The Latent Storm
Vol. 1 Ch. 2
မြို့ကြီးကိုလူအရပ် အပြန်နှစ်ဆယ် ( ၂၀ ) နီးပါးမြင့်သော မီးခိုးရောင် ကျောက်သားတံတိုင်းကြီးဖြင့် ကာရံထားပြီး ၊ မြို့ကြီး၏ဂိတ်ဝကြီးတွင်လည်း ရွှေရောင်ကျောက်တိုင်ကြီး နှစ်တိုင်ကို တစ်ဖက်တစ်ချက်စီ၌ စိုက်ထူထားသည့်ပြင် ၊ ထိုတိုင်ကြီး၏ မျက်နှာပြင်၌လည်း နတ်ဘုရားများ တိမ်လွှာပေါ် တွင်ပျံဝဲနေကြသော ရုပ်လုံးကြွများကို အသေးစိတ် ထုဆစ်ထားလေရာ ၊ ၎င်းတို့ကိုကြည့်နေလျက်ပင် လီယိုနာဒ့်၏ရင်တွင်း၌ စပ်ဖျဉ်းဖျဉ်းဖြစ်လာရလေ၏ ။
ဂိတ်ဝကြီးမှာ ကြီးလှပါသော်ငြား လူအဝင်အထွက်မှာ တစ်ယောက်စ နှစ်ယောက်စသာရှိ၍ ၊ ထိုစဉ် မြို့စောင့်များမှာ လက်ယပ်ခေါ်နေသောကြောင့် သူတို့သည် ရွှေတိုင်ကြီး၏အောက်က စစ်ဆေးရေးများရှိရာသို့ ဝင်ရလေသည် ။
စစ်ဆေးရေးမှာ သုံးယောက်ခန့်ဖြစ်ပြီး အကြင်သူတို့မှာ အပြာရောင် ချည်သားအောက်ခံ အင်္ကျီထူထူကို ဝတ်ဆင်၍ ၊ ထိုအပေါ်၌ ချပ်ဝတ်ခမောက် ၊ ချပ်ဝတ်ရင်ကာ ၊ ချပ်ဝတ်လက်ကာ ခြေကာများ ဖြင့်ထပ်မံမွမ်းမံ ထားသည့်ပြင် စလွယ်ပြာကိုလည်း သိုင်းထားလေ၏ ။ သုံးယောက်အနက် တစ်ယောက်က မီးခိုးရောင်သေနတ်ရှည်ကြီးကို ကိုင်ထားပြီး ကျန်နှစ်ယောက်မှာ သေနတ်များအား ကျော၌လွယ်ထား ကြလေသည် ။
ရာဗလွန်အင်ပါယာ နတ်နဂါးတပ်၏ အခြေခံတပ်သားများဖြစ်ကြသော ယင်းတို့ကို မန်းဒရိတ်(ခ်) ( Mandrake ) ဟုခေါ်၍ ချင်းတို့ကို အကဲခတ်ကြည့်သရော် ၊ သုံးယောက်လုံးမှာ အသက်နှစ်ဆယ်နှင့် သုံးဆယ်ကြားများဖြစ်ကြပြီး ၊ သင်းတို့ကိုကြည့်ရသည်မှာ တစ်လောကလုံးက ၎င်းတို့၏လုပ်စာကို ထိုင်စားနေရသည့် မျက်နှာပေးများဖြင့် မာထန်လျက် ရှိကုန်သောကြောင့် ၊ လီယိုနာ့ဒ်၏မျက်နှာမှာလည်း အလိုအလျောက် မာလာတော့သည် ။
အနားသို့ရောက်လျှင် သေနတ်ကိုင်ထားသော မန်းဒရိတ်(ခ်)၏မျက်လုံးမှာ မှေးစင်းသွား၍
“ဟေ့ကောင် လာစမ်း ။ ဘာလုပ်ဖို့ မြို့ထဲဝင်မှာလဲ”
ဟုဆိုသော် အဲလရော့မှာ ခေါင်းလေးပု၍ သူ့ကျောနောက်သို့ကပ်လာလေသည် ။ ထိုအခါ လီယိုနာ့ဒ်က လာရင်းအကြောင်းအရာကို ပြောပြလိုက်သည်တွင် ၊ ဤမန်းဒရိတ်(ခ်)ကပင် လှည်းပေါ်က ဆော်လ်နမ်ပင်များကို သေနတ်ပြောင်းဝဖြင့်ထိုးကာ စစ်ဆေးနေ၍
“နာမည်ပြောစမ်း ။ မှတ်ပုံတင်ပြစမ်း”
“ဒါတွေကော သိဖို့လိုလို့လား”
“ဟေ့ကောင် လက်ကျိုး ၊ မင်းရဲ့ခေါင်း အရည်ပျော်သွားချင်တာလား”
ထိုသို့ဆို၍ သေနတ်ဖြင့် သူ့မျက်နှာကို ချိန်လိုက်လေလျှင် ၊ ယင်းသေနတ်၏ထိပ်ဝမှာ သုံးမြှောင့်သဏ္ဌာန် တြိဂံပုံစံ ပွင့်ဟကွဲထွက်သွားပြီးနောက် ၊ ထိုတြိဂံ၏ အလယ်တည့်တည့်၌ သွေးလွှတ်ကြောမက ပန်းထွက်လာသော သွေးများအလား နီတွတ်နေသော အလင်းထုကြီးတစ်ခုမှာ သူ့မျက်နှာကို လာမှန်တော့မည့်သဖွယ် ရဲရဲတောက်လာလေသည်နှင့်အတူ ၊ ထိုပြောင်းဝမှလည်း “ကျီ” ဟူသည့် ဝီခေါ်သံသကဲ့သို့ တစီစီသံများ ခပ်တိုးတိုး ထွက်လာလေသည် ။ ယင်းအသံများကြောင့် သူ၏ နားလိုဏ်ခေါင်းတစ်လျှောက် ကျဉ်တက်လာ၏ ။ ကြက်သီးများလည်း ထလာ၏ ။ ဤသည်ကား ရောင်ခြည်သေနတ် ( Energy Beam Gun ) ပင် ။
ထိုအခါ သူ့မျက်နှာတင်းနေရာမှ ညာဘက်နှုတ်ခမ်းထောင့်မှာ ကော့တက်သွားသဖြင့် ယင်းမန်းဒရိတ်(ခ်)က
“မအေလိုး ရူရိုင်းသားလေး … မင်းကိုငါ မလုပ်ရဲဘူးများ မှတ်နေလား”
ဟုဆို၍ ရောင်ခြည်သေနတ်ကို သူ့မျက်နှာတည့်တည့်သို့ တိုးကပ်လိုက်လေရာ ၊ မျက်နှာတစ်ဝိုက်၌ အပူလှိုင်းကြီးတစ်ခု စဟပ်လာပြီး နားထင်နှင့်နဖူးတို့မှ ချွေးများပြိုက်ခနဲ စီးကျလာစေကာမူ သူကားအပြုံးမပျက် ။ ဤအခါ သူ့နောက်က အဲလရော့လေးမှာ မျက်နှာအပျက်ပျက်ဖြင့်
“လီယို ၊ ဟို… ဟို နာမည်အရှည်က လီယိုနာဒ့်ပါဗျ”
ဟုတုန်ယင်နေသည့် အသံလေးနှင့်ဆိုရကား ၊ သူ့နာမည်ကြားသည်နှင့် နောက်က သေနတ်လွယ်ထားကြသော မန်းဒရိတ်(ခ်)နှစ်ယောက်မှာ ၎င်းတို့အချင်းချင်း မျက်နှာချင်းဆိုင် သွားကြကာ တစ်စုံတစ်ခုကို ပြောဆိုနေကြသော်လည်း ၊ သူနှင့်ငြိနေသော မန်းဒရိတ်(ခ်)ကမူ သူ့မျက်နှာနားကပ်ထားသော ရောင်ခြည်သေနတ်ကို မိုးပေါ်ထောင်၍ ခလုတ်မောင်းကို ဆွဲဖြုတ်လတ်သော်
“ရွှီး”
ဟူသည့် မြည်သံစူးစူးကြီးနှင့်အတူ သေနတ်ပြောင်းဝမှ အနီရောင် ရောင်ခြည်တန်းကြီးမှာ ကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ထောင်တက်သွားလေ၏ ။
“နတ်ဘုရားမ မေဟန်ဟီရစုရဲ့ တန်ခိုးတော်ကို လက်ဝယ်ကိုင်ထားတာဟ ။ မင်းစောက်ခွက်က ကြည့်တဲ့စောက်ကြည့်တွေကို ပြင်ထား ။ နောက်တစ်ခါ လီးလိုလို မှိုလိုလိုလာကြည့်ရင် ဒီရောင်ခြည်တန်းက မင်းခေါင်းထဲတည့်တည့်ဝင်သွားမယ် … ကြားလား မိုယာပင်ဖက်အိပ်တဲ့ တောသားလက်ကျိုး”
စိတ်တွင်း၌ ဟက်ခနဲသာ ရယ်မိ၏ ။ သေနတ်အားကိုးနှင့် မိုက်ပြနေသော ကောင်လေးကား ရွံဖွယ် ။ တစ်နှစ်အတွင်းအောက်ခြေ၌ ဤမျှထိ အကျင့်ပျက်သွားသလောဟုတွေးပြီးနောက် လီယိုနာ့ဒ်မှာလှည်းပေါ်ကမဆင်းဘဲ ၊ ထိုင်လျက်သားနှင့်သာ ထိုမန်းဒရိတ်(ခ်)အနားသို့ ကိုယ်ကိုကိုင်း၍
“အခု မင်းဖြုန်းလိုက်တဲ့ ရောင်ခြည်တစ်တန်းက လူတစ်ယောက်ကို သတ်လို့ရတယ်ကွ ။ ပြီးတော့ ဒီသေနတ်တစ်ချက်က နင်းပြားတစ်ယောက်ရဲ့ နေ့လယ်စာ တစ်နပ်စာရှိတယ်”
“မေလိုး … မင်း”
၎င်းမှာသူ့ကို သေနတ်ဒင်ဖြင့်ထုရန် လက်ကိုအလွှဲ
“ဟေ့ကောင် တော်စမ်း”
ဟူသည့်အသံမှာ နောက်က သေနတ်လွယ်ထားသော မန်းဒရိတ်(ခ်)တစ်ယောက်ထံမှ ထွက်လာပြီးနောက် ၊ သေနတ်ကိုင်ထားသည့် ယင်းကို ထိုနှစ်ယောက်က အနားသို့ပြန်ခေါ်၍ သုံးဦးဆိုင်ကာ တိုးတိုးကျိတ်ကျိတ် စကားပြောကြပြန်သည် ။
ထို့နောက် သေနတ်ကိုင်ထားသော မန်းဒရိတ်(ခ်)၏ မျက်လုံးအစုံမှာ ပြူးကျယ်သွား၍ သူ့ကိုခေတ္တမျှစိုက်ကြည့်နေပြီးနောက် ၊ မြို့တွင်းသို့ပြေးဝင်သွားရာ၌ ၊ ကျန်မန်းဒရိတ်(ခ်)တစ်ယောက်က သူ့အနားသို့ ချဉ်းကပ်လာလေသည် ။
“စိတ်မရှိပါနှင့် … ခင်ဗျားမြို့ထဲဝင်လို့ရပြီ”
သူ မျက်မှောင်ကြုတ် သွားမိသည် ။ ဤသည်ကား မူမမှန် ။ သို့ပေသော်ငြား မြို့တွင်းသို့ဝင်ခွင့်ပေးလိုက်သဖြင့် သူတို့လည်း ကျောက်ခင်းသော လမ်းမကြီးပေါ်၌ ရူရိုင်းကြီးကို စီးလျက်မြို့တွင်းသို့ မောင်းဝင်လာသည်တွင် ၊ မြို့အတွင်း၌ကား မြို့ပြင်နှင့်လားလားမျှမဆိုင်တော့ဘဲ စည်ကားနေလေသည် ။
သူတို့ ယခုရောက်ရှိနေသည့် နေရာမှာ ကျောက်ခင်းလမ်းမကျယ်ကြီး ဖြစ်၍ အနှီလမ်းမကြီးမှာ မြို့တွင်းသို့ချင်းနင်းလာသည်နှင့်အမျှ ခင်းထားသော ကျောက်သားများမှာ ပို၍ပင်ညီညာ ချောမွတ်လာသည့်ပြင် ပို၍လည်းကျယ်ဝန်းလာပြီး ၊ ယခုအခါ အဆိုပါလမ်းမကြီးမှာ လူပေါင်းရာချီနီးပါးမျှ ပြိုင်တူသွားနိုင်လောက်သည်အထိ ကျယ်ဝန်းပြန့်ပြူးနေရုံမျှမက လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်၌လည်း ကျောက်တိုင်ကြီးများ ၊ ကျောက်အမိုးကြီးများနှင့် ဆောက်လုပ်ထားသော တိုက်ဖြူဖြူကြီးများဖြင့် စီရီနေလေ၏ ။
ဤကျောက်တိုင်ကြီးများအား ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထား၏ ။ ကျောက်နံရံကြီးများမှာလည်း ရုပ်ကြွများနှင့် ပနံရပြန်၏ ။ ထိုမျှမက ချွန်ထနေသော ကျောက်အမိုးကြီးများမှာလည်း တစ်ခုနှင့်တစ်ခုကို အရာမပါအောင် တိတိကျကျဆက်နေကြရကား ယင်းတို့ကိုကြည့်ရသည်မှာ ဧရာမကျောက်ဖြူတုံးကြီး တစ်တုံးတည်းကို တိုက်သဏ္ဌာန်ရအောင် ထွင်းထုထားသည့်နှယ် ။ ဆစ်ပွါးထားသဖွယ် ။
မြို့တွင်းရောက်သည်နှင့် သာမန်ချည်သားဝတ်စုံပေါ်၌ အရောင်အသွေးစုံသည့် စလွယ်များလွယ်ထားကြသော မြို့သူ ၊ မြို့သားများမှာ လမ်းမကြီး၏ဘေး၌ ဥဒဟိုသွားလာလျက် ရှိကြကုန်ပြီး ၊ ချင်းတို့အနက် လူသားများသာမက လူတစ်ပိုင်းငါးတစ်ပိုင်း အာပေါဿ မျိုးနွယ်များပြင် ပိုးကောင်ကြီးများဖြစ်ကြသည့် ဝါယောန အနွယ်စုများပါ ရောနှောပါဝင်နေကြ၍ ၊ ယင်းတို့၏ သူ့ထက်ငါ စကားပြောဆိုကြသံ တညံညံနှင့် ကျောက်လမ်းမကြီးပေါ်တွင် ရူရိုင်းကြီးများပြိုင်တူ ရုန်းကြရာမှ ထွက်ပေါ်လာသော ခွါသံတခွပ်ခွပ်တို့ကို စုပြုံကြားရသည်ကား နားဝင်ပီယံမရှိလှလင့်ကစား တစ်မျိုးတစ်ဖုံ “မဆိုးပါလား” ဟု တွေးမိလေသည် ။
ဤကြိုက်၌ လမ်းဘေးဆိုင်ကလေးက အသားကင်နံ့တကြိုင်ကြိုင်မှာလည်း နှာဝသို့တိုးဝှေ့လာရာဝယ် ၊ သူ့ပါးစောင်အတွင်းတွင် တံတွေးများဖြင့် ပြည့်နှက်လာ၍ အသက်ကိုအောင့်လိုက်ရ၏ ။ ဆာလောင်နေချိန်တွင် အနံ့ဆိုးထက် မစားရသည့် အသားကင်နံ့က ပို၍ပင်ဒုက္ခပေးသည် မဟုတ်ပါလား ။
မြို့ကြီးတစ်မြို့လုံးကို မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏ အရိပ်က လွှမ်းခြုံထားသည့်အလျောက် “အကြင်မြို့ကြီးတစ်ခုလုံးမှာ အပင်ကြီးအောက်တွင် မှောင်မိုက်နေပေအံ့ ၊ လောင်းရိပ်မိနေလောက်လတ္တံ့” ဟု မြို့တွင်းမဝင်မီက ထင်ထားလင့်ကစား ယခုအခါတွင် မြို့အပေါ် ပေတစ်ရာအထက်၌ လူအရပ်ဆယ်ပြန်စာနီးပါး ကြီးမားလှသော သလင်းတုံးကြီးများမှာ မြို့အနှံ့ပျံဝဲနေကြ၍ ၊ ရာချီနေသည့် အဆိုပါသလင်းတုံးကြီးများက စုပေါင်းထုတ်လွှတ်အပ်သော အလင်းတန်းများမှာလည်း မဟာသစ်ပင်ကြီး၏ အမှောင်ရိပ်ကို ဘတစ်ပြန်ကျားတစ်ပြန် အံတုနေလေသဖြင့် ၊ မနက်ခင်း၏ အလှဂုဏ်ရည်ကား စိုးစဉ်းမျှပင် ယိုယွင်းမသွားဘဲ ၊ တစ်မြို့လုံးကား လင်းထိန်နေလျက် ။ မဟာသစ်ပင်ကြီး၏ အရိပ်ကြီးမှာလည်း အမှောင်ပြန်လွှမ်းရန် ကြိုးပမ်းနေလျက် ။ သဘာဝတရားကြီးနှင့် နတ်တန်ခိုးတို့၏ အားပြိုင်မှုမှာလည်း သူ့ရှေ့မှောက်၌ပင် ရှင်းပြတ်နေလျက် ။
လမ်းမကြီး၏ ဟိုးရှေ့တည့်တည့်၌ မတ်စောက်နေသော ကျောက်ဆောင်နံရံကြီးနှင့် မြို့ကြီးဆုံးသွား၏ ။ သို့သော် အဆိုပါကျောက်ဆောင်ကြီးပေါ်၌ ဧရာမယန္တရား ဓာတ်လှေကားကြီးက လူများကိုသယ်ဆောင်လျက် အတက်အဆင်းပြုနေသည်ကိုလည်း ယခုနေရာကပင် ရေးရေးလေး လှမ်းမြင်နေရသည် ။ အာဇာဂါနာသည်ကား နှစ်ထပ်မြို့ဖြစ်ပြီး အပေါ်ပိုင်းမြို့နှင့် အောက်ပိုင်းမြို့ဟူ၍ နှစ်မြို့ရှိကာ အဆိုပါ မြို့နှစ်မြို့ကို အနှီဓာတ်လှေကားကြီးဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည် ။ ထိုအခါ အဲလရော့မှာ သူ့ပခုံးကို တဘုတ်ဘုတ်မြည်အောင်ပုတ်လျက်
“ဟေ့လူ ဒီအပေါ်ကို တက်ရမှာလားဗျ”
“မလိုဘူး ။ အပေါ်က လူကုံထံတွေနှင့် အာဏာပိုင်တွေရှိတာ … ငါတို့နှင့် ဘာမျှမဆိုင်ဘူး”
“လေဒီ လီလီယာနာကို မတွေ့ရတော့ဘူးပေါ့ ။ ဒါပေမဲ့ ဒီအောက်မြို့ကိုတော့ စုံအောင်ပတ်မှာမလား ဒီဘေးက ကျောက်ဖြူတိုက်ကြီးတွေကို လက်နဲ့သွားထိချင်လှပြီဗျ ။ လှတာ”
ယခုမှ မြို့ရောက်ဖူးသော ရွာသားလေးအဖို့ အရာရာအားလုံးမှာ အဆန်းဖြစ်နေဟန် ။ သို့သော်လည်း ၎င်းလေး၏ မျှော်လင့်ချက်ပူဖောင်းကို ဖောက်ပစ်ရပါဦးမည် ။
“ဒီအောက်ပိုင်းမြို့မှာတောင် မြို့နယ်ကြီး လေးခုထပ်ကွဲတယ်ကွ ။ စိုက်ပျိုးရောင်းဝယ်ရေး ၊ ဆေးဝါး ၊ အသားဖော်တာကို အထူးလုပ်တဲ့မြို့နယ်တွေပြင် ဟိုမူရို့(စ်)မြစ် ( Muros River ) ထဲက ဖမ်းရတဲ့ငါးတွေကိုပါ စည်သွတ်တဲ့ စက်မှုမြို့နယ်ကြီးတွေထိရှိတာ ။ အားလုံနှံ့အောင် လေးရက်ခွဲသွားတောင် မလောက်ဘူး ။ ငါတို့အခုသွားမှာက စိုက်ပျိုးရောင်းဝယ်ရေးမြို့နယ် ။ အဲသည်မှာ အခုပါလာတဲ့ ဆော်လ်နမ်တွေကို ရောင်းမယ် … ရတဲ့ငွေနှင့် ဆေးဝါးမြို့နယ်မှာ ဒါမီယာတွေဝယ်မယ် ။ ပြီးရင်ပြန်မယ်”
“ခင်ဗျားကြီးကဗျာ”
“ပျော်ဖို့လာတာ မဟုတ်ဘူးလေကွာ”
ဟုဆိုလိုက်သည့်အခါ အနှီကလေးမှာ အောက်နှုတ်ခမ်းလေးထော်ပြလျက် သူ့ကိုမော့ကြည့်လေသည် ။
“ဒါနှင့်စကားမစပ် လီယို … ခင်ဗျားကြီး ဘယ်လိုလုပ်ပြီး မကြောက်တတ်တာလဲဟင်”
ဤစကားကြောင့် သူလည်း ၎င်းလေးကို ငုံ့ကြည့်လျက် မျက်ခုံးနှစ်ဖက်လုံးပင့်ပြလေလျှင် ၊ ယင်းလေးက နှုတ်ခမ်းစူသွား၍
“ခုနက ရောင်ခြည်သေနတ်ကြီးနှင့် မျက်နှာတည့်တည့်ကို ချိန်ခံထားရတာကို ပြောတာလေဗျာ ။ ဘာဖြစ်လို့ အပြုံးမပျက်ဘဲ နေနိုင်ရတာလဲလို့ ။ အဲသည်လို သတ္တိကို ကျုပ်နည်းနည်းလောက် မျှနိုင်ရင်မျှစမ်းပါ”
“ဟ … မင်းက ဘာတွေထဖြစ်ရတာလဲ”
ထိုအခါ အနှီကလေးမှာ ခေါင်းပြန်ငုံ့သွားပြီး
“ကျုပ်ကြီးလာရင် မန်းဒရိတ်(ခ်)တစ်ယောက် ဖြစ်ချင်တာဗျ ။ ခုနကလို အနိုင်ကျင့်တဲ့ မန်းဒရိတ်(ခ်)လိုကြီးတော့ မဟုတ်ဘူး ။ ကျုပ်တို့မိုယာဝုထ်က စိုက်ခင်းလေးတွေကို စောင့်ပေးတဲ့ စစ်သည်ကြီးတစ်ယောက်ပေါ့”
ဟုဆိုလေ၍ ဤသို့ဆိုနေလျက်ပင် စကားသံမှာလည်း သိသိသာသာ တိုးညင်းသွားလေသည် ။
“အဲလိုဖြစ်ဖို့ ခင်ဗျားကြီးလို သတ္တိလိုတယ်မလား ။ ပြောစမ်းပါဗျာ … ကျင့်ယူတာလား … ဆေးတွေစားထားတာလား”
ထိုအခါ သူက အဲလရော့လေး၏ ပခုံးကိုဖွဖွကိုင်၍
“ဆက်ပဲကြောက်နေကွ … နတ်ဘုရားတွေက ငါတို့လူတွေကို ကြောက်စိတ်ပေးသနားထားတာ အဓိပ္ပာယ်ရှိတယ်”
“ဘာ … ခင်ဗျားဘာတွေပြောနေတာလဲ”
“ကြောက်တတ်ရင် မသေဘူး … လောကမှာ မသေသင့်ဘဲ သေတဲ့သူတွေထဲမှာ မကြောက်တတ်တဲ့ကောင်တွေ ထိပ်ဆုံးကပါတယ် ။ ပြီးတော့ ဉာဏ်နည်းတဲ့ကောင်တွေပေါ့”
ယင်းစကားကြောင့် ချင်းလေးမှာ သူ့လက်ဖဝါးတွင်းက ရုန်းထွက်သွားလေ၏ ။
“တော်စမ်းပါ … ခင်ဗျားလျှိုတာ … ခင်ဗျားမပြောချင်လို့မလား”
“ဟက် … အဲတုန်းက ငါမကြောက်ပါဘူးလို့ မင်းကိုဘယ်သူပြောသလဲ”
ထိုအခါ အဲလရော့၏ မျက်လုံးလေးအစုံမှာ ဝိုင်းစက်သွား၏ ။ ထို့နောက် အကြင်မျက်လုံးလေးတို့ဖြင့် သူ့ကို ပြန်မော့ကြည့်လာသည်တွင် လီယိုနာ့ဒ်က နွေးထွေးသောအပြုံးကို အသင့်ကမ်းလှမ်းလိုက်သော်လည်း ၊ ယင်းလေးမှာ ခေတ္တမျှသာကြည့်ပြီးနောက် ဟွန့်ခနဲ နှာသံပေးလျက် ဘေးသို့ပြန်လှည့်သွားလေသည် ။
“တော်ပါ … ခင်ဗျားက သူရင်းငှါးကြီးပဲ ။ စစ်သည်အကြောင်းကို ဘယ်လိုလုပ်ပြီး သူရင်းငှါးကို မေးလို့ရမှာလဲ”
ဟုဆိုရကား သူလည်း တဟားဟားအော်ရယ်ကာ ယင်းလေး၏ ပခုံးကိုဆွဲဖက်လိုက်လေတော့သည် ။ ဆက်ပဲကြောက်နေပါကောင်လေး ဟုလည်း စိတ်တွင်းက ဒုတိယမ္ပိဆိုလိုက်မိသည် ။ ရူရိုင်းကြီးကသည့် လှည်းကြီးမှာလည်း မြို့တော်ကြီး၏ ကျောက်သားလမ်းမကြီးပေါ်ဝယ် တအိအိသွားနေဆဲ ။ ရေဝနေသော ဆော်လ်နမ်ဥများမှ အောက်နံ့များကလည်း လှည်းတစ်ခုလုံး လှိုင်နေဆဲ ။ သွေးသားမတော်ပါသော ညီအကို မေတ္တာမှာလည်း ဤပတ်ဝန်းကျင်၌ ကြိုင်နေဆဲ ။
ဤသို့ဖြင့် လူများအုံအုံကျွက်ကျွက်နှင့် စည်ကားညံစီလျက်ရှိသော မြို့ကြီး၏ လမ်းမကြီးတစ်လျှောက်ဝယ် နာရီဝက်တိုင်တိုင် ခရီးဆက်နှင်လာပြီးနောက် ၊ လမ်းမကြီး၏ဘယ်ဘက်က ကျောက်ဖြူတိုက်ကြီးများ၏ နံရံကြီးများပေါ်၌ အစိမ်းရောင်နွယ်ပင်များ ခွေတက်နေသည်ကိုလည်းကောင် ၊ ကျောက်တံခါးကြီးများ၏ အောက်ခြေတွင်လည်း ရေညှိစိမ်းနက်နက်များဖြင့် ကပ်တွယ်နေသည်ကို လည်းကောင်း မြင်ရလေလျှင် လီယိုနာဒ့်သည် ရူရိုင်းကြီး၏ လည်ဆံမွေးကြမ်းကြမ်းကြီးများကိုဆွဲကာ ထိုတိုက်များကြားက လမ်းကျယ်ကြီးတစ်ခုသို့ ကွေ့ဝင်လိုက်လေ၏ ။ စိုက်ပျိုးရေးမြို့နယ်သို့ ရောက်လေပြီ ။
ထိုလမ်းအတိုင်း ဆက်သွားလာကြပြီးနောက် ၊ တအောင့်မျှကြာလာသည့်အခါ လမ်းရှေ့၌ လူများတိုးမရလောက်အောင် ပိတ်နေသည်ကို မြင်လေရာ လီယိုနာ့ဒ်လည်း လှည်းအားရပ်၍ အခြေအနေကို အကဲခတ်ကြည့်လတ်သရော် ၊ လူအုပ်ကြီး၏ အလယ်မှာ လက်ဝါးကပ်တိုင်ကြီး တစ်ခုထောင်ထားသည့်ပြင် ယင်းကြီးအပေါ်၌ ဝတ်စုံဖြူဝတ်ထားသော ၊ ဆံပင်ရှည်များမှာလည်း ငွေရောင်ကဲ့သို့ ဖြူလက်နေသော ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးကို ကားစင်တင်ထားလေသည် ။
ဝတ်စုံဖြူဝတ်ထားလင့်ကစား မဖြူနိုင်တော့ ။ လက်ဝါးနှစ်ဖက်လုံးကို သံမှိုများဖြင့် ရိုက်ထားသည့်အတွက် ထိုနေရာမှ သွေးများတစိမ့်စိမ့်ယိုနေရုံမျှမက ၊ သူ(မ)၏ဦးခေါင်းမှာလည်း ငိုက်စိုက်ကျနေ၍ ၊ ပါးစပ်က သွားရည်များနှင့် သွေးများရောနေသည့် အရည်ပျစ်ပျစ်များမှာလည်း ဂါဝန်ပေါ်သို့ တစ်စက်ပြီးတစ်စက် စီးကျနေလေသည် ။ သူ(မ)၏ ခြေရင်း၌ကား ငွေရောင် ဖဲသားစလွယ်ကို သိုင်းထားသည့် အသက်ငါးဆယ်ဝန်းကျင် ခေါင်းတုံးအဘိုးကြီးတစ်ယောက် ရပ်နေ၍ ၊ ယင်းသည် လူအများဝိုင်းအုံနေသည့် လီယိုနာ့ဒ်တို့ဘက်သို့ စူးစူးစိုက်စိုက်ကြည့်ကာ
“အာဇာဂါနာရဲ့ ပြည်သူတွေ ။ နတ်ဦးသျှောင် ဇီရိုးမက်(စ်) ( Zeromus : The Arch Divine of Ravalon ) ရဲ့ ကျွန်ယုံများ ။ အခုဆိုရင် သင်တို့မျက်လုံးထဲက ကြောက်ရွံ့မှုတွေကို ငါမြင်နေရတယ် ။ သင်တို့ နှလုံးသားထဲကလာတဲ့ အထိတ်တလန့်သံတွေကိုလည်း ငါကြားနေရတယ် ။ ဒီလိုအချိန်မှာ ဘာလုပ်ရမယ်ဆိုတာကိုလည်း မသိကြတော့ဘူးမလား ။ လမ်းတွေ ပျောက်နေကြပြီမလား”
မာန်ပါလှသောစကားကြောင့် အယောက်တစ်ရာနီးပါးမျှ အုံခဲနေသည့် လူထုကြီးမှာ ငြိမ်ကျသွားပြီး ၎င်းကိုဝိုင်းကြည့်ကြလေ၏ ။ ထိုအခါယင်းခေါင်းတုံးကြီးက
“တန်နားဘရက်(စ်) အင်ပါယာရဲ့ ( Tenebris Empire ) ရဲ့နတ်ယုတ်မာ ဦးသျှောင် ဆက်လက်(စ်)မို့(စ်) ( Celesmos : The Arch Divine of Tenebris ) ဟာ သူ့တန်ခိုးထွားချင်ရုံမျှနှင့် သူ့ကိုကိုးကွယ်နေတဲ့ သေမျိုးတွေရဲ့ ဝိညာဉ်တွေကို လောကသံသရာမှာ ဆက်မလည်စေဘဲ ကိုယ်တိုင်ဝါးမျိုနေတယ် ။ နတ်ယုတ်ရဲ့လောဘကြောင့် လောကပါလမျှခြေဟာ တစ်စပြီးတစ်စ ပျက်သုဉ်းလာပြီ ။
လားစူးဒက်(စ်)ဘုံ ( Plane of the Lasudus ) နှင့် ငါတို့ရိုဒီနီးယားကို ခြားထားတဲ့ မှော်မဟီတံတိုင်းကြီးလည်း တစ်မျှင်ပြီးတစ်မျှင် ကျိုးပဲ့လာပြီ ။ ဒီတိုင်းသာဆက်သွားနေရင် လားစူးဒက်(စ်)ဘုံက မိစ္ဆာအင်အားတွေ ငါတို့ ရိုဒီးနီးယားကို ထိန်းမနိုင်သိမ်းမရ လျှံကြလာတော့မယ်”
ဟုအော်ဟစ်လေလျှင် ၊ ငြိမ််ကုပ်နေသောလူများမှာ ပြန်လည်၍ လှုပ်လှုပ်ရွရွဖြစ်လာကာ အသံများပြန်ထွက်လာလေ၏ ။
“လီယိုကောင်းကောင်း မမြင်ရဘူးဗျ”
၎င်းလေးက ဤသို့ဆိုနေသော်လည်း သူကမူ ထိုနေရာမှပြန်ထွက်ရန် လမ်းရှာနေ၏ ။ အတွေ့အကြုံအရ မည်သည်တို့ ဆက်ဖြစ်လာမည်ကို ခန့်မှန်း၍ရနေပြီး ယင်းတို့မှာလည်း ကလေးတစ်ယောက် ကြည့်သင့်သော မြင်ကွင်းမဟုတ်ပါချေ ။ သို့ပါသော်လည်း သူ့နောက်၌ လူများက ပိတ်ညှပ်လာပြီဖြစ်သောကြောင့် ပြန်ထွက်ရန်မဖြစ်နိုင်တော့ ။ ထိုစဉ်ကတုံးကြီး၏စကားသံမှာ ထပ်မံ၍ ပျံ့လွင့်လာလေသည် ။
“ပြီးတော့ တခြားနတ်ယုတ်မာ ရက်ဗားနက်(စ်) ( Ravanus ) က သူ့ရဲ့အိပ်မက်ကနေ မွေးလာတဲ့ ဆက်ဖီဘီယမ် ( Safibian ) ဆိုတဲ့ ယုတ်ကန်းတဲ့ လူမျိုးတွေကို ငါတို့ထဲစိမ့်ဝင်စေတယ် ။ ဒီအမျိုးယုတ်တွေနဲ့ ငါတို့ဆက်ရှိနေရင် ဘာဖြစ်မယ်ထင်လဲ ။
သူတို့တွေဟာ မင်းတို့အိပ်နေတဲ့အချိန် မင်းတို့လည်မျိုကိုလှီးမယ် ။ မင်းတို့မိန်းမတွေကို မုဒိမ်းတက်ကျင့်မယ် ။ မင်းတို့သားသမီးတွေကို အရှင်လတ်လတ် ခုတ်ထစ်ပြီး ပျိုမျစ်နေတဲ့ နှလုံးသွေးတွေကို ဖောက်ထုတ်မယ် ။ နောက်ဆုံး … နောက်ဆုံး … လားစူးဒက်(စ်)က မိစ္ဆာဓာတ်တွေကို ငါတို့ရိုဒီးနီးယားထဲ ဖောက်ချလိမ့်မယ် ။
အခုကိုး ဖြစ်နေပြီ … မင်းတို့ ငါတို့တွေ သူတို့တိုက်တဲ့ ကျိန်စာသင့်နေပြီ ။ မင်းတို့စိတ်ထဲ မလုံခြုံဘူး … ဘယ်နေရာသွားသွား သေမှာကြောက်နေရတယ် … ဒါဆက်ဖီဘီယမ်တွေကြောင့် … ဒီမိစ္ဆာမကြောင့်”
ဟုဆိုလေရကား နဂိုကတည်းက လှုပ်လှုပ်ရွရွဖြစ်နေသော လူထုမှာ မီးလောင်ရာလေပင့်သည့်နှယ် ဝုန်းဒိုင်းကြဲ စကားသံများဖြင့် ပြန်လည် ဆူညံလာသကဲ့သို့ ၊ လက်သီးလက်မောင်းများလည်း တန်းလာကြပြီး ၊ နောက်ထပ်ရောက်လာသော လူများကြောင့် ဤနေရာ၌ ခြေထပ်ချစရာမရှိအောင်ပင် လူများအချင်းချင်းပူးကပ်လာလေပြီ ။ ထိုအခါအဘိုးကြီးက
“မင်းတို့ ငြိမ်ခံမှာလား ။ တုံ့ပြန်မှာလားဟေ့”
“ပြန်ချမှာပေါ့ကွ ။ ပြန်ချ … ပြန်ချ … ပြန်ချ …”
ဟူ၍ ညီတူညာတူ အော်ဟစ်လာသူများအတွင်း၌ အဲလရော့ပင် ပါဝင်လာသဖြင့် သူလည်း အံကြိတ်လျက် ၊ လှည့်ထွက်ရန် ထပ်မံကြံဆလင့်ကစား သူတို့နောက်ကလမ်းမှာ လူများဖြင့် လုံးလုံးလျားလျားပိတ်နေပြီး ၊ လှည်းလေးမှာ လူပင်လယ်ကြီးကြားဝယ် နစ်မျောနေလေပြီ ။ ထိုအခိုက် ကားစင်တင်ခံထားရသော ဆက်ဖီဘီယမ် အမျိုးသမီးမှာ ငိုက်စိုက်ကျနေသော ဦးခေါင်းကို လူးလွန့်လာလျှင် ခေါင်းတုံးအဘိုးကြီးသည် သူ(မ)ကို လက်ညှိုးငေါက်ငေါက်ထိုးလျက်
“ငါတို့နတ်ဘုရားတွေက ဒီနတ်ယုတ်နှင့် အပရိမာဏ အသူတစ်ရာဒီပ မဟာစစ်ပွဲကြီး ( The Celestial War of The Luminous Abyss ) ကိုဆင်နွှဲဖို့ မက်ဆက်မက်လီယန် ခံတပ် ( Maximillian Fortress ) ကိုစစ်ချီသွားကြပြီ ။ ငါတို့ရဲ့ လူငယ် ၊ လူလတ် အားလုံးနီးပါးလည်း လိုက်သွားကြပြီ ။ ဒီမှာ ငါတို့လိုအဘိုးကြီးတွေ ၊ မိန်းမတွေ ၊ ကလေးတွေနှင့် ဒုက္ခိတတွေကလွဲရင် ကျန်တာ ဒီအမျိုးယုတ်တွေပဲ ။ ဒီဆက်ဖီဘီယမ်တွေကို ဘာလုပ်ပစ်သင့်လဲ ။ ပြောကြစမ်း”
“သတ်ပစ် … သတ်ပစ် … သတ်ပစ် … ဒီစောက်ကောင်မကို သတ်ဟ”
“ဒီအတိုင်းသေခွင့်ပေးရမှာလား … နတ်ယုတ်ရဲ့ သားသမီးတွေအားလုံး တမျှဉ်းမျှဉ်းနှင့်သေရမယ်”
ဟုဆို၍ လူအုပ်ထဲက အာပေါဿတစ်ယောက်မှာ ခဲတစ်လုံးကိုကောက်ကိုင် လတ်သော် ကျန်သူများမှာလည်း ခဲများကို လိုက်လံကောက်ယူလေကြိုက် ၊ မိုးမွှားများလည်း ဖွဲဖွဲလေးကျလာသည့်အလျောက် ၊ ခေါင်းတုံးအဖိုးကြီးကလည်း အချိန်ကိုက် အခါကိုက်
“သတ်ကြ ။ ကောင်းကင် နတ်ကလျာ လူနာလက်(စ်)ကာဟာ ငါတို့ကို ကောင်းချီးပေးနေပြီး ။ သတ်ပစ်စမ်း … သတ် ။ မင်းတို့အားလုံးရဲ့ အကြောက်တရား ၊ ဒေါသ တွေအားလုံးကို ဒီမိစ္ဆာမဆီမှာ … ယိုဖိတ်ပစ်လိုက်ကြ ။ ပေါက်ကွဲ ပစ်လိုက်ကြ ။ နတ်ဘုရားမ ကိုဂုဏ်ပြုပေးလိုက်ကြ”
စကားပင်မဆုံးသေး ။ ရာချီနေသောခဲများမှာ ကားစင်တင်ခံထားရသည့် အမျိုးသမီးထံ ပျံဝဲကုန်ပြီး ၊ ခဲထိသည်နှင့် ဦးခေါင်းမှ သွေးများဖြာထွက်လာပါလျက်နှင့် သူ(မ)မှာ မရုန်းနိုင်တော့ ၊ အော်လည်းမအော်နိုင်တော့ဘဲ သံမှိုရိုက်ခံထားရသော လက်ချောင်းများသာ လှုပ်စိလှုပ်စိ နှင့် အကြောဆွဲနေလေပြီ ။ ကားစင်မတင်မီကပင် သေလုမြောပါး နှိပ်စက်ခံထားရပုံပေါ်ပြီး ယခုအခါ ခဲများနေရာအနှံ့ထိမှန်သည်ကိုပင် မတုံ့ပြန်နိုင်တော့ပါချေ ။
“စောက်ကောင်မ သေစမ်း”
“ကိုမေကိုလိုးမ ။ ငါတို့ ရာဗလွန်ကထွက်သွား … ငါတို့ကို ကျိန်စာတိုက်ဦးမှာလား ။ ငါတို့ကျွေးတဲ့ ဆော်လ်နမ်ကိုစားပြီး ငါတို့ကို ကျိန်စာပြန်တိုက်တဲ့ စောက်ကောင်မ …”
ရာချီနေသော လူအုပ်ဆီက ခဲများမှာ မိုးစက်များထက်ပင် ပိုသည်းနေ၏ ။ ခဲတစ်ချက်မှန်သည်နှင့် ပါးစောင်နှင့် ဦးခေါင်းက သွေးများမှာ ဖြာခနဲ ၊ ပါးစပ်နှင့် နှာခေါင်းတို့က သွေးများလည်းပွက်ခနဲ ။ မျက်နှာကို အကြိမ်ကြိမ်ထိသဖြင့် နှုတ်ခမ်းများ ထက်ပိုင်းကွဲထွက်ကုန်ကာ ရှေ့သွားများ ကျိုးပဲ့ပြုတ်ကျကုန်သည် ။ တစ်ချို့သွားများ ၊ အသားစများမှာ လူအုပ်ကြားတွင်း လွင့်စဉ်ထွက်ကုန်သည် ။
ထိုအကြိုက် အဲလရော့ကပါ ခဲတစ်ခုကို လက်နှစ်ဖက်နှင့် ကောက်ကိုင်၍ ပစ်ရန်လက်ရွယ်နေသဖြင့် သူလည်း၎င်းလေး၏လက်ဖျံကို ဖမ်းဆွဲလိုက်ရ၏ ။
“မင်းက ဘာလုပ်မှာလဲ”
“လီယို ခင်ဗျားဖယ်စမ်း ။ ဒီဆက်ဖီဘီယမ် ဆိုတာမရှိသင့်ဘူး ။ အန္တလိက္ခ နတ်ဘုရားမရဲ့ အလိုတော်အရ ဖယ်ရှားပစ်ရမယ် … ဖယ်စမ်းပါ ။ ကောင်းကင်ကနေ အမိန့်တော် ပေးနေပြီဗျ”
မိုးမှာပိုသည်းလာသည့်အတွက် ဤကလေး၏ ရွှေရောင်ဆံပင်များမှာ နဖူး၌ ပူးကပ်လာသည့်သာမက ၊ မျက်လုံးအစုံမှာလည်း ဒေါမာန်များဖြင့် ထိန်းမနိုင်သိမ်းမရ ရုန်းကြွနေလေရကား ၊ စကားသုံးခွန်းလောက် ကြားရုံမျှနှင့် ယခုမှ တွေ့ဖူးသည့်သူကို သတ်ရန်အသင့်ဖြစ်နေသော ယင်းလေးကိုကြည့်ကာ သူလည်းသက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်စဉ် ၊ သင်းလေးက သူ့တစ်ကိုယ်လုံးကို ဖောက်ထွက်တော့မည့် အကြည့်များဖြင့် စူးစူးရဲရဲပြန်ကြည့်လျက်
“လွှတ်လို့ပြောနေတယ် ။ မလွှတ်ရင် ဒီခဲက ခင်ဗျားမျက်နှာကို ဝင်လာတော့မှာနော်”
လီယိုနာဒ့် အံကိုတင်းတင်းကြိတ်မိ၏ ။ ဘေးတစ်ဝိုက်က လူများမှာ တဟေးဟေးနှင့် အော်ဟစ်နေကြသည်သာမက ၊ မိုးစက်များ၏ မြေပြင်ကို ထိမှန်သံတဖြောင်းဖြောင်းတို့မှာလည်း လူသတ်ပွဲတစ်ခုကို ကောင်းချီးပေးနေသည့်နှယ် ရှိသည့်ပြင် မိုးစက်များကြားက ညှီစို့စို့နံ့တစ်ခုရလာသောကြောင့် လှည့်ကြည့်လိုက်သည့်အခါ ၊ ကားစင်ပေါ်က မိန်းမမှာ ခဲဒဏ်ကြောင့် လူရုပ်မပေါ်တော့အောင် မျက်နှာတစ်ခုလုံး စုတ်ပြတ်ပျက်စီးသွားပြီး တစ်ကိုယ်လုံးက သွေးများမှာလည်း မိုးရေတို့နှင့်အတူ သူ(မ)အလောင်း၏ ဖိနပ်ထိပ်မှ လမ်းမပေါ်သို့ ဒလဟောစီးကျနေသဖြင့် လမ်းတစ်လျှောက်လုံး နီစွေးလာလေသည် ။
ထိုအခါ မှိုင်းတိုက်ခံထားရသာ လူအုပ်ကြီးက ထိုသွေးများကို တက်နင်းကြပြန်သရော် ၊ သွေးနှင့်မိုးရေရောနေသော အရည်များက သူ့မျက်နှာကို လာစဉ်သဖြင့် ညာလက်ဖြင့်မျက်နှာကို ကာထားရ၏ ။ အနှီနေရာ၌ မိုးစက်များ၏ အအေးဓာတ်က လူအုပ်ကြီး၏ အမျက်အဟုန်ကို မကျော်လွန်နိုင် ။ သူ့တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေပါသော်ငြား ချွေးများတသောသောထွက်နေပြီး ယင်းတို့မှာလည်း မိုးစက်များနှင့်အတူ လမ်းမပေါ်သို့ စီးကျနေ၏ ။
အကြင်ကြမ်းပြင်၌ကား သွေးများ ၊ ချွေးများ ။ ပြီးသော် အမုန်းတရားများနှင့် မတရားမှုများ ။ ။
************
မိုးစဲသွားသည့်အခါ လူများကျဲသွားသည့်ပြင် ထိုဆက်ဖီဘီယမ် အမျိုးသမီး၏အလောင်းကိုလည်း ဖြုတ်ယူသွားသောကြောင့် လမ်းကျယ်ကြီး၏ အလယ်၌ နီညိုရောင်သန်းနေသည့် လက်ဝါးကပ်တိုင်ကြီး တစ်ခုသာ ထီးထီးကြီးကျန်နေ၍ ၊ ထိုအခါမှ လီယိုနာဒ့်တို့သည်လည်း စိုက်ပျိုးရေး မြို့နယ်အတွင်းသို့ ဝင်လာနိုင်လေသည် ။
ယခု အဲလရော့မှာ သူ့ကိုစကားမပြောတော့ပေ ။ အဘယ်ကြောင့်ဆိုသော် သူသည် ခဲမပစ်ရန်တားလိုက်ရုံမျှမက ၎င်းလေး၏ပါးစပ်ကိုပါ လက်ဖြင့် အုပ်ပိတ်ခဲ့သောကြောင့်ပင် ။ အကျိုးဆက်အနေနှင့် လက်ခလယ်ကို တစ်ချက် အကိုက်ခံလိုက်ရသော်လည်း ဤဒဏ်ရာကား မကြီး ၊ တန်သည်ဟုသာတွေးမိ၍ ယနေ့တစ်နေ့တည်း၌ အဘယ်ကြောင့် မူမမှန်မှုများ စုပြုံနေရပါသနည်းဟုလည်း အဖြေမရနိုင်သည့် မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပြီးနောက် ခေါင်းကိုသာ ဖြည်းညင်းစွာ ခါယမ်းမိလေတော့သည် ။
ယင်းသို့ဖြင့် သူတို့သည် ရေညှိတက်နေသော ကျောက်သားတိုက်မြင့်ကြီးများကို ကျော်လာသည်တွင် ၊ ရှေ့၌ တောင်ပူစာငယ် တစ်လုံးစာမျှကြီးသော ဧရာမ လှေကားထစ်ကြီးတစ်ခုက သူတို့ကို အသင့်စောင့်ကြိုလျက်ရှိ၍ ၎င်းကြီးမှာ သာမန် လှေကားထစ်ကြီးမဟုတ်ဘဲ ၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးသည့် လှေကားထစ်စိုက်ပျိုးရေး စနစ်ကြီးဖြစ်ပြီး လှေကားထစ် တစ်ထစ်လျှင် လူအရပ် ဆယ်ပြန်စာ နီးပါးမျှမြင့်သည့်ပြင် ၊ ထိုလှေကားတစ်ထစ်ပေါ်၌ သစ်သီး ၊ ပန်းမန်များသာမက ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းဝယ်ဖောက်ကားသော တိုက်တာများနှင့် ဆိုင်ပေါက်စလေးများလည်း ဖွင့်လှစ်ထားကြသည့်အလျောက် ၊ အဆိုပါလှေကားထစ်များအတွင်းဝယ် စျေးဝယ်များကော စျေးသည်များပါ ကြိတ်ကြိတ်တိုးကာ တိုးဝှေ့သွားလာ နေကြလေသည် ။
ထိုစဉ် လေပြည်တစ်လှိုင်းက ထိုလှေကားထစ်စျေးကြီးကို ဖြတ်ကျော်၍ သူ့ဆီသို့ ဝင်ဝှေ့ရာ၌ မိုးနံ့ ၊ ပန်းနံ့ နှင့် မြေသင်းနံ့တို့ ရောယှက်နေသည့် ရနံ့လှိုင်လှိုင်တို့ကို ရှူရှိုက်မိ၍ အကြည်ဓာတ်လေး တက်လာလင့်ကစား မကြာသေးမီက အဖြစ်အပျက်များမှာ သူ့မျက်လုံးတွင်း အနှေးပြကွက်များပမာ ပြန်လည်ရုန်းကြွလာသဖြင့် မလိုက်ဖက်လေခြင်းဟု ဆင်ခြင်မိကာ ရင်တွင်း၌ပို၍သာ မွန်းကျပ်လာရတော့သည် ။ စိတ်ပျက်စရာ ။
ဤသို့ဖြင့် သူတို့သည် လှေကားထစ်စနစ်ကြီး၏ မြေညီလွှာက ဆိုင်လေးတစ်ဆိုင်သို့ ချဉ်းကပ်လာကြလေ၏ ။ ထိုအခါ အဲလရော့က
“အပေါ်တစ်ထပ်မှာ အင်္ကျီဆိုင်ရှိတယ် ။ ကျုပ်ကအဲသည်ကို အရင်သွားမှာ”
ဟု မျက်နှာကိုမဲ့လျက် ဘောက်ဆတ်ဆတ်ပြောပြီးနောက် လှည်းပေါ်မှဆင်းသွားလေသော် သူလည်း ချင်းလေး၏ ကျောပြင်ကိုကြည့်လျက် သက်ပြင်းတစ်ချက်သာ ချမိတော့၏ ။ လူသတ်ပွဲကို ဝင်မနွှဲလိုက်ရ၍ စိတ်ဆိုးနေသတဲ့လော ။ ခက်ဘိ ။
ထိုသို့ဖြင့် ဆိုင်နားသို့ရောက်သည့်အခါ ၊ ဆိုင်အတွင်းက စာရေးမလေးတစ်ယောက်မှာ သူ့ဆီသို့ထွက်လာလေ၏ ။ သူ(မ)သည် အပေါ်ပိုင်းက လူ့ခန္ဓာကိုယ် ခြေ ၊ လက် ၊ ခေါင်း ၊ ခါးတို့နှင့် ပြည့်စုံလင့်ကစား ၊ ဖြူဖွေးနေသော အသားအရေကိုလည်း ပိုင်ဆိုင်ထားပါသော်ငြား သူ(မ)၏ အောက်ပိုင်းမှာမူ ငါးခန္ဓာကိုယ် ၊ ငါးအမြီးနှင့်ဖြစ်သောကြောင့် လမ်းလျှောက်မလာဘဲ ကျောက်လမ်းတစ်လျှောက် လျှောတိုက်လာလေ၏ ။ ၎င်းကား “အာပေါဿ” လူမျိုးဖြစ်ပြီး ယင်းတို့ကို နတ်ဘုရားများက လူသားများမတိုင်မီ ဖန်ဆင်းခဲ့သည်ဟု အဆိုရှိသည် ။
သူ(မ)သည် လူ့ခန္ဓာကိုယ်ရှေ့ပိုင်းကို ဖုံးကွယ်သည့် အနီရောင် ဖဲသား အင်္ကျီလက်ပြတ်လေးကို ဝတ်ဆင်ထားစေကာမူ ၊ နောက်ပိုင်းကိုကား ဟာလာဟင်းလင်းဖွင့်ထားရကား သူ(မ)၏နောက်ကျောက ငါးစူးတောင် နီနီကြီးမှာလည်း အထိန်းအကွပ်မဲ့စွာ တင့်တယ်နေလေသည် ။
အနားရောက်သည့်အခါ သူ(မ)သည် ညာပခုံးကို ဘယ်လက်ဖြင့်ပုတ်ပြလိုက်လျှင် သူကမူ ခေါင်ကိုသာညိတ်ပြလိုက်၏ ။ ဤသည်ကား အာဇာဂါနာသားတို့၏ နှုတ်ဆက်နည်းဖြစ်ပြီး သူ့အတွက်ကား ဘယ်လက်မသန်သဖြင့် မလုပ်နိုင်ပါချေ ။ သို့ပါသော်လည်း သူ(မ)မှာ နှုတ်ခမ်းရဲရဲကို ကော့ညွှတ်လိုက်၍
“ဟုတ်ကဲ့ပါ လူကြီးမင်းရှင့် ။ အီကွိုင်း ( Equine ) ကုမ္ပဏီက ကြိုဆိုပါတယ် ။ ဘာကူညီပေးရမလဲရှင့်”
“ဆော်လ်နမ်ကို ဘယ်လိုစျေးနှင့် ဝယ်တာလဲ”
“ဆော်လ်နမ်တစ်ဥကို ငါး ဖရီယာ ( Fria ) ပါရှင့် ။ ဒါပေမဲ့ ကျွန်မတို့က ဒီ အာဇာဂါနာမြို့တော်ကနေ ဒန်ဒရီအိုဆာ ( Dandriosa ) တိုင်းပြည်က အာပေါဿ ရုံခွဲကိုပါတင်ပို့လို့ ရေဝနေတဲ့ အသီးဆိုရင် တစ်ဆယ် ဖရီယာပေးဝယ်ပါတယ်ရှင့် ။ သိတယ်မလား … ဒန်ဒရီအိုဆာမှာ အာပေါဿတွေရဲ့ စားဝတ်နေရေးက ခက်နေပြီလေ ။ မဟာစစ်ပွဲကြီးကလည်း ဖြစ်တော့မှာဆိုတော့”
ပြောနေသည်မှာလည်း အာသွက်လျှာသွက် ။ ပြောနေသည့် အကြောင်းအရာအလျောက် ပြုံး၍တစ်မျိုး ၊ မဲ့၍တစ်ဖုံလုပ်နေသည်မှာလည်း သူ(မ)၏ ဆက်ဆံရေး အတွေ့အကြုံကို မသိမသာလှစ်ဟပြနေသည့်အလား ။ သို့သော်သူကမူ လိုရင်းကိုသာ သွားပါ၏ ။
“ကျုပ်မှာ ရေစိုသီးငါးဆယ်ပါလာတယ်”
ထိုအခါ ရေသူမလေး၏ မျက်လုံးစိမ်းစိမ်းလေးမှာ ဝင်းလက်သွားသည့်ပြင် သူ(မ)၏ နောက်ကျောက စူးတောင်ကြီးမှာလည်း ပို၍ပင်ကော့ပျံ ထောင်ထသွားလေ၏ ။
“အလို … အချိန်ပြောင်းပြန် မဟာဝိဇ္ဇာနှင့် ရုက္ခပါလနတ်ဘုရားမ နီရင်တို့ ပူးပေါင်း ကောင်းချီးပေးပြီထင်ပါရဲ့ ။ ဒါဆို အကုန်ဝယ်မယ်နော် ။ မဝယ်ခင် ကြည့်ပါရစေဦး”
ယင်းသို့ဆို၍ အနှီအာပေါဿ ရေသူမလေးမှာ လှည်းပေါ်က ရေစို ဆော်လ်နမ်သီးများကို တစ်ခုချင်း စစ်ဆေးနေကြိုက် ၊ သူ(မ)သည် လက်သည်းများဖြင့် ခါးနေရာက ငါးအကြေးခွံ မည်းမည်းတို့ကို ကုတ်နေလေရာ လက်သည်းခွံနှင့် အကြေးခွံပွတ်တိုက်ရာမှထွက်သော ရှတတအသံကိုပင် ခပ်တိုးတိုးကြားနေရလေ၏ ။ လည်ပင်းနေရာ၌လည်း ပါးဟက် နီနီနှစ်ခုအပိုပါ၍ ၊ ယင်းကြားက ထွက်လာသည့် မွှေးအီအီအနံ့မှာလည်း အာပေါဿတို့၏ ရိုးရာရေမွှေးနံ့ကို ကြော်ငြာနေသယောင် ။ ဤသည်ကား ရေသူမလေး၏ စိတ်လှုပ်ရှားနေသည့် လက္ခဏာများပါပေ ။
ထို့နောက်သူ(မ)သည် ငါးမြီးလေးကို တွန့်ကာ ၊ လူးကာဖြင့် ဆိုင်လေးအတွင်းသို့ ပြန်ဝင်ပြီးနောက် အထုပ်တစ်ထုပ်ကိုယူလာ၍ သူ့လက်တွင်းသို့ ထည့်ပေးသဖြင့် နှိုက်ကြည့်လေရာ ၊ စတုရန်းသဏ္ဌာန် ငွေရောင်သတ္တုပြားလေးတစ်ပြား ပါလာပြီး ယင်းအပေါ်၌ မြို့ကြီးတစ်မြို့ပုံကို ထွင်းထားလေ၏ ။ ၎င်းကား တစ်ဖရီယာ ၊ ရိုဒီးနီးယား၏ ငွေကြေးစနစ် ။
“ဆော်လ်နမ်အားလုံး ပေမီဒေါက်မီ ။ အနာအဆာမပါတဲ့ပြင် ရေနံ့လေးလည်းမွှေးလို့ ။ အားလုံးဝယ်တဲ့အတွက် ငါးရာဖရီယာ ။ ကျွန်မတို့ အီကွိုင်း လုပ်ငန်းစုကို ရွေးချယ်လို့ တစ်ဆယ်ဖရီယာက အပိုပါရှင့် ။ စစ်ကြည့်လိုက်ပါဦးနော် ။ လူကြီးမင်းရဲ့ အနာဂတ်ခရီးလမ်းဟာ ရေခဲပြင်ကြီးဆီ ဦးတည်နေပါစေရှင့်”
လီယိုနာဒ့်ခေါင်း ညိတ်လိုက်၏ ။ အာပေါဿတို့အတွက် ရေနံ့မွှေးသည်ဟု ဆိုစေကာမူ ၊ သူတို့လူသားများအတွက်ကား အောက်နံ့တစ်ခုထက်မပို ။ မည်သို့ပင်ဆိုစေကာမူ အလွန်အကြူးစျေးနှိမ်ဝယ်ခံရမည့် အဖြစ်မှ ပိုက်ဆံပင် ပိုရလိုက်သည့်အတွက် ဒါမီယာသီးများ ပိုဝယ်နိုင်ပေအံ့ ။ တစ်ချိန်တည်းမှာပင် စစ်မစသေး ၊ ဒန်ဒရီအိုဆာမှာ ငတ်ကုန်ကြပြီလော ဟုတွေးမိလေလျှင် ယင်းအတွေးကို ချက်ချင်းဖယ်ထုတ်ပစ်လိုက်၏ ။ ၎င်းတို့အပူထက် ကိုယ့်အပူကပိုကြီးနေသည် မဟုတ်ပေလော ။
ယခုအခါ သူလုပ်ရန်မှာ ဆေးဝါးမြို့နယ်သို့သွား၍ လိုအပ်သည်တို့ကို ဝယ်ယူပြီးပါက ပြန်ရန်ဖြစ်သော်လည်း အဲလရော့ကို သွားခေါ်ရဦးမည် ဖြစ်သည့်အတွက် လှေကားထစ်စနစ်ကြီး၏ ဒုတိယထပ်သို့ တက်လာလေသည် ။
၎င်းလေးကို သိပ်မရှာလိုက်ရ ။ နွယ်ပင်လေးများဖြင့် တန်ဆာဆင်ထားသော အင်္ကျီဆိုင်လေးရှေ့၌ ရပ်နေခြင်းဖြစ်သည့်အားလျော်စွာ သူလည်း သင်းလေး၏အနားသို့ ဦးတည်လာလေကြိုက် ၊ မိုးရေများ ၊ သွေးစများ ၊ မြေကြီးအနှစ်များ ၊ ချွေးများဖြင့် ရွှဲရွှဲစိုနေသော အဝတ်အစားတို့ကြောင့် တစ်ကိုယ်လုံး တွန့်တက်ကာ ၊ ကြက်သီးများထသည်အထိ ယားယံနေသည်သာမက လမ်းလျှောက်နေခိုက်မှာပင် ခြေသလုံးကြွက်သားများလည်း တင်းမာညောင်းညာလာလေသည် ။
မနက်ထကတည်းက လူနာများနှင့် လုံးနေရသောသူသည် ယခုထိမနားရသေးသည့်ပြင် အသက်ကလည်း သုံးဆယ့်ငါးနှစ်ရှိပြီးဖြစ်သောကြောင့် လွန်ခဲ့သော ဆယ်နှစ်ကကဲ့သို့ စိတ်သွားတိုင်းကိုယ်က သိပ်မလိုက်နိုင်တော့ချေ ။
အင်္ကျီဆိုင်အတွင်း ရောင်းချနေသူလေးကား တစ်ကိုယ်လုံးကို အနီရောင် အခွံမာများဖြင့်ဖုံးထားသည့် သူတစ်ယောက် ။ချင်း၏ ဦးခေါင်း၌ လူကဲ့သို့ မျက်လုံး ၊ နှာခေါင်းများ မပါဝင်ဘဲ ၊ အနက်ရောင်မျက်လုံး ၆ လုံးကသာ ဘယ်ဘက်တွင် ၃ လုံး ၊ ညာဘက်ဝယ် ၃ လုံးကျစီ နေရာယူထားကြရုံမျှမက ၊ ဦးထိပ်ပေါ်တွင်လည်း အင်တာနာနှစ်ချာင်းမှာ နောက်ဆုတ်၍ လည်းကောင်း ၊ ရှေ့တိုး၍လည်းကောင်း ယိမ်းနွဲ့နေလေသည် ။
အပေါ်ပိုင်းမှာ လူခန္ဓာကိုယ်နှင့်ဆင်သော်လည်း ၊ လက်လေးဖက်ပါဝင်ပြီး အောက်ပိုင်းမှာမူ ခြေထောက်ခြောက်ချောင်းဖြင့် ပနံရနေသည်သာမက ၊ ၎င်း၏နောက်၌ အနီနှင့်အနက် ကျားထားသည့် ဖင်ဆီဖူးဖောင်းဖောင်းကြီးမှာလည်း လမ်းလျှာက်တိုင်း လှုပ်ခါနေ၏ ။
ယင်းတို့ကို ဝါယောနလူမျိုး ဟုခေါ်၍ ၊ သူကမူ လူသားနီးပါးကြီးမားပြီး လူကဲ့သို့ အသိဉာဏ်ရှိသော ပိုးကောင်ကြီးများဟု အလွယ်မှတ်ယူထားသည် ။ ဝါယောနများမှာ အာပေါဿများနှင့် သူတို့လူသားများကဲ့သို့မဟုတ်ဘဲ ခြေခြောက်ချောင်းနှင့် ဖင်ဆီဖူးပါဝင်ပါက အမ ဟုတန်းသိနိုင်ပြီး ၊ အထီးဆိုပါက ခြေနှစ်ချောင်းသာပါ၍ ဖင်ဆီဖူးလည်းမပါဝင်ချေ ။ အခွံမာရောင်ကို ကြည့်၍လည်း အသက်ကိုမှန်းဆနိုင်ပြီး အနီရောင်အခွံမာဆိုသည်မှာ နုနယ်သေးပြီး ယင်းလေးမှာ ဆယ်ကျော်သက် အရွယ် ပိုးကောင်မလေးသာ ။
ထိုစဉ် အဲလရော့က
“ဟာ … ဆန်ဒရာ ( Sandra ) က စလွယ်ဒီဇိုင်း အသစ်တွေရောက်တာလား ။ ပြစမ်းပါဦးဗျ”
“အလို … ပြမယ် ပြမယ် ။ ဆန်ဒရာ အမှတ်တံဆိပ်က အခုနှစ်ပိုင်းလေးအတွင်းမှာ ဒီဇိုင်းတွေအရမ်း ဆန်းသစ်လာတာနော် ။ သုံးထားတဲ့ချည်သားကလည်း မိုယာပင်ရဲ့ အခေါက်ပွပွကို ငါးခါတိတိ ကြိတ်ခြေပြီးမှ ထွက်တဲ့ချည်မို့လို့ အသားလေးကနုပြီး ဝတ်လိုက်ရင် အေးနေတာပဲ … ပြီးတော့ စျေးလည်းသင့်တယ် ။
မမရဲ့ ဖင်ဆီဖူးအဖုံးကိုတောင် ဆန်ဒရာ တံဆိပ်ပဲဝတ်တာ ဒီမှာကြည့် ။ ဝတ်စကဆိုရင် စိတ်လှုပ်ရှားလို့ ခေါင်းပေါ်က အင်တာနာတွေ ပြုတ်ထွက်သွားလောက်အောင် ခါယမ်းနေခဲ့တာလေ … ဒေါက် … ဒေါက် … ဒေါက် … ဒေါက် …”
ပိုးကောင်မလေး၏ အဲလရော့ကို စျေးရောင်းနေပုံကား ညက်ညောလှသည် ။ ဝါယောနတို့၏ ပါးစပ်များမှာ လူသားနှင့် အာပေါဿများကဲ့သို့ မဟုတ်ဘဲ နှုတ်ခမ်းမပါဝင်ကြ ။ ယင်းတို့ပါးစပ်၏ ဘယ်ဘက်နှင့်ညာဘက်တို့၌ အခွံမာ အစွယ်နှစ်ချောင်းပေါက်နေ၍ ၊ ထိုအစွယ်နှစ်ချောင်းဖြင့် ပါးစပ်ကိုအပိတ်အဖွင့်လုပ်နိုင်ပြီး အစာများကို ကိုက်ဖြတ် နိုင်သကဲ့သို့ စကားလည်းပြောနိုင်သည် ။
ထို့ကြောင့်ပင် “ဒေါက် … ဒေါက် … ဒေါက်” ဆိုသည်မှာလည်း ပိုးကောင်မလေး၏ အစွယ်နှစ်ခု ခတ်သွားရာမှ ပေါ်လာသောအသံဖြစ်၍ ၊ ဤသည်ကား ချင်းတို့၏ မိန်းမဆန်ဆန်ရယ်မာပုံဖြစ်ပြီး လူသားများနှင့် နှိုင်းယှဉ်ပါက “ခစ် … ခစ် … ခစ် … ခစ်” ဟု အဓိပ္ပာယ်ရပါလိမ့်မည် ။
ပြောနေလျက်ဆိုနေလျက်ပင် ဝါယောနလေးမှာ ပန်းပွင့်စီးကွင့်လေးများထိုးထားသော သူ(မ)၏ ဖင်ဆီဖူးပေါ်က ဖဲလွှာလေးကို လက်ညှိုးထိုးပြပြီးနောက် ဆန်ဒရာတံဆိပ်အင်္ကျီများနှင့် စလွယ်အထပ်လိုက်ကြီးကို ယူလာ၍ စားပွဲပေါ်၌ တင်ပေးလိုက်လေသည် ။
ဆန်ဒရာ အင်္ကျီတံဆိပ်အကြောင်းကို သူကောင်းကောင်းကြီးသိသည် ။ အနှီတံဆိပ်မှာ လွန်ခဲ့သော သုံးနှစ်ဝန်းကျင်က ပေါ်လာခဲ့သော တံဆိပ်ဖြစ်ပြီး ပေါ်ခါစက ချုပ်သားညံ့ဖျင်းခြင်း ၊ ဒီဇိုင်းတုံးလွန်းခြင်းတို့ကြောင့် မည်သူမျှ စိတ်မဝင်စားကြပေသော်ငြား ၊ ယခုနှစ်ပိုင်းအတွင်းမှာပင် ဆန်းသစ်သော ချုပ်ဟန်တို့ဖြင့် အရှုံးမှ ပြန်လည်နိုးထလာသော အင်္ကျီတံဆိပ်ဖြစ်သည် ။
အထူးသဖြင့် ခိုင်ခံ့ကာလက်တွေ့ကျသော ဒီဇိုင်းများ ၊ ဥပမာ စလွယ်တွင်း အိတ်ထောင်အရှည်ကြီးများ ထည့်သွင်းပေးထားသော ဒီဇိုင်းများနှင့် အခြေခံနင်းပြားများကို ပစ်မှတ်ထားထားသော အထည်များကြောင့် သူရင်းငှါးဖြစ်သော သူကိုယ်တိုင်ပင် ထိုတံဆိပ်ကို ငါးထည်တိတိဝယ်ယူအားပေးထားပြီး ယခုလည်း ပရုပ်လုံးနံ့လေး မွှေးကြူနေသော အထည်များကိုကြည့်လျက် သူလည်းတစ်ထည် ဝယ်လိုက်လေသည် ။
ထိုအခါ ပိုးကောင်မလေးက အပေါ်လက်နှစ်ဖက်အား အခွံမာရင်ဘတ်ပေါ်ဝယ် ပြိုင်တူထပ်တင်လျက်
“အခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ ။ ကျိန်စာမြေက ပြာမှုန်တွေ လူကြီးမင်းတို့ နှစ်ယောက်လုံးအပေါ် လွှမ်းခြုံပါစေနော်”
ဟုဆိုလေ၏ ။ ယင်းနောက် အင်္ကျီအုပ်များကို လက် ၄ ဖက်ဖြင့် အထပ်ထပ်ဆင့်၍ အဲလရော့ကို ကမ်းပေးနေသောကြောင့် လီယိုနာ့ဒ်ကလည်း စလွယ်အိတ်ထောင်တွင်းက ဖရီယာ ငါးဆယ်ကိုထုတ်ယူလိုက်လေသည် ။ ဤသည်မှာ ဆော်လ်နမ်ဥများ ရောင်းရာမှရသော ပိုက်ဆံမဟုတ်ဘဲ သူစုထားသောပိုက်ဆံဖြစ်ပြီး ဤကလေးကို လက်ဆောင်အဖြစ် ဝယ်ပေးရန် ကြံရွယ်လျက်ရှိစဉ် ၊ ငါးစက္ကန့်မျှကြာသည်အထိ ဝါယောနသူလေး ကမ်းပေးနေသော အင်္ကျီအုပ်ကို အဲလရော့က လှမ်းမယူသေးပေ ။
ပုံမှန်ဆိုပါက စိတ်မြန်လက်မြန်ရှိလှသော ထိုကလေးမှာ တစ်စက္ကန့်ပင်မကြာဘဲ လှမ်းယူမည်ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှထိ ကြန့်ကြာနေရသနည်း ဟုတွေးကာ ၎င်းလေးကို လှည့်ကြည့်လိုက်သည်တွင် ၊ ယင်းလေးမှာ အင်္ကျီကို လှမ်းယူနေဟန်ဖြင့် လက်ကိုဆန့်လျက်သားရပ်နေ၏ ။ ပါးစပ်မလှုပ် ။ မျက်တောင်မခတ် ။ ဆန့်ဆန့်ကြီးရပ်နေခြင်းသာ ။
မျက်မှောင်ကြုတ်၍ ဝါယောနသူလေး ဘက်သို့လှည့်ကြည့်လိုက်သည့်အခါ၌ သူ(မ)မှာလည်း အင်္ကျီအုပ်ကို ကမ်းထားဆဲ ။ ခေါင်းပေါ်က အင်တာနာနှစ်ချောင်းမှာလည်း မလှုပ်တော့ဘဲ ထောင်မတ်နေဆဲ ။ လက်လေးချောင်းလုံးမှာလည်း လေထဲ၌ ရပ်နေဆဲ ။
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာ၏ ။ သူကလွဲ၍ နှစ်ယောက်လုံး ရပ်သွားခြင်းဖြစ်ပြီး ဤသည်ကား အချိန်များအားလုံးရပ်သွားသည်လော ။
“ဟေ့ကောင် အဲလရော့”
ယင်းသိုဆိုပြီး ကုပ်ကို ပုတ်လိုက်သရော် ၊ အကြင်ကလေး၏ အသားများမှာ ကျောက်သားအလား မာကျစ်နေ၏ ။
“အဲလရော့”
ဟုအော်ခေါ်လျက် ပခုံးကို လှုပ်ခါလိုက်ရာ၌ ၊ အနှီကလေးမှာ နောက်သို့ ပက်လက်လန်ကျသွား၏ ။ သို့သော် ခွေကျခြင်းမဟုတ် ။ ကျောက်ရုပ်တစ်ရုပ် လဲသကဲ့သို့ ဆန့်ဆန့်ကြီး လဲကျသွားခြင်းပင် ။ ထိုအခိုက်၌ ပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်သွားသောကြောင့် ဘေးဘီကိုငဲ့ကြည့်လိုက်ရာ ၊ ခြင်းတောင်းတစ်ခုကို ဆွဲထားသော အာပေါဿ ရေသူထီး ကလေးလေးတစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်ဝယ် တောင့်တောင့်ကြီးလဲနေပြီး ဘေးကလူကြီးများက ဆွဲထူရန်ကြိုးစားနေသည်ကို မြင်လျှင် သူ့မျက်လုံးများ ဝိုင်းစက်သွားလေ၏ ။
“ငါ့ကလေးရပ်သွားပြီး ။ ငါ့ကလေးဘာဖြစ်တာလဲ ကယ်ကြပါဦးဟ ။ ကယ်ပါဦး ။ အဲလို ကြည့်မနေကြပါနှင့် ကူကြပါဦး အီးဟီး …”
“ငါ့ကလေးကောပဲ ။ ဒီစျေးထဲက ကလေးတွေအားလုံးရပ်ကုန်ပြီ ။ အားလုံးရပ်ကုန်ပြီ”
ဟူသည့်အသံများ သူ့နားအတွင်းဆင့်ဝင်လာသဖြင့် ၊ စိုးရိမ်စိတ်တို့ ငယ်ထိပ်အထိ ဆောင့်တက်လာရသည့်အဆုံးဝယ် လီယိုနာဒ့်လည်း ကျောက်ဆစ်နရီတစ်ခုအလား တောင့်တင်းနေသည့် အဲလရော့၏ ပခုံးကိုဆွဲလျက်
“ELLIOT”
ဟု အော်ခေါ်မိလိုက်၏ ။ လှုပ်ရှားမှုမရှိ ။ တုံ့ပြန်မှုနတ္ထိ ။ အင်္ကျီရတော့မည်ဖြစ်သည့်အားလျော်စွာ ပြုံးရွှင်နေသောမျက်နှာလေးမှာ ယခုထိတောင့်တင်းလျက် ကျန်ရှိနေဆဲ ။ သို့သော် အနှီအခြေအနေ၌ ၎င်းလေး၏အပြုံးမျက်နှာမှာ သူ့ကို သရော်နေသယောင် ။
လီယိုနာ့ဒ်၏ တစ်ကိုယ်လုံး ပူထူသွား၍ ယင်းလေးကို လက်တစ်ဖက်တည်းဖြင့် ခဲရာခဲဆစ် ပွေ့ချီလျက် လှေကားထစ်စျေးကြီးမှ ဆင်းပြေးသည် ။ ရင်များလည်း တဒိုင်းဒိုင်းခုန်နေသည့်အလျောက် ၊ ပြေးနေလျက်မှာပင် သူ့နှလုံးခုန်သံကို သူပြန်ကြားနေရ၏ ။ အမျိုးစုံအောင်တွေးကြည့်သည် ။ အဖြေမထွက် ။ ယခင်ကအတွေ့အကြုံများနှင့် ဖြစ်နိုင်ခြေအားလုံးကို ဆက်စပ်ဆင်ခြင်ကြည့်သည် ။ အကြောင်းကား ရှာမရ ။
သည်သို့ဖြင့် ထိုစဉ် ၊ ယင်းအခိုက် ၊ ဤအကြိုက်၌ ၊ ၎င်းနေရာဝယ် သူ့ဘဝကို သွက်သွက်ခါအောင် ကိုင်လှုပ်တော့မည့် ဖြစ်ရပ်ကြီးတစ်ခုမှာ အရှိန်ပြင်းစွာ ၊ အဟုန်ကြီးစွာနှင့် စတင် အသက်ဝင် နိုးထလာလေတော့သတည်း ။ ။
**************