နန်းတော်အဆင့်
Vol. 5 Ch. 41
ယန်ချင်းသည် ထိုလူလာနေသည်ကိုမြင်သောအခါ မပြုံးဘဲမနေနိုင်တော့ပေ။ သူသည် ထိုင်ရာမှ အလျင်အမြန်ထလိုက်သည်။ ချန်ယွမ်လည်း ထိုလူဘယ်သူလဲသိရအောင် လှည့်ကြည့်လိုက်သည်။ ထိုလူသည် အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ကျပ်ပုံစံရှိကာ လက်မောင်းများကို တံတောင်ဆစ်အထိ ပင့်တင်ထားသည်။ ထိုလူ၏မျက်နှာတွင်ကြမ်းတမ်းသော မုတ်ဆိတ်မွေးရှိပြီး ဆံပင်များကို ဆံထုံး ထုံးထားကာ ဆံပင်စများ နေရာအနှံ့ဖားလျားကျနေသည်။
သူ၏ဆံပင်အရောင်နှင့်လိုက်ဖက်သော အညိုရောင်မျက်လုံးများရှိပြီးခန္ဓာကိုယ်တည်ဆောက်ပုံမှာ ကြံ့ခိုင်ထွားကြိုင်းသည်။ စားဖိုမှူးတစ်ယောက်ထက် ပန်းပဲဆရာတစ်ယောက်နှင့်ပင် ပိုတူသည်။ ချန်ယွမ်က သူ့ကို အချိန်ပိုင်းစားဖိုမှူးလုပ်နေသော ပန်းပဲဆရာဟု မထင်မှတ်ဘဲ စားဖိုမှူးဟုယူဆရခြင်းမှာ သန့်ရှင်းသပ်ရပ်သောဝတ်စုံနှင့် ကြည်လင်နေသောကျောက်သလင်းကဲ့သို့ လက်များကြောင့်ဖြစ်သည်။ ထိုလက်များမှာ သူ၏ကြွက်သားအပြည့်ခန္ဓာကိုယ်နှင့် သိသိသာသာပင်ကွဲပြားနေသည်။
"သူ့လက်တွေကို အရမ်းစိုက်မကြည့်နဲ့ ချန်ယွမ်။ ကျန်းဖူက ထုတ်ပြောတာမျိုးမရှိပေမဲ့ သူ့လက်တွေကို အကြာကြီးစိုက်ကြည့်ရင် မကြိုက်ဘူး"
ချန်ယွမ်သည် ယန်ချင်းပါးစပ်မလှုပ်ဘဲ ပြုံးနေသော်လည်း အသံကို သူ၏ခေါင်းထဲတွင် ကြားလိုက်ရသဖြင့် အံ့သြသွားသည်။
"သူဘယ်လိုလုပ်လိုက်တာလဲ။ ငါသိသလောက်တော့ ရွှေအမြုတေအဆင့်လောက်နဲ့စိတ်ချင်းဆက်သွယ်မှု မလုပ်နိုင်ပါဘူး။ ဆရာသခင်ပြောဖူးတာက နန်းတော်အဆင့်ရောက်မှ ဒီလိုအရာမျိုးလုပ်နိုင်တာတဲ့... နေပါဦး... သူကများ… မဖြစ်နိုင်ဘူးလေ။ သူက အထက်တန်းရွှေအမြုတေ တရားရုံးတရားသူကြီးလေ... အဲဒီအဆင့်လောက်ပဲ ရှိသင့်တာပေါ့။ ပြီးတော့ သူ့အသက်က ဘယ်လောက်ရှိဦးမှာလဲ။”
“ကြည့်ရတာ အသက် ၂၀ တောင်ပြည့်အုံးမယ်မထင်ဘူး။ တရားစီရင်ရေးအဖွဲ့မှာ ပါရမီရှင်တွေရှိပေမဲ့ အသက် ၂၀ အရွယ် နန်းတော်အဆင့်ကျင့်ကြံသူရှိမယ်ဆိုတာ ယုံရခက်ခက်ပဲ။ ချောင်ယင်းလိုမျိုး တရားစီရင်ရေးအဖွဲ့ရဲ့ ရွှေအမြုတေကျွမ်းကျင်သူတွေက သာမန်နဲ့မတူတဲ့ မွန်းစတားတွေဖြစ်နိုင်တယ်။ ငါတို့အဆင့်လောက်နဲ့ ဘယ်တော့မှနားမလည်နိုင်တဲ့ နက်နဲတဲ့နည်းလမ်းတွေ သူတို့မှာရှိမှာပါ”
ချန်ယွမ်သည် ပုပုလုံးလုံးလူ၏ ကျောက်စိမ်းကဲ့သို့ ကြည်လင်သောလက်များထံမှ အကြည့်လွှဲရင်း တိတ်တဆိတ်တွေးတောနေမိသည်။
ကျင့်ကြံခြင်းလောကတွင် နန်းတော်အဆင့်သို့ရောက်သောအခါ မိမိတို့၏ နတ်ဘုရားအာရုံကိုအသုံးပြု၍ အတွေးများကို ပေးပို့ဆက်သွယ်နိုင်သည်။ နန်းတော်အဆင့်သို့ရောက်သောအခါ နတ်ဘုရားအာရုံမဟုတ်တော့ဘဲ ဧကရာဇ်အာရုံဖြစ်လာသည်။ ထိုအဆင့်တွင် အာရုံခံနိုင်စွမ်းသည် အတွေးများကိုပေးပို့ခြင်းအပါအဝင် အရာများစွာကို လုပ်ဆောင်နိုင်သည်။
ထို့ကြောင့်ပင် ဝိညာဉ်သားရဲများသည် နန်းတော်အဆင့်လူများနှင့် ဆက်သွယ်ရာတွင် အသံလွှဲပြောင်းပုတီးစေ့များ မလိုဘဲ ဆက်သွယ်နိုင်ခြင်းဖြစ်သည်။
(ဝိဥာဥ်အာရုံကို နတ်ဘုရားအာရုံဟုပြောင်းလဲသုံးစွဲသွားပါမည်)
"ဆရာကျန်းဖူ"
ယန်ချင်းက ရွှင်လန်းစွာနှုတ်ဆက်ရင်း ပုပုလုံးလုံးလူထံသွားကာ ကျောချင်းပုတ်လိုက်သည်။ ကျန်းဖူကလည်း ဝမ်းသာအားရဖြင့် ပြန်လည်ပုတ်ရင်း တခစ်ခစ်ရယ်မောလိုက်သည်။
"သခင်လေးယန်ချင်း... ကျွန်တော့်ကို အဲဒီလိုမခေါ်ဖို့ ပြောထားတယ်လေ။ ကိုယ့်ထက် အဆပေါင်းတစ်ထောင်လောက် ပိုစွမ်းအားကြီးတဲ့သူက အဲဒီလိုခေါ်တော့ ရှက်ဖို့ကောင်းတာပေါ့။ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်က ကျွန်တော့်လို သေးနုပ်တဲ့ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူလေးကို ဆရာတပ်ခေါ်နေတော့ ကျွန်တော့်မျက်နှာကို ဘယ်နားသွားထားရပါတော့မလဲ"
ကျန်းဖူက နောက်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားကျွန်တော့်ကို သူကောင်းမျိုးရိုးမိသားစုက ဆက်ခံသူလိုမျိုး သခင်လေးလို့မခေါ်တော့ရင် ကျွန်တော်လည်း ဆရာတပ်မခေါ်တော့ဘူး"
ယန်ချင်းက ပြန်ပြောလိုက်ပြီး နှစ်ယောက်သား ပခုံးချင်းယှဉ်ကာ ရယ်မောလိုက်ကြသည်။ ပုံမှန်ဖောက်သည်နှင့် စားဖိုမှူးဆက်ဆံရေးထက် ပိုမိုရင်းနှီးပုံရသည်။
ချန်ယွမ်သည် ကျန်းဖူက ယန်ချင်းကို နန်းတော်အဆင့်ကျွမ်းကျင်သူဟု ပြောလိုက်သည်ကိုကြားသောအခါ စိတ်တွေရှုပ်ထွေးသွားသည်။ ကြားလိုက်သည့်ခဏတွင် အော်ဟစ်လုနီးပါးဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်လိုက်သည်။
"ဘယ်လို... ဘယ်လို... ဘယ်လို... ဘာကြီး"
ချန်ယွမ်သည် ကြောက်ရွံ့မှုဖြင့် ယန်ချင်းကိုစိုက်ကြည့်ရင်း တိတ်တဆိတ်ရေရွတ်နေမိသည်။
စိုက်ကြည့်နေသော်လည်း ယုံကြည်ရန်ခက်ခဲနေဆဲဖြစ်သည်။ ယန်ချင်းထံမှ ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါတစ်ခုမျှ ထွက်ပေါ်လာခြင်းမရှိပေ။ အမှန်တကယ်တွင် ယန်ချင်း၏အရှိန်အဝါသည် မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်လာနိုင်သော မုန်တိုင်းမလာခင်ငြိမ်သက်ခြင်းမျိုးရှိသည့် ကျန်းဖူ၏လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်နေသကဲ့သို့ ခံစားရသည်။
ကျန်းဖူသည်သူ၏အရှိန်အဝါကိုတတ်နိုင်သမျှ လျှော့ချထားသော်လည်း ချန်ယွမ်သည် သူ၏အနားတွင်ရှိနေခြင်းကြောင့် လက်ဖဝါးများချွေးထွက်ကာ ရင်တုန်နေဆဲပင်။ ယန်ချင်းမှာမူ ထိုနေရာတွင်မရှိသကဲ့သို့ပင် ဖြစ်နေသည်။ မည်သည့်အရှိန်အဝါမှထွက်ပေါ်နေခြင်းမရှိသလို မည်သည့်ဖိအားမှခံစားရခြင်းမရှိပေ။ သာမန်အစိမ်းရောင်ဆံပင်နှင့် လူငယ်တစ်ယောက်၊ သပ်ရပ်မှုမရှိသောပုံစံနှင့် ပျော်ပျော်နေတတ်သော သဘောထားသာရှိသည်။
ချန်ယွမ်သည် နန်းတော်အဆင့်ကျင့်ကြံသူများအကြောင်း ကြားဖူးသောဇာတ်လမ်းများနှင့် ယန်ချင်း၏လက်ရှိပုံစံကို ဆက်စပ်ကြည့်ရန်ခက်ခဲနေသည်။ လုံးဝကိုကွာခြားလွန်းလှသည်။
ဂိုဏ်းတည်ထောင်သူမှတ်တမ်းတင်ထားသော ဇာတ်လမ်းတစ်ပုဒ်တွင် ငွေရောင်နေမင်းတိုင်းပြည်ဟုခေါ်သော အဆင့် ၄ တိုင်းပြည်တစ်ခုတွင် ပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ပုန်ကန်မှုမဖြစ်ပွားမီ တော်ဝင်မိသားစု၏အာဏာကို တိုင်းပြည်အတွင်းရှိ အစွမ်းထက်သောမိသားစုအများအပြားက ပူးပေါင်း၍ကျူးကျော်ရန်ကြိုးစားခဲ့ကြပြီး နန်းချကာ အရင်းအမြစ်များကိုဝါးမျိုးရန် ကြိုးပမ်းခဲ့ကြသည်။
တော်ဝင်မိသားစုနှင့် မိသားစုများအကြား အာဏာကွာခြားချက်သိပ်မရှိသော်လည်း တော်ဝင်မိသားစုတွင် ရွှေအမြုတေကျွမ်းကျင်သူများနှင့် အရင်းအမြစ်များ ပိုမိုများပြားသည်။ မိသားစုများသည် အရင်းအမြစ်များကိုဖြုန်းတီးစေရန်နှင့် တော်ဝင်မိသားစု၏ဝှက်ဖဲများကိုစမ်းသပ်ရန် လှည့်ကွက်များနှင့် ပူးပေါင်းကြံစည်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်ကာလတစ်လျှောက်လုံး တော်ဝင်မိသားစုသည် ပျက်စီးလွယ်သောမျှချေကို ထိန်းသိမ်းရန်အတတ်နိုင်ဆုံးကြိုးစားခဲ့သဖြင့် ခံစစ်အနေအထားဖြင့်သာ ရှိနေခဲ့သည်။
သို့သော် ပုန်ကန်သောမိသားစုများမှ ဘိုးဘေးနှစ်ဦးသည် ရွှေအမြုတေအထွတ်အထိပ်မှ နန်းတော်အဆင့်တစ်ဝက်သို့ တက်လှမ်းနိုင်ခဲ့သောအခါ ထိုမျှချေမှာပျက်စီးသွားခဲ့သည်။ ထိုအခါသူတို့သည် ကျန်ရှိသောမိသားစုကြီးများကို စုစည်းခဲ့သည်။ ကြားနေခဲ့သောသူများပင် အလျင်အမြန်ပူးပေါင်းခဲ့ကြပြီး တော်ဝင်မြို့တော်ကိုတိုက်ခိုက်ခဲ့ကြသည်။ တစ်ပတ်အတွင်း မြို့တော်၏ကာကွယ်ရေးအစီအရင်များနှင့် ကျွမ်းကျင်သူအားလုံး ဖျက်ဆီးခံလိုက်ရပြီး တော်ဝင်နန်းတော်တစ်ခုတည်းသာ တော်ဝင်မိသားစု၏နောက်ဆုံးခံတပ်အဖြစ် ကျန်ရစ်ခဲ့သည်။
တော်ဝင်နန်းတော်ကိုဖောက်ဖျက်ရန် မျှော်လင့်ထားသည်ထက် ပိုမိုခက်ခဲခဲ့သည်။ တစ်လကြာသည်အထိ ကြိုးစားသော်လည်း အစီအရင်များနှင့် ရုပ်သေးရုပ်များကဲ့သို့သော အခြားကာကွယ်ရေးအစီအမံများကို မဖောက်ဖျက်နိုင်ခဲ့ပေ။ ဤရလဒ်များသည် မိသားစုကြီးများကို ပိုမိုလောဘတက်စေခဲ့သည်။ သူတို့သည် တော်ဝင်မိသားစု၏အစစ်အမှန်ကြွယ်ဝမှုကို မြင်တွေ့လိုက်ရပြီး ဤသိုးဝကြီးကိုမျိုချရန် မစောင့်နိုင်တော့ပေ။ သူတို့သည် သတိထားမှုအားလုံးကို လေထဲလွှင့်ပစ်လိုက်ပြီး နန်းတော်အစီအရင်များကိုဖျက်ဆီးရန် ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ကြသည်။ နန်းတော်အဆင့်တစ်ဝက်ဘိုးဘေးနှစ်ဦးပင် အစွမ်းကုန်တိုက်ခိုက်ခဲ့ကြသည်။
အစွမ်းကုန်တိုက်ခိုက်ပြီး ၂ ရက်အကြာတွင် ဧကပေါင်းထောင်ချီကျယ်ဝန်းသော နန်းတော်နှင့်ဝင်းအတွင်း ရုတ်တရက်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ သာမန်တိမ်တိုက်များနှင့်မတူသော မိုးတိမ်မည်းကြီးတစ်ခု ခေါင်းပေါ်တွင်ရောက်ရှိလာပြီး ကျင့်ကြံသူများကိုဖိနှိပ်သော အကျိုးသက်ရောက်မှုရှိသည်။
အထူးသဖြင့် နန်းတော်အဆင့်တစ်ဝက်ကျင့်ကြံသူနှစ်ဦးအပေါ်တွင် အကျိုးသက်ရောက်မှုပိုမိုထင်ရှားသည်။ ဒါသည်တစ်စုံတစ်ယောက် နန်းတော်အဆင့်သို့တက်လှမ်းရန် မိုးကြိုးကပ်ဘေးဖြစ်ကြောင်း သူတို့ချက်ချင်းသိလိုက်ကြသည်။ အဆိုးဆုံးအခြေအနေမဖြစ်လာစေရန် အစီအရင်ကို ရူးသွပ်စွာဖျက်ဆီးရန်ကြိုးစားသော်လည်း အချိန်မရှိတော့ပေ။
နာရီဝက်အကြာတွင် မိုးကြိုးကပ်ဘေးသည် နန်းတော်ဝင်းနောက်ဘက်ရှိ နေရာတစ်နေရာသို့ မိုးကြိုးများပစ်ချလိုက်သည်။ကပ်ဘေးအရှိန်အဝါပျောက်ကွယ်သွားသည့်ခဏတွင် ထိုနေရာမှ အစွမ်းထက်သောအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး နန်းတော်တစ်ခုလုံးကို လျင်မြန်စွာဖုံးလွှမ်းသွားကာ မကြာမီ နန်းတော်အပြင်ဘက်သို့ပျံ့နှံ့သွားပြီး ကျူးကျော်လာသော မိသားစုကြီးများကိုပါ ဖုံးလွှမ်းသွားသည်။ သူတို့အားလုံး လွှမ်းမိုးသောဖိအားအောက်တွင် ဖိနှိပ်ခံလိုက်ရသည်။
အခြေတည်အဆင့်အားနည်းသူများသည် အသားပုံဘဝသို့ ရောက်သွားကြသည်။ မတ်တပ်ရပ်နိုင်ရုံသာရှိသောသူများမှာ နန်းတော်အဆင့်တစ်ဝက်ဘိုးဘေးနှစ်ဦးသာ ဖြစ်သော်လည်း သူတို့အခြေအနေမကောင်းလှပေ။
စက္ကန့်ပိုင်းအကြာတွင် နေရောင်အောက်၌တောက်ပနေသော ငွေရောင်ဆံပင်များဖားလျားချထားပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး နန်းတော်အပေါ်တွင် ပျံဝဲနေသည်ကိုတွေ့လိုက်ရသည်။ နေမင်းကဲ့သို့တောက်ပသော ငွေရောင်ဆံပင်သည် ငွေရောင်နေမင်းယူနီကွန်းသွေးမျိုးဆက်ရှိသည်ဟု ကောလာဟလထွက်နေသော တော်ဝင်မိသားစု၏အမှတ်အသားဖြစ်သည်။
သူ၏နောက်တွင် ငွေရောင်မီးတောက်ဓားချီမိုးရေများဖြစ်ပေါ်လာပြီး နန်းတော်ကိုဝိုင်းရံထားသော ကျင့်ကြံသူသောင်းချီကိုသတ်ဖြတ်ရန် အသုံးပြုလိုက်သည်။ ရွှေအမြုတေအဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ အားလုံးချက်ချင်းပြာကျသွားပြီး နန်းတော်အဆင့်တစ်ဝက်ဘိုးဘေးနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။
သူတို့သည် သွေးအဆီအနှစ်ကိုလောင်ကျွမ်းစေပြီး တားမြစ်ပညာရပ်များကိုအသုံးပြုကာ ထွက်ပြေးရန်ကြိုးစားသော်လည်း ငွေရောင်ဆံပင်နှင့်အဖိုးအို၏ လက်ဖဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခံလိုက်ရရာ မိမိကိုယ်ကိုဖောက်ခွဲရန်ပင် မတတ်နိုင်ခဲ့ပေ။
သူတို့၏ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးခံလိုက်ရပြီး နောက်ပိုင်းတွင် အခြားသူများကိုသတိပေးရန် မြို့တော်တံခါးဝတွင် ချည်နှောင်ခံခဲ့ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပုန်ကန်မှုတစ်ခုလုံး ချေမှုန်းခံလိုက်ရသည်။
နောက်ပိုင်းတွင် တစ်တိုင်းပြည်လုံးအောင်ပွဲခံအခမ်းအနား ကျင်းပမှသာ ထိုအဖိုးအိုသည် တော်ဝင်မိသားစု၏စတုတ္ထမြောက်ဘိုးဘေးဖြစ်ပြီး နန်းတော်အဆင့်သို့တက်လှမ်းနိုင်ခဲ့သဖြင့် အောင်ပွဲခံခြင်းဖြစ်ကြောင်း လူအများသိရှိခဲ့ကြသည်။ ချန်ယွမ်သည် ထိုဇာတ်လမ်းကိုဖတ်ပြီး အံ့သြသွားကာ မဟုတ်မမှန်ဘူးဟုပင်သံသယဝင်ခဲ့ပြီး ဆရာသခင်ကိုမေးမြန်းခဲ့ဖူးသည်။ ဆရာသခင်က မှန်ကန်ကြောင်းဝန်ခံခဲ့သည်။
အဘယ်ကြောင့်ဆိုသော် "မြူနွံဂိုဏ်း"၏ တည်ထောင်သူဘိုးဘေးဖြစ်သောသူ၏ဆရာသည် ထိုတိုင်းပြည်မှမင်းသားတစ်ပါးနှင့် သွေးသောက်ညီအစ်ကိုတော်စပ်သောကြောင့်ဖြစ်သည်။ သူသည် ပုန်ကန်မှုသတင်းကြားသည်နှင့် မင်းသားကိုကူညီရန်ကမ်းလှမ်းခဲ့သည်။ ပုန်ကန်မှုစတင်ချိန်မှ ပြီးဆုံးချိန်အထိ အထူးသဖြင့် စတုတ္ထမြောက်ဘိုးဘေး၏တိုက်ခိုက်မှုကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ရွှေအမြုတေကျွမ်းကျင်သူတစ်ရာကပင် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။ ဤဖြစ်ရပ်ကို "ငွေရောင်နေမင်း၏ ကလဲ့စားမီးတောက်"ဟု လူသိများလာခဲ့သည်။