ဒီကောင်လေးရဲ့ တာအိုနှလုံးသားက ပျက်စီးသွားပြီ
Vol. 7 Ch. 65
ရှီး။
တပည့်များက လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိကြသည်။
‘သခင်လေးချောင်က အရင် သခင်လေးချောင်ပါပဲ၊ မဟုတ်သေးဘူး... သူက အရင်ကထက်တောင် မောက်မာလာသေးတယ်’
ယခင်က သခင်လေးချောင်သည် မောက်မာသည့်သခင်လေးတစ်ဦးသာ ဖြစ်သော်လည်း လက်ရှိ သခင်လေးချောင်သည် မောက်မာသည့်သခင်လေး ဖြစ်ရုံသာမက တိုက်ခိုက်ရေးသမားကောင်းတစ်ဦးလည်း တစ်ယောက်လည်း ဖြစ်လို့နေသည်။
၎င်းကို တွေးမိသောအခါ လူအုပ်ကြီးသည် တိတ်တတိတ် သက်ပြင်းချလိုက်ကြသည်။ သူတို့က သခင်လေးချောင်ကို မစော်ကားခဲ့မိသည့် ဝမ်းသာသွားသည်။
သို့သော် လူအုပ်ထဲတွင် အချို့သူများသည် တုန်လှုပ်နေပါသည်။
ထိုသူများမှာ မာပင်း နှင့် သူ၏အဖွဲ့ပင် ဖြစ်သည်။ ယနေ့ သူတို့ ဤနေရာသို့ လာရခြင်းမှာ စီနီယာအစ်ကိုလင်းက ချောင်ရို့ချန်အား ရက်ရက်စက်စက် ရိုက်နှက်သည်ကို ကြည့်ရှုရန် ဖြစ်၏။
သို့သော် ယခု စီနီယာအစ်ကိုလင်းသည် ချောင်ရို့ချန်ထံမှ ပြာနှမ်းနေအောင် အရိုက်ခံလိုက်ရသည်။
ချောင်ရို့ချန်အကြောင်း သူတို့သိထားသလောက် လင်းပင်အန်းကို ရှင်းပြီးသည်နှင့် သူတို့အလှည့်ရောက်လာပေလိမ့်မည်။
ယခုအခါ သူတို့သည် ကောင်းကင်ပေါ်ရှိ အကြီးအကဲရွှယ် ထက်ပင် ပို၍ စိုးရိမ်နေသည်။
‘အကြီးအကဲရွှယ်က ချောင်ရို့ချန်ကို အပြစ်ပေးမယ်ဆိုရင်လည်း ဒုက္ခိတဖြစ်သွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ’
‘ သူတို့လည်း တွေးပူနေစရာမလိုတော့ဘူး’
“အကြီးအကဲတွေကို မလေးစားတဲ့ သူငယ်နှပ်စား ဂျူနီယာပါလား။ ဒီနေ့ ဆေးဘုရင် ရွှမ်ဟို့အစား မင်းကို ဆုံးမပေးမယ်”
အကြီးအကဲရွှယ်သည် ဓားဘုရင်မှ လင်းပင်အန်းကို စောင့်ရှောက်ပေးရန် တာဝန်ပေးထားသော်လည်း တိုက်ပွဲမစခင်က သူသည် လင်းပင်အန်းနှင့်အတူ သေခြင်းရှင်ခြင်း စင်မြင့်သို့ လိုက်ပါမလာပေ။
သူက အများသူငှာတို့လိုပင် ချောင်ရို့ချန်သည် ဓားပညာဌာန၏ ပါရမီရှင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားမိပေ။
တစ်ခဏတာ သတိတရားလွတ်လိုက်မိခြင်းသည် အကြီးအကဲကို ကျဉ်းထဲကြပ်ထဲရောက်သွားစေသည်။
“ဟန့်”
ထက်ကောင်းကင်မှ နှာခေါင်းရှုံသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းသည် အကြီးအကဲရွှယ်ကို ကောင်းကင်ပေါ်ကနေ ပြုတ်ကျသွားလုမတတ် ထိတ်လန့်သွားစေသည်။
ချက်ချင်းဆိုသလိုပင် အဝေးတစ်နေရာမှ ခန့်ညားထည်ဝါသည့်အသံကြီး ထွက်လာသည်။
“ဘာလဲ။ မင်းတို့ ဓားပညာဌာနက လူတွေက အရှုံးကို လက်မခံချင်ဘူးလား။ သေခြင်းရှင်ခြင်း စင်မြင့်ရဲ့ ကိစ္စတွေကိုတောင် ဝင်စွက်ဖက်ချင်နေကြပြီလား”
ဆေးဘုရင်ရွှမ်ဟို့၏ ပုံရိပ်သည် စကားပြောသံနှင့်အတူ ထွက်ပေါ်လာသည်။
သူတို့က ဆေးဘုရင် ပေါ်လာသည်ကို မြင်သောအခါ အရိုအသေ ပေးလိုက်ကြ၏။
“ဆေးဘုရင်ရွှမ်ဟို့ကို ဂါရဝပြုပါတယ်”
အကြီးအကဲရွှယ်က လုံးဝ ကြောင်အသွားသည်။
‘ချောင်မိသားစုကနေ ချောင်ရို့ချန်ကို ထုတ်ပယ်လိုက်ပြီလို့ ပြောထားတာ မဟုတ်ဘူးလား’
‘ဆေးဘုရင်ရွှမ်ဟို့က ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ’
သူ နားမလည်နိုင်သော်လည်း ဆေးဘုရင်ရွှမ်ဟို့ကို အရိုအသေ ပေးလိုက်သည်။
“မင်္ဂလာပါ ဆေးဘုရင်”
“ဟမ့်”
ဆေးဘုရင်ရွှမ်ဟို့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မင်းက ဓားဘုရင်ကို လာပြီး ငါနဲ့ ရင်ဆိုင်ခိုင်းမလား၊ ဒါမှမဟုတ် မင်းရဲ့ ဂျူနီယာ ကိုယ်စား အရှုံးပေးမလား”
အကြီးအကဲရွှယ်သည် ကြောက်ရွံ့စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ ဓားပညာဌာနက အရှုံးကို လက်ခံပါတယ်။ ကျွန်တော် ခုနက စည်းကျော်မိသွားပါတယ်။ နောက်မှ တူလေးချောင်ကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင် ပို့ပေးလိုက်ပါ့မယ်”
“ကောင်းပြီလေ”
ဆေးဘုရင်ရွှမ်ဟို့သည် ကိစ္စကို ကြီးထွားအောင် လုပ်ရန် မရည်ရွယ်ပေ။ သူ ဤနေရာကို ရောက်လာရသည်မှာ အဓိကအားဖြင့် မြေးလေး ဘယ်လောက် သန်မာလာပြီလဲ ဆိုတာကို ကြည့်ချင်လို့သာ ဖြစ်သည်။
ယနေ့ တိုက်ပွဲသည် သူ့ကို အလွန် ကျေနပ်သွားစေသည်။
“ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး”
အကြီးအကဲရွှယ်က ပြောပြီးနောက် လင်းပင်အန်းကို ဆွဲယူကာ သေခြင်းရှင်ခြင်း စင်မြင့်မှ ထွက်ခွာသွာသည်။ ဤနေရာ၌ တစ်စက္ကန့်လေး တောင်မနေချင်သည့်အလားပင်။ ဆေးဘုရင်ရွှမ်ဟို့၏ ရိုက်နှက်ခြင်းကို ခံရမည် စိုးသောကြောင့် ဖြစ်သည်။
ဝမ်တောက်ကျောင်းတော်သည် ပြဿနာကို တားမြစ်ထားသော်လည်း ဤကိစ္စ၌ သူကသာ မှားယွင်းခဲ့၍ ဆေးဘုရင်က သူ့ကို ရိုက်နှက်လာခဲ့လျှင်ပင် ကျောင်းအုပ်ကြီးက အပြစ်ပေးမည်မဟုတ်ပေ။
သူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဆေးဘုရင်ရွှမ်ဟို့သည် ချောင်ရို့ချန်ကို လက်မထောင်ပြပြီး လှည့်ထွက်သွားသည်။
အကြီးအကဲ နှစ်ဦး ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးက အော်ဟစ်အားပေးကြတော့သည်။
“စီနီယာအစ်ကိုချောင်”
“စီနီယာအစ်ကိုချောင်”
“…”
ချောင်ရို့ချန်သည် လူအုပ်ကြီး၏ အားပေးမှုကို ခံယူလျက် စင်မြင့်ပေါ်မှ ဆင်းလာသည်။
ချင်းချင်းနှင့် ရှောင်ချန်းတို့က သူ့ကို ဦးဆုံး လာရောက် နှုတ်ဆက်ကြသည်။
“ဒုတိယ စီနီယာအစ်ကို... အဆင်ပြေရဲ့လား” ချင်းချင်းက အရင် မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ အဲဒီကောင်လေးရဲ့ ဓားချီက ဘာမှ မဟုတ်ဘူး။ ဆရာနဲ့ ယှဉ်ဖို့ မပြောနဲ့ စီနီယာအစ်ကိုကြီးရဲ့ အဆင့်ကိုတောင် မီဖို့ အဝေးကြီး လိုသေးတယ်”
ချောင်ရို့ချန်သည် လင်းပင်အန်းကို လုံးဝ အလေးမထားသည့်အလား ပြုံးကာ ပြောလိုက်သည်။
ရှောင်ချန်းက သူ၏ပခုံးကို ပုတ်ကာ ဆိုသည်။ “ဂျူနီယာညီလေး...မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ပြန်ပြီး အောင်ပွဲခံကြတာပေါ့”
“သွားကြစို့”
ထိုသို့ပြောပြီးနောက် ဌာနတူတပည့်သုံးဦးတို့သည် လူအုပ်ကြီး၏ အာရုံစိုက်မှုများကြားမှ သေခြင်းရှင်ခြင်း စင်မြင့်မှ ထွက်ခွာသွားကြသည်။
လူအုပ်ကြီးသည် သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး စတင် ဆွေးနွေးကြသည်။
“စီနီယာအစ်ကိုရှောင်က ကံကောင်းပြီး သန်မာလာတာလို့ထင်ခဲ့တာ။ ဒါပေမဲ့ စီနီယာအစ်ကိုချောင်ကပါ သန်မာလာလိမ့်မယ်လို့ မထင်ထားဘူး။ သောင်းပြောင်းပညာရပ်ဌာနမှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ ရှိနေတာများလား”
“ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သောင်းပြောင်းပညာရပ်ဌာနဆိုတာ တစ်ချိန်တုန်းက ဂုဏ်ကျက်သရေတင့်တယ်ခဲ့ဖူးတာပဲလေ။ ပြီးတော့ ကုချင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ သူတော်စင်လေးပါးက အဲဒီကနေ ပေါ်ထွက်လာခဲ့ဖူးတယ်”
“ဒါဆို ငါတို့ သောင်းပြောင်းပညာရပ်ဌာနကို ပြောင်းသင့်သလား”
“တကယ်လို့ မင်းသာ အတွင်းစည်းတပည့် ဖြစ်နိုင်မယ်ဆိုရင် သွားချင်ဦးမှာလား”
“……”
သောင်းပြောင်းပညာရပ်ဌာန အတွင်း၌။
ချူဖုန်းသည် လောလောဆယ် အလုပ်ရှုပ်နေလေသည်။
သူသည် တာ့ချန်ပျော်ရွှင်စွာ စားသောက်နိုင်ရန်အတွက် ဝိုင်ကောင်းကောင်းနှင့် အရသာရှိဟင်းပွဲများကို ပြင်ဆင်နေသည်။
“ဆရာ... ကျွန်တော်တို့ ပြန်ရောက်ပါပြီ”
ချောင်ရို့ချန်၏ အသံကျယ်ကြီးက အဝေးကနေ ထွက်ပေါ်လာသည်။
ချူဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။ “ကောင်စုတ်လေး... အရင် ထိုင်လိုက်ဦး။ ချင်းအာ... ဝင်လာပြီး ဆရာ့ကို ကူပါဦး”
“ဟုတ်ကဲ့”
ချင်းချင်းက ပြန်ထူးလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်လာသည်။
နာရီဝက် ကြာပြီးနောက်။
ခြံဝင်းထဲတွင် ဟင်းပွဲများ ပြည့်နေသည့် စားပွဲဝိုင်းတစ်ခု ပေါ်လာသည်။
ချူဖုန်းတို့သည် စားပွဲဝိုင်းတွင် ထိုင်ကာ ပျော်ရွှင်စွာ စားသောက်ကြတော့သည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက်။
ချူဖုန်းသည် မေးလိုက်သည်။ “တာ့ချန်... ဒီနေ့ တိုက်ပွဲအကြောင်း ပြောပြစမ်းပါဦး”
ချောင်ရို့ချန်သည် ဝိုင်အရှိန်ကို အခွင့်ကောင်းယူပြီး ယနေ့ တိုက်ပွဲကို အသေးစိတ်ကျကျ ပြောပြလိုက်သည်။
ချူဖုန်းက နားထောင်ပြီးနောက် ပြောလိုက်၏။ “ဒါဆို မင်းက ဟိုကောင်လေး လင်းပင်အန်းရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးလိုက်တာပေါ့”
“ဟုတ်ကဲ့။ လင်းပင်အန်းကို သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှာ သတ်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ပြီးတော့ သူ့ဆီကနေ သူနဲ့မတူတဲ့ အရှိန်အဝါ တစ်ခုကို ခံစားမိတယ်။ ကြည့်ရတာ သူ့မှာ အသက်ကယ် နည်းလမ်းတချို့ ရှိနေသေးပုံပဲ။ တကယ်လို့ ကျွန်တော်တို့တခြားနေရာမှာ တွေ့ခဲ့ရင် ကျွန်တော့်လက်ထဲကနေ လွတ်လောက်တယ်”
ချောင်ရို့ချန်သည် လင်းပင်အန်းထံမှ ထူးဆန်းသော အရှိန်အဝါကို ရှင်းလင်းစွာ မှတ်မိနေဆဲပင်။
ထို့အပြင် ထူးဆန်းသည့် အရှိန်အဝါမှ ထုတ်လွှတ် နေသည့် တိုက်ခိုက်စွမ်းရည်သည် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
အကယ်၍ လင်းပင်အန်းသာ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထလာပြီး စွမ်းအားကြီးအရှိန်အဝါများကို ခံနိုင်ရည် ရှိခဲ့ပါက ယနေ့ တိုက်ပွဲသည် ပို၍ ကြပ်တည်းသွားနိုင်သည်။
ချူဖုန်းက ခေါင်းအသာညိတ်လိုက်သည်။ “မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုကိစ္စ တစ်ခုတည်းနဲ့ လင်းပင်အန်းရဲ့ တာအိုနှလုံးသားကို မဖျက်ဆီးနိုင်သေးဘူး”
“သူ ခဏတာ လဲကျသွားရင်တောင် အနာဂတ်မှာ ပိုပြီးသန်မာလာလိမ့်မယ်”
ဆရာ ပြောသည်ကို ကြားသောအခါ ချောင်ရို့ချန်၏ မျက်နှာထားသည် လေးနက်သွားသည်။
“ဆရာ စိတ်မပူပါနဲ့၊ ကျွန်တော် ကျင့်ကြံခြင်းကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါဘူး”
“ကောင်းပြီ”
ချူဖုန်းက ပြုံးလျက် ပြောလိုက်လေသည်။ “တကယ်လို့ မင်းသာ တည်ငြိမ်ပြီး ကိုယ့်ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နိုင်မယ်ဆိုရင် လင်းပင်အန်းက မင်းကို ဘယ်တော့မှ မီလာနိုင်မှာ မဟုတ်ဘူး”
ဘေးနားမှ ရှောင်ချန်းက ပြောလိုက်၏။ “ဂျူနီယာညီလေး... မင်း တစ်ခုခု လိုအပ်ရင် မင်းရဲ့ စီနီယာအစ်ကိုကို ခေါ်လို့ရတယ်။ လင်းပင်အန်းမှာ လျှို့ဝှက်ချက်ကြီး ရှိနေမှတော့ သူ့ကို ကိုင်တွယ်ဖို့ ငါတို့ နှစ်ယောက် လက်တွဲလိုက်တာက ရှက်စရာ မဟုတ်ဘူး”
၎င်းကို ကြားလိုက်ရသောအခါ ချောင်ရို့ချန်၏ မျက်နှာတွင် အံ့ဩသည့် အရိပ်အယောင် ပေါ်လာသည်။
“စီနီယာအစ်ကို... တကယ်လို့ ကျွန်တော် ရှုံးသွားရင် သူ့ကို ရိုက်နှက်ဖို့ အစ်ကို ကူညီ ပေးမယ်လို့ ပြောလာမယ် ထင်ထားတာ”
ရှောင်ချန်းက ပြောလိုက်သည်။ “မင်းရဲ့ စီနီယာအစ်ကို ငါက အဲဒီလောက် ခေါင်းမာတဲ့လူမျိုးလား”
“ဟားဟား...”
ဓားပညာဌာန အတွင်း၌။
ဓားဘုရင်သည် သူပင် မမှတ်မိနိုင်လောက်အောင် ရိုက်နှက်ခံထားရသော တပည့်ဖြစ်သူကို အလွန်အရုပ်ဆိုးသော မျက်နှာထားဖြင့် ကြည့်နေသည်။
“ချောင်ရို့ချန်... သောင်းပြောင်းပညာရပ်ဌာန... ဒီကြွေးကို ငါ မှတ်ထားလိုက်မယ်”
“အကြီးအကဲရွှယ်... ငါ့အတွက် အကောင်းဆုံး ကုသရေး ဆေးလုံးတွေ ရှာပေးပါ၊ ပင်အန်းကို သေချာ ကုသပေးရမယ်”
အကြီးအကဲရွှယ်က လေးစားစွာ ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”
ဓားဘုရင်က ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ အခန်းထဲမှ ထွက်လာပြီးနောက် သူက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
‘ ငါ့မျှော်လင့်ချက်တွေအားလုံးကို လင်းပင်အန်း တစ်ယောက်တည်းအပေါ် ပုံအပ်ထားလို့ မရတော့ဘူး ထင်တယ်။ အရင်းအမြစ်တွေကို လင်းချင်းယွီဘက် ပိုပြီးပေးရတော့မယ်’
အခန်းထဲတွင်။
လင်းပင်အန်းသည် ဗလာကျင်းသော မျက်လုံးများဖြင့် မျက်နှာကြက်ကို စိုက်ကြည့်နေသည်။ သူ ဘာလို့ ရှုံးနိမ့်ခဲ့တာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေဆဲပင်။ သူ၏စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်သည်။
“ဆရာ... ကျွန်တော် ဘာလို့ အဲဒီကောင်လေးကို ရှုံးခဲ့ရတာလဲ”
အခန်းထဲတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးနေသည်။
အချိန်အတော်ကြာပြီးနောက် လူအိုကြီးတစ်ဦး၏အသံက ထွက်ပေါ်လာသည်။ “အဲဒီကောင်လေးက ထူးဆန်းတယ်၊ ပြီးတော့ ငါ့ဘဝမှာ သူကျင့်ကြံတဲ့ နည်းစနစ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါပြောတဲ့အတိုင်း မင်း ကျင့်ကြံနေသရွေ့ သုံးနှစ်အတွင်း၊ မင်း သူ့ကို သေချာပေါက် အနိုင်ယူနိုင်မှာ”
“ဟမ့်”
လင်းပင်အန်းသည် အနည်းငယ် နှာခေါင်းရှုံ့လိုက်သည်။ “ဆရာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို လိမ်နေတာ ရပ်လိုက်ပါတော့။ တကယ်လို့ ဒီနေ့ ကျွန်တော့်ကို အနိုင်ယူသွားတဲ့သူက ရှောင်ချန်းသာ ဆိုရင် ဖြစ်နိုင်သေးတယ်လို့ တွေးမိဦးမယ်။”
“ကျွန်တော် ဆရာ ပြောတဲ့အတိုင်းပဲ ကျင့်ကြံခဲ့တာ။ ဒါပေမဲ့ ရလဒ်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော့် ပြိုင်ဘက် မဟုတ်ခဲ့တဲ့ ချောင်ရို့ချန်က အခု ကျွန်တော့်ကို အနိုင်ယူသွားပြီ”
ဆရာက တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။
‘ငါက တကယ်ပဲ အသုံးမကျတဲ့ကောင် ဖြစ်နေတာများလား’
လင်းပင်အန်းသည် သူ့ကိုယ်သူနှင့် ဆရာကို တစ်ပြိုင်နက် ပြောနေသည့်အလားပင်။ ထိုသို့ ပြောပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အိပ်ပျော်သွားတော့သည်။
သူ့၏ အသိစိတ်ပင်လယ် ထဲတွင် လူအိုကြီးတစ်ဦးသည် ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ “မဟုတ်ဘူး၊ ဒီကောင်လေးရဲ့ တာအိုနှလုံးသားက ပျက်စီးသွားပြီ။ ငါ့ရဲ့ ကြိုးစားမှုတွေ အားလုံး အလဟသ ဖြစ်ကုန်ပြီ”