ၌ ကျန်ရစ်ခဲ့သည်။ လော့ရီ မရှိဘဲနှင့် သူမသည် မကြာမီ ဖျားနာခဲ့ပြီး အမှောင်ထုထဲသို့ နစ်မြုပ်သွားကာ သူမ၏ မူလ ဖြူစင်သော ရည်ရွယ်ချက်ကို မေ့သွားခဲ့၏။
ဆန္ဒ အမှန်တကယ် ပြည့်စုံရန်အတွက် ထို စင်ကြယ်သော ရည်ရွယ်ချက်ကို ထိန်းသိမ်းထားရမည်။ သို့မဟုတ်ပါက အဖြစ်ဆိုးသည် ဆက်လက် ဖြစ်ပွားနေဦးမည်။
ထို့ကြောင့် ဒုတိယ ကမ္ဘာလမ်းကြောင်းတွင် လော့ရီသည် အသက် ၁၈ နှစ်အရွယ်၌ သေဆုံးခဲ့ရ၏။
သူမ၏ အတိတ် အတွေ့အကြုံများကို ပြန်အမှတ်ရသောအခါ လော့ရီသည် အမှောင်ထု၏ ချောက်ကမ်းပါးစွန်းပေါ်၌ အကြိမ်ပေါင်းများစွာ မတ်တပ်ရပ်ခဲ့ပြီး နစ်မြုပ်လုနီးပါး ဖြစ်ခဲ့ရသည်။
ဒါက တော်တော် ကပ်သီးလေးပဲ၊ ကံကောင်းစွာဖြင့် သူမသည် စမ်းသပ်မှုများကို ခံနိုင်ရည်ရှိခဲ့၏။
လော့ရီမူ ယခင်က သူမ၏ စိတ်ထဲမှ အသံများကို မှတ်မိခဲ့သည်။
“လော့ရီ၊ လော့ရီ၊ မမ သိပ်ချစ်ရတဲ့ ညီမလေး၊ အမှောင်ထုက ညီမလေးကို မလွှမ်းမိုးပါစေနဲ့”
“သွားကြရအောင်၊ ဒီနေရာက ထွက်သွားကြမယ်”
“ညီမလေးက မမဘဝရဲ့ တစ်ခုတည်းသော အလှတရားပဲ ဒါကြောင့် မမအတွက် အလင်းထဲမှာ ဆက်ပြီး အသက်ရှင်နေပေးပါနော်”
သူမသည် ထိုဝမ်းနည်းစရာ ကောင်းလှသော ခေါ်သံများ၏ အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သဘောပေါက်ခဲ့လေသည်။
ကမ္ဘာလမ်းကြောင်းများကို ပေါင်းစည်းရန် နည်းလမ်းရှိ၏။ သူမသည် သူမ၏ အမဖြစ်သူ သေဆုံးခဲ့သည့် အခန်းသို့ ပြန်သွားကာ နောက်ထပ် ဆန္ဒတစ်ရပ်ကို ပြုလုပ်ရမည်။
လော့ရီမှ တံခါးသို့ ပြေးသွားပြီး တွန်းဖွင့်ရန် ကြိုးစားသော်လည်း အပြင်ဘက်မှ သော့ခတ်ထားခဲ့၏။ ယွမ်စစ်၏ သူမအား ထိန်းချုပ်လိုသော ဆန္ဒမူ အမြဲတစေ ပြင်းထန်ခဲ့သည်။ လော့ရီမှ တံခါးကို လက်နှစ်ဖက်ဖြင့် ထုရိုက်ခဲ့သော်လည်း ပျော့ပျောင်းသော ရေမြုပ်အပြားများက တိုးဖွသော အသံကိုသာ ထွက်စေခဲ့၏။
အတွင်းမှ သူမ အော်ဟစ်နေသည်ကို အပြင်ဘက်မှ မည်သူမျှ မကြားနိုင်ပေ။ လော့ရီတစ်ယောက် စောင့်ဆိုင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
သူမ ပြန်လည် လည်ပတ်နိုင်သည့် အချိန်မှာလည်း ကန့်သတ်ထားသည်။ သူမ မပြန်မီ ဆန္ဒပြုရမည်။
အချိန်သည် တစ်စက္ကန့်ချင်း ကုန်ဆုံးသွားခဲ့ရာ လော့ရီမူ ပို၍ ပို၍ စိုးရိမ်လာခဲ့ပြီး အခန်းထဲတွင် ဟိုလျှောက် ဒီလျှောက်ဖြင့် လမ်းလျှောက်နေခဲ့၏။
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အနည်းငယ် စိတ်ငြိမ်သွားခဲ့သည်။
အဆင်ပြေသွားလိမ့်မယ်၊ အခက်ခဲဆုံး အပိုင်းကို ကျော်ခဲ့ပြီးပြီပဲ။
အမှောင်ထုထဲသို့ နစ်မြုပ်သွားခြင်းက ရိုးရှင်းသည်။ ဒေါသကို ထုတ်ဖော်လိုက်ရုံသာဖြစ်၏။ သို့သော် အလင်းထဲ၌ ဆက်လက် ရပ်တည်ခြင်းက အခက်ခဲဆုံးပင်။
ဒါက အရုဏ်မတက်ခင် နောက်ဆုံး အမှောင်ထုပဲ။
သူမ ဆန္ဒပြုရာတွင် သေချာပေါက် အောင်မြင်လိမ့်မည်။
“ကလစ်!”
သော့ဖွင့်သံ။
လော့ရီသည် လေးလံသော သံတံခါး တဖြေးဖြေးချင်း ပွင့်လာသည်ကို ကြည့်လိုက်ရာ အပြင်ဘက်မှ အလင်းရောင်က ထိုးဖောက် ဝင်ရောက်လာခဲ့၏။
တံခါး တစ်ဝက်သာ ပွင့်နေစဉ် လော့ရီတစ်ယောက် အပြင်ဘက်သို့ ပြေးထွက်ခဲ့ပြီး ယွမ်စစ်၏ အရိုးများကာ သန်မာသော ခန္ဓာကိုယ်နှင့် ဆောင့်တိုက်မိခဲ့ရာ နာကျင်သော ပင့်သက်ရှိုက်သံကို ထွက်ပေါ်စေခဲ့သည်။
ယခု အချိန်၌ ယင်းကို ဂရုစိုက်ရန် အချိန်မရှိချေ။
လော့ရီသည် သူမ၏ မှတ်ဉာဏ်များမှ လမ်းကြောင်းအတိုင်း မရပ်မနား ရှေ့သို့ ပြေးသွားခဲ့၏။
အစေခံ အချို့က လော့ရီအား တားဆီးရန် ကြိုးစားခဲ့သော်လည်း သူမအား ထိခိုက်အောင် မလုပ်ရဲကြပေ။ အနည်းငယ် ရှုပ်ထွေးသော အမူအရာများ ပြုလုပ်ပြီးနောက် သူတို့သည် သူမအား မဖမ်းမိခဲ့ကြချေ။
အတိတ်မှ မှတ်ဉာဏ်များနှင့် ပစ္စုပ္ပန် မြင်ကွင်းသည် ပေါင်းစည်းသွားခဲ့၏။
လော့ရီသည် မတ်တပ်ရပ်နေသော သို့မဟုတ် ထိုင်နေသော ကလေးငယ် အများအပြားကို မြင်တွေ့ခဲ့ရရာ သူတို့၏ အကြည့်များမှာ အချိန်နှင့် နေရာကို ကျော်လွန်၍ လော့ရီတစ်ယောက် ပြေးနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူမအား စမှတ်သို့ ရောက်ရှိ၍ ဤအဖြစ်ဆိုးကို အဆုံးသတ်ရန် စောင့်ဆိုင်းနေကြသည့်အလားပင်။
အများစုမှာ မိဘများမှ စွန့်ပစ်ထားသော “ချို့ယွင်းချက်ရှိသော ထုတ်ကုန်များ” ဖြစ်ကြပြီး အချို့မှာ ပြန်ပေးဆွဲခံရသော အရပ်သား ကလေးများ ဖြစ်ကြသည်။
ထိုလူများက ယွမ်မိသားစုကို အလွန် မုန်းတီးရခြင်းမှာ အံ့ဩစရာ မရှိချေ။
နှစ်ပေါင်းများစွာ လက်စားချေရန် ကြိုးစားရခြင်းမှာလည်း ယွမ်ကျန်းဟိုင်၏ အပြစ်များကြောင့်တည်း။
ပို၍ သနားစရာ ကောင်းသည်မှာ
ဤသားကောင်များကို ယွမ်ကျန်းဟိုင်က ပရိယာယ်ဖြင့် လှည့်ဖြား၍ ဖေဖေယွမ်အား တိုက်ခိုက်ရန် အသုံးပြုခဲ့ခြင်းဖြစ်ပြီး စုညီအစ်မများ၏ ဖြစ်ရပ်ကဲ့သို့ပင် ဖြစ်၏။
လော့ရီသည် အတားအဆီးများ အလွှာလိုက်ကို ဖြတ်ကျော်၍ ဆက်လက် ပြေးသွားခဲ့၏။
သူမသည် ပြေးရသည်ကို အမှန်တကယ် မနှစ်သက်ပေ။ အင်မတန်ပင်ပန်းလွန်း၏။ သူမ၏ လည်ချောင်းမှာ သွေးအရသာရပြီးနောက် ခြေထောက်များ တုန်ယင်၍ နောက်တစ်နေ့ နံနက်ခင်းတွင် နာကျင်နေလိမ့်မည်။ သို့သော် ယခု၌ သူမသည် ပျော်ရွှင်ခုံမင်သော သမင်ငယ်ကဲ့သို့ လှပသော အနာဂတ်ထံ ပြေးနေခဲ့သည်။
သူမ၏ နောက်၌ အမျိုးသား အစေခံများက သူမအား ဇွဲမလျှော့တမ်း လိုက်ဖမ်းနေကြ၏။ သူမ အရှိန်လျှော့၍ မရပေ။ သူမ၏ ပန်းတိုင်ကို ချဉ်းကပ်ရန် အာရုံစိုက်ရမည်။
နောက်ဆုံးကွေ့ကို ပတ်ပြီးနောက် ရာသီဥတုဒဏ်ခံထားရသော တံခါးတစ်ခု ပေါ်လာခဲ့၏။
“ဟူး”
လော့ရီသည် ၎င်းကို အားဖြင့် ဆွဲဖွင့်လိုက်သည်။
မှိုနံ့၊ စိုထိုင်းသော အနံ့သည် သူမ၏ နှာခေါင်းကို ရိုက်ခတ်ခဲ့၏။ ဤအခန်းအား ဂိုဒေါင်ခန်းအဖြစ် ပြောင်းလဲထားခဲ့ပြီး ကတ်ထူပုံးများဖြင့် ရှုပ်ပွကာ ပျက်စီး ဟောင်းနွမ်းနေခဲ့သည်။
သူမသည် တံခါးကို ပိတ်၍ သော့ခတ်လိုက်၏။
လော့ရီမူ မောဟိုက်နေခဲ့ပြီး သူမ၏
နှလုံးသားမှာ တဒိန်းဒိန်းဖြင့် ခုန်နေခဲ့သည်။ သူမသည် သူမ၏ ပန်းတိုင်သို့ ရောက်ရှိခဲ့လေပြီ။
“ဘန်း! ဘန်း! ဘန်း!”
လိုက်လာသော အမျိုးသား အစေခံများက တံခါးကို အသည်းအသန် ထုရိုက်၍ ဝင်ရောက်ရန် ကြိုးစားနေကြသည်။
သူတို့အား လျစ်လျူရှုကာ လော့ရီသည် ရှေ့သို့ ဆက်လျှောက်သွားခဲ့၏။ သူမသည် ဤအခန်း၏ ထူးခြားမှုကို ခံစားမိခဲ့ပြီး ဤနေရာ၌ မရေတွက်နိုင်သော ချည်မျှင်များ ရစ်ပတ်နေသည့်အလားပင်။ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အာကာသနှင့် အချိန်မှာ အနည်းငယ် ရစ်နွယ်သွားခဲ့သည်။
အခန်း၏ အလယ်ဗဟိုသို့ ရောက်ရှိခဲ့ရာ သွေးအိုင်ကြီး တစ်ခုက တစ်ချိန်က မြေပြင်ပေါ်တွင် စွန်းထင်းနေခဲ့ပြီး ကြေကွဲဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ယိချီသည် လော့ရီ၏ လက်ကို ဆုပ်ကိုင်၍ ပထမဆုံး ဆန္ဒကို ပြုလုပ်ခဲ့ဖူး၏။
သူမ၏ ညီမ လွတ်လပ်စေရန် သူမ ဆန္ဒရှိခဲ့သည်။
[ဒင်!]
[စနစ် သတိပေးချက်: host သည် ဤကမ္ဘာလမ်းကြောင်းပေါ်တွင် လွှမ်းမိုးမှုကို အမွေဆက်ခံခဲ့ပါပြီ။]
[ကမ္ဘာလမ်းကြောင်း ပေါင်းစည်းမှု ဖြစ်နိုင်ခြေကို အကဲဖြတ်နေသည်]
[ဒင်!]
[အောင်မြင်မှု ဖြစ်နိုင်ခြေ ရှိသည်]
[Host ကျေးဇူးပြုပြီး ဆန္ဒပြုပါ]
လော့ရီမှ သူမ၏ လက်များကို မြှောက်တင်လိုက်ရာ ကြီးမားသော တွန်းကန်ဆန့်ကျင်မှုကို ခံစားရပြီး မမြင်နိုင်သော အင်အားက သူမအား ဆွဲဆန့်နေခဲ့၏။ ကမ္ဘာသုံးခု၏ ကျိုးကြောင်းဆက်နွှယ်နေသော မျဉ်းများမှာ လော့ရီ၏ သေးငယ်သော ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာခဲ့သည်။
အာကာသသည် ဆက်လက် ရစ်နွယ်၍ စုတ်ပြဲနေခဲ့ရာ ထပ်ထားသော ကတ်ထူပုံးများမှာ ရုတ်ချည်းဆိုသလို အပိုင်းအစများအဖြစ် ပြတ်တောက်သွားခဲ့၏။ ကြောက်စရာကောင်းသော တွင်းနက်ကြီးမှာမူ ကျယ်ပြန့်လာပြီး ၎င်းထဲသို့ ကျသွားသည့် မည်သည့်အရာကိုမဆို စုပ်ယူပစ်ခဲ့သည်။
ကြမ်းပြင်မှာ ကွဲအက်၍ အပိုင်းလိုက် ပြိုကျသွားခဲ့ရာ တွင်းနက်သည် လော့ရီ၏ ခြေထောက်များအား လာထိနေခဲ့လေ၏။
လော့ရီက မှတ်မိခဲ့သည်။
သူမ၏ ဆန္ဒမှာ လူတိုင်းကို ကယ်တင်ရန် ဖြစ်၏။ ဖေဖေယွမ်၊ မေမေယွမ်နှင့် သူမ၏ အစ်ကို ငါးဦးတို့ကိုသာမက သူမ၏ အမဖြစ်သူ ယိချီနှင့် ထိုသနားစရာ သားကောင်များ အားလုံးကိုပါ ကယ်တင်ရန်ပင်။
သူမသည် အရာများစွာကို မေ့လျော့ခဲ့သော်လည်း ဤတစ်ခုတည်းသော ဆန္ဒကိုမူ အမြဲတစေ ထုတ်ဖော်နိုင်ခဲ့၏။
အရုဏ်ဦး၏ အစောဆုံး ရောင်ခြည်များကို ခွင်း၍ သူမ၏ အသံဖြင့် စင်ကြယ်ရှင်းလင်းစွာ အော်ဟစ်ခဲ့သည်။
“ကမ္ဘာလောကကြီး!”
“ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”
“လူတိုင်းကို ကယ်တင်နိုင်ပါစေ”
နည်းလမ်းပေါင်း တစ်ထောင်ရှိ အဖြစ်ဆိုးများစွာဖြင့် ကွဲပြားနေသော ကမ္ဘာသုံးခုသည် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပြောင်းလဲနေခဲ့သည်။ သို့သော် ယင်းတို့ကြားတွင် ဖြတ်သန်းခဲ့သော တစ်ခုတည်းသော၊ ရိုးသားသည့် နှလုံးသားမူ ဘယ်သောအခါမျှ တုန်လှုပ်ခြင်း မရှိခဲ့ချေ။
ကျိုးကြောင်းဆက်နွှယ်မှုများ အားလုံးသည် လော့ရီ၏ ပတ်ပတ်လည်၌ ရစ်ပတ်၍ ကမ္ဘာလမ်းကြောင်းများကို ပေါင်းစည်းရန် ဆွဲယူခဲ့၏။
သူမမူ အလွန် သေးငယ်ကာ စကြဝဠာ တစ်ခုလုံး၏ ရှေ့၌ ဖုန်မှုန့် တစ်မှုန်သာ ဖြစ်သည်။
သို့သော် လော့ရီမှာ အလွန် ခံနိုင်ရည်ရှိသူ ဖြစ်ပြီး အချိန်နှင့် နေရာကို တစ်ယောက်တည်း ဖြတ်သန်း၍ အရာအားလုံး၏ အလေးချိန်ကို ထမ်းရွက်ခဲ့သည်။
နာကျင်မှု၊ ဖိနှိပ်မှု၊ ရုန်းကန်မှု၊ ဝမ်းနည်းမှု၊ နောက်ဆုံးတွင် နေရောင်သို့ မျက်နှာမူ၍ ဖူးပွင့်လန်းလာသော ဘဝ ဖြစ်၏။
တွင်းနက်မှာ ပျောက်ကွယ်သွားခဲ့ပြီး အလင်းရောင် ပွင့်ထွက်လာခဲ့ချေသည်။
လော့ရီ၏ ဆန္ဒမှာ နောက်ဆုံး၌ ကမ္ဘာလောက၏ တုံ့ပြန်မှုကို ရရှိခဲ့ချေပြီ။