← Chapters

ဒါဆို သူ့ကို သောင်းပြောင်းပညာရပ်ဌာနကိုပဲ ပို့လိုက်မယ်

Vol. 7 Ch. 68

ဒါဆို သူ့ကို သောင်းပြောင်းပညာရပ်ဌာနကိုပဲ ပို့လိုက်မယ်

Vol. 7 Ch. 68

[ဒင်... လက်ခံသူ ၏ ပထမတပည့်က အဆင့်ငယ်တစ်ဆင့် တက်သွားပါတယ်။ ကျင့်ကြံခြင်း နှစ် (၂၀)စာကို ဆုလာဘ်အဖြစ်ရရှိပါတယ်]

[ဒင်... လက်ခံသူ ၏ ဒုတိယတပည့်က အဆင့်ငယ်တစ်ဆင့် တက်သွားပါတယ်။ ကျင့်ကြံခြင်း နှစ် (၂၀) စာကို ဆုလာဘ်အဖြစ်ရရှိပါတယ်]

[…]

သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်းအတွင်း၌

လွန်ခဲ့သည့် လဝက်အတွင်း ချူဖုန်းသည် စိတ်အခြေအနေ အင်မတန်မှ ကောင်းမွန်နေသည်။ သူ၏တပည့်သုံးဦးဖြစ်သည့် ရှောင်ချန်း၊ ချောင်ရို့ချန်နှင့် ချင်းချင်းတို့သည် သူ့အား စုစုပေါင်း ကျင့်ကြံခြင်း နှစ် (၅၀)စာ ပေးလာကြသည်။

အတိုချုပ်ပြောရလျှင် သူသည် အလွန်တရာ ရွှင်မြူးနေပါသည်။

ထို့ကြောင့် လက်ဖက်ရည်ကောင်းကောင်း တစ်ခွက် ဖျော်ပြီး ကြိမ်ကုလားထိုင်ပေါ်တွင် အေးအေးလူလူ လှဲလျောင်းကာ နေပူတာ လှုံနေလိုက်သည်။

လက်ဖက်ရည်သောက်ပြီးနောက် ချူဖုန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ “ဝါသနာအသစ်တစ်ခု ရှာဖို့ အချိန်တန်ပြီ”

သူ နက်နက်နဲနဲ စဉ်းစားပြီးနောက် ရုတ်တရက် သတိရသွားသည်။သူ ငါးမမျှားရသေးချေ။

မဟုတ်သေး၊ တိတိကျကျဆိုရသော် အတိတ်ဘဝတုန်းက ပင်လယ်ကမ်းစပ်တွင် အလှပဂေးလေးများကို မျှားဖူးသည်။

သူ မြစ်ထဲမှာတော့ ငါးတစ်ခါမှ မမျှားဖူးခဲ့ပေ။

တံငါသည်တစ်ယောက် ဖြစ်ရခြင်း၏ ပျော်ရွှင်မှုကို ခံစားကြည့်ဖို့ အချိန်တန်ပါပြီ။

ချူဖုန်းသည် ငါးမျှားကိရိယာ ရှာဖွေရန် သောင်းပြောင်းပညာရပ်ဌာန၏ သိုလှောင်ခန်းသို့ သွားရောက် မွှေနှောက်လိုက်သည်။ ခဏအကြာတွင် ဖုန်တက်နေသော ကိရိယာဟောင်းအစုံလိုက်ကို ရှာတွေ့သွားသည်။

သေချာ ပြောင်စင်အောင် သန့်ရှင်းပြီးနောက်။

ချူဖုန်းသည် ငါးမျှားတံကို ကိုင်ပြီး တောင်ပေါ်တွင် တီကောင်အချို့ တူးဆွကာ ရေတံခွန်အောက်က စမ်းချောင်းတွင် အေးအေးဆေးဆေး ငါးမျှားရန် စီစဉ်လိုက်သည်။

ချူဖုန်းက သူ့၏ အေးချမ်းသော ဘဝကို စတင်တော့မည့် အချိန်တွင်

ဝမ်တောက်ကျောင်းတော်၏ အပြင်ဘက်တွင်။

အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်သည့် မျက်နှာပေါက်ရှိသည့် ဖြူဖြူဖွေးဖွေးနှင့် ခပ်ဝဝကောင်လေးတစ်ယောက်က ကျောင်းတော်တံခါးဝတွင် စူးစမ်းလိုစိတ်ဖြင့် ရပ်နေသည်။

“ဒါ ဝမ်တောက်ကျောင်းတော်လား။ အဖိုးပြောတာ တော့ ငါ အထဲရောက်သွားတာနဲ့ အရသာရှိတဲ့ အစားအစာ အမျိုးမျိုးကို နေ့တိုင်း စားရလိမ့်မယ်တဲ့”

၎င်းကို တွေးမိပြီး ဝတုတ်ကောင်လေး၏ နှုတ်ခမ်းများသည် လူယုတ်မာအပြုံးအဖြစ် ကွေးညွတ်သွားပြီး ပင်မတံခါးဝဆီသို့ ဦးတည်သွားလိုက်သည်။

“အဲဒီမှာ ရပ်လိုက်စမ်း”

ဝမ်တောက်ကျောင်းတော်တံခါးဝကို စောင့်ကြပ်နေသော တပည့်နှစ်ဦးက ကောင်လေး၏ လမ်းကို ပိတ်လိုက်ကြသည်။

“မင်း ဘာလိုချင်လို့လဲ”

ဝတုတ်လေးက ပြုံးပြီး ပြောလိုက်သည်။ “အစ်ကိုကြီးတို့... ကျွန်တော်က တပည့်လာခံတာပါ”

“ထွက်သွားစမ်း၊ ငါတို့ ဝမ်တောက်ကျောင်းတော်က လမ်းဘေးကြောင်တွေလမ်းဘေးခွေးတွေ လာချင်တိုင်း လာလို့ရတဲ့ နေရာမဟုတ်ဘူး”

တပည့်တစ်ဦးက စိတ်မရှည်စွာ အော်ငေါက်လိုက်သည်။

သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးပြီး သည်းခံနိုင်စွမ်း ကုန်ခမ်းနေပြီ ဖြစ်သည်။

ဝတုတ်လေးသည် ထိုတုံ့ပြန်မှုကြောင့် ဒေါသထွက်သွားခြင်း မရှိပေ။ သူသည် အိတ်ကပ်ထဲတွင် စမ်းတဝါးဝါး ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရှေးဟောင်းပုံပေါက်နေသော တိုကင်ပြားတစ်ခုကို ဆွဲထုတ်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်အဖိုးက ပြောတယ်။ ဒီတိုကင်ပြား ရှိနေသရွေ့ ဝမ်တောက်ကျောင်းတော်က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံလိမ့်မယ်တဲ့”

တပည့်နှစ်ဦးသည် တိုကင်ပြားကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မှင်တက်သွားကြပြီး ပြိုင်တူ အော်ဟစ်လိုက်မိကြသည်။

“ဝမ်တောက် တိုကင်ပြား၊ မင်းဆီမှာ အဲဒါမျိုး ဘယ်လိုလုပ် ရှိနေတာလဲ”

ဝတုတ်လေးသည် သူတို့၏ မေးခွန်းကို မဖြေဘဲ မောက်မာသည့် ဟန်ဖြင့် ပြောလိုက်သည်။

“ဒါဆို ကျွန်တော် တပည့်ဖြစ်လို့ ရပြီမလား”

သူတို့သည် ပြင်ပရေးရာဌာန၌ အပြင်စည်းတပည့်များသာ ဖြစ်သော်လည်း ဝမ်တောက်ကျောင်းတော်တွင် နေထိုင်ခဲ့သည်မှာ တစ်စုံတစ်ရာကို နားလည်သဘောပေါက်လောက်အောင် ကြာညောင်းလှ‌ပါပြီ။

ဝမ်တောက် တိုကင်ပြားကို ပိုင်ဆိုင်သူများသည်အတိတ်တစ်ချိန်က ကျောင်းတော်၏ စွမ်းအားကြီး ပုဂ္ဂိုလ်များချန်ထားရစ်ခဲ့သော မျိုးဆက်များ ဖြစ်ကြသည်။

ဌာနမှူးနေရာသို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိသူများသာလျှင် ၎င်းကို ပိုင်ဆိုင်ခွင့် ရှိကြသည်။

ထို့အပြင် ဌာနမှူး ဖြစ်လာနိုင်သူ မည်သူမဆို ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာသွားပြီးနောက်တွင်ပင် ကိုယ်ပိုင် အုပ်ချုပ်နိုင်သူတစ်ဦး ဖြစ်လာကြမြဲပင် ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးက ပေါ့ဆရဲခြင်း မရှိကြပေ။

တပည့်တစ်ဦးက ပြောလိုက်သည်။ “ဂျူနီယာညီလေး... ခုနက မင်းကို မမှတ်မိလိုက်တာ ငါတို့အမှားပါ။ ကျေးဇူးပြုပြီး ခဏစောင့်ပါ၊ ငါတို့ သွားတင်ပြလိုက်ပါ့မယ်”

“မြန်မြန်လုပ်”

ဝတုတ်လေးသည် သူတို့၏ သဘောထားကို ဂရုမစိုက်ဘဲ လက်ထဲမှ ဝမ်တောက် တိုကင်ပြားကို ကစားနေလိုက်သည်။

ခဏအကြာတွင် ပြင်ပရေးရာဌာနမှ ကြီးကြပ်ရေးမှူးပိုင်သည် တံခါးဝသို့ ရောက်ရှိလာပြီး ဝတုတ်လေးကို ဝမ်တောက်ကျောင်းတော်ထဲသို့ ခေါ်ဆောင်သွားသည်။

ကြီးကြပ်ရေးမှူးပိုင်က မေးလိုက်သည်။ “ညီလေး... မင်းနာမည် ဘယ်လိုခေါ်လဲ”

“ကျွန်တော်က ဝမ်ပေါင်လဲ့ပါ”

ဝတုတ်လေးက တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“နာမည်ကောင်းပဲ”

ကြီးကြပ်ရေးမှူးပိုင်က ချီးကျူးလိုက်သော်လည်း စိတ်ထဲတွင်မူ တိုကင်ပြား လက်ဆင့်ကမ်းနိုင်သည့် ဝမ်တောက်ကျောင်းတော် သမိုင်းကြောင်းမှ ဝမ်မျိုးရိုး အမည်ရှိသော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးဦးကို အလျင်အမြန် စဉ်းစားနေသည်။

သို့သော် သူ မည်မျှပင် ပြင်းထန်စွာ စဉ်းစားစေကာမူ ထိုကဲ့သို့သော လူတစ်ယောက်ကို ပြန်မမှတ်မိပေ။

အရေးကြီးဆုံး အချက်မှာ ဤကောင်လေးက ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအဆင့်မှာသာ ရှိသေးပြီး ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ရန် အခြေခံ သတ်မှတ်ချက်ကိုပင် မမီသေးခြင်း ဖြစ်သည်။

ထို့နောက် သူက မေးလိုက်သည်။ “မင်းကို ဒီတိုကင်ပြား ဘယ်သူပေးလိုက်တာလဲ”

“ကျွန်တော့်အဖိုးပါ”

ဝတုတ်လေးက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

ကြီးကြပ်ရေးမှူးပိုင်က ဆက်မေးသည်။ “ဒါဆို မင်းအဖိုး နာမည်က ဘယ်သူလဲ”

“ကျွန်တော် မသိဘူး။ အဖိုးက အဖိုးပဲလေ”

ဝတုတ်လေး၏ တုံ့ပြန်မှုသည် တဲ့တိုးဆန်ပြီး ရိုးရှင်းလှသည်။

ကြီးကြပ်ရေးမှူးပိုင်က ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူသည် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပြီး ကောင်လေး၏ သွေးမျိုးဆက်သည် ဝမ်တောက် တိုကင်ပြား၏ မူလပိုင်ရှင်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးရုံသာ ရှိတော့သည်။ အကယ်၍ မကိုက်ညီပါက ကောင်လေးကို ကျောင်းတော်မှ နှင်ထုတ်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်တောက်ကျောင်းတော်သည် တိုကင်ပြားကို အသိအမှတ်ပြုရုံ သက်သက်မဟုတ်ဘဲ သွေးမျိုးဆက်ဖြင့် စစ်ဆေးရန်လည်း လိုအပ်သည်။

တိုကင်ပြားနှင့် သွေးမျိုးဆက် နှစ်ခုစလုံး ကိုက်ညီမှသာ ဝမ်တောက်ကျောင်းတော်က တပည့်သစ်ကို လက်ခံမည် ဖြစ်သည်။

တိုကင်ပြား၏ မူလပိုင်ရှင်ကိုယ်တိုင်က လူတစ်ယောက်ကို ခေါ်လာပြီး တပည့်နေရာနှင့် တိုကင်ပြားကို လဲလှယ်မည်ဆိုလျှင်လည်း လက်ခံနိုင်ပေသည်။

သို့သော် သူကောင်းဘွဲ့ရ အရှင်တစ်ပါးက ထိုကဲ့သို့သော ကိစ္စမျိုးကို ပုံမှန်အားဖြင့် ဂရုစိုက်လေ့ မရှိကြပေ။

မကြာမီ သူတို့နှစ်ဦး ပြင်ပရေးရာဌာနသို့ ရောက်ရှိလာကြသည်။

ကြီးကြပ်ရေးမှူးပိုင်သည် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာပြီး ကောင်လေးကို သွေးမျိုးဆက် စစ်ဆေးမှု ခံယူရန် စီစဉ်ပေးလိုက်သည်။ ထို့နောက် ရလဒ်ကို စောင့်ဆိုင်းနေစဉ် ကောင်လေးအတွက် အစားအသောက် လိုက်ပွဲတစ်ပွဲ ထပ်ထည့်ပေးလိုက်သည်။

ရလဒ်များက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

ပြင်ပရေးရာဌာနမှ အကြီးအကဲကျန်းက သက်ပြင်းချလိုက်သည်။ “ဒီကောင်လေးက အရင်က ကောင်းကင်ဓား သူတော်စင်တစ်ပိုင်း ရဲ့ မျိုးဆက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး”

“ဒါပေမဲ့ ငါမှတ်မိသလောက်တော့ ကောင်းကင်ဓား သူတော်စင်တစ်ပိုင်းရဲ့ မျိုးရိုးနာမည်က မော့လေ။ ဒီကောင်လေးက ဘယ်လိုလုပ် ဝမ်မျိုးရိုးဖြစ်နေရာတာလဲ”

ကြီးကြပ်ရေးမှူးပိုင်က ပြန်ပြောလိုက်သည်။ “အကြီးအကဲ... ကောင်လေးရဲ့ မျိုးရိုးနာမည်က ဝမ်ပဲဖြစ်ဖြစ် မော့ပဲဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်နေမှာလဲ”

“သူက ကျောင်းတော်ရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီနေမှတော့ သူ့ကို ဝမ်တောက်ကျောင်းတော်ထဲ လက်ခံလိုက်သင့်ပါတယ်။”

“ဘာပဲဖြစ်ဖြစ် အဲဒါက ကျွန်တော်တို့ ပြင်ပရေးရာဌာနရဲ့ ကိစ္စမှ မဟုတ်တာ”

“အင်း”

အကြီးအကဲကျန်းက ခေါင်းအသာ ညိတ်လိုက်သည်။ “မင်းပြောတာ မှန်တယ်။ ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့ မရဘူး။ မှတ်ချက်တစ်ခု အကြမ်းရေးပြီး ဌာနရှစ်ခု ဆီ ပို့လိုက်။ သူတို့ထဲက ဘယ်သူများ ဒီကောင်လေးကို လက်ခံချင်မလဲဆိုတာ ကြည့်ရအောင်”

“ဘယ်သူမှ မလိုချင်ရင် သောင်းပြောင်းပညာရပ်ဌာနကိုပဲ ပို့လိုက်ပြီး ချူဖုန်းကို ဖြေရှင်းခိုင်းလိုက်”

ကြီးကြပ်ရေးမှူးပိုင်က ပြောလိုက်သည်။ “ဘာလို့ သောင်းပြောင်းပညာရပ်ဌာနဆီ တန်းမပို့လိုက်တာလဲ။ သက်သက်အပင်ပန်းခံနေဦးမလို့လား”

အကြီးအကဲကျန်းက စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ “မင်း အပင်ပန်းမခံချင်ရင် ဒီကောင်လေးကို မှတ်တမ်းတင်ခန်း ဆီ ခေါ်သွားပြီး ဌာနရှစ်ခုက အပြင်စည်းအကြီးအကဲတွေကို ရွေးချယ်ခိုင်းလိုက်”

“ဒါဆိုရင် အဲဒီလူတွေ နောက်ကျမှ ငါ့ကို လာမနှောင့်ယှက်တော့ဘူးပေါ့”

၎င်းကို ကြားလိုက်ရသောအခါ ကြီးကြပ်ရေးမှူးပိုင်သည် ခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်၏။ ဝတုတ်‌လေးသည် ဝက်လက်တစ်ချောင်းကို ပါးစပ်တစ်ခုလုံး ဆီပေကျံနေသည်အထိ ပျော်ရွှင်စွာ စားနေသည်ကိုကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

“အကြီးအကဲ ဌာနမှူးချူက ဒီဝတုတ်လေးကို စီနီယာအစ်ကိုချောင်လို ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်လိမ့်မယ်လို့ မထင်ပါဘူးနော်”

အကြီးအကဲကျန်းက ခေါင်းယမ်းလိုက်သည်။ “ဘယ်ထင်မှာတုန်းကွ။ ဒါပေမဲ့ ဒီကောင်လေးမှာ သူတော်စင်တစ်ပိုင်း သွေးမျိုးဆက် ရှိနေတာပဲလေ။ သူက နတ်ဘုရားခန္ဓာကိုယ်မနိုးထလာရင်တောင်မှ မြင့်မြတ် ခန္ဓာကိုယ် နိုးထလာတာကလည်း မဆိုးဘူးကွ။”

ကြီးကြပ်ရေးမှူးပိုင်က မြှောက်ပင့်ပြောဆိုလိုက်သည်။ “အကြီးအကဲက တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ”

နာရီဝက် ကြာပြီးနောက်။

ဌာနရှစ်ခုလုံးမှ အပြင်စည်းအကြီးအကဲများသည် မှတ်တမ်းတင်ခန်းမအပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည်။

ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော ဝတုတ်လေးကို သေချာစွာ စစ်ဆေးပြီးနောက် သူတို့အားလုံး၏ အကြည့်များသည် ကြီးကြပ်ရေးမှူးပိုင်ထံသို့ ရောက်ရှိသွားကြသည်။

လူတိုင်းက ကြီးကြပ်ရေးမှူးပိုင်ကို ကြိမ်းမောင်းဆဲ‌ဆိုချင်စိတ် ပေါက်နေကြသည်။

သူတို့၏ ဖော်ရွေမှုမရှိသော မျက်နှာထားများကို မြင်သောအခါ ကြီးကြပ်ရေးမှူးပိုင်က မေးလိုက်သည်။ “အကြီးအကဲတို့... ခင်ဗျားတို့ရဲ့ ဘယ်ဌာနက ဂျူနီယာညီလေးဝမ်ကို လက်ခံချင်ပါလဲ”

တိတ်ဆိတ်ခြင်း။

အပြင်စည်းအကြီးအကဲ အားလုံးက အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။

ဤတုံ့ပြန်မှုကို မျှော်လင့်ထားပြီးသား ဖြစ်၍ ကြီးကြပ်ရေးမှူးပိုင်က ပြောလိုက်သည်။ “ဘယ်သူမှ သူ့ကို လက်မခံချင်ကြမှတော့ ကျွန်တော် သူ့ကို သောင်းပြောင်းပညာရပ်ဌာနကိုပဲ ပို့လိုက်ပါတော့မယ်”

All Chapters