ဂိုဏ်းသရဲ ဖြစ်ပေါ်လာခြင်း
Vol. 5 Ch. 42
ထိုဇာတ်လမ်းသည် ချန်ယွမ်နှင့် ဖုန်းကျန်းတို့၏ ကျင့်ကြံခြင်းအတွက် ဆာလောင်မှုကို မီးမွှေးပေးခဲ့သည်။ တစ်နေ့တွင် ထိုအဆင့်ရှိစွမ်းအားကို ပိုင်ဆိုင်ရန် ရည်မှန်းခဲ့ကြသည်။ အကယ်၍ သူတို့သာ ထိုစွမ်းအားမျိုးရှိခဲ့လျှင် မြစိမ်းရောင်ဒေသ၏ နယ်မြေ ၈ ခုလုံးကို အုပ်စိုးနိုင်မည်ဖြစ်ပြီး ချန်ယွမ်အတွက် အရေးကြီးဆုံးမှာ ကျိုးဝမ်နှင့် သူ့ဆရာသခင်အတွက် စကြဝဠာမဟူရာမိကျောင်းကို လက်စားချေနိုင်မည်ဖြစ်သည်။
ကျိုးဝမ်သည် ထိုမိကျောင်း၏ သတ်ဖြတ်စားသောက်ခြင်းခံခဲ့ရသည်။ ဆရာသခင်မှာမူ ဖုန်းကျန်းနှင့် ချန်ယွမ်တို့ကို ကာကွယ်ရင်း ရွှေအမြုတေကွဲအက်စေသည့်အထိဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ထိုဒဏ်ရာများသည် နောက်ပိုင်းတွင် သူ၏ကျင့်ကြံခြင်းကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး စောစီးစွာသေဆုံးစေခဲ့သည်။ ဤကိစ္စသည် သူနှင့် ဖုန်းကျန်းနှစ်ဦးစလုံး၏ နှလုံးသားထဲတွင် ကြီးမားသောအဖုအထစ်တစ်ခုအဖြစ် အမြဲရှိနေခဲ့သည်။
သူ၏ဆရာသခင်တွင် အပြာရောင်အမြူတေရှိသဖြင့် နန်းတော်အဆင့်သို့ တက်လှမ်းနိုင်သောပါရမီရှိသည်။ သို့သော် တစ်ရက်တည်းမှာပင် သူတို့သည် ဂိုဏ်းတူညီအစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရပြီး ဆရာသခင်လည်း သေလုမျောပါးဒဏ်ရာရရှိခဲ့သည်။
ချန်ယွမ်သည် စိတ်ပျက်အားငယ်မှုကြောင့် လက်သီးကိုမဆုပ်ဘဲ မနေနိုင်အောင်ဖြစ်နေသည်။ ယန်ချင်းသည် ချန်ယွမ်၏ပြောင်းလဲမှုကို သတိပြုမိသဖြင့် ခေတ္တလှမ်းကြည့်ပြီးနောက် ကျန်းဖူနှင့် ဆက်လက်ရယ်မောစကားပြောနေလိုက်သည်။
“ဪ ကျန်းဖူ... ဒါက အဆင့် ၄ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ချန်ယွမ်ပါ။ ချန်ယွမ်... ဒါက ငါတို့ခုနကသောက်ခဲ့တဲ့ ဝူလုံလက်ဖက်ရည်ကို ဖျော်စပ်ပေးတဲ့ စားဖိုမှူးကျန်းဖူပါ”
ချန်ယွမ် စိတ်တည်ငြိမ်သွားသည်ကို သတိပြုမိသောအခါ ယန်ချင်းက မိတ်ဆက်ပေးလိုက်သည်။
“ချန်ယွမ်က ဆရာကျန်းဖူကို နှိမ့်ချစွာဂါရဝပြုပါတယ်။ ဆရာ့ရဲ့ ဝူလုံလက်ဖက်ရည်က ပေးတဲ့အသိတရားတွေအတွက် အများကြီးကျေးဇူးတင်ပါတယ်”
ချန်ယွမ်က လေးလေးနက်နက်ဦးညွှတ်ရင်း ပြောလိုက်သည်။
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး။ ခင်ဗျားရရှိသွားတဲ့ အရာတွေက ခင်ဗျားရဲ့ကိုယ်ပိုင်စွမ်းရည်ကြောင့်ပါ။ လက်ဖက်ရည်က သော့တစ်ချောင်းသက်သက်ပါပဲ။ ပြီးတော့ ခင်ဗျားကျေးဇူးတင်သင့်တာ ကျွန်တော်မဟုတ်ပါဘူး၊ ဒီကသူငယ်ချင်းလေး ယန်ချင်းကို ကျေးဇူးတင်သင့်တာ။ သူသာမတိုက်တွန်းရင် ခင်ဗျားသောက်ခွင့်ရမှာ မဟုတ်ဘူး။ ရှေ့ဆက်မယ့်ခရီးလမ်းမှာ ကံကောင်းပါစေ ဂိုဏ်းချုပ်ချန်ယွမ်”
ကျန်းဖူက ရိုးရှင်းသောလေသံဖြင့် ပြောလိုက်သည်။
ချန်ယွမ် နားလည်သဘောပေါက်စွာပင် ခေါင်းညိတ်ပြီး ကျန်းဖူနှင့် ယန်ချင်းနှစ်ဦးစလုံးကို ကျေးဇူးတင်ကြောင်း လက်သီးဆုပ်အရိုအသေပြုလိုက်သည်။ ယန်ချင်းသည် ခေါင်းခါရင်း ပြုံးရုံသာတတ်နိုင်တော့သည်။ ကျန်းဖူသည် အမြဲတမ်း တဲ့တိုးဆန်ပြီး ပြတ်သားသူဖြစ်သည်။
“ကဲ... ကျန်းဖူ... နန်းတော်အဆင့်ကို တက်လှမ်းတော့မယ့်အတွက် ကြိုတင်ဂုဏ်ပြုပါတယ်ဗျာ။ ဘယ်တော့လောက်ကို တံခါးပိတ်ကျင့်ကြံမယ်လို့ စဥ်းစားထားလဲ”
ယန်ချင်းသည် ပြန်ရန်ပြင်ဆင်ရင်း မေးလိုက်သည်။ သူ၏တစ်နာရီအားလပ်ချိန်မှာ ကုန်ဆုံးခါနီးပြီဖြစ်ပြီး မိစ္ဆာအိုကြီးလဲ့ဝေယွမ် သူ၏တရားရုံးနား အနံ့ခံမရောက်လာခင် အမြန်ပြန်ရမည်ဖြစ်သည်။
“ဒီညပဲ တံခါးပိတ်ကျင့်ကြံတော့မယ်။ ဒီနေ့လက်ဖက်ရည်ဖျော်ပြီးတဲ့အချိန်မှာ အထွတ်အထိပ်အခြေအနေကို ရောက်နေပြီမို့လို့ ဒီညဏ်အလင်းကို အသုံးချချင်တယ်။ ငါ့ရဲ့တာအိုတိုးတက်ဖို့ လမ်းညွှန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ယန်ချင်း။ အဆင့်တက်ပြီးတာနဲ့ ပထမဆုံးဖျော်တဲ့ လက်ဖက်ရည်တစ်အိုးကို မင်းအတွက် ဖယ်ထားပေးပါ့မယ်”
ကျန်းဖူက ကျေးဇူးတင်သောမျက်လုံးများဖြင့် လက်သီးဆုပ်အရိုအသေပြုရင်း ပြောလိုက်သည်။
“ဆရာကျန်းဖူရဲ့ မလျော့သောဇွဲလုံ့လတွေကြောင့်ပါ။ ပြီးတော့ အကြံဉာဏ်ပေးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟိုမှာထိုင်နေတဲ့ တိုင်ချန်တို့လည်း အများကြီးကူညီပေးခဲ့တာပါ”
ယန်ချင်းက ညင်သာစွာပြုံးရင်း ကျန်းဖူ၏ကျောကိုပုတ်ကာ ပြောလိုက်သည်။
“အင်း... သူတို့ကို ကျေးဇူးတင်စကား သွားပြောမလို့ပါပဲ”
ကျန်းဖူက သဘောတူစွာခေါင်းညိတ်လိုက်သည်။
“ကျွန်တော်လည်း သွားမှရတော့မယ်။ ရုံးချိန်းရှိသေးတယ်။ သတင်းကောင်း စောင့်မျှော်နေပါ့မယ် ကျန်းဖူ”
ယန်ချင်းက ပြောရင်းအပြင်ထွက်ရန် ပြင်လိုက်သည်။
မော့ယွင်ရုနှင့် ယီကျဲတို့သည် အပေါက်ဝတွင် စောင့်နေကြပြီဖြစ်သည်။ ယီကျဲ၏မျက်လုံးများက မြန်မြန်လုပ်ရန်ပြောနေသကဲ့သို့ မျက်မှောင်ကြုတ်ထားသည်။
ကျန်းဖူသည် လက်ပြနှုတ်ဆက်ပြီး ခန်းဟွေ့လန်၏စားပွဲဝိုင်းသို့ သွားလိုက်သည်။ ချန်ယွမ်သည် ကျန်းဖူက ယန်ချင်းနှင့်ရင်းနှီးသလို သူတို့နှင့်လည်းရင်းနှီးသည်ကို တွေ့ရသဖြင့် အံ့သြသွားသည်။ ရှက်တတ်သော ကျန်းချင်ကောပင်လျှင် သူ့နှင့် လွတ်လပ်စွာရယ်မောစကားပြောနေသည်။ ဒီလူက လူတိုင်းနှင့် ဒီလောက်ရင်းနှီးဖော်ရွေသလားဟု တွေးမိလိုက်သည်။
“သူက လူတိုင်းနဲ့အဲဒီလို မဟုတ်ပါဘူး။ ငါတို့က ငယ်ငယ်ကတည်းက သိခဲ့ကြလို့ပါ။ အပြင်ပန်းကြည့်ရင် ကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ ရင်းနှီးသွားရင် သဘောကောင်းတဲ့သူပါ။ ငါတို့ငယ်ငယ်တုန်းက သူက ဘလက်ဘယ်ရီလက်ဖက်ရည်ချိုနဲ့ မာလကာသီးကိတ်မုန့် လုပ်ကျွေးလေ့ရှိတယ်။ အခုထိအဲဒါက ကျန်းချင်ကောရဲ့ အကြိုက်ဆုံးပဲ။ တကယ်တော့ ငါတို့အားလုံးထဲမှာ သူတို့နှစ်ယောက်က အဖေနဲ့သမီးလို အရင်းနှီးဆုံးပဲ။ ငါတို့အဖွဲ့အစည်းရဲ့အပြင်ဘက်မှာဆို ချင်းကော ရှက်ရွံ့မှုမရှိဘဲ စကားပြောရဲတဲ့ လူနည်းစုထဲကတစ်ယောက်ပေါ့”
ယန်ချင်းက ချန်ယွမ်၏အတွေးကို ဖတ်မိသကဲ့သို့ ပြောလိုက်သည်။
သူတို့ထွက်ခွာသွားစဉ် ချန်ယွမ်သည် ကျန်းချင်ကော ပျော်ရွှင်စွာရယ်မောနေသည်ကို သတိပြုမိပြီး နောက်သို့လှည့်ကြည့်လိုက်မိသည်။ ထိုရယ်သံသည် သူမ၏အလှကို ပိုမိုတောက်ပစေသဖြင့် ချန်ယွမ်မျက်လုံးမလွှဲနိုင်အောင် ဖြစ်သွားသည်။ အေးစက်သောဆောင်းညအပြီး မနက်ခင်းနေရောင်ခြည်ကဲ့သို့ လန်းဆန်းစေသည်။
“ငါသာ ခင်ဗျားနေရာမှာဆိုရင် အဲဒီလိုလုပ်မှာမဟုတ်ဘူး”
ယန်ချင်းနှင့် ချန်ယွမ် တံခါးပေါက်သို့ရောက်သောအခါ ယီကျဲက ပြောလိုက်သည်။
“ဟင်...”
ယီကျဲက သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်သဖြင့် ချန်ယွမ်နားမလည်စွာ မေးလိုက်မိသည်။
“စကားနည်းနည်းနဲ့ ဆရာကြီးစတိုင်ဖမ်းချင်နေတဲ့ ငါ့သူငယ်ချင်းပြောချင်တာက ကျန်းချင်ကောကို အရမ်းစိုက်မကြည့်နဲ့၊ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခကိုမီးထွန်းသလို ဖြစ်လိမ့်မယ်တဲ့”
ယန်ချင်းက ဘေးမှဝင်ပြောလိုက်ရာ ယီကျဲက နှာခေါင်းရှုံ့လိုက်သည်။
ယန်ချင်း၏ ရှင်းပြချက်သည် ချန်ယွမ်ကို ယီကျဲ၏စကားထက်ပင် ပိုမိုရှုပ်ထွေးသွားစေသည်။ သတိပေးခံရသော်လည်း သူသည် အလိုအလျောက်နောက်လှည့်ကြည့်မိပြီး အန္တရာယ်က ဘယ်ကလာမလဲဟု စဉ်းစားမိသည်။
“သူမနဲ့ စားပွဲဝိုင်းတူထိုင်နေတဲ့ ကောင်တွေထဲက တစ်ယောက်ယောက်များလား။ ဖြစ်နိုင်တယ်။ ဒီလောက်အလှပဂေးလေးနဲ့ ဒီလောက်နီးနီးကပ်ကပ်နေရတာကို မကြိုက်မယ့်သူ ဘယ်ရှိမလဲ။ တစ်ယောက်ယောက်က သူမနဲ့တွဲနေတာဖြစ်မယ်။ ဟိုရုပ်ကြမ်းကြီး တိုင်ချန်လား၊ ဒါမှမဟုတ် သူကောင်းမျိုးရိုးရုပ်နဲ့ ရှားပေါ်ချင်းလား။ ဒုတိယလူဖြစ်ဖို့ ပိုများတယ်။ တောက်... သူတို့ကံကောင်းလိုက်တာကွာ။”
“ငါ့မှာတော့ တစ်သက်လုံးလူပျိုကြီးဖြစ်လာလိုက်တာ ဂိုဏ်းကအကြီးအကဲတွေထဲမှာလည်း ကြည့်ပျော်ရှုပျော်က တစ်ယောက်မှမရှိဘူး။ အင်း... ငါ့တပည့်တွေ အမြင်ကျယ်အောင် တခြားဂိုဏ်းတွေနဲ့ ပြိုင်ပွဲတွေစီစဉ်ပေးသင့်တယ်။ အဆက်အသွယ်တွေရရင် ငါရဲ့အထီးကျန်မှုကို မျှဝေခံစားမယ့်သူ တွေ့ကောင်းတွေ့နိုင်ပါရဲ့။ အဲဒီအတွက် ဝိညာဉ်ကျောက်တုံး လုံလောက်ပါ့မလား...”
ချန်ယွမ်၏စိတ်သည် လွင့်မျောသွားပြီး ကိန်းဂဏန်းများ၊ အတိုးပေးရမည့်ငွေများ၊ ဆိုင်းငံ့ကာလများ၊ ဖြတ်တောက်မှုများ၊ မွဲပြာကျခြင်းများနှင့် တစ်ယောက်တည်း ငှက်ပျောတုံးဖက်ကာသေရမည့် အကြောင်းများကို သတိလွတ်ရေရွတ်နေတော့သည်။ ယန်ချင်းနှင့် ကျန်လူများမှာ ထိုအမူအရာကြောင့် ချန်ယွန်၏ခေါင်းကို ဖွင့်ကြည့်ရန်တိုင်ပင်နေပြီဖြစ်သည်။
“ဟေ့... ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... တံခါးကို မျက်နှာနဲ့တိုက်မိတော့မယ်”
အတွေးလွန်ပြီး ရှေ့မကြည့်ဘဲလျှောက်နေသော ချန်ယွမ်ကို ယန်ချင်းသတိပေးလိုက်ရသည်။
ချန်ယွမ်သည် အချိန်မီမော့ကြည့်လိုက်သဖြင့် တံခါးနှင့်တိုက်မိမည့်ဘေးမှ သီသီလေးလွတ်သွားသည်။ သူသည် ရှက်ရွံ့စွာပြုံးလိုက်သည်။ သူတို့အဖွဲ့ စားသောက်ဆိုင်မှထွက်ခွာလာစဉ် တံခါးပိတ်ခါနီးတွင် ချန်ယွမ်သည် ကျန်းချင်ကော၏စားပွဲဝိုင်းကို နောက်ဆုံးအကြိမ် ခိုးကြည့်လိုက်မိသည်။
“ခင်ဗျား တကယ်ပဲကိုယ့်အသက်ကို တန်ဖိုးမထားဘူးပဲ ဂိုဏ်းချုပ်ချန်ယွမ်။ စီနီယာအစ်မချင်းကောရဲ့ အာရုံက ကျန်းဖူဆီရောက်နေလို့ ခင်ဗျားကံကောင်းသွားတာ။ မဟုတ်ရင် အခုလောက်ဆို အိုးစားကွဲနေလောက်ပြီ”
မော့ယွင်ရုသည် ချန်ယွမ်ကို ထက်ရှသောဓားနှင့် ဆော့ကစားနေသည့် မိုက်မဲသောကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ စိုးရိမ်တကြီးပြောလိုက်သည်။
“ဟင်... သူမရဲ့အာရုံ ဟုတ်လား”
ချန်ယွမ် အသံထွက်အောင် မေးလိုက်မိသည်။ ကိစ္စတွေကို သူနားမလည်နိုင်တော့ပေ။ ကျန်းချင်ကော အာရုံလွင့်နေတာနဲ့ သူသေဘေးကလွတ်သွားတာ ဘာဆိုင်လို့လဲ။
“ကပ်ဘေးက သူမနဲ့အတူထိုင်နေတဲ့ ကောင်တွေဆီက လာတာမဟုတ်ဘူးလား”
ချန်ယွမ်သည် မော့ယွင်ရုကို နားမလည်သောအကြည့်ဖြင့် ကြည့်ရင်းတွေးမိလိုက်သည်။
“ခင်ဗျားက အန္တရာယ်ဆိုတာ သူမနဲ့အတူထိုင်နေတဲ့ ကောင်တွေလို့ ထင်နေတာမဟုတ်လား။ တကယ်တော့ မဟုတ်ဘူး... တကယ့်အန္တရာယ်က ကျန်းချင်ကောကိုယ်တိုင်ပဲ။ သူမဘယ်လောက် ရှက်တတ်လဲဆိုတာ ခင်ဗျားသတိထားမိမှာပါ။ သူမနဲ့အတူထိုင်နေတဲ့ သူတွေရယ်၊ ကျွန်တော်ရယ်၊ ကျန်းဖူရယ်လောက်ပဲ သူမနဲ့ပုံမှန်စကားပြောလို့ရတာ။”
“တခြားသူတွေနဲ့ဆိုရင် စိုးရိမ်ပြီး ရှက်နေတတ်တယ်။ ပုံမှန်လူတစ်ယောက်လို ရှက်ရုံဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူမကအရမ်းရှက်သွားရင်၊ ဒါမှမဟုတ် စိုးရိမ်သွားရင် တုံ့ပြန်ပုံက တခြားသူတွေနဲ့မတူဘူး။ သူစိမ်းတွေက တောက်လျှောက်စိုက်ကြည့်နေရင်၊ အထူးသဖြင့် ရမ္မက်ဆန္ဒတွေပါတဲ့ အကြည့်မျိုးနဲ့ဆိုရင် သူမအတွက် အစပျိုးလိုက်သလို ဖြစ်သွားတယ်။ သူမစိုးရိမ်လာမယ်၊ ရှက်လာမယ်၊ ဂနာမငြိမ်ဖြစ်လာမယ်... ပြီးရင် သူမရဲ့အကြမ်းဖက်တဲ့ ဘက်ခြမ်းပွင့်လာတော့တာပဲ”
“ဟိုတုန်းက အဆင့် ၄ ဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်က သူမဂိုဏ်းအကဲဖြတ်မှုလာလုပ်တုန်း စော်ကားဖို့ကြိုးစားခဲ့ဖူးတယ်။ သူမရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်ကြောင့် တရားသူကြီးဆိုတာ မသိဘဲ ငယ်မယ်ထင်ပြီးတော့လေ။”
“အဲဒီတပည့်က စိတ်အားထက်သန်လွန်းတယ်။ အထူးသဖြင့် သူမရှက်နေတဲ့ပုံစံကိုမြင်တော့ ပိုဆိုးသွားတယ်။ မကြာခင် သူမရဲ့အကြမ်းဖက်တဲ့ ဘက်ခြမ်းပွင့်လာပြီး အဲဒီကောင်ကို နေရာမှာတင် ဒုက္ခိတဖြစ်သွားအောင် လုပ်ပစ်လိုက်တယ်။ ဂိုဏ်းချုပ်နဲ့ တခြားအကြီးအကဲတွေက တပည့်ကိုကာကွယ်ဖို့ ဝင်လာကြပေမဲ့ ချင်းကောက အကြမ်းဖက်သောင်းကျန်းတဲ့ အခြေအနေရောက်နေပြီ။”
“သူတို့ကိုပါ ဒုက္ခိတဖြစ်အောင်လုပ်ပစ်လိုက်ပြီး ဂိုဏ်းရဲ့အဆောက်အအုံ တစ်ဝက်လောက်ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါကြောင့် မိတ်ဆွေကြီးချန်ယွမ်... ခင်ဗျားရဲ့ကျင့်ကြံခြင်းကို နာကျင်ပြီးအကြမ်းတမ်းဆုံးနည်းလမ်းနဲ့ ဖျက်ဆီးမခံချင်ရင် သူမကိုသိပ်ပြီး စိုက်မကြည့်နဲ့”
ယန်ချင်းသည် ချန်ယွမ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်ကို သဘောကျစွာကြည့်ရင်း အပြစ်ကင်းစင်သောမျက်နှာထားဖြင့် ရှင်းပြလိုက်သည်။ ဒီနေ့အတွက် ၅ ကြိမ်မြောက် ဖြူဖပ်ဖြူရော်ဖြစ်ခြင်းပင်။
ချန်ယွမ်၏ကျောပြင်သည် ချွေးများဖြင့်စိုရွှဲသွားပြီး တရားရုံး၏လုံခြုံသောနေရာသို့ အမြန်ရောက်ရန် ခြေလှမ်းကိုမြှင့်လိုက်သည်။ သူသည် သတိမထားမိဘဲ သေမင်းနှင့်ကခုန်နေခဲ့ခြင်းဖြစ်သည်။ ဤမတော်တဆဖြစ်ရပ်လေးသည် “မြူနွံဂိုဏ်း” တွင် ညဘက်လှည့်ကင်းလှည့်နေသော သရဲတစ်ကောင်ရှိသည်ဟူသော ကောလာဟလကို ဖြစ်ပေါ်စေခဲ့သည်။
ချန်ယွမ်သည် ကျန်းချင်ကောက သူ့ဂိုဏ်းသို့ ကလဲ့စားချေရန်လာရောက်သည်ဟူသော အိပ်မက်ဆိုးများကို နှစ်ပေါင်းများစွာ မက်ခဲ့ရသည်။ အိပ်မက်ဆိုးများမှ လန့်နိုးလာတိုင်း သရဲတစ်ကောင်လို မျက်နှာဖြူဖပ်ဖြူရော်နှင့် ဂိုဏ်းအဆောက်အအုံများ ဖျက်ဆီးမခံရကြောင်း သေချာစေရန် ကိုယ်တိုင်လှည့်ကင်းထွက်လေ့ရှိသည်။ လူငယ်တပည့်အချို့က လှည့်ကင်းလှည့်နေသော သူ၏ပုံစံကို တွေ့မြင်ရာမှ ဂိုဏ်းဝင်းအတွင်း သရဲခြောက်သည်ဟူသော ကောလာဟလ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။