[မပြောင်းလဲသော လိုအင်ဆန္ဒ]
Vol. 13 Ch. 127
“ဘန်း!”
ယွမ်အိမ်တော်အတွင်း၌ ၁၁ နှစ်အရွယ် ယွမ်လော့ရီ၏ ဦးခေါင်းငယ်သည် ထမင်းစားပွဲနှင့် ခပ်ပြင်းပြင်း တိုက်မိခဲ့ချေသည်။ သူမမှာ အလွန်အမင်း အိပ်ငိုက်နေပြီး ကျောင်းသို့ သွားရန် လုံးဝ ဆန္ဒမရှိချေ။
အာ၊ သူမသာ သတိလစ်သွားပါက မည်သူမျှ သူမအား ကျောင်းသွားရန် အတင်းအကြပ် စေခိုင်းတော့မည် မဟုတ်ပေ။
မေမေယွမ်က ယွမ်လော့ရီကို လှမ်းဆွဲ၍ ကူထူပေးပြီး သူမ၏ နဖူးကို စိုးရိမ်တကြီး စစ်ဆေးခဲ့သည်။
“အိုး ဘုရားရေ၊ ဒီကလေးမရဲ့ အပျင်းကြီးတဲ့ရောဂါက ထပ်ပြီး ပေါ်လာပြန်ပြီ ဘယ်လိုလုပ်ကြမလဲ”
ဘေးမှ ယွမ်ဖာ့က တက်ကြွစွာဖြင့် အကြံပြုသည်။ “အမေ၊ မျိုးရိုးစဉ်ဆက်သုံးလာတဲ့ ယောင်္ကျား၊ မိန်းမ နှစ်ယောက်ပေါင်းပြီး ရိုက်တဲ့နည်းကို သုံးကြည့်ရင်ရော ယွမ်စစ်ရဲ့ အပျင်းရောဂါကို အဲဒီနည်းနဲ့ ကုခဲ့တာပဲလေ”
“ဖြန်း!”
မေမေယွမ်က သန့်ရှင်းပြီး လှပသော နောက်ပြန်ရိုက်ချက်ကို ပေးလိုက်ရာ ယွမ်ဖာ့၏ နောက်စေ့မှာမူ ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရလေသည်။
သူသည် အရွယ်ရောက်၍ အလုပ်အကိုင်ဖြင့် တည်ငြိမ်နေပြီ ဖြစ်သော်ငြားလည်း ဤအရိုက်ခံရမှုက သူ့ကို ခေါင်းမူးဝေဝါးသွားစေရန် လုံလောက်ခဲ့၏။
သူ့မိခင်၏ လက်ဝါးရိုက်ချက်က သူ့ဖခင်၏ အရိုက်အနှက်ထက် အားမနည်းပေ။
ယွမ်မိသားစု၏ သားယောက်ျားလေးများအား ပညာပေးသည့် နည်းလမ်းကို သမီးများအတွက် အသုံးပြု၍ မရနိုင်ခြင်းအား ယွမ်ဖာ့သိ၏။ သူသည် မနက်စောစော၌ အနည်းငယ် ရဲတင်းရုံကာ ဟာသဉာဏ်ဖြင့် နှော၍ ပြောကြည့်ရုံသာ။ ထိုသို့ ပြောဆိုမှုအတွက် အရိုက်ခံရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။
သူသည် နာကျင်စွာ ညည်းတွားလျက် သူ၏ နောက်စေ့ကို ပွတ်သပ်နေခဲ့၏။
သူ၏ အစ်ကိုကြီး ယွမ်အောင်းတွင် စာနာထောက်ထားမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ဖာ့မှာ မိသားစုထဲတွင် အရိုက်ခံရရန် အလိုအပ်ဆုံးသူ ဖြစ်နေလို့ပေ။
ယွမ်အောင်းသည် အိပ်ငိုက်နေသော သူ၏ ညီမဖြစ်သူထံသို့ လျှောက်သွားပြီး ပွေ့ချီလိုက်သည်။ “နောက်ကျနေပြီ အခု မထွက်ရင် ကျောင်းနောက်ကျသွားလိမ့်မယ်”
ယွမ်လော့ရီက အားနည်းစွာ ဆို၏။ “ဟုတ်ကဲ့”
ကားထဲသို့ ရောက်ရှိပြီးနောက် ယွမ်လော့ရီက မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမတွင် ဤမျှအထိ ပျင်းရိချင်စိတ် မရှိပေ။ သို့သော် သူမ၏ အိပ်မက်များမှာ ညတိုင်း အလွန်တရာ ပြင်းထန်လွန်းသဖြင့် သူမ ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ချေ။
တကယ်တမ်း၌ သူမမှာ အမှန်တကယ် ၁၁ နှစ် မဟုတ်ပေ။ သူမသည် နှစ်ပေါင်း တစ်ထောင်ကြာ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ပြီး ဤ ကမ္ဘာသစ်မှာ သူမ၏ ဆန္ဒဖြင့် ဖန်တီးခဲ့သော ကမ္ဘာဖြစ်ကြောင်း ကောင်းစွာ သိရှိထား၏။
ဤကမ္ဘာသည် လူတိုင်း ကယ်တင်ခြင်း ခံရသည့် ကမ္ဘာဖြစ်ပြီး ဖြစ်ရပ်ဆိုးများ မရှိချေ။
သူမ၏ အစ်ကိုများလည်း ပြင်းထန်သော အိပ်မက်များ မက်ကြပြီး ထိုကမ္ဘာလမ်းကြောင်း သုံးခုမှ လူသတ်မှုများ၊ မုန်းတီးမှုများနှင့် နောင်တများကို အမှတ်ရနေကြကာ ထိုမှတ်ဉာဏ်များသည် သူတို့၏ ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။ သူတို့သည် ထိုမှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း ပြန်လည် ရရှိနေကြ၏။
တစ်ခါတစ်ရံတွင် စတုတ္ထအစ်ကို ယွမ်စစ်က ရူးသွပ်လာပြီး ယွမ်လော့ရီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတတ်သည်။ “အား ညီမလေး၊ ညီမလေးက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်”
ယွမ်လော့ရီက သူမ၏ လက်ကို တိတ်ဆိတ်စွာ ပြန်ဆွဲထုတ်၍ ယွမ်စစ်နှင့် ခပ်ခွာခွာ နေခဲ့၏။ သူ မည်သည့်အရာကို အတိအကျ မှတ်မိသည်ကို သူမ မသိပေ။
သို့သော် ယွမ်စစ်မှ ထိုသို့သော ကောက်ချက်ချမှုမျိုးသို့ ရရှိလာခြင်းက သူ ရူးသွပ်သွားသည့်အခါ ပထမ ကမ္ဘာလမ်းကြောင်း၌ သူ၏ မွေးချင်းများကို သတ်ဖြတ်ခဲ့သော ယွမ်စစ်ထက်ပင် ပို၍ ကြောက်စရာကောင်းကြောင်း သက်သေပြနေခဲ့သည်။
ကားသည် Star Galaxy အလယ်တန်းကျောင်း၏ ဝင်ပေါက်တွင် ရပ်တန့်လိုက်သည်။ ယခင်ကနှင့် မတူဘဲ ဤနေရာတွင် ဇိမ်ခံကားများ နည်းပါးသည်။ ကျောင်းသား အများစုက အများပြည်သူ သယ်ယူပို့ဆောင်ရေး (သို့) ဘတ်စ်ကားဖြင့်သာ လာကြ၏။
၎င်းသည် ဤကမ္ဘာ၏ အထူးခြားဆုံးသော အသွင်အပြင်ပင်တည်း။
အချမ်းသာဆုံးသော မိသားစု သုံးရာတို့မှာ အရာခပ်သိမ်း ကျဆင်းသွားခဲ့ကြသည်။ သူတို့သည် ဒေဝါလီခံရခြင်း၊ ဝယ်ယူခံရခြင်း၊ သို့မဟုတ် တရားမဝင် လုပ်ဆောင်မှုများကြောင့် အရေးယူခံခဲ့ရပြီး အားလုံးသည် သာမန် အိမ်ထောင်စုများအဖြစ်သို့ လျော့ကျသွားခဲ့ရ၏။
ဤဘဏ္ဍာရေး မတည်ငြိမ်ဖြစ်နေသည့် ကာလအတွင်း ယွမ်မိသားစုမှာ အပြင်ပန်း၌ သတိထားစွာ နေထိုင်ခဲ့သော်လည်း လက်ရှိ ယွမ်မိသားစု၏ ကြွယ်ဝမှုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားကြောင်း ယွမ်လော့ရီတစ်ယောက် သိထား၏။
မည်သို့ပင်ဆိုစေကာမူ လူငယ် မျိုးရိုးအကြီးအကဲသစ် ယွမ်အောင်း၏ အနှစ်သက်ဆုံး လုပ်ဆောင်ချက်မှာ ဈေးကွက်ထဲ၌ အနိမ့်ဆုံးဈေးကျနေချိန်၌ ထိုဈေးနှုန်းဖြင့် ဝယ်ယူခြင်း ဖြစ်ပြီး၊ ထိုမိသားစု သုံးရာတို့၏ ပိုင်ဆိုင်မှု အများစုကို ရယူသိမ်းပိုက်ခဲ့သည်။
ကားထဲမှ ထွက်လာပြီးနောက် ယွမ်လော့ရီနှင့် ယွမ်အောင်းတို့က ပွေ့ဖက်၍ နှုတ်ဆက်ကြ၏။
ယွမ်အောင်းက ဆိုလေသည်။ “အတန်းထဲမှာ ထပ်မအိပ်နဲ့တော့နော် အထူးသဖြင့် အင်္ဂလိပ်စာ အတန်းမှာ မစ္စစုက ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၂ ခါမက ဖုန်းဆက်တိုင်ပြီးပြီ”
ယွမ်လော့ရီက စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်သည်။
ဤကမ္ဘာလမ်းကြောင်းတွင် အတန်း D ဟူ၍ မရှိချေ။ သူမနှင့် ယွိဟွားတို့သည် တစ်နေကုန် အတန်း A ၌ အတူတကွ ဒုက္ခခံနေရ၏။
စန်းကျွင်းရွှမ်သည် သူမ ပတ်ချာလည်တွင် ပျော်ရွှင်စွာ ကခုန်နေသည်။ သူမက သူ့ကို မောင်းထုတ်လိုက်ပါက စုရွှင်းမှ သူမအား စကားလာပြော၍ စိတ်အနှောင့်အယှက် ပေးလိမ့်မည်။ စုရွှင်း ပြီးသွားသောအခါ ဘေးနားရှိ အတန်း C မှ လီရှင်းသည် သူမ၏ အချစ်ရေးကြောင့် ပူပန်မှုများကို ပြောပြရန် အလျင်အမြန် ရောက်လာလိမ့်မည်။
အကျဉ်းချုံးဆိုရသော် ယွမ်လော့ရီ၏ အလယ်တန်းကျောင်းအတွေ့အကြုံမှာ လုံးဝ ဆိုးရွားသွားခဲ့သည်။ သူမသည် ပွင့်ပွင့်လင်းလင်းပင် ပျင်းရိ၍ပင် မရတော့ပေ။
မစ္စစုသည် ယခုတိုင် အတန်းပိုင်ဆရာမ ဖြစ်နေဆဲဖြစ်ပြီး ယွမ်လော့ရီနှင့် ဆက်လက်၍ ပဋိပက္ခ ဖြစ်နေသေးသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စုနှင့် ယွမ်မိသားစုတို့ကြားမှ ရန်ငြိုးကြောင့် မဟုတ်တော့ပေ။ သူမ၏ မိဘများမှာ အသက်ရှင်လျက် အကောင်းပကတိ ရှိနေကြ၏။
ယွမ်လော့ရီတစ်ယောက် သူမ၏ အင်္ဂလိပ်စာ အတန်းများတွင် အိပ်ပျော်နေသဖြင့် မစ္စစု၏ တလေးတစားလုပ်ခံရသော ခံစားချက်ကို ပြင်းထန်စွာ ထိခိုက်စေသောကြောင့်သာ ဖြစ်သည်။
သို့သော် ယွမ်လော့ရီမှ ယင်းနှင့် ပတ်သက်၍ မည်သည်ကိုမျှ မလုပ်နိုင်ပေ။
သူမသည် အင်္ဂလိပ်စာကို နားလည်ပြီး ဖြစ်သည်။
ထို့ကြောင့် မစ္စစုမှ မည်မျှပင် ထူးချွန်စွာ သင်ကြားနေသည်ဖြစ်စေ သူမမူ အိပ်ချင်နေဆဲပင်။
ယွမ်လော့ရီတစ်ယောက် ကျောင်းလမ်းတစ်လျှောက် လျှောက်သွားခဲ့ရာ ကျောင်းသားများက သူမ ပတ်ပတ်လည်တွင် စကားပြောနေကြ၏။
“ဟဲ့ သင်္ချာ အိမ်စာ သုံးပုဒ် လုပ်ရမယ်တဲ့ ငါ မှားပြီး တစ်ပုဒ်ပဲ လုပ်မိတယ် ငါဘယ်သူ့ အိမ်စာကို ကူးလို့ရမလဲ”
“ဈေးဘယ်လောက်ပေးမှာလဲ၊ အကိုလေး”
“ဆယ်ဒေါ်လာ၊ အဲထက် ပိုမရဘူး”
“အိုကေလေ”
ယွမ်လော့ရီ လှမ်းကြည့်လိုက်ရာ အတန်း C ၏ အတန်းခေါင်းဆောင် ယဲ့မင်ကို တွေ့ရ၏။ သူမသည် ယွမ်မိသားစု၏ စစ်မှန်သော အမွေခံ ဖြစ်သည်။ သူမသည် မနက်တိုင်း စီးပွားရေး အခွင့်အလမ်းများအတွက် ဤနေရာတွင် ရပ်စောင့်နေတတ်သည်။
ယွမ်လော့ရီ၏ အကြည့်ကို ခံစားမိလိုက်သောအခါ ယဲ့မင်က သူမ၏ ခေါင်းကို လှည့်၍ အချင်းချင်း တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။
ပုံမှန်အားဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှု မရှိခဲ့ကြသော်လည်း ယနေ့တွင် ယဲ့မင်က အပြုံးတုဖြင့် ယွမ်လော့ရီထံ လျှောက်လာခဲ့၏။ “ချစ်ရတဲ့ ဟမ်းစတားလေး၊ ငါ နင့်ကို အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာ မြွေတွင်းထဲက ဘဝက အခြေအနေ ဘယ်လိုလဲ”
ယွမ်လော့ရီ ခုနစ်နှစ်သမီးအရွယ်၌ သူမသည် အတုအယောင် အမွေခံဖြစ်ကြောင်း သိရှိခဲ့ကြပြီး စစ်မှန်သော အမွေခံ ယဲ့မင်ကိုလည်း တွေ့ရှိခဲ့သည်။ သို့သော် ယဲ့မင်က ယွမ်မိသားစုထံသို့ သွားရန် ဆန္ဒမရှိပေ။
ယွမ်လော့ရီက မေး၏။ “အချိန်တွေတောင် ဒီလောက် ကြာသွားပြီ ပြန်သွားလည်ချင်စိတ် မရှိဘူးလား”
ယဲ့မင်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို မှိုင်းကျသွားခဲ့သည်။ “ယွမ်မိသားစုဆီ သွားရမယ့်အစား ငါ သေတာက ပိုကောင်းဦးမယ်”
“ပထမဆုံးအကြိမ် ငါ အဲဒီမှာ ရှိနေတုန်းက ငါ့ဦးနှောက်ရဲ့ ရှေ့ဘက်ခြမ်းကို ပဋိပစ္စည်း ရင်းမြစ်အဖြစ် သုံးဖို့ ဖြတ်ပစ်ခဲ့တယ်”
“ဒုတိယအကြိမ်ကျ ငါ ယဲ့မိသားစုထဲ ရောက်နေပြီ ဒါတောင် သူတို့ ငါ့ကို ဖမ်းပြီး ငါ့ဦးနှောက်ကို ထပ်ဖြတ်သေးတယ် ဘာလဲ၊ သူတို့ လူမှား ဖမ်းမိတာလား ဖြတ်ရတာကို သဘောကျတာလား သိပ် သဘောကျနေရင် ဘာကိစ္စ ကိုယ့်ဟာကို မဖြတ်ကြတာတုန်း”
“ငါ ငါ့ဦးနှောက်ကို တကယ် ချစ်တယ် ထပ်ပြီး မထိခိုက်စေချင်ဘူး”
ယဲ့မင်သည် အနီရောင် ပန်းပွင့်လေး တစ်ပွင့်အား ထုတ်ယူ၍ ယွမ်လော့ရီ၏ ကော်လံပေါ်တွင် တပ်ပေးလိုက်၏။ “ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကို ကယ်ပေးတာ ကျေးဇူးတင်တယ် ငါ့ရဲ့ အိပ်မက်တွေထဲမှာ ငါက ဦးနှောက် ထိခိုက်ထားတဲ့ အသက်ရှင်နေတဲ့ အလောင်းကောင် ဖြစ်ခဲ့ပေမဲ့ ငါမျက်လုံးတွေ ကန်းမနေခဲ့ဘူး နင်က တကယ် ရဲရင့်တဲ့သူပါ အိမ်စာ ကူးဖို့ လိုရင် ငါ့ကို လာရှာ”
ယွမ်လော့ရီက စိတ်လှုပ်ရှားသွားသည်။ “နင် ငါ့ကို ဈေးလျှော့ပေးမှာလား”
ယဲ့မင်က ပြန်ဖြေခဲ့သည်။ “သေချာပေါက် လျော့ပေးစရာလား ယဲ့မိသားစုက နွေးထွေးပြီး လေးယောက်ရှိတဲ့ သာမန်မိသားစုလေးပဲ ဘာလဲ ငါက နင့်ကို ဈေးလျှော့ပေးမယ်လို့ မျှော်လင့်နေတာလား”
ယွမ်လော့ရီက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ ယွမ်ဖာ့က ပြောမည့် စကားမျိုး ဖြစ်၏။ သူမက မေး၏။ “တက္ကသိုလ်ကျ ဘယ်ဘာသာ ယူဖို့ ရည်ရွယ်ထားလဲ”
ယဲ့မင်က ပြန်ဖြေသည်။ “ဥပဒေ”
အိုး မဟုတ်သေးဘူး၊ ယွမ်ဖာ့တော့
ဒုက္ခရောက်တော့မယ်။
ယဲ့မင်၏ မျက်နှာအမူအရာက တောက်ပလာခဲ့သည်။ “ငါ့ရဲ့ ရည်မှန်းချက်က ရှေ့နေဖြစ်ဖို့ပဲ အဲဒီ ရိုးသားမှုမရှိတဲ့ ရှေ့နေတွေအားလုံးကို ထောင်ထဲ ထည့်ပစ်ချင်တာ ဒီကမ္ဘာကို တရားမျှတမှု ပြန်ယူလာပေးချင်တယ်”
ယွမ်လော့ရီက ယွမ်မိသားစုဝင်များအားလုံးတွင် ပြည့်နှက်နေသော ဤတရားမျှတမှု စိတ်ဓာတ်ကို ချီးကျူးထိုက်သည်ဟု တွေးမိခဲ့၏။ သူမသည် ယဲ့မင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ငါ နင့်ကို ထောက်ခံတယ်”
သူငယ်ချင်း တစ်ယောက် ပိုရလာခြင်းက လမ်းကြောင်း တစ်ခု ပိုလာခြင်းဟု ဆိုလိုသည်။
ယခု၌ သူမသည် ယွမ်ဖာ့ကို ထိန်းချုပ်ရန်အတွက် သူမ၏ အစ်ကိုကြီးအား ခေါ်နိုင်ပြီး အနာဂတ်တွင် ယဲ့မင်ထံမှ အကူအညီ တောင်းခံကောင်း တောင်းခံနိုင်ပေမည်။ ဤမိန်းကလေး၌ အလားအလာကောင်းများ ရှိပေ၏။
ယဲ့မင်အား နှုတ်ဆက်ပြီးနောက် ယွမ်လော့ရီက ဆက်လက် လျှောက်သွားခဲ့သည်။ သူမ အခန်းအနီးသို့ ရောက်ရှိလာသောအခါ လူငယ်တစ်ဦးက သူမအား တားလိုက်သည်။
သူက ဆို၏။ “သခင်မလေး၊ ယွမ်သခင်ကြီးက ဒီနေ့ ကျောင်းကို ရောက်နေပါတယ် သူ သခင်မလေးကို တွေ့ချင်နေပါတယ်”
ယွမ်လော့ရီ၏ ယခင်က မြင့်တက်နေခဲ့သော နှလုံးသားက ရုတ်တရက် နစ်မြုပ်သွားခဲ့သည်။
“ကျွန်မ မသွားချင်ဘူး”
ထိုလူက ဆို၏။ “ဒီနေ့ သခင်မလေးရဲ့ အစ်မလည်း ရောက်လာပါတယ် သခင်မလေးကို တကယ် တွေ့ချင်နေတာပါ”
ယွမ်လော့ရီမူ ထိုသူ့နောက်မှ လိုက်၍ ကျောင်းခန်းမဆောင်၏ ဝင်ပေါက်သို့ လျှောက်သွားရုံမှ တစ်ပါး အခြားရွေးစရာ မရှိချေ။
ထိုနေရာတွင် သူမသည် ယိချီ၊ ယခု ယွမ်ယိချီဟု ခေါ်ခံရသူအား တွေ့လိုက်ရပြီး သူမမှာ ယွမ်မိသားစု၏ တရားဝင် မိသားစုဝင် ဖြစ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူမသည် စိတ်ဖောက်ပြန်မှု မဖြစ်ခဲ့သကဲ့သို့ စမ်းသပ်မှု၏ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း မခံစားခဲ့ရပေ။
သူမ၏ တစ်ကိုယ်လုံးမှာ ပို၍ နူးညံ့သိမ်မွေ့ပုံ ပေါ်နေခဲ့သည်။
နှစ်ဦးသား အချင်းချင်း ပွေ့ဖက်လိုက်ကြ၏။
“လော့ရီ၊ ညီမလေး ဒီရက်ပိုင်း ကျောင်းမှာ ပျော်ရဲ့လား”
“မပျော်ဘူး၊ နေ့တိုင်း အိမ်စာတွေ ရေးရတယ် မမ ညီမလေး အိပ်ချင်တယ်၊ မစိုးရိမ်ရဘဲ စားချင်သောက်ချင်တယ်”
ယွမ်ယိချီက ပြုံးရွှင်စွာဖြင့် သူမ ညီမ၏ ကျောကို နှစ်သိမ့်စွာ ပုတ်ပေးခဲ့သည်။
သူမသည် အခြား အထက်တန်းကျောင်းသို့ တက်ရောက်နေပြီး ထိပ်တန်း အဆင့်တွင်လည်း ရှိနေခဲ့၏။ သူမသည် အတိတ်ကို ပြတ်တောင်းပြတ်တောင်းဖြင့် ပြန်လည် အမှတ်ရနေပြီး ယွမ်ကျန်းဟိုင်မှာ အလွန် အန္တရာယ်ရှိသူ ဖြစ်ကြောင်း သိထားသောကြောင့် သူ့ဘေးတွင် နေရန် ရွေးချယ်ခဲ့ကာ သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။
ယွမ်လော့ရီက မေးသည်။ “ဒီတစ်ခါ သူ ကျောင်းမှာ ဘာလုပ်နေတာလဲ”
ယွမ်ယိချီက ဆို၏။ “အထူးဧည့်သည်တွေကို မိန့်ခွန်းပြောနေတာ သူ မကြာသေးခင်က စီမံကိန်းအသစ် တစ်ခုကို သုတေသန လုပ်ထားတာ အဲဒါကို ဒီနေ့ မိတ်ဆက်ပေးလိမ့်မယ်”
“ဒါဆို သူ ဘာလို့ သမီးကို ခေါ်လိုက်တာလဲ ဒီ ကမ္ဘာလမ်းကြောင်းမှာ ကျောင်းပရိဝုဏ်နဲ့ ပတ်သက်တဲ့ အစီအစဉ်လည်း တစ်ခုမှ မရှိပါဘူး သမီးကလည်း နာမည်ကြီးမှမဟုတ်တာ”
“မသိဘူးလေ သူ ညီမလေးနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်လို့ ပြောတာဘဲ”
“ဟုတ်ပြီလေ သမီး နောက်မှ ထွက်လာခဲ့မယ် သမီး အတန်းပျက်ဖို့ စီစဉ်ထားတယ် မမ သမီးနဲ့ လိုက်ခဲ့ချင်လား”
“ဘယ်အချိန်ပဲဖြစ်ဖြစ် မမ ညီမလေးနဲ့ အတူတူ သွားဖို့ ဆန္ဒရှိပါတယ်”
ယွမ်လော့ရီက အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။ ယိချီသည် အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်နိုင်သော အစ်မတစ်ဦး ဖြစ်၏။ ယိချီနှင့်အတူ အပြင်ထွက်၍ ဆော့ကစားသည့်အခါ လော့ရီမူ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်စရာ မလိုဘဲ ပျော်ရွှင်စွာ နေနိုင်သည်။
အမျိုးသားအစေခံနောက်မှ ခန်းမနောက်ဘက်ရှိ ဧည့်ကြိုခန်းသို့ လိုက်သွားစဉ် ယွမ်လော့ရီသည် ကျောင်းပရိဝုဏ် ရသစုံအစီအစဉ်တွင် ပါဝင်ရန် သွားစဉ်က ဤနေရာသို့ ရောက်ခဲ့ဖူး၏။ ယင်းမှာ ပြိုင်ပွဲဝင်များအတွက် စင်နောက်ဘက် နားနေခန်း ဖြစ်ပြီး ထိုအချိန်က စုရွှင်းသည် သူမအား လာရောက် ရန်စခဲ့ဖူးသည်။
ယွမ်ကျန်းဟိုင်သည် လက်တင်ကုလားထိုင်တွင် ထိုင်နေခဲ့ပြီး သူ၏ နားထင်၌ ဆံပင်ဖြူ အချို့ ပေါက်နေကာ ယခင်ကနှင့် မတူဘဲ အနည်းငယ် ပိန်နေသော်ငြား နာမကျန်းဖြစ်နေပုံ မပေါ်ချေ။
ယွမ်လော့ရီ ရောက်လာသည်ကို မြင်သောအခါ သူသည် မတ်တပ်ရပ်၍ အနည်းငယ် ခါးညွတ်ကာ ညင်သာစွာ ဆို၏။ “ပြီးပြည့်စုံတဲ့ ကလေးမလေး၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ ငါ မင်းကို စောင့်နေခဲ့တာ”
ဤကမ္ဘာရှိ ယွမ်ကျန်းဟိုင်သည် ကျန်းမာနေခဲ့ပြီး သူ၏ ကျောရိုးမှာလည်း ကောင်းမွန်နေ၍ ဘီးတပ်ကုလားထိုင်ပင် မလိုအပ်ပေ။
တိုက်ဆိုင်မှုများ ဆက်တိုက် ဖြစ်ပွားခြင်းဖြင့် ယွမ်ကျန်းဟိုင်သည် telomeres အား ထိန်းချုပ်သည့် မျိုးဗီဇကို ရှာတွေ့ခဲ့ရာ ယင်းသည် ယွမ်မိသားစု၏ ရောဂါဖြစ်စေတတ်သော မျိုးဗီဇထက် သုတေသနပြုရန် ပို၍ တန်ဖိုးရှိနေသည်။ ၎င်းသည် သူ၏ ရောဂါကို ကုသပေးနိုင်ရုံသာမက အသက်ရှည်စေနိုင်သော အကျိုးသက်ရောက်မှုလည်း ရှိ၏။
ထို့ကြောင့် ယွမ်ကျန်းဟိုင်မှာ သူ ဖန်တီးခဲ့သော အမြွှာညီအစ်မများအပေါ် အမြဲတစေ လက်လွှဲထားခဲ့ပြီး သူ၏ စွမ်းအင်အား စီမံကိန်းအသစ်တွင် အဓိက အာရုံစိုက်နေခဲ့သည်။
ယွမ်ကျန်းဟိုင်က ယွမ်လော့ရီအား သေချာ ဂရုတစိုက် ကြည့်ရှုပြီး တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။
“မင်းက တကယ်ပဲ သိပ်ကို ကွဲပြားတယ်မလား”
“မနေ့ညက ငါ ထူးဆန်းတဲ့ အိပ်မက် တစ်ခု မက်ခဲ့တယ် အရာအားလုံးက အရမ်း ထင်ရှားနေတာ တကယ် ဖြစ်ခဲ့သလိုမျိုးပဲ”
“ပထမတော့ အချိန်မတူတာကြောင့် မင်း ငါ့ကို ဖယ်ရှားလို့ မရနိုင်ဘူးလို့ ငါထင်ခဲ့တာ ငါက မင်းရဲ့ ဖန်ဆင်းရှင်ပဲ ငါ မရှိရင် မင်းလည်း ရှိနေမှာ မဟုတ်ဘူး”
“ဒါပေမဲ့ သေချာ စဉ်းစားပြီးတဲ့အခါကျ အဲဒါက အတိအကျ မမှန်ဘူးလို့ ထင်ရတယ် ဘာလို့လဲဆိုတော့ မင်းကို ဖန်တီးပြီးနောက် မင်း ငါ့ကို တိုက်ရိုက် သတ်ပစ်လို့ရတာပဲ”
“ငါ ရုတ်တရက် တချို့ ကိစ္စရပ်တွေနဲ့ ဆက်စပ်မိသွားတယ် ဒီကမ္ဘာက ထိပ်တန်း ချမ်းသာတဲ့ မိသားစု ၃၀၀ ဟာအဘက်ဘက်က ကျဆင်းသွားခဲ့တယ် အစကတော့ သူတို့က ငါ့ရဲ့ သစ္စာအရှိဆုံး ဖောက်သည်တွေပဲ”
ယွမ်ကျန်းဟိုင်က ယွမ်လော့ရီရှေ့တွင် ရပ်တန့်လိုက်သည်။ “အဲဒီ ကျောင်းပရိဝုဏ် ရသစုံအစီအစဉ်ကိုလည်း သူတို့က ပံ့ပိုးကူညီခဲ့တာ အဲဒါရဲ့ နာမည်က ‘ထူးချွန်တဲ့ ကလေးတွေအတွက် တောင့်တခြင်း’ သိပ်ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ နေရာတိုင်းမှာရှိတဲ့ မိဘတွေရဲ့ ဘုံဆန္ဒလေ သူတို့အနေနဲ့ သူတို့ရဲ့ သားသမီးတွေကို စမ်းသပ်ဖို့ စင်မြင့်တစ်ခု လိုအပ်ခဲ့တာ”
“သူတို့က ပြီးပြည့်စုံတဲ့ သားသမီးတွေ ရဖို့ တကယ်ပဲ ပြင်းပြတဲ့ ဆန္ဒရှိခဲ့ကြတယ်”
“ငါက သူတို့ ရွေးချယ်ထားတဲ့ အမှုဆောင် တစ်ဦးပဲ ငါက အဲလို ရက်စက်တဲ့ အရာတွေကို မလုပ်ခဲ့ရင် သူတို့ တခြား တစ်ယောက်ကို ရွေးပြီး လုပ်ခိုင်းမှာပဲလေ အဲဒီအခါကျ မင်းအတွက် အမှုဆောင်အသစ်ကို ရှာဖို့ ပိုခက်လိမ့်မယ်”
သူက ပြုံး၍ ခါးညွတ်လိုက်သည်။ “မင်း ငါ့ကို ဖယ်ရှားပစ်လို့ မရဘူး မင်း လူ့သဘာဝရဲ့ အတ္တတရားကို ဖယ်ရှားပစ်လို့ မရနိုင်ဘူး”
ယွမ်လော့ရီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ တိတ်ဆိတ်၊ တည်ငြိမ်သော်လည်း လူကို တုန်ယင်စေ၏။
သူမသည် ထိုကလေးမလေး မဟုတ်တော့ပေ။
သူမ၏ ဝိညာဉ်မှာ အလွန် ရှေးရိုးဆန်နေပြီး ကျယ်ပြောသော ဉာဏ်ပညာကို ပိုင်ဆိုင်ထား၏။ ဤ ကောက်ကျစ်စဥ်းလဲသော လူသည် သူမနှင့် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့သည်။ လော့ရီက ယွမ်ကျန်းဟိုင်ကို နားလည်သည်။
ယွမ်လော့ရီက ယွမ်ကျန်းဟိုင်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ “သမီး အဘိုးကို ခံစားရအောင် လုပ်နိုင်တယ် ဒါကြောင့် အလောတကြီးတွေ မလုပ်ပါနဲ့ သမီး အဘိုးကို အမြဲ စောင့်ကြည့်နေမှာ”
ထိုသို့ ပြောပြီးနောက် ယွမ်လော့ရီက လှည့်၍ ထွက်ခွာသွားခဲ့၏။
သူမ ဝင်ပေါက်အနီးသို့ ချဉ်းကပ်လာသောအခါ ယွမ်ကျန်းဟိုင်က ဆိုလေသည်။ “အစက ယွမ်မိသားစုကို ကိုယ်စားပြုတဲ့ မြွေက ကိုယ့်ကိုကိုယ် ဝါးမျိုတယ်၊ အဆုံးမရှိ ရစ်ပတ်တယ်၊ ပေါင်းစည်းတယ်၊ ပိုင်းခြားတယ် ပိုင်းခြားတာနဲ့ ပေါင်းစည်းတာကို ဖော်ပြတယ်ဆို ပြောပါဦး၊ ဒီလိုမျိုး ဘယ်နှစ်ခါ ဖြစ်ခဲ့ပြီးပြီလဲ”
ယွမ်လော့ရီက အဖြေမပေးဘဲ ထွက်သွားခဲ့သည်။ ယွမ်ယိချီက သူမအား စောင့်နေခဲ့၏။
ယွမ်ယိချီက မေးသည်။ “နှစ်ယောက်သား ဘာတွေ ပြောဖြစ်ကြလဲ”
ယွမ်လော့ရီသည် ပြုံး၍ ဆို၏။ “ဘာမှ မဟုတ်ပါဘူး သွားရအောင်၊ အတန်းပျက်ပြီး အပျော်ရှာဖို့ အချိန်တန်ပြီ”
ခန်းမအပြင်ဘက်၌ များစွာသော သတင်းထောက်များက တန်းစီနေကြသည်။ ပင်မဝင်ပေါက် ဖွင့်လိုက်သည်နှင့် ထိုသူတို့သည် အလျင်အမြန် အတွင်းသို့ ပြေးဝင်လာကြ၏။ စင်ပေါ်တွင် ယွမ်ကျန်းဟိုင်သည် မီးမောင်းအောက်၌ ရပ်နေခဲ့ပြီး သူ၏ နောက်ဘက်ရှိ မျက်နှာပြင်ကြီးမှာ နောက်ဆုံးပေါ် သုတေသန ရလဒ်များကို ပြသနေခဲ့သည်။
ယွမ်ကျန်းဟိုင်က ဆို၏။ “အစီရင်ခံစာကနေ ကြိုဆိုပါတယ် နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ပြီးတဲ့နောက်မှာ မျိုးဗီဇ telomeres ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် ရှာတွေ့ခဲ့ပါတယ်”
“ဒါက ချို့ယွင်းနေတဲ့ မျိုးရိုးဗီဇတွေကို အလိုအလျောက် ပြုပြင်ပေးနိုင်ပြီးတော့ ရောဂါတစ်ချို့ကို ဖယ်ရှားပေးနိုင်တယ် လူတွေကို ပိုပြီးလည်း ငယ်ရုပ် ပေါက်စေတာပေါ့ ဒါက ကျွန်တော့်ရဲ့ ကျောရိုးပြဿနာကို ကုပေးခဲ့တာပါ”
“ခင်ဗျားတို့ ပိုစိတ်ဝင်စားမယ့် အရာက ဒါပါပဲ”
ယွမ်ကျန်းဟိုင်မှ အဝေးထိန်းခလုတ်ကို နှိပ်လိုက်ရာ မျက်နှာပြင်သည် “ထာဝရရှင်သန်ခြင်း” ဟူသော တရုတ်အက္ခရာ အနီရောင် နှစ်လုံးကို ပြသရန် ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပရိသတ်ထဲမှ နာမည်ကြီး အကျော်အမော်များက နားစွင့်သွားကြ၏။ နာမည်ကြီး အများစုမှာ မကြာသေးမီကမှ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခွင့် ရရှိခဲ့သော သူဌေးအသစ်များ ဖြစ်ကြလေသည်။
သူတို့သာ မသေနိုင်ပါက သားသမီးများပင် မလိုအပ်တော့ပေ။
သူတို့သည် လောဘတရားနှင့် အတ္တကြီးစွာ ပြုံးလိုက်ကြ၏။
ယွမ်လော့ရီက သူတို့ကို ကြည့်လိုက်ပြီးနောက် အလင်းရောင်ထဲတွင် တောက်ပနေသော ယွမ်ကျန်းဟိုင်ကို ကြည့်လိုက်၏။ မာရ်နတ်၏ ပြောရေးဆိုခွင့်ရှိသော ပုဂ္ဂိုလ်၊ သို့သော် အနည်းဆုံးတော့ ပွင့်လင်းမြင်သာစွာ ရှိနေခဲ့သည်။
လော့ရီသည် ယိချီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ နှစ်ဦးသား ခန်းမထဲမှ ထွက်ခွာသွားခဲ့ကြသည်။
ယနေ့ ရာသီဥတုက ကောင်းမွန်နေ၏။ နေရောင်ခြည်မှာ တောက်ပနေပြီး ကောင်းကင်ပြာပြာထက်ရှိ တိမ်တိုက်များက စုဝေး၍ ကွဲထွက်သွားကြရာ လူ့နှလုံးသားကဲ့သို့ အမြဲတစေ ပြောင်းလဲနေခဲ့သည်။
မည်မျှပင် အချိန်ကြာသွားသည်ဖြစ်စေ သူမ၏ ဆန္ဒမှာ သူမ၏ နှုတ်ခမ်းဖျားမှ ပြောင်းလဲခြင်းမရှိ ထွက်ပေါ်လာမည်ကို ယွမ်လော့ရီတစ်ယောက် သိထားသည်။
ကမ္ဘာလောကကြီး
ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ။
လူတိုင်းကို ကယ်တင်နိုင်ပါစေ။
ဒီအပိုင်းရဲ့ မှတ်ချက်မှာ စာရေးသူက နိဂုံးစကားကို ရေးသားထားပါတယ်။ နောက်အပိုင်းတွေမှာ ဒီ အပြိုင်ကမ္ဘာလောကရဲ့ ရယ်စရာကောင်းပြီး ပေါ့ပါးတဲ့ နေ့စဉ်ဘဝဇာတ်လမ်းများကို ရေးပါမယ်။ ဒါတွေအားလုံးက ဇာတ်လမ်းတစ်ခုလုံး၏ ချိုမြိန်မှုကို တိုးစေဖို့ ရည်ရွယ်ပြီး ဒီလိုမျိုးနဲ့ ဒီဇာတ်လမ်းက ချိုမြိန်ကြည်နူးစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း ယုံယုံကြည်ကြည်နဲ့ အခိုင်အမာ ပြောနိုင်ပါလိမ့်မယ်။ စာဖတ်သူတွေဖက်က ဘယ် Memes တွေ ဒါမှမဟုတ် ဇာတ်ဝင်လှုပ်ရှားမှုတွေ ထည့်ချင်ကြောင်း လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်။