← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

‎

‎အားလုံးထဲတွင် ယွမ်ရုံမှာ အကျေနပ်ဆုံးလူ ဖြစ်သည်။

‎

‎အစ်ကိုကြီးယွမ်အောင်း အပြင်ထွက်မည်ကို သိသဖြင့် သူ ညနေ ၃ နာရီကတည်းက ညီမလေး၏ အခန်းတံခါးဝတွင် စောင့်နေခဲ့ပြီး သူမ နိုးလာသည်နှင့်တပြိုင်နက် တံခါးခေါက်ကာ fireflyပန်းခြံသို့ ဖိတ်ခေါ်ခဲ့ခြင်းမှာ အခြားသူများ ဦးအောင် ခေါ်သွားခွင့်မရစေရန် ရည်ရွယ်၍ဖြစ်သည်။

‎

‎ရှင်းရှင်းပြောရလျှင် သူက အရင်ရောက်လာသူဖြစ်ရာ အခြားသူများမှာ ရှိပင် ရှိမနေသင့်တော့သော်လည်း ညီမလေးက ပြောလိုက်ပြီဖြစ်၍ သူ ဘာများတတ်နိုင်ပါမည်နည်း။

‎

‎ညီမဖြစ်သူ၏ စကားကိုသာ နားထောင်ရပေမည်။

‎

‎ဒုတိယအစ်ကို ယွမ်ဖာ့က သူ၏နာရီကို ကြည့်လိုက်ပြီး ပြော၏။

"နောက်ကျနေပြီ၊ သွားရအောင်"

‎

‎သူက ယွမ်လော့ရီ ဘေးသို့ လျှောက်သွားကာ သူမ၏ လက်သေးသေးလေးကို ဆွဲယူ၍ ခေါ်သွားရန် ကြိုးစား၏။

‎

‎ယွမ်ရုံက သူ့ကို တားလိုက်သည်။

"နေဦး၊ ငါတို့ဒီနေ့အချိန်ကို ဘယ်လို ခွဲယူကြမလဲ"

‎

‎ယွမ်ဖာ့က ပြော၏။

"မနက်ပိုင်းမှာ ငါ သူ့ကို လေ့လာရေးအနေနဲ့တက္ကသိုလ်ကို လိုက်ပတ်ပြပေးလိုက်မယ်။နေ့လယ်ပိုင်းကျရင်တော့ ယွမ်စစ် က တစ်နာရီယူပြီး အပန်းဖြေ ဥယျာဉ်ကို ခေါ်သွားပေါ့၊ ပိုးစုန်းကျူးတွေက ညဘက်မှ ထွက်တာဆိုတော့ မင်းအတွက် ညနေကျရင် တစ်နာရီပေးမယ် ယွမ်ကျွင်း အတွက်တော့ သီးသန့်အချိန် ထပ်ခွဲပေးစရာ မလိုဘူး"

‎

‎ထိုသို့ပြောပြီးနောက် ယွမ်ဖာ့က ယွမ်ကျွင်း ကို ကြည့်လိုက်သည်။

"မင်း ကန့်ကွက်စရာ မရှိဘူး မလား"

‎

‎ယွမ်ကျွင်းဟာ ကန့်ကွက်ဖို့ရန် မည်သို့ ရဲရဲတင်းတင်း လုပ်ဝံ့နိုင်မည်နည်း။ သူက အလွန်လျင်မြန်စွာ ပြောလိုက်၏။

"မရှိပါဘူး၊ မရှိပါဘူး ဒုတိယအစ်ကို ပြောသလိုပဲ လုပ်ရအောင်"

‎

‎တစ်အုပ်လုံး အခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။

‎

‎ယွမ်လော့ရီမှာ အတော်လေး ပျော်ရွှင်နေသေး၏။

‎

‎မူလတန်းကျောင်း စတက်ပြီးနောက် သူမတွင် အိမ်စာများစွာရှိလာပြီး ဖေဖေယွမ်ကလည်း အလွန် တင်းကျပ်သူဖြစ်ရာ၊ သူမအား အိမ်စာမပြီးမချင်း အပြင်ထွက်၍ ဆော့ကစားရန် ခွင့်မပြုပေ။

‎

‎သူတို့ ပထမထပ် စင်္ကြံလမ်းသို့ လျှောက်လာစဉ် ယွမ်ဖာ့ ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြတင်းပေါက်အပြင်သို့ စိုက်ကြည့်လိုက်ကာ

"အား မကောင်းတော့ဘူး၊ အဖေ ပြန်လာပြီ"

‎

‎သူညွှန်ပြရာသို့ ယွမ်လော့ရီလိုက်ကြည့်လိုက်သောအခါ ဖေဖေယွမ် မှာ အိမ်ဝင်ပေါက်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူက စိတ်မကြည်ဖြစ်နေပြီး မျက်နှာမှာ မဲမှောင်တင်းမာနေကာခြေလှမ်းကျယ်များဖြင့် လွှားခနဲ အိမ်ထဲသို့ ဝင်လာနေပြီး အနီးနားရှိ အစေခံများပင် သူ့အနားသို့ ချဉ်းကပ်ဝံ့ခြင်းမရှိတော့ပေ။

‎

‎ယွမ်လော့ရီ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။သူမ၏ အားလပ်ရက် ခရီးစဉ်မှာ ပျက်စီးတော့မည်။ ဖေဖေယွမ်က သူမကို လက်ဆွဲအိတ်တစ်လုံးကဲ့သို့ ချိုင်းကြား၌ညှပ်ကာ အိမ်စာလုပ်ရန် အခန်းထဲ ပြန်ပို့လိမ့်မည်။

‎

‎သူမ၏ အစ်ကိုများဆိုလျှင် ဦးနှောက်ထ်ိခိုက်ကာ သတိမေ့သွားနိုင်လောက်သော လက်သီးချက်များဖြင့် အထိုးခံရလိမ့်ဦးမည်။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ဖခင်ကို ကြောက်ရွံ့ခြင်းမှာ အလိုအလျောက် အမှတ်တမဲ့တုံ့ပြန်မှုတစ်ခုတောင် ဖြစ်လာခဲ့သည်။ သူမ၏ အစ်ကိုများ ညသန်းခေါင်ယံ လန့်နိုးလာပြီဆိုလျှင် များသောအားဖြင့် ဖေဖေယွမ်က ရိုက်နှက်နေသော အိပ်မက်ကို မြင်မက်နေသောကြောင့်ပင်ဖြစ်ကြ၏။

‎

‎ယွမ်ဖာ့က အော်လိုက်သည်။

"မြန်မြန်ပုန်း"

‎

‎တစ်ဖွဲ့လုံး အနီးဆုံး အခန်းထဲသို့ အလုအယက် ဝင်လိုက်ကြသည်။ ထိုအခန်းထဲတွင် စာအုပ်စင်များကို ကြမ်းပြင်မှ မျက်နှာကြက်အထိရောက်အောင် ထောင်ထားပြီး စာအုပ်မျိုးစုံ၊ သတင်းစာမျိုးစုံဖြင့် ပြည့်နေ၏။

‎

‎ယွမ်ဖာ့က ပြောလိုက်သည်။

"မကောင်းဘူး ဒါက စာကြည့်ခန်းကြီး၊ တခြားအခန်း ရှာ"

‎

‎သို့သော် နောက်ကျသွားပြီ။ ယွမ်လော့ရီမှာ ဖေဖေယွမ်၏ ခြေသံကို ကြားနေရပြီဖြစ်သည်။

‎

‎"ကျွီ"

‎

‎ဖေဖေယွမ်ဟာ တံခါးကို တွန်းဖွင့်လိုက်ပြီး စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည်။ သူ ခြေချလိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး ရွံရှာသော အရိပ်အယောင်ဖြင့် အကြိမ်အနည်းငယ် နှာခေါင်းတရှုံ့ရှုံ့နဲ့ ရှူသွင်းကြည့်လိုက်၏။

‎

‎တစ်ခုခုတော့ မှားနေပြီ။ အစေခံများက စာကြည့်ခန်းကို အမွှေးနံ့သာထည့်ရန် သစ်မွှေး ကို မကြာခဏ မီးရှို့လေ့ရှိသော်လည်း ယနေ့ လေထဲ၌ လူရိုင်းတစ်ဦး၏ အနံ့အသက်တစ်ခု ပို၍ပါနေသည်။

‎

‎ဖေဖေယွမ်၏ ပင်ကိုဗီဇစိတ်သည် အလွန်ပြင်းထန်သော စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်လာခဲ့ပြီး၊လူယုတ်မာ သတ္တဝါများက သူ၏စာကြည့်ခန်းထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ သူ စုဆောင်းထားသော ပစ္စည်းများကို ရိုက်ခွဲခဲ့သည့် အဖြစ်ကို ရုတ်တရက် ပြန်လည် သတိရသွား၏။

‎

‎သူ အခန်းကို လှည့်ပတ်ဝေ့ဝိုက်ပြီး ကြည့်ရှုလိုက်သော်လည်း သူ့သားများကို မတွေ့ရပေ။

‎

‎ကောင်းပြီ၊ သားကောင်ပစ်သေနတ်ကို သွားယူစရာ မလိုတော့ဘူး။

‎

‎အိမ်ထောင်ပြုထားသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးအနေဖြင့် ဖေဖေယွမ်မှာ ဂုဏ်သိက္ခာ နိမ့်ကျသူဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ခိုင်မာသော စိတ်ဓာတ်နှင့် ဆယ်ချက်ကျော် အထိုးခံရလျှင်ပင် အသက်ရှင်နိုင်သော သန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။

‎

‎သူက သူ၏ ထူထဲ နက်မှောင် တောက်ပသော ဆံပင်များနှင့် ရုပ်ရည်ချောမောမှုကို ထိန်းသိမ်းထားနိုင်သော်လည်း ယွမ်အိမ်တော်အပေါ်မှာတော့ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။

‎

‎အိမ်ရှိ နေရာကောင်းများအားလုံးကို မေမေယွမ် က သိမ်းပိုက်ထားသဖြင့် ဖေဖေယွမ်မှာ ဤ စတုရန်းမီတာငါးဆယ် သာရှိသော စာကြည့်ခန်းငယ်လေးတွင်သာ တစ်ကိုယ်တည်း ပျော်မွေ့ခဲ့ရသည်။

‎

‎သူ၏ ဖခင်မေတ္တာတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် သူ့ စာကြည့်ခန်းထဲသို့ လုံးဝမဝင်ရန် သူ၏ သံမဏိလက်သီးများဖြင့် သားများကို ရှင်းရှင်းလင်းလင်း ခြောက်လှန့် ပြောကြားထားခဲ့၏။

‎

‎ကျိုးကြောင်းဆီလျော်စွာ စဉ်းစားကြည့်လျှင် ဤ ပြည့်စုံသော ကမ္ဘာငယ်လေးကို သူတို့ နောက်တစ်ကြိမ် ထပ်မံဝင်လာပြီး နှောင့်ယှက်ဝံဦးမည်မဟုတ်ပေ။

‎

‎သူ အလွန်ပင်ပန်းနေသဖြင့် စိတ်ထင်ရာ မြင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

‎

‎သူက လေဝင်လေထွက်ရရန် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး သစ်သား အမွှေးတိုင်အသစ်ကို မီးညှိလိုက်ကာ ပျော့အိသော လက်တင်ကုလားထိုင်တွင် ထိုင်၍ အဖွဲ့အစည်းမှ အတွင်းစာရွက်စာတမ်းတချို့ ကို ကောက်ယူဖတ်ရှုလိုက်၏။

‎

‎မကြာသေးမီက နိုင်ငံတကာ အခြေအနေများမှာ မတည်ငြိမ်ဘဲ ပူပန်စရာများ များပြားလှသည်။ သူနှင့် ရွယ်တူများ၏ လက်နက်နည်းပညာ တိုးတက်မှုများ ကို စစ်ဆေးရန် လိုအပ်‌၏။

‎

‎သူနှင့် သုံးမီတာပင် မဝေးသော စာအုပ်စင်တစ်ခု၏ နောက်ကွယ်တွင် ဒုတိယအစ်ကို ယွမ်ဖာ့၊ စတုတ္ထအစ်ကို ယွမ်စစ်နှင့် ယွမ်လော့ရီတို့က မှောင်မည်းသော ထောင့်တစ်နေရာတွင် ကပ်တွယ်ပုန်းအောင်းနေပြီး စိုးရိမ်တကြီး အသက်ကိုပင် ဝဝမရှူရဲဘဲ ထိန်းထားကြရသည်။

‎

‎တကယ်တမ်းတွင် ယွမ်လော့ရီမှာ ထိုမျှလောက် မထိတ်လန့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဖေဖေယွမ်က သူမအား စာကြည့်ခန်းထဲသို့ ဝင်ခွင့်ပြုထားသောကြောင့်ပင်။

‎

‎သူမ ငယ်ငယ်က အိပ်မက်ဆိုးများ မက်၍ ငိုယိုကာ နိုးလာလျှင် ဖေဖေယွမ်က သူမကို စာကြည့်ခန်းထဲတွင် ပွေ့ထားပြီး "တိုက်ပွဲအတွင်း နောက်မြီးပျက်စီးသွားသည့် ကန္တာရသိမ်းငှက် များအကြောင်း သုတေသနစာတမ်း" ကို ဖတ်ပြလေ့ရှိပြီး ထိုအရာက သင်္ချာအတန်းကဲ့သို့ အိပ်ပျော်စေနိုင်သော အာနိသင်ရှိသည်။

‎

‎T/N : ကန္တာရသိမ်းငှက် = လူမဲ့စောင့်ကြည့်ယာဉ်(ဒရုန်း) အမျိုးအစားတစ်ခု၏နာမည်

‎

‎သို့သော် ယခု သူမ အစ်ကိုများ၏ ဘေးကင်းရေးကို ထည့်သွင်းစဉ်းစားရပေတော့မည်။

‎ယွမ်စစ်၏ နှလုံးမှာ တဒိတ်ဒိတ် ခုန်နေပြီး သူက ပိန်လွန်းသူဖြစ်၍ အရိုက်အနှက်ကို ကောင်းကောင်းခံနိုင်မည်မဟုတ်ပေ။ လွန်ခဲ့သောအကြိမ် သူ့ကို ဖေဖေယွမ် ရိုက်နှက်စဉ်က ခဏတာမျှ ဘိုးဘေး ယွမ်ဟိုင်က ပြုံးရယ်၍ ငရဲတံခါးဝမှ သူ့အား နူးညံ့စွာ လက်ယက်ခေါ်နေပုံကို မြင်ခဲ့ရဖူး၏။

‎

‎ယွမ်စစ်သာ သူတို့ ဖခင်၏ ဖမ်းဆီးခြင်းကို ခံရပါက သူ ဆေးရုံတက်ရရုံသာမက၊ သူနှင့်အတူ ညီအစ်ကိုသုံးဦးပါ ဘေးချင်းကပ် ခုတင်များတွင် ရှိနေမည်ဖြစ်ပြီး ပြီးပြည့်စုံသော လူ့ငရဲ တစ်ခုဖြစ်လာမည်မှာ သေချာနေသည်။ သေလိုက်ခြင်းက ပိုကောင်းဦးမည်။

‎

‎အလွန်အမင်း စိတ်ပျက်အားငယ်နေစဉ် ယွမ်စစ် က အကြံတစ်ခု ရလာ၏။ သူသည် ယွမ်ဖာ့၏ ကော်လာမှ ဦးခေါင်းခွံ တံဆိပ်ပြားကို ဆွဲယူလိုက်ပြီး အဝေးတစ်နေရာသို့ အားကုန်ပစ်ပေါက်လိုက်သည်။

‎

‎"ဘုန်း"

‎

‎ထိုတံဆိပ်ပြားက ကြွေလက်ဖက်ရည်ခွက် တစ်လုံးကို ထိမှန်သွားပြီး အနည်းငယ် လှုပ်ယမ်းသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသဖြင့် ကွဲအက်ပြီးအစအနများ ဖြစ်သွား၏။

‎

‎ဖေဖေယွမ်က စာရွက်စာတမ်းများကို ချထားပြီး လမ်းလျှောက်သွားကာ ကွဲကြေနေသော လက်ဖက်ရည်ခွက်ကို ငုံ့‌ကြည့်လိုက်သည်။ ၎င်းမှာ ဖိုမီးဖြင့် ဖုတ်ထားသော ရှေးဟောင်း ပစ္စည်းဖြစ်ပြီး အလွန် တန်ဖိုးရှိသဖြင့် ဖေဖေယွမ် စိတ်ထိခိုက်သွား၏။

‎

‎ထို့နောက် ဖေဖေယွမ် မော့ကြည့်လိုက်ရာ သူ၏ တတိယသားဖြစ်သူ ယွမ်ရုံ နှင့် မျက်လုံးချင်း ဆုံမိလေတော့သည်။

‎

‎ဖခင်နှင့်သား နှစ်ယောက်စလုံး တိတ်ဆိတ် သွားကြ၏။ ဖေဖေယွမ်သည် သူ၏သားကို သတ်ပစ်လိုသော ဆန္ဒကို သူ၏ ကြီးမားသော ဖခင်မေတ္တာဖြင့် ထိန်းထားသောကြောင့် မလှုပ်မယှက်သာ ရပ်နေလေသည်။ ယွမ်ရုံမှာလည်း လှုပ်ရှားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူ လှုပ်ရှားလိုက်ပါက နေရာတွင်ပင် သွေးစက်များ တဖြောက်ဖြောက်ကျသွားနိုင်သည်ကို သူ သိနေသောကြောင့်ပင်။

‎

‎ဖေဖေယွမ်က မေး၏။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ"

‎

‎ယွမ်ရုံက ဖြေသည်။

"ကျွန်တော် စာအုပ်တစ်အုပ် ငှားဖတ်ချင်လို့ပါ"

‎

‎ဖေဖေယွမ်က ထပ်မေးသည်။

"ဘယ်စာအုပ်လဲ?"

‎

‎ယွမ်ရုံက စာအုပ် တစ်အုပ်ကို ကျပန်း ဆွဲယူလိုက်ပြီး ပြော၏။

"အင်း... ဒီဟာ"

‎

‎ဖေဖေယွမ်က တစ်ချက်ကြည့်လိုက်သည်။

"ဒါက မာဂရက်မစ်ချယ်လ်ရဲ့ 'လေရူးသုန်သုန်' (Gone with the Wind) ကမ္ဘာကျော် အချစ်ဝတ္ထု ၊ မင်း ငှားဖတ်ချင်တာ သေချာလား"

‎

‎ထိုနှစ်ဦးစလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်သည်။ လူမှုဆက်ဆံရေးမရှိသူတစ်ဦးအနေဖြင့် ယွမ်ရုံမှာ မွေးရာပါ အေးစက်သူဖြစ်ပြီး ပုံမှန် စိတ်ခံစားမှုများကို နားလည်ရန် အလွန်ခက်ခဲသူပင်။ အချစ် ဆိုသည်မှာ သူ့အတွက်မူ ဘဝ၏ နက်နဲသော ပဟေဠိတစ်ခုဖြစ်ပြီး လုံးဝ နားမလည်နိုင်သောအရာဖြစ်သည်။

‎

‎သို့သော် သူသည် အလွန် ခန့်ညားသော ရုပ်ရည်နှင့် လျှို့ဝှက်ဆန်းကြယ်သော သူတော်ကောင်းဆန်သည့် အမူအရာများကြောင့် အမျိုးသမီးများ၏ နှစ်သက်မှုကို ခံခဲ့ရပြီး သူတို့က သူ့အား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်တတ်ကြ၏။ သို့သော် သူကမူ ၎င်းကို အကြောင်းမဲ့ ရန်လိုမှုအဖြစ် မြင်ကာ ရက်ပေါင်းများစွာ ဒေါသထွက်ခဲ့ရသည်။

‎

‎သူငယ်ချင်းများ၏ ရှင်းပြမှုကြောင့် ယွမ်ရုံမှာ သူ၏ ချို့ယွင်းချက်ကို သဘောပေါက်သွားခဲ့သော်လည်း ယခု မြားကမူ ကြိုးပေါ်သို့ တင်ထားပြီးသား ဖြစ်သွားလေပြီ။ သူ ဖခင်ကို လိမ်ညာရတော့မည်။

‎

‎ယွမ်ရုံက ခပ်လေးလေး အသံဖြင့် ဟန်ဆောင်ကာ ပြောရလေတော့သည်။

"ဟား၊ မိန်းမတွေဆိုတာ ရွှေပုံ ၊ ငွေပုံနဲ့ ကျောက်မျက်ရတနာပုံ တွေပေါ်မှာ ရစ်ခွေနေတဲ့ ဆိုးဝါးတဲ့နဂါးတွေလိုပဲ၊ ရွာတွေကိုတောင် လုဖို့ ထွက်နေသေးတာ၊ သူတို့ကို ဘယ်တော့မှ ကျေနပ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး သူတို့ကို လေ့လာဖို့ စာအုပ်လေးတွေ ဖတ်ဖို့ လိုလို့ပါ"

‎

‎နောက်တစ်စက္ကန့်တွင် ဖေဖေယွမ်၏ အင်အားကြီးမားသော လက်သီးဖြင့် ချာခနဲနေအောင်ထိုးလိုက်ရာ ယွမ်ရုံ၏ ခေါင်းမှာ နံရံနှင့် တိုက်မိသွားလေ၏။ သူ ကြယ်တွေကို မြင်လိုက်ရပြီး အဘေး ယွမ်ဟိုင်က ပြုံးလျက် ငရဲတွင် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်နေသည်ကို မြင်လိုက်ရပြန်သည်။

‎

‎ဖေဖေယွမ်က အကျယ်ကြီး အော်ငေါက်လိုက်၏။

‎"ငါပြောခဲ့တဲ့ စကားတိုင်း လိုက်မပြောနဲ့ မင်းအမေ ကြားသွားရင် ဘယ်လိုလုပ်မလဲ"

‎

‎ယွမ်ရုံမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ယွမ်ဖာ့၊ ယွမ်စစ်၊ ယွမ်ကျွင်းနှင့် ယွမ်လော့ရီတို့က စာကြည့်ခန်းထဲမှ လျင်မြန်စွာ ထွက်ပြေးသွားကြလေသည်။

‎

‎မိသားစုတစ်ခုလုံးတွင် ဖေဖေယွမ်က ယွမ်ရုံ ကို အကြိမ်အများဆုံး ရိုက်နှက်လေ့ရှိ၏။ ယွမ်ရုံတွင် အရိုက်ခံရခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံများ ကြွယ်ဝထားပြီးသားဖြစ်၏။။ အခြားသူများက သူ သေချာပေါက်အသက်ရှင်လိမ့်မည်ဟု ယုံကြည်ချက်ခိုင်မာနေကြလေသည်။

‎

‎

All Chapters