← Chapters

သေခြင်းရှင်ခြင်း စင်မြင့်ပေါ်က ယှဉ်ပြိုင်ပွဲ

Vol. 7 Ch. 62

သေခြင်းရှင်ခြင်း စင်မြင့်ပေါ်က ယှဉ်ပြိုင်ပွဲ

Vol. 7 Ch. 62

“ငါ မနေ့ညကမှ ရောက်တာ”

ရှောင်ချန်းသည် ချောင်ရို့ချန်ကို အကဲခတ်ပြီး ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

“ငါ မင်းကို မတွေ့တာ လနည်းနည်းပဲ ရှိသေးတယ်။ မင်းတောင် တော်တော် သန်မာလာပြီပဲ”

ချောင်ရို့ချန်က ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော်က စီနီယာအစ်ကိုနဲ့ တော့ မယှဉ်နိုင်သေးပါဘူး”

“ပိုပြီး ကြိုးစား၊ အနာဂတ်မှာ မင်း ငါ့ကို သေချာပေါက် မီလာမှာ”

ရှောင်ချန်းက လေးနက်စွာ ပြောလိုက်၏။

“ဟုတ်ကဲ့၊ ကျွန်တော် ကြိုးစားပါ့မယ်”

ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့သည် ရယ်ရယ်မောမော စကားစမြည်ပြောရင်း ချူဖုန်း၏ ခြံဝင်းသို့ ရောက်ရှိလာကြသည်။

ယနေ့တွင် ချူဖုန်းသည် တာ့ချန်က သူ့ကို လာတွေ့မည်ကို သိနေသောကြောင့် ပုံမှန်လို အိပ်ရာထ နောက်မကျချေ။

“တပည့် ရှောင်ချန်း၊ တပည့် ချောင်ရို့ချန်တို့က ဆရာ့ကို တွေ့ခွင့်တောင်းပါတယ်”

တံခါးအပြင်ဘက်မှ ရင်းနှီးနေသော အသံနှစ်သံသည် ချူဖုန်း၏ အတွေးရေယာဉ်ကို ဖြတ်တောက်လိုက်သည်။

“ ဂါဝရပြု‌တာတွေ လုပ်မနေနဲ့တော့”

ချူဖုန်းက တံခါးဖွင့်ပြီး အပြင်ထွက်လာကာ ပြောလိုက်၏။

သူသည် ရှောင်ချန်းကို ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။ “ရှောင်ချန်း... မင်း ပြန်ရောက်လာပြီပဲ”

“ဟုတ်ကဲ့ပါ”

ရှောင်ချန်းက ပြောလိုက်၏။ “ ဂျူနီယာညီလေးက ဒီနေ့ ပြိုင်ပွဲ ရှိတယ်မလား။အဲတော့ သူ့ရဲ့ စီနီယာအစ်ကို တစ်ယောက်အနေနဲ့ သူ့ကို အားပေးဖို့ ပြန်လာရမှာပေါ့”

ချောင်ရို့ချန်က ၎င်းကို ကြားသောအခါ သူ၏ရင်ထဲတွင် နွေးထွေးသွားသည်။

သူ့၏ စီနီယာအစ်ကိုသည် သူ့အပေါ် အလွန်ကောင်းကြောင်း သိသော်လည်း ဤအရာက အလွန့်အလွန် ကောင်းလွန်းနေပေသည်။

“မဆိုးဘူး၊ မင်းက နောက်ဆုံးတော့ စီနီယာအစ်ကိုကြီး တစ်ယောက်နဲ့ ပိုတူလာပြီပဲ”

ချူဖုန်းသည် ရှောင်ချန်း၏ လုပ်ရပ်အပေါ် အလွန် ကျေနပ်သွား၏။ အကြီးဆုံးစီနီယာအစ်ကို တစ်ယောက်အနေဖြင့် သူသည် ညီငယ်ညီမငယ်များကို ဂရုစိုက်ရန်လိုအပ်သည်။

“တာ့ချန်... မင်းရဲ့ ဆရာက ဒီနေ့ မင်းနဲ့အတူ လိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းရဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့အတွက် ဆရာ စားသောက်ပွဲကြီး ပြင်ဆင်ထားလိုက်မယ်”

ဝမ်တောက်ကျောင်းတော်၏ ဌာနမှူးဆယ်ဦးထဲမှ တစ်ဦးအနေဖြင့် တပည့်အချင်းချင်းကြား ယှဉ်ပြိုင်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စနှင့်စပ်လျဉ်းသည့် ပြိုင်ပွဲမျိုးကို တက်ရောက်မည် မဟုတ်ချေ။

သူ၏ရာထူးကို အသုံးပြုပြီး အခြားသူများကို အနိုင်ကျင့်သည်ဟု အပြောမခံရစေရန် ဖြစ်သည်။

“ဆရာ ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ။ ကျွန်တော် ဆရာ့ကို လုံးဝ စိတ်မပျက်စေရပါဘူး။ ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ စွမ်းအားကို အဲဒီကောင် သိသွားစေရမယ်”

ချောင်ရို့ချန်သည် ဤစကားကို ပြောသောအခါ သူ၏မျက်လုံးများသည် အလွန်အမင်း လေးနက်နေသည်။ ယနေ့ တိုက်ပွဲသည် သူနှင့် လင်းပင်အန်း ကြားတွင်သာ မဟုတ်ဘဲ သောင်းပြောင်းပညာရပ်ဌာနသည် အသုံးမကျသည့် ဌာန မဟုတ်ကြောင်း ဝမ်တောက်ကျောင်းတော် တစ်ခုလုံးသို့ ကြေညာခြင်းလည်း ဖြစ်ပေသည်။

သူ၊ ချောင်ရို့ချန်၏ ဆရာသည် ကောင်းမွန်သော ဆရာသခင်တစ်ပါးပင်ဖြစ်သည်။

“ကောင်းတယ်”

ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “မင်းမှာ ဒီလို ယုံကြည်မှုမျိုးရှိတာ ကောင်းတယ်။ ဒါပေမဲ့ ပေါ့ဆလို့တော့ မဖြစ်ဘူး။ မင်းရဲ့ ပြိုင်ဘက်ကို အင်အားအပြည့်နဲ့ အနိုင်ယူဖို့ မှတ်ထား။ သူ့ရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးလိုက်နိုင်ရင် အကောင်းဆုံးပဲ”

ရှောင်ချန်းက ၎င်းကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ “ဆရာ... အဲဒါက နည်းနည်း လွန်လွန်းနေမလား။ ဘာပဲဖြစ်ဖြစ်၊ လင်းပင်အန်းနဲ့ တာ့ချန်က တစ်ကျောင်းတည်းသား တပည့်တွေပဲလေ”

ချူဖုန်းက ရှင်းပြလိုက်၏။ “ကံကြမ္မာသားတော်ရဲ့ တာအိုနှလုံးသားကို တိုက်ပွဲမှာ မဖျက်ဆီးနိုင်ရင် အနာဂတ်မှာ တာ့ချန် ပြန်ပြီးဒုက္ခရောက်လာလိမ့်မယ်။ သေချာတာပေါ့ တာ့ချန်... မင်း သူ့ကို ခြေနင်းကျောက်တုံးအဖြစ် သဘောထားလိုက်လို့လည်း ရတယ်”

ချောင်ရို့ချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။ “ဆရာ... ကျွန်တော်က ဒုက္ခ ရောက်မှာကို အကြောက်ဆုံးပဲ။ ဒီတိုက်ပွဲမှာ စစ်မှန်တဲ့ ကြောက်ရွံ့မှုဆိုတာ ဘာလဲဆိုတာ သိသွားအောင် မြည်းစမ်းခိုင်းလိုက်မယ်”

“ကောင်းတယ်။ ဒါမှ ချူဖုန်းရဲ့ တပည့်ပီသတာ။ သွားတော့”

ချူဖုန်းက စကားပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။

“သွားခွင့်ပြုပါဦး ဆရာ”

သူတို့နှစ်ဦး ပြိုင်တူ ပြောလိုက်ကြပြီး ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။

ခြံဝင်းထဲမှ ထွက်ထွက်ချင်းမှာပင် သူတို့က ချင်းချင်းနှင့် ပက်ပင်းတိုးမိကြသည်။

“စီနီယာအစ်ကို... ဒါက ဘယ်သူလဲ”

ချင်းချင်းသည် ရှောင်ချန်းကို သံသယဝင်စွာ ကြည့်လိုက်၏။

“ဂျူနီယာညီမလေး... ဒါ ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ စီနီယာအစ်ကိုကြီး၊ ဝမ်တောက်ကျောင်းတော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင်၊ ရှောင်ချန်းပဲ”

ချောင်ရို့ချန်က မိတ်ဆက်ပေးလိုက်သည်။ “စီနီယာအစ်ကို... ဒါက ဆရာ မကြာသေးခင်ကမှ လက်ခံလိုက်တဲ့ ကျွန်တော်တို့ရဲ့ ဂျူနီယာညီမလေး ချင်းချင်းပါ”

“ချင်းချင်းက ပထမ စီနီယာအစ်ကိုကို ဂါရဝပြုပါတယ်”

ချင်းချင်းက ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။

ရှောင်ချန်းသည် သူ၏ရှေ့မှ အမျိုးသမီးမှာ ဂျူနီယာညီမလေး ဖြစ်ကြောင်း သိလိုက်ရသောအခါ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားပြီး ပြောလိုက်၏။ “ဂါဝရ‌တွေဘာ‌တွေ ပြုမနေပါနဲ့ ဂျူနီယာညီမလေး။ ဂျူနီယာညီမလေးက ငါတို့နဲ့အတူ လိုက်မလို့လား”

“ဟုတ်ပါတယ်ရှင့်”

ချင်းချင်းသည် ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင် တပည့်များ၏ယှဉ်ပြိုင်မှုကို ကြည့်ရှုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထိုကဲ့သို့သော ပွဲမျိုးသည် ဝမ်တောက်မြို့တွင် တစ်သက်တာ၌ တစ်ကြိမ်သာ ကြုံရခဲသော အခွင့်အရေးမျိုး ဖြစ်သည်။

ရှောင်ချန်းကပြောလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆို အစ်ကိုတို့နဲ့ လိုက်ခဲ့လို့ ရတယ်”

စီနီယာနှင့် ဂျူနီယာ မောင်နှမ သုံးဦးတို့သည် ရယ်ရယ်မောမော စကားစမြည်ပြောရင်း သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာသွားကြသည်။

ချူဖုန်းသည် ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ပြီး တွေးနေမိ၏။

‘တာ့ချန်ရဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့အတွက် ဘယ်လိုဟင်းလျာမျိုး ပြင်ဆင်ပေးရင် ကောင်းမလဲ’

ဝမ်တောက်ကျောင်းတော် သေခြင်းရှင်ခြင်း စင်မြင့်၌။

ယနေ့တွင် လူများနှင့် ပြည့်ကျပ်နေသည်။

အတွင်းစည်းနှင့် အပြင်စည်းမှ တပည့်အများအပြားသည် ဤနေရာတွင် စုဝေးနေကြ၏။

လင်းပင်အန်းသည် ဓားပညာဌာန၏ မြင့်မြတ် ခန္ဓာကိုယ်ပိုင်ရှင် အတွင်းစည်းတပည့်သစ်တစ်ဦး ဖြစ်ပြီး ဓားပညာ ဌာနမှူး၏ ကိုယ်ပိုင်တပည့် ဖြစ်သည်။

သို့ဖြစ်၍ သူနှင့် ချောင်ရို့ချန် ယှဉ်ပြိုင်မည့်ပွဲသည် သဘာဝအလျောက် အာရုံစိုက်မှုများစွာကို ဆွဲယူသွားသည်။

မည်သို့ပင်ဆိုစေကာမူ လူအများအပြားသည် လင်းပင်အန်း၏ တိုက်ခိုက်မှုကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ထို့အပြင် ချောင်ရို့ချန်သည် လူအများ၏ အမြင်တွင် မိသားစုကို မှီခိုနေရသော ဒုတိယမျိုးဆက် သခင်လေးတစ်ဦး ဖြစ်သော်လည်း နှစ်တစ်ထောင်ရေခဲကန်မှ ဂျင်ချန်း၏ စံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် အပြင်စည်းနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနတွင် ထင်ရှားကျော်ကြားလာခဲ့သူ ဖြစ်သည်။

လူအများ၏ မျက်လုံးထဲတွင် ချောင်ရို့ချန်သည် သေချာပေါက် မြင့်မြတ် ခန္ဓာကိုယ်နိုးထလာမည့် မျိုးစေ့ကောင်းလေး ဖြစ်သော်လည်း စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်သွားပြီလား ဆိုသည်ကိုတော့ မသိကြပေ။

“ဒီတိုက်ပွဲကို ဘယ်သူ နိုင်မယ်လို့ ထင်သလဲ”

“မေးစရာ လိုသေးလို့လား။ သေချာပေါက် စီနီယာအစ်ကို လင်းပင်အန်း ပေါ့။ သူက မျိုးဆက်သစ် ဓားသမားတွေထဲမှာ ထိပ်တန်း ငါးယောက် စာရင်းဝင်လေ။ ချောင်ရို့ချန်က အမှိုက်သက်သက်ပဲ”

“ဒါပေမဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက လူတွေ ပြောတာ ကြားတယ်၊ ချောင်ရို့ချန်က ဂျင်ချန်ရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တယ်တဲ့။ တကယ်လို့ သူသာ စစ်မှန်ကံကြမ္မာအဆင့်ကို တက်ပြီးရင် နှစ်ယောက်ကြားက တိုက်ပွဲက လှပြီ”

“မေးခွန်းက ချောင်ရို့ချန်က စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်ပြီလား ဆိုတာပဲ။ တကယ်လို့ သူသာ စစ်မှန်ကံကြမ္မာအဆင့်ကို တက်ပြီး မြင့်မြတ် ခန္ဓာကိုယ်ကို နိုးထသွားရင်၊ ဆေးပညာဌာနက လူတွေက သူ့ကို ပြန်ခေါ်ဖို့ သောင်းပြောင်းပညာရပ်ဌာနဆီ ရောက်နေလောက်ပြီးပြီ”

“…”

လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဉ်၊ လူအုပ်ကြားထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ချောင်ရို့ချန် ရောက်လာပြီ”

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် အသံလာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

သူတို့သည် ချောင်ရို့ချန်၊ ရှောင်ချန်းနှင့် မရင်းနှီးသည့် အမျိုးသမီးတစ်ဦးတို့သည် သေခြင်းရှင်ခြင်း စင်မြင့်ဆီသို့ လျှောက်လှမ်းလာကြသည်ကို တွေ့လိုက်ရ၏။

လူများသည် ရှောင်ချန်းကို မြင်လိုက်ရသောအခါ၊ ချောင်ရို့ချန်ကို အထင်သေးပြောဆိုနေခြင်းများ ချက်ချင်း ရပ်တန့်သွားကြသည်။

သူတို့အားလုံး ရှောင်ချန်း၏ တိုက်ပွဲမှတ်တမ်းကို ကြားဖူးကြသည်။ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူများပင် သူ့ကို ယှဉ်နိုင်ခြင်း မရှိပေ။

လူတိုင်း၏ မျက်လုံးထဲတွင် သူသည် ဝမ်တောက်ကျောင်းတော်၏ မျိုးဆက်သစ် လူငယ်များကို ကိုယ်စားပြုသူ ဖြစ်ပြီး၊ ဝမ်တောက်ကျောင်းတော်၏ အနာဂတ် သူကောင်းမျိုးတစ်ဦးပင် ဖြစ်ပေသည်။

သို့သော် မျက်စိလျင်သူ အချို့သည် ချင်းချင်းကို မှတ်မိသွားကြသည်။

“ဒါဆို ကောလာဟလတွေက အမှန်ပဲပေါ့။ မွှေးရနံ့စင်မြင့်က နံပါတ်တစ် အပျော်မယ်က သောင်းပြောင်းပညာရပ်ဌာနကို တကယ် ဝင်သွားတာပဲ”

“သောက်ကျိုးနည်း တကယ်ကြီး သူပဲ။ ဌာနမှူးချူက ဘယ်လို ပျော်ပျော်နေရမလဲ ဆိုတာ သိတာပဲ”

“ငါ ဌာနမှူး ဖြစ်လာရင် ဌာနမှူးချူလိုပဲ လွတ်လွတ်လပ်လပ် နေရမယ်”

“မင်း ဌာနမှူး ဖြစ်ချင်တာ သေချာလို့လား။ မင်းက အပျော်မယ်နဲ့ အိပ်ချင်ရုံ သက်သက်ပါကွာ၊ တကယ့် နှာဘူးကောင်”

“…”

ရှောင်ချန်းတို့သည် လူအုပ်ကြီးကို လျစ်လျူရှုပြီး သေခြင်းရှင်ခြင်း စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။

ဘေးပတ်ဝန်းကျင်ရှိ တပည့်များသည်လည်း အလိုက်သိစွာပင် လမ်းကြောင်းတစ်ခု ပွင့်သွားစေရန် ဘေးနှစ်ဖက်သို့ မသိစိတ်ဖြင့် ဆုတ်ခွာပေးလိုက်ကြ၏။

ချောင်ရို့ချန်သည် သေခြင်းရှင်ခြင်း စင်မြင့် အောက်ခြေသို့ ရောက်ပြီးနောက် စင်မြင့်ပေါ်သို့ တိုက်ရိုက် တက်သွားပြီး ပြိုင်ဘက် ပေါ်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

စင်မြင့်အောက်ရှိ လူအုပ်ကြီးသည် ဆက်လက် စကားစမြည် ပြောဆိုနေကြ၏။

ခဏအကြာတွင် ပုံရိပ်အချို့ မိုးကုပ်စက်ဝိုင်းဆီမှ ပျံသန်းလာကြသည်။

“သူတို့ ရောက်လာပြီ၊ စီနီယာအစ်ကိုလင်းနဲ့ တခြားသူတွေ ရောက်လာပြီ”

ထိုအသံအဆုံးမှာပင် ကောင်းကင်ပေါ်မှ လူတစ်စုသည် မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။

ဦးဆောင်လာသူမှာ လင်းချင်းယွီ ဖြစ်ပြီး လင်းပင်အန်းက အနောက်မှ ကပ်ပါလာသည်။ သူတို့နောက်တွင် ဓားပညာဌာန၏ အတွင်းစည်းနှင့် အပြင်စည်းမှ တပည့်တစ်စု လိုက်ပါလာကြ၏။

လင်းချင်းယွီ၏ အေးစက်စက် မောက်မာသည့် ပုံစံနှင့် ယှဉ်လျှင် လင်းပင်အန်းသည် လူအများကို ရိုးရှင်းပြီး သာမန်ဆန်သော ခံစားမှုကို ပေးစွမ်းသည်။

သို့သော် ပြိုင်ပွဲကို လာရောက်ကြည့်ရှူကြသည့် မည်သူမျှ ထိုလူငယ်လေးကို လျှော့တွက်ရဲခြင်း မရှိကြပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ် ခန္ဓာကိုယ် ပိုင်ရှင် လက်တစ်ဆုပ်စာထဲမှ တစ်ဦး ဖြစ်ပေသည်။

လင်းပင်အန်းသည် လူအုပ်ကြီးကို လျစ်လျူရှုထားလိုက်သည်။ သူ၏အကြည့်သည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်ရှိ ချောင်ရို့ချန်အပေါ်တွင်သာ ရောက်နေသည်။

ချောင်ရို့ချန်သည် လင်းပင်အန်း၏ အကြည့်ကို ခံစားမိပြီး ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည် စိုက်ကြည့်လိုက်သည်။

သူတို့နှစ်ဦး အပြန်အလှန် တိုက်ခိုက်ခြင်း မပြုရသေးသော်လည်း သေခြင်းရှင်ခြင်း စင်မြင့် ပတ်ဝန်းကျင်ရှိ လေထုသည် ပြောင်းလဲသွားတော့သည်။

All Chapters