ငါက ငါ့ရဲ့ ဝှက်ဖဲကိုတောင် ထုတ်သုံးပြီးပြီလေ။ ဘယ်လိုလုပ် အသေအလဲ အရိုက်ခံနေရသေးတာလဲ
Vol. 7 Ch. 64
သေခြင်းရှင်ခြင်း စင်မြင့်ထက်တွင်။
ထိုအခိုက် အေးစက်သည့် ဓားချီစီးကြောင်းရှည်ကြီး ကျဆင်းလာသည်။
ချက်ချင်းဆိုသလိုပင် ပြိုင်ဘက်ကင်းလက်သီးဆန္ဒတစ်စုံက အရှိန်အဟုန်ဖြင့် လိုက်ပါထွက်ပေါ်လာ၏။
ဓားချီစွမ်းအင်နှင့် လက်သီးဆန္ဒတို့က လေထဲတွင် ထိပ်တိုက် တွေ့သွားသောကြောင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
သေခြင်းရှင်ခြင်း စင်မြင့်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ထိပ်တိုက်တွေ့ဆုံမှုကြောင့်ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုလှိုင်းလုံးကြီးသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည်။
စင်အောက်က ကြည့်ရှုနေကြသည့် တပည့်ကြီးများက ကံမကောင်းသည့် တပည့်ငယ်လေးများ ထိခိုက်မှု မရှိစေရန်အတွက် ရိုက်ခတ်မှုလှိုင်းများကို ဖျက်ဆီးပစ်ရန် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြသည်။
သေခြင်းရှင်ခြင်း စင်မြင့်၌။
ချောင်ရို့ချန်သည် ယခင်နေရာတွင် မလှုပ်မယှက် ရပ်နေပြီး လင်းပင်အန်းကို စိတ်လှုပ်ရှားစွာ ကြည့် နေသည်။
“ဓားဘုရင်အိုကြီးက မင်းကို ဓားပညာဌာနရဲ့ အထွတ်အထိပ် သိုင်းပညာ သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသိုင်းက်ို သင်ပေးထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ သူတော်စင်ရဲ့ အရိပ်အယောင်တောင် မရှိပါလား”
သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသိုင်းကို အတိတ်က ဝမ်တောက်ကျောင်းတော်၏ သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသူတော်စင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသူတော်စင်သည် ဤတိုက်ကွက် ခုနစ်ကွက်ဖြင့် ကျော်ကြားခဲ့သည်။
သူ ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာပြီးနောက် သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသိုင်းကို ဓားပညာဌာနတွင် ထားရစ်ခဲ့သည်။
သူတော်စင်အဆင့်သိုင်းပညာသည် ဓားပညာဌာန၏ မဟာသူတော်စင်အဆင့် သိုင်းကျမ်း သုံးခုအနက် တစ်ခုလည်း ဖြစ်ပေသည်။
လင်းပင်အန်းသည် တပည့်ဖြစ်လာသည်မှာ မကြာသေးသော်လည်း ဓားဘုရင်က သူ့ကို သူတော်စင် အဆင့် သိုင်းပညာ သင်ကြားပေးထားသည်။ ဓားဘုရင်က လင်းပင်အန်းကို ဆက်ခံသူအဖြစ် ပျိုးထောင်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားနေပါသည်။
စင်မြင့်အောက်တွင်။
လင်းချင်းယွီသည် သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသိုင်းဟူသော စကားလုံးကို ကြားလိုက်ရသောအခါ အရုပ်ဆိုးသွားသည်။
သူသည် ဓားပညာဌာနတွင် ဤမျိုးဆက်၏ မြင့်မြတ် ခန္ဓာကိုယ်ကို နိုးထလာသည့် ပထမဆုံးလူဖြစ်သည်။
သို့သော် ဓားပညာဌာနသည် သူ့အား မည်သည့် သူတော်စင်အဆင့်သိုင်းကျမ်းကိုမျှ သင်ကြားမပေးခဲ့ချေ။
ထိုအစား လင်းပင်အန်းက သင်ယူခွင့် ရရှိသွားသည်။
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် လင်းပင်အန်း၏ မျက်နှာထားသည် အလွန်အရုပ်ဆိုးနေသည်။ သူ၏ သတ်ဖြတ်ခြင်းခုနစ်ပါး ဓားသိုင်းသည် တိုက်ခိုက်မှုကို အဆများစွာ အားမြှင့်ပေးနိုင်သည်။
သို့သော် သူ၏ဓားကွက်များသည် ချောင်ရို့ချန်၏ လိပ်ခွံကဲ့သို့ ခံစစ်ကို မချိုးဖျက်နိုင်သေးပေ။
ထို့အပြင် သူ ခုနက ထိုးချက်ထဲတွင် လက်သီးဆန္ဒ အရိပ်အယောင်ကို အာရုံခံမိလိုက်ပါသည်။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။သူက လွန်ခဲ့တဲ့ တစ်နှစ်လောက်က သုံးစားမရတဲ့ ကောင်ဖြစ်နေတာကို’
သူက အံကြိတ်ပြီး လက်ထဲမှ အဖိုးတန်ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ စောနက ဓားချက်သည် သူ့အား အတော်လေး အားကုန်သွားစေသည်။
သူ၏လက်ရှိ အခြေအနေနှင့်ဆိုလျှင် နောက်ထပ် ဓားချက်တစ်ချက်သာ ထုတ်လွှတ်နိုင်တော့ပေမည်။
လင်းပင်အန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ “ဟန်ဆောင်မနေနဲ့တော့၊ မင်း ငါ့ရဲ့ နောက်ထပ် ဓားချက် တစ်ချက်ကို တားနိုင်တော့မှာ မဟုတ်ဘူး”
“ဟန့်”
ချောင်ရို့ချန်သည် နှာခေါင်းရှုံ့လိုက်သည်။ “မင်းမှာ ရှိတဲ့ အကွက်တွေကိုသာ ထုတ်သုံးစမ်းပါ”
ချလွင်။
လင်းပင်အန်းက ဘာမှပြန်မပြောတော့ဘဲ ဓားချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။
ဤဓားချက်သည် ယခင်တစ်ချက်ထက် ပို၍ မြန်ဆန်ကာ ပြင်းထန်ပေသည်။
ထို့အပြင် ဓားဆန္ဒသည် တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလာနေသည်။
ဝုန်း။
ဓားချက် ကျဆင်းလာပြီးနောက် သေခြင်းရှင်ခြင်း စင်မြင့်တစ်ခုလုံးသည် ဟက်တက်ကွဲသွားတော့သည်။
သို့သော် ကံဆိုးစွာဖြင့် ဓားချက်သည် ချောင်ရို့ချန်အပေါ် သို့ ကျရောက်မလာပေ။
“မင်းကို ပြောဖို့ မေ့နေတာ၊ငါ့အပေါ် တူညီတဲ့ တိုက်ကွက်တွေက အသုံးမဝင်ဘူး”
သူ စကားဆုံးသည်နှင့် ချောင်ရို့ချန်၏ လက်သီးက ကျဆင်းလာခဲ့သည်။
ထိုအခါမှသာ လင်းပင်အန်းက သတိပြန်ဝင်လာပြီး ဓားကို အလျင်အမြန် ဝှေ့ယမ်းကာ ကာကွယ်လိုက်သော်လည်း နောက်ကျသွားပါသည်။
ဘုန်း။
လက်သီးသည် ဓားကို ဖြိုခွင်း၍ လင်းပင်အန်းကို ပြင်းထန်စွာ ထိမှန်သွားသည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် သဲအိတ်တစ်အိတ်ပမာ လွင့်စင်ထွက်သွားသည်။
သူသည် လေထဲတွင် (၁၀) မီတာကျော်ခန့် လွင့်ပါသွားပြီးမှ စင်မြင့်ပေါ်သို့ ပြန်လည်ပြုတ်ကျသွားသည်။
ဘုန်း
လင်းပင်အန်းက မတ်တပ်ရပ်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုက သူ၏ဓားကိုင်ထားသည့် လက်ကို တက်နင်းလိုက်သည်။
လက်ချောင်းများသည် နှလုံးသားနှင့် ဆက်စပ်နေသောကြောင့် ပြင်းထန်သည့် နာကျင်မှုကို မချိမဆံ့ ခံစားလိုက်ရသည်။
သို့တိုင်အောင် လင်းပင်အန်းက လက်မခံနိုင်သေးပေ။ သူသည် အံကြိတ်ပြီး ခေါင်းမော့ကာ ချောင်ရို့ချန်ကို စိုက်ကြည့်လိုက်သည်။
“ဒီလောက်နဲ့ ငါ့ကို နိုင်မယ်လို့ မထင်နဲ့”
ဖြောင်း။
ချောင်ရို့ချန်က ပါးရိုက်လိုက်သည်။
သူ၏ရိုက်ချက်သည် ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးသားရဲကိုပင် မူးဝေသွားစေနိုင်သည်။
လင်းပင်အန်း၏ မျက်နှာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းဖြင့် ဖူးယောင်လာသည်။
ဖြောင်း
ချောင်ရို့ချန်သည် အခြားတစ်ဖက်ကိုလည်း ရိုက်လိုက်ပြီး ရေရွတ်လိုက်သည်။ “အခုမှ ညီသွားတော့တယ်”
“မင်း”
လင်းပင်အန်းသည် ပြန်လည်တိုက်ခိုက်ရန် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို လှုံ့ဆော်ချင်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်၍ လုံးဝ ပြန်မတိုက်နိုင်တော့ချေ။
သူသည် မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် အော်ဟစ်လိုက်သည်။ “ဆရာ ဒီကောင့်ကို အနိုင်ယူဖို့ ကျွန်တော့်ကို ကူညီပါဦး”
မကြာမီ အိုမင်းနေသည့် အသံတစ်သံသည် သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
“အဆင့်တူ ကောင်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဘယ်လိုလုပ် ရှုံးသွားရတာလဲ၊ မင်းခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင် တစ်စက်မှ မကျန်တော့ဘူး။ငါ ဝင်ပါလိုက်ရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ တော်တော်လေး ကုန်သွားလိမ့်မယ်”
“ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းကို စစ်မှန်ကံကြမ္မာအဆင့် အထွတ်အထိပ် ရောက်အောင်ပဲ ကူညီပေးနိုင်မယ်။ ငါ့စွမ်းအားကို အကုန်သုံးလိုက်ရင် ဝမ်တောက်ကျောင်းတော်ထဲက ဟိုအဘိုးကြီး သတိထားမိသွားလိမ့်မယ်”
ဤအဘိုးကြီး ဆင်ခြေပေးနေမှန်း လင်းပင်အန်းက ကောင်းကောင်း သိပါသည်။
သို့သော် သူသည် ဤမျှ သနားစရာကောင်းသည့် အခြေအနေအထိ ရိုက်နှက်ခံထားရပြီဖြစ်၍ ဂရုမစိုက်နိုင်တော့ပေ။
“ဆရာ စိတ်မပူပါနဲ့။ ဆရာ့ရဲ့ ဝိညာဉ်စွမ်းအား ပြန်ကောင်းလာဖို့အတွက် ကျွန်တော် မြင့်မြတ်ပစ္စည်းတွေကို ရှာပေးပါ့မယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက စစ်မှန်ကံကြမ္မာအဆင့် အထွတ်အထိပ်ကို ရောက်သွားရင် အဲဒီကောင်ကို အနိုင်ယူနိုင်ပါတယ်”
“ကောင်းပြီ”
လူအိုကြီးက ခေါင်းညိတ်ပြီး သူ၏ဝိညာဉ်စွမ်းအားများကို လင်းပင်အန်း၏ ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လင်းပင်အန်း၏ အရှိန်အဝါသည် ထိုးတက်လာပြီး စစ်မှန်ကံကြမ္မာအထွတ်အထိပ်အဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။
သေခြင်းရှင်ခြင်း စင်မြင့်အောက်က လူအုပ်ကြီး၏ မျက်နှာတွင် တုန်လှုပ်သော အမူအရာများ အလျှိုလျှို ပေါ်လာကြသည်။
ချင်းချင်းပင်လျှင် သတိထားဖို့ အော်ပြောလိုက်သည်။ “ဒုတိယ စီနီယာအစ်ကို သတိထား”
ချောင်ရို့ချန်သည် ၎င်းကို မြင်လိုက်ရသော်လည်း မကြောက်ရွံ့ပေ။ ခြေတစ်လှမ်းဝက် နောက်ဆုတ်လိုက်ပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “မင်းမှာ ဒီလို လျှို့ဝှက်နည်းစနစ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”
သူ နောက်ဆုတ်သွားသည်ကို မြင်သောအခါ လင်းပင်အန်းသည် မြေပြင်ပေါ်မှ ဓားကို အလျင်အမြန် ကောက်ယူပြီး ချောင်ရို့ချန်ကို ထိုးစိုက်လိုက်သည်။
ချောင်ရို့ချန်က နောက်မဆုတ်ရုံသာမက ပြန်လည်တိုက်ခိုက်လိုက်သည်။
ဓားသည် သူ့ခန္ဓာကိုယ်အပေါ် ကျရောက်ပြီး သတ္တုချင်းရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ချောင်ရို့ချန်သည် ယဉ်ကျေးမနေတော့ဘဲ လင်းပင်အန်း၏ နှလုံးသားတည့်တည့်ကို တိုက်ရိုက် ထိုးချလိုက်သည်။
သူတို့နှစ်ဦးကြား အကွာအဝေးသည် ယခုအခါ သုံးပေအောက်သာ ရှိတော့သည်။
လင်းပင်အန်း အနေဖြင့် ဤလက်သီးချက်ကို ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ချေ။
ဘုန်း
တစ်ခုခု ကွဲအက်သွားသည့်အသံ ထွက်ပေါ်လာပြီး လင်းပင်အန်း၏ မျက်နှာထားမှာ ချက်ချင်း အကြီးအကျယ် ပြောင်းလဲသွားသည်။
ချောင်ရို့ချန်၏ လက်သီးချက်ကြောင့် သူ၏နှလုံးကာမှန် ကွဲသွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ဘမ်း။
လင်းပင်အန်းသည် သူ၏ဒန်တျန်းထဲတွင် နာကျင်မှုကို ပြင်းထန်စွာခံစားလိုက်ရ၏။ ထို့နောက်တွင် ချောင်ရို့ချန်သည် သူချည်းပင် ပိတ်တီးတော့သည်။
သေခြင်းရှင်ခြင်း စင်မြင့်အောက်တွင်။
စင်မြင့်ပေါ်မှ မြင်ကွင်းကို ကြည့်နေကြသော တပည့်အုပ်စုကြီးသည် မှင်တက်နေကြသည်။
ဤတိုက်ပွဲသည် တစ်ဖက်သတ် အနိုင်ယူမည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု ထင်မှတ်ထားကြပါသည်။
သို့သော် လူတိုင်းက ဇာတ်သိမ်းပိုင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြသော်လည်း ဖြစ်စဉ်ကိုမူ လွဲချော်ခဲ့ကြသည်။
တစ်ဖက်သတ် ရိုက်နှက်နေသူမှာ တိုက်ပွဲမတိုင်ခင်က နာမည်မကြီးသည့် ချောင်ရို့ချန် ဖြစ်နေသည်။
ထို့အပြင် သူ၏ရိုက်နှက်နေပုံက ကျင့်ကြံသူတစ်ဦး၏ ဟန်ပန် လုံးဝ မရှိဘဲ လမ်းဘေးလူမိုက်တစ်ယောက် လူရိုက်နေသကဲ့သို့ပင် ဖြစ်နေသည်။
လင်းပင်အန်းလည်း မှင်တက်နေသည်။
‘ဆရာ့ကို အကူအညီတောင်းပြီး စစ်မှန်ကံကြမ္မာအထွတ်အထိပ်အဆင့်ထိ မြှင့်လိုက်တာတောင် ချောင်ရို့ချန်ကို ဘာလို့ မနိုင်သေးတာလဲ’
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ယံမှ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ရပ်လိုက်စမ်း”
လင်းပင်အန်းကို လက်ဖြင့် ဆွဲမထားသည့် ချောင်ရို့ချန်သည် ကောင်းကင်ဘက်သို့ မော့ကြည့်လိုက်စဉ် ဓားပညာဌာန၏အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဓားပျံစီးပြီး ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ဘမ်း။
သူက လင်းပင်အန်း၏ ဒန်တျန်ကို နောက်ထပ် တစ်ချက် ထိုးလိုက်သည်။
“ငါ မင်းကို ရပ်ဖို့ ပြောနေတယ်လေ မကြားဘူးလား”
ဓားပညာဌာန၏ အကြီးအကဲက စကားပြောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။
ချောင်ရို့ချန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသည်။ “ဪ ဓားပညာဌာနက ဂုဏ်သိက္ခာကြီးမားလှပါလား။ လူငယ်တွေ မနိုင်တော့ လူကြီးတွေ လာကြတယ်၊ ဘာလဲ ခင်ဗျားတို့ ဓားပညာဌာနက ဝမ်တောက်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ဝင်ရောက်စွက်ဖက်ချင်နေတာလား”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းက တုန်လှုပ်သွားကြတော့သည်။