← Chapters

ဆက်လက် လှည့်စားခြင်း

Vol. 7 Ch. 61

ဆက်လက် လှည့်စားခြင်း

Vol. 7 Ch. 61

“ပြင်းထန်တာအို နတ်ဘုရားလက်သီး”

ချောင်ရို့ချန်သည် လက်သီးသိုင်းကျမ်းအသစ်ကို ကိုင်ထားရင်း တီးတိုး ရေရွတ်လိုက်သည်။

ချူဖုန်းက သူ၏ပခုံးကို ပုတ်ကာ ဆိုသည်။ “အရင်ဆုံး ဖတ်ကြည့်လိုက်ဦး။ နားမလည်တာ ရှိရင် ဆရာ့ကို ပြန်လာမေး”

“ဟုတ်ကဲ့ပါ၊ ဒါဆို ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်”

ချောင်ရို့ချန်သည် လက်သီးသိုင်းကျမ်းကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ သူက လေ့ကျင့်ရန် စိတ်အားထက်သန်နေဟန်ပင်။

“သွားတော့”

ချူဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။

ချောင်ရို့ချန်သည် အခန်းသို့ အမြန်ပြန်သွားပြီး ပြင်းထန်တာအို နတ်ဘုရားလက်သီးကို ထုတ်ယူကာ စတင် လေ့လာတော့သည်။

“အင်အားကို မသုံး၊ ဆန္ဒကိုသာ အသုံးပြုရမည်။ ပုံစံကွက်များဖြင့် ချည်နှောင်မထားသင့်...”

အချိန်အတော်ကြာပြီးနောက် ချောင်ရို့ချန်သည် ပြင်းထန်တာအို နတ်ဘုရားလက်သီးကျမ်းကို ပြန်သိမ်းလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် ခြံဝင်းထဲမှ ထွက်လာ၏။

သူသည် ဆရာ၏ ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။သို့သော် ထိုနေရာတွင် မည်သူ့ကိုမျှ မတွေ့ရသဖြင့် တံခါးဝသို့ လျှောက်သွားကာ ညင်သာစွာ ခေါက်လိုက်သည်။

“တာ့ချန်... ဝင်ခဲ့လေ”

ချူဖုန်း၏ အသံသည် အတွင်းထဲမှ ထွက်ပေါ်လာ၏။

“ဟုတ်ကဲ့ပါ”

ချောင်ရို့ချန်သည် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်စဉ် ဆရာသည် လက်ဖက်ရည်စားပွဲတွင် ထိုင်၍ လက်ဖက်ရည် သောက်သုံးနေသည်ကို တွေ့လိုက်ရသည်။

“လာ... တစ်ခွက်လောက် လာသောက်ဦး”

ချူဖုန်းသည် သူ၏တပည့်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်၏။

“ဟုတ်ကဲ့”

ချောင်ရို့ချန်က ဝင်ထိုင်ပြီးနောက် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။

လက်ဖက်ရည်တစ်ခွက် ကုန်ပြီးနောက် သူက ပြောလိုက်၏။ “ဆရာ... ပြင်းထန်တာအို နတ်ဘုရားလက်သီးက နက်နဲပြီး နားလည်ရခက်ပါတယ်။ ဆရာ့ကို မေးချင်တဲ့ အချက်တချို့ ရှိနေလို့ပါ”

ချူဖုန်းသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကစားပြီးလိုက်သည်။ “မေးလေ”

“ကျွန်တော် သိသလောက်တော့ လက်သီးသိုင်း အားလုံးကို အခြေခံခြေသိုင်းကွက်တွေနဲ့ တွဲဖက် လေ့ကျင့်ကြပါတယ်။ ဒါပေမဲ့ ပြင်းထန်တာအို နတ်ဘုရားလက်သီးမှာ အခြေခံခြေသိုင်းကွက်တွေလည်း မပါဘူး။သူ့ရဲ့ တိုက်ကွက်တွေကလည်း အရိုးရှင်းဆုံး လက်သီးထိုးနည်းတွေ ဖြစ်နေတယ်။ ပြီးတော့ ကျမ်းတစ်စောင်လုံးက လက်သီးဆန္ဒကို ဘယ်လို နားလည်သဘောပေါက်ရမလဲ ဆိုတာကိုပဲ အာရုံစိုက်ထားတယ်။ ဘာလို့လဲဆရာ”

ချောင်ရို့ချန်က သူ၏သံသယများကို ထုတ်ဖော်ပြောကြားလိုက်၏။

ချူဖုန်းသည် ပြုံးလျက် ပြောသည်။ “ငါ မင်းကို မေးပါရစေ။ သာမန် လက်သီးသိုင်းတွေမှာ ပါတဲ့ အခြေခံခြေသိုင်းကွက်တွေနဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းလက်သီးနည်းစနစ်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ချောင်ရို့ချန်က စကားမပြောနိုင်ခင် ခဏမျှ ကြောင်အသွားသည်။

သို့သော် သူက ပြန်ဖြေလိုက်၏။ “ကြံခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကို ရဖို့ပါ။ တစ်ချိန်တည်းမှာ ခန္ဓာကိုယ့်ရဲ့ အလားအလာတွေကို လှုံ့ဆော်ပေးဖို့ပါ ဆရာ”

“မှန်တယ်။ ဒါပေမဲ့ မင်းက နတ်ဘုရား ခန္ဓာကိုယ် ဖြစ်နေပြီ။ အဲဒါကြောင့် အခြေခံခြေသိုင်းကွက်တွေက မင်းအတွက် မလိုအပ်တော့ဘူး”

ချူဖုန်းက လက်ဖက်ရည်ခွက်ကို ချပြီး ဆက်ပြောသည်။ “ငါတို့ရဲ့ ခန္ဓာကိုယ်က သီးခြားရပ်တည်နေတဲ့ ကမ္ဘာဦးစကြာဝဠာ တစ်ခုလိုပဲ”

“လက်သီးပဲ ဖြစ်ဖြစ်၊ ဓားပဲ ဖြစ်ဖြစ်၊ စိတ်ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းပဲ ဖြစ်ဖြစ်၊ ရည်ရွယ်ချက်က ကိုယ့်ခန္ဓာကိုယ်ကို ပိုသန်မာအောင် လုပ်ဖို့ပဲ။ ပြီးတော့ ပြိုင်ဘက်ကို အနိုင်ယူဖို့ အတွင်းထဲက စွမ်းအင်တွေကို စုစည်းအသုံးပြုနိုင်ဖို့ပဲ”

“ အခုချိန်မှာ မင်း လိုအပ်နေတာက ကိုယ်ပိုင် လက်သီးဆန္ဒပဲ။ ပြင်းထန်တာအို နတ်ဘုရားလက်သီးက မင်းကို ကိုယ်ပိုင်လက်သီးဆန္ဒရအောင် ကူညီပေးလိမ့်မယ်။ ဆိုတော့ကာ ဒီနည်းစနစ်က မင်းရဲ့ လက်ရှိ အခြေအနေနဲ့ အကိုက်ညီဆုံးပဲ”

“ဒါဆို ကျွန်တော် လက်သီးဆန္ဒကို ဘယ်လို ရအောင် လုပ်ရမလဲ”

ချောင်ရို့ချန်၏ နားလည်နိုင်စွမ်းက မမြင့်မားလှပေ။ သို့မဟုတ်ပါက ဤနှစ်များတစ်လျှောက် သန်မာလာစေရန် ဆေးလုံးများကိုသာ မှီခိုအားထားခဲ့မည် မဟုတ်ချေ။

“တိုက်ပွဲအတွင်းမှာ သင်ယူပြီး နားလည်သဘောပေါက်ရမယ်။ ပြီးတော့ စိတ်က ငြိမ်သက်နေတဲ့အချိန်မှာ အရာအားလုံးကို ဆင်ခြင်ပါ”

ချူဖုန်းက ဆက်ပြောသည်။ “ငါတို့ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေကို ရှေးကလူတွေက ထူးခြားတဲ့ အခွင့်အရေး တစ်ခုခုကနေတစ်ဆင့် ဉာဏ်အလင်းရပြီး ဖန်တီးခဲ့ကြတာချည်းပဲ”

“မင်းရဲ့ ခန္ဓာကိုယ်ကို ရတနာသိုက်ကြီး တစ်ခုလို့တွေးထား။ မင်း လုပ်ရမှာက ကိုယ့်ရဲ့အလားအလာကို မပြတ်တမ်း ရှာဖွေနေဖို့ပဲ”

“ဆိုရိုးစကား ရှိတယ်မလား။ ‘ရေတစ်စက်ကတောင် ကျောက်တုံးတစ်တုံးကို အပေါက်ဖြစ်အောင်လုပ်နိုင်တယ်၊ သံ‌ဆိုတာကလည်း ပူတုန်း နာနာထုရတယ်တဲ့”

“မင်း လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ဆက်လျှောက်နေသရွေ့ လက်သီးဆန္ဒ တစ်မျိုးမျိုးကို သေချာပေါက် နားလည်သဘောပေါက်လာလိမ့်မယ်။ လက်သီးဆန္ဒ တစ်မျိုးကို နားလည်သွားပြီ ဆိုရင် ပြင်းထန်တာအို နတ်ဘုရားလက်သီးရဲ့ နယ်ပယ်ထဲကို ဝင်ရောက်သွားလိမ့်မယ်”

ချောင်ရို့ချန်သည် အဓိကအချက်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။ “ဆရာ... ဒါဆိုရင် ကျွန်တော်က မတူညီတဲ့ လက်သီးဆန္ဒတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားရမယ်လို့ ပြောချင်တာလား”

“မှန်တယ်။ မင်းက ပြင်းထန်တာအိုလမ်းစဉ်ထဲကို ဝင်ချင်တယ်ဆိုရင် ဂိုဏ်းပေါင်းစုံရဲ့ အားသာချက်တွေကို ယူပြီး လက်သီးဆန္ဒ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ်။ လက်သီးတစ်ချက်အထိုးမှာ ကောင်းကင်နဲ့ မြေကြီးကို ခွဲပစ်နိုင်ရမယ်။ အဲဒါက ပြင်းထန်တာအိုဆိုတာပဲ”

ချူဖုန်းက ပြောလေ ပို‌၍ စိတ်လှုပ်ရှားလာ‌လေပင်။သူက ပြောရင်း မောလာသည့်အခါ လက်ဖက်ရည်တစ်ငုံသောက်ဖို့ကိုလည်း မမေ့ချေ။

ချောင်ရို့ချန်က ၎င်းကို ကြားသောအခါ၌ သူ၏မျက်လုံးများက တောက်ပသွားသည်။ အနာဂတ်တွင် တောင်တန်းများနှင့် မြစ်များကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးမည့် သူ၏ပုံရိပ်ကိုပင် စိတ်ထဲတွင် မြင်ယောင်မိလာသည်။

“လမ်းညွှန်ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်”

ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ ဒါက ငါ လုပ်သင့်တဲ့ အလုပ်ပဲ”

သူတို့နှစ်ဦး စကားပြောပြီးနောက် အပြင်ဘက်မှ ချင်းချင်း၏ အသံ ထွက်ပေါ်လာ၏။ “ဆရာ၊ ဒုတိယ စီနီယာအစ်ကို... နေ့လယ်စာ စားချိန် ရောက်ပါပြီ”

ချူဖုန်း၏ မျက်လုံးများက အရောင်လက်သွားပြီး တာ့ချန်နှင့်အတူ ခြံဝင်းဘက်သို့ သွားလိုက်သည်။

နေ့လယ်စာ စားပြီးနောက် ချောင်ရို့ချန်သည် ချူဖုန်းကို တရားဝင် နှုတ်ဆက်လိုက်၏။

လင်းပင်းအန်းနှင့် တစ်နှစ်တာချိန်းဆိုမှုသို့ ရောက်ရန် တစ်လကျော်သာ လိုတော့သည်ဖြစ်၍ ယခု သူသည် အချိန်ကို လုပြီး လေ့ကျင့်ရပေတော့မည်။

သို့သော် ယခုအချိန်တွင် စိတ်မလောမိစေရန် ဂရုပြုရမည်ကိုလည်း ကောင်းစွာ သိထားပါ၏။

ချင်းချင်းသည် ချောင်ရို့ချန်ထွက်ခွာသွားသည်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ “ဒီတစ်ခါ ဒုတိယ စီနီယာအစ်ကို ပြန်လာရင် ဘယ်လောက်တောင် သန်မာနေမလဲ”

ချူဖုန်းသည် အေးအေးလူလူ ပြောလိုက်၏။ “လင်းပင်းအန်းကို အနိုင်ယူဖို့က ပြဿနာ မရှိလောက်ပါဘူး”

ယန်မန် ရွှံ့နွံအတွင်း၌။

ကတုံးလူငယ်လေးတစ်ဦးသည် ကြမ်းတမ်းစွာ တိုက်ခိုက်နေ၏။ သူက မြင်သမျှ ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးသားရဲ မှန်သမျှကို အနီးကပ် တိုက်ခိုက်နေသည်။

တိုက်ပွဲတစ်ခု ပြီးဆုံးတိုင်း နတ်ဆိုးသားရဲများသည် ပုံပျက်ပန်းပျက်ဖြစ်သည်အထိ ရိုက်နှက်ခံထားရပြီး အရိုးများပင် တစ်စစီ ကြေမွနေလေသည်။

သို့သော် ထိုကတုံးလူငယ်‌လေးမှာမူ ဒဏ်ရာ မရထားပေ။ သူသည် ဆေးလုံးတစ်လုံးကို စားလိုက်ပြီး နတ်ဆိုးသားရဲ၏ အမြုတေကို ယူကာ ထွက်ခွာသွားသည်။

ရလဒ်အနေဖြင့် လူအများအပြားသည် တန်ဖိုးကြီးသည့် သားရဲကုန်ကြမ်းများရရန် မျှော်လင့်ချက်ဖြင့် လူငယ်လေး၏ နောက်သို့ လိုက်ပါလာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကတုံးလူငယ်လေးသည် ယန်မန် ရွှံ့နွံတောတွင် ဘွဲ့ထူးတစ်ခု ရရှိသွားသည်။

ပြိုင်ဘက်ကင်း လက်သီးအရှင်။

ထိုလူငယ်လေးမှာ ချောင်ရို့ချန်မှလွဲ၍ တစ်ပါးမဟုတ်ပေ။

သူ ယန်မန် ရွှံ့နွံတောထဲ ရောက်နေသည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သည်။ အစပိုင်းတွင် နတ်ဆိုးသားရဲများကို ရိုးရှင်းစွာ တိုက်ခိုက်နေခြင်းသာဖြစ်သည်။

တိုက်ပွဲပေါင်း တစ်ဒါဇင်ကျော် ဖြစ်ပွားပြီးနောက် နတ်ဆိုးသားရဲများတွင် တူညီသည့် အချက်တစ်ချက် ရှိနေသည်ကို တွေ့လိုက်ရသည်။ နတ်ဆိုးသားရဲ တစ်ကောင်ချင်းစီတိုင်းသည် ထူးခြားသော အရှိန်အဝါ တစ်ခု ထုတ်လွှတ် နေကြသည်။

အရှိန်အဝါသည် ဆန္ဒနှင့် ကွဲပြားသော်လည်း သေချာ လေ့လာကြည့်လျှင် ၎င်းတို့နှစ်ခုတွင် တူညီသည့် အနှစ်သာရ တစ်ခု ရှိသည်။

၎င်းက ဆရာ ပြောသည့် ဇာစ်မြစ်တူညီမှု ဖြစ်ရပေမည်။

သူသည် နတ်ဆိုးသားရဲများကို စတင် အတုခိုးလိုက်ပြီး မတိုက်ခိုက်မီ အရှိန်အဝါ တစ်မျိုးကို ထုတ်လွှတ်လေ့ကျင့်တော့သည်။

ထိုအရှိန်အဝါများသည် သူ ယခင်က တိုက်ခိုက်ခဲ့ဖူးသော နတ်ဆိုးသားရဲများ၏ ပုံစံကို အတုယူထားခြင်း ဖြစ်သည်။

အစပိုင်းတွင် ချောင်ရို့ချန် အတုယူထားသည့် အရှိန်အဝါသည် အဆင်မပြေဘဲ ထူးဆန်းသလိုဖြစ်နေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် နတ်ဆိုးသားရဲများ၏ အရှိန်အဝါနှင့် တူညီလာသည်။

ထို့အပြင် သူသည် အနားယူချိန်များတွင် ဈာန်ဝင်စားခြင်းနှင့် လေ့လာဆင်ခြင်မှုတို့ကို ပြုလုပ်လေ့ရှိသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်သွားသည်။

ချောင်ရို့ချန်သည် ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ရေရွတ်လိုက်၏။ “နှမြောစရာပဲ။ တကယ်လို့ အချိန်နည်းနည်း ပိုရမယ်‌ဆိုရင် လက်သီးဆန္ဒကို ပြီးပြည့်စုံတဲ့အထိ နားလည်တော့မှာ။ ဒါပေမဲ့ လက်သီးဆန္ဒ ဆယ်ပုံသုံးပုံလောက်ဆိုရင်လည်း လုံလောက်ပါပြီ”

သူသည် နတ်ဆိုးသားရဲ၏ အမြုတေကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီးနောက် ယန်မန် ရွှံ့နွံတော အစွန်းဘက်သို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားသည်။

သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် နေ့ရောညပါ ခရီးဆက်ပါက၊ တိုက်ပွဲမတိုင်မီ တစ်ရက်ခွဲ အလိုတွင် ဝမ်တောက်ကျောင်းတော်သို့ ပြန်ရောက်နိုင်ပေမည်။

ချောင်ရို့ချန် နောက်သို့ လိုက်လာခဲ့ကြသော ကျင့်ကြံသူများသည် သူ ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများတွင် နှမြောတသဖြစ်သော အမူအရာများ ပေါ်လာကြလေသည်။

‘ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားရတာလဲ။ သူသာ နောက်ထပ် ဆက်သတ်နေရင် လူတိုင်းက အကျိုးအမြတ်ရနိုင်ဦးမှာ’

ငါးရက်ကြာပြီးနောက်။

သန်းခေါင်ယံ အချိန်တွင်။

ချောင်ရို့ချန်သည် ညစ်ပတ် ပေကျံလျက် ဝမ်တောက်ကျောင်းတော်သို့ အပြေးအလွှား ပြန်ရောက်လာသည်။

သူသည် ဆရာ့ကို မနှောင့်ယှက်တော့ဘဲ နေအိမ်သို့ တန်းပြန်သွားလိုက်သည်။

ထိုညတွင် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ပေ။

နောက်တစ်နေ့ မနက်အစောပိုင်းတွင်။

မျက်နှာသစ်ပြီးနောက် ချောင်ရို့ချန်သည် ဆရာကို သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်၏။ သူ အပြင်ထွက်လိုက်သည်နှင့် မတွေ့ရတာ ကြာပြီဖြစ်သော ရှောင်ချန်းနှင့် တန်းတိုးတော့သည်။

သူ့၏ စီနီယာအစ်ကိုက ထက်ရှသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်ကို ကြည့်ရင်း ထိတ်လန့်သွားရသည်။

ဤသည်မှာ ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရစဉ်ကပင် သူ မခံစားခဲ့ဖူးချေ။

သူ့၏ စီနီယာအစ်ကိုသည် ပို၍ပင် ကြောက်စရာ ကောင်းလာပုံ ရသည်။

ချောင်ရို့ချန်က လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “စီနီယာအစ်ကို... ဘယ်တုန်းက ပြန်ရောက်တာလဲ”

All Chapters