← Chapters

ကြီးထွားလာသော လျှို့ဝှက်ရေစီးကြောင်း

Vol. 5 Ch. 43

ကြီးထွားလာသော လျှို့ဝှက်ရေစီးကြောင်း

Vol. 5 Ch. 43

ချန်ယွမ်သည် တရားခွင်သို့ပြန်လည်ရောက်ရှိသွားသောအခါမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ ဒီနေရာသို့ရောက်ရသည်မှာ ဤမျှဝမ်းသာစရာကောင်းလိမ့်မည်ဟု တစ်ခါမျှမတွေးဖူးခဲ့ပေ။ သို့သော် ဝမ်ချန်သည် အနက်ရောင်အလုံးကြီးထဲတွင် ပိတ်မိနေဆဲဖြစ်သည်ကို သတိပြုမိသောအခါ သူ၏စိတ်အခြေအနေမှာ ပြန်လည်ဆိုးရွားသွားသည်။

"ခင်ဗျားကံကောင်းတယ်လို့ ပြောရမလားပဲ ဂိုဏ်းချုပ်ချန်ယွမ်။ ဝမ်ချန်က ဒီအခြေအနေကို ကျော်ဖြတ်နိုင်မယ့်ပုံရှိတယ်။မန္တာန်ပိုးအိမ်က ကျုံ့သွားပြီဆိုတော့ သူမရဲ့အခြေအနေ တိုးတက်လာတယ်ဆိုတဲ့သဘောပဲ။ သိပ်အကြာကြီးစောင့်စရာ မလိုလောက်တော့ဘူး။ ဖုန့်ရှင်းပြန်မရောက်ခင်တောင် သူမက နွားမသစ်တစ်ကောင်အနေနဲ့ ပြန်နိုးလာနိုင်ခြေရှိတယ်"

ယန်ချင်းသည် အနက်ရောင်အလုံးကြီးနားသို့ တိုးကပ်သွားပြီး စစ်ဆေးကြည့်ရှုကာ စိတ်ဝင်စားစရာအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ယန်ချင်းက ကျုံ့သွားကြောင်းပြောမှသာ ချန်ယွမ်သည် အနက်ရောင်အလုံးကြီး၏အဝန်း သိသိသာသာလျော့ကျသွားသည်ကို သတိထားမိလိုက်သည်။ လျော့ကျမှုပမာဏသည် ကြီးမားလွန်းသဖြင့် ဝမ်ချန်အထဲမှာ ရှိသေးရဲ့လားဟုပင် သံသယဝင်မိသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအရွယ်အစားသည် သူမ၏ပုံမှန်ခန္ဓာကိုယ်အရွယ်အစားထက်ပင် သေးငယ်နေသောကြောင့်ဖြစ်သည်။ သူဘယ်လိုမှ စဉ်းစားမရသဖြင့် မန္တန်တွင် ဟင်းလင်းပြင် ဆိုင်ရာ လုပ်ဆောင်ချက်များပါဝင်သည်ဟုသာ ယူဆလိုက်သည်။

ယန်ချင်းသည် သူ၏စင်မြင့်ထက်သို့သွားလိုက်ပြီး မော့ယွင်ရုနှင့် ယီကျဲတို့လည်း သူတို့နေရာအသီးသီးသို့ သွားလိုက်ကြသည်။ ယီကျဲက ယန်ချင်းဘေးတွင်နေပြီး မော့ယွင်ရုက စင်မြင့်အောက်ရှိ စားပွဲတွင်ထိုင်လိုက်သည်။ ချန်ယွမ်မှာမူ တရားခံများရပ်ရမည့် ဝမ်ချန်၏ဘယ်ဘက်သို့ သွားလိုက်သည်။

"အချိန်ကုန်သက်သာအောင် တခြားအမှုကလူတွေကို ခေါ်လိုက်ရင် ကောင်းမလား"

ယန်ချင်းက မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်သည်။

"အဲဒါအကောင်းဆုံးဖြစ်မယ်ထင်တယ်။ ဖုန့်ရှင်းကဘယ်တော့ ပြန်ရောက်မလဲ မသိနိုင်ဘူးလေ။ တစ်နာရီကျော်နေပြီ။ သူအဲဒီမှာ ပြဿနာမတက်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ။ အထူးသဖြင့် မကြာသေးခင်က တရားစီရင်ရေးအဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်နေတုန်း တိုက်ခိုက်ခံရတဲ့ကိစ္စတွေရှိနေတော့ ပိုစိုးရိမ်မိတယ်။ ဆူပွက်နေတဲ့ လျှို့ဝှက်ရေစီးကြောင်းတစ်ခု ကြီးထွားနေသလို ခံစားရတယ်"

မော့ယွင်ရုက စိုးရိမ်ပူပန်သောမျက်နှာထားဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"မင်းဘယ်လိုထင်လဲ ယီကျဲ"

ယန်ချင်းက လေးနက်စွာမေးလိုက်သည်။

"တခြားလူသာဆိုရင် ငါစိတ်ပူမိမှာပါ။ ဒါပေမဲ့ ဒါဖုန့်ရှင်းလေ။ သူနဲ့အဆင့်တူစစ်ဆေးရေးမှူးတွေထဲမှာ သူ့ကိုတစ်ယောက်ချင်းတိုက်ပွဲမှာ အနိုင်ယူနိုင်တဲ့သူ သိပ်မရှိပါဘူး။ သူသာငါနဲ့အဆင့်တူဆိုရင် အခုလိုအနိုင်ယူဖို့ တော်တော်ခက်ခဲလိမ့်မယ်။ ဘယ်သူသိမလဲ... သူငါ့ကိုအနိုင်ယူရင်လည်း ယူနိုင်လောက်တယ်"

ယီကျဲက အေးဆေးစွာပြောလိုက်သည်။

“မင်းကိုယ်မင်း အရမ်းနှိမ့်ချလွန်းရာမရောက်ဘူးလား ယီကျဲ။ မင်းက ရွှေအမြုတေပိုင်ဆိုင်ထားပြီး ခရမ်းရောင် ရွှေအမြုတေကျွမ်းကျင်သူကို အနိုင်ယူနိုင်ခဲ့တဲ့ တရားစီရင်ရေးအဖွဲ့က လူနည်းစုထဲကတစ်ယောက်လေ။ ဒါပေမဲ့ ငါလည်းဖုန့်ရှင်းကို ယုံကြည်ပါတယ်။ ငါနန်းတော်အဆင့် ရောက်ခါစတုန်းက ငါလက်မြှောက်ထားခဲ့ပေမဲ့ သူကစက္ကန့် ၉၀ တောင် တောင့်ခံနိုင်ခဲ့တယ်။”

“သူရဲ့အရည်အချင်းနဲ့ တုံ့ပြန်မှုအမြန်နှုန်းက ထိပ်တန်းအဆင့်ပဲ။ ပြီးတော့ ငါအဆင့်တက်ပြီးခါစက မင်းတို့အတွက်လုပ်ပေးထားတဲ့ အဆောင်တွေလည်း သူ့မှာရှိသေးတယ်။ ငါ့စွမ်းအားရဲ့ ၈၀ ရာခိုင်နှုန်းပဲရှိပေမဲ့ နန်းတော်အဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ယောက်ဆီကနေ ထွက်ပြေးဖို့ လုံလောက်ပါတယ်။ သူသာအဆောင်တွေကို ခနခနသုံးရင် နန်းတော်အဆင့်တစ်ယောက်ကိုသတ်ဖို့၊ ဒါမှမဟုတ် သေလုမျောပါးဒဏ်ရာရအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး"

ယန်ချင်းက ပြောလိုက်သည်။

ယန်ချင်းနှင့် ယီကျဲတို့က ဖုန့်ရှင်းကို ယုံကြည်မှုအပြည့်ရှိသော်လည်း စိတ်ထဲတွင်စိုးရိမ်နေကြသည်။ လွန်ခဲ့သော ၁၀ လအတွင်း အချို့သောတရားစီရင်ရေးအဖွဲ့ဝင်များစွာ တိုက်ခိုက်ခံခဲ့ရပြီး အချို့မှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဤအချက်ကပင် အဖွဲ့ကိုအထူးသတိထားစေခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အပေါ်ယံတွင် တိုက်ခိုက်သူများသည် အဖွဲ့ဝင်အချို့နှင့် ရန်ငြိုးကြီးမားသော ဂိုဏ်းခွဲများ၊ မြေအောက်အဖွဲ့အစည်းများမှ ဖြစ်ပုံရသည်။ သို့သော် တိုက်ခိုက်မှုများသည် တိုက်ကြီးတစ်တိုက်လုံးတွင် စနစ်တကျရှိလွန်းနေပြီး 'တရားခံ' ဟုယူဆရသူများတွင် ထိုသို့လုပ်ဆောင်နိုင်မည့် အရင်းအမြစ်နှင့် လူအင်အားမရှိပေ။

တရားစီရင်ရေးအဖွဲ့၏ကောက်ချက်အရ ဤကိစ္စများနောက်ကွယ်တွင် အစွမ်းထက်သောကြိုးကိုင်သူတစ်ဦး (သို့မဟုတ်) တစ်ဖွဲ့ရှိနေနိုင်သည်။ သူတို့သည် သဲလွန်စ သို့မဟုတ် ဆက်စပ်မှုတစ်စုံတစ်ရာမကျန်ရှိအောင် ဂရုတစိုက်နှင့် စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ကြသည်။

အမြဲလိုလိုပင် ကြားခံလူများ၊ သတင်းမှားများနှင့် အချို့ကိစ္စများတွင် အပြည့်အစုံဖန်တီးထားသော လုပ်ကြံမှုများကို အသုံးပြုကြသည်။ တရားစီရင်ရေးအဖွဲ့မဟုတ်သော အခြားအဖွဲ့အစည်းဆိုပါက အလွယ်တကူလှည့်စားခံရနိုင်ခြေရှိသည်။ သူတို့သည် နယ်မြေအဆင့်အထွတ်အထိပ်ရောက်နေသော အကြီးအကဲများ၏ ဗေဒင်ဟောကိန်းထုတ်နည်းစနစ်များကိုပင် ရှောင်တိမ်းနိုင်ကြသည်။

ဤအချက်ကပင် တရားစီရင်ရေးအဖွဲ့ကို စိုးရိမ်စေသည်။ ထိုနည်းစနစ်များကို ရှောင်တိမ်းနိုင်သူသည် အနည်းဆုံးနယ်မြေအဆင့်အထွတ်အထိပ်တွင်ရှိနေသူ (သို့မဟုတ်) ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိသူဖြစ်ရမည်။

နောက်ဆုံးအချက်သည် အဖွဲ့အတွက်အဆိုးရွားဆုံးအခြေအနေဖြစ်သည်။ မကြာသေးမီကာလများအတွင်း တိုက်ခိုက်မှုများသည် ပိုမိုဆန်းပြားလာပြီး ပြင်းထန်လာခဲ့သည်။ နောက်ဆုံးမှတ်တမ်းတင်ထားသော တိုက်ခိုက်မှုသည် နန်းတော်အဆင့်စစ်ဆေးရေးမှူးတစ်ဦးကိုဖြစ်သည်။

သူသည် နန်းတော်အဆင့်တစ်ဝက်ကျွမ်းကျင်သူ ၁၅ ဦး၏ ဝိုင်းရံတိုက်ခိုက်ခြင်းခံခဲ့ရသည်။ သူသည် အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့ပြီး ၁၀ ဦးကိုသတ်ဖြတ်ကာ ကျန်လူများကို သေလုမျောပါးဒဏ်ရာရစေခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့သဖြင့် အဖွဲ့၏ဆေးဝါးတောင်ကြားသို့ပို့ဆောင်ပြီး တစ်နှစ်ကြာကုသမှု ခံယူခဲ့ရသည်။

ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တရားစီရင်ရေးအဖွဲ့သည် ဌာနခွဲတိုင်းတွင် အနည်းဆုံးနန်းတော်အဆင့်တစ်ဦးရှိစေရန်နှင့် အဓိကဌာနခွဲများတွင် နန်းတော်အဆင့်အထွတ်အထိပ် သို့မဟုတ် နယ်မြေအဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ဦးရှိစေရန် စီစဉ်ခဲ့သည်။

သို့သော် နယ်မြေအဆင့်ကျွမ်းကျင်သူများမှာ အလွန်ရှားပါးလှသည်။ အဖွဲ့တွင် ပါရမီရှင်များရှိသော်လည်း ဒိုမိန်းအဆင့်ကျွမ်းကျင်သူများသည် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များဖြစ်ပြီး မဟာဗျူဟာကျသောနေရာများတွင်သာ ထားရှိရသည်။

တရားစီရင်ရေးအဖွဲ့၏အာဏာသည် တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် လူအင်အားမလုံလောက်မှုပြဿနာနှင့် အမြဲရင်ဆိုင်နေရသည်။ နှစ်ပေါင်းများစွာတိုးချဲ့ပြီး ကြိုးစားခဲ့သော်လည်း တိုက်ကြီး၏ပြဿနာ ၁၀ ရာခိုင်နှုန်းကိုသာ ဖြေရှင်းနိုင်သေးသည်။

အမှုအများအပြား မဖြေရှင်းနိုင်ဘဲကျန်ရှိနေသလို သတိမပြုမိဘဲဖြစ်နေသော ကိစ္စများလည်းရှိသည်။ အဖွဲ့၏ခြေရာလက်တံမရှိသော နေရာများလည်းရှိသည်။ မကြာသေးမီကတိုက်ခိုက်မှုများသည် အဖွဲ့၏နည်းပါးလှသောအရင်းအမြစ်များကို ပိုမိုဝန်ပိစေသည်။

လက်ရှိတွင် သူတို့သည် ဌာနခွဲအချို့ကိုပိတ်ပြီး လူအင်အားနှင့်အရင်းအမြစ်များကို ဗဟိုဌာနခွဲများတွင် စုစည်းမလား၊ သို့မဟုတ် နောက်ဆယ်စုနှစ်အတွက် အကယ်ဒမီမှဆင်းလာသော ပါရမီရှင် ၄ ပုံ ၃ ပုံကို ဌာနချုပ်အစား ဌာနခွဲများသို့ဦးစားပေးပို့ဆောင်မလား၊ သို့မဟုတ် နောက်ဆုံးနည်းလမ်းအနေဖြင့် ကြိုးကိုင်သူကိုရှာဖွေပြီး အမြစ်ဖြတ်မလားဆိုသည်ကို ဆွေးနွေးနေကြသည်။ သို့သော် နောက်ဆုံးနည်းလမ်းသည် အနည်းဆုံးဆုံးရှုံးမှုဖြင့် ကြိုးကိုင်သူကိုကိုင်တွယ်နိုင်မှသာ အဆင်ပြေမည်။

အဖွဲ့သည် အဆင့် ၁ ဂိုဏ်းတစ်ခုကိုဖျက်ဆီးပြီးနောက် အန္တရာယ်ရှိသောအခြေအနေတွင် ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏စွမ်းရည်ကို ထုတ်ပြလိုက်ခြင်းက ကျန်ရှိသော အဆင့် ၃ နှင့်အထက် ဂိုဏ်းများ၊ မိသားစုများကို သတိထားသွားစေသည်။ အဖွဲ့သည် အားနည်းသူများကို ကာကွယ်ပေးပြီး အင်အားကြီးဂိုဏ်းများ၊ မိသားစုများ၏အကျိုးစီးပွားကို လျစ်လျူရှုခြင်းက သူတို့၏မကျေနပ်ချက်များကို ပိုမိုကြီးထွားစေသည်။ အကယ်၍ အဖွဲ့ကကြိုးကိုင်သူကိုတိုက်ခိုက်ပြီး ကြီးမားသောဆုံးရှုံးမှုဖြစ်ပေါ်ပါက ထိုဂိုဏ်းများနှင့်မိသားစုများသည် အခွင့်ကောင်းယူပြီး ပူးပေါင်းတိုက်ခိုက်ကြမည်မှာ သေချာသည်။

"ဖုန့်ရှင်း... မင်းအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်"

ယန်ချင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။

ဘေးမှယီကျဲသည်လည်း ကျောနောက်တွင်လက်သီးကို တင်းတင်းဆုပ်ထားသည်။

ထိုလေးလံသောလေထုကြားတွင် တရားခွင်တံခါးပွင့်သွားပြီး လူ ၃ ယောက်ဝင်လာသည်။ သူတို့ထဲမှ ၂ ယောက်သည် စုတ်ပြတ်သတ်နေသောအခြေအနေတွင်ရှိသည်။ ဝတ်ရုံများစုတ်ပြဲနေပြီး တစ်ကိုယ်လုံးတွင် အမည်းရောင်မီးခိုးဖြင့် ပေကျံနေသည်။ တစ်ယောက်ဆိုလျှင် ဆံပင်ပင်မရှိတော့ပေ ကတုံးဖြစ်နေသည်။

သူတို့သည် သေမင်းတံခါးဝရောက်နေသကဲ့သို့ မတ်တပ်ပင်မရပ်နိုင်တော့ဘဲ အလယ်မှလူက တွဲထားရသည်။ အလယ်မှလူသည် အခြေအနေပိုကောင်းသော်လည်း ညာဘက်လက်မောင်းအင်္ကျီစုတ်ပြဲနေပြီး အသားဖြူဖြူတွင် ဒဏ်ရာအနည်းငယ်ရထားသည်။ သို့သော် ဒဏ်ရာများသည် လျင်မြန်စွာကျက်နေသည်။

ယန်ချင်းသည် ထိုသူစိမ်းကို မျက်လုံးပြူးကာကြည့်လိုက်သော်လည်း မကြာမီဝမ်းသာသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယီကျဲ၏ပခုံးများ လျော့ကျသွားပြီး မျက်နှာတွင် အပြုံးပါးပါးလေးပေါ်လာသည်။

"ယန်ချင်း... မင်း... တဏှာရူးကောင်... အဲဒီအဆောင်တွေနဲ့ ငါ့ကိုသတ်ဖို့ကြိုးစားတာလား"

အလယ်မှလူက အော်ဟစ်လိုက်ပြီး ဘေးမှလူနှစ်ယောက်ကို ဂရုမစိုက်ဘဲ ပစ်ချလိုက်သည်။

"ဖုန့်ရှင်း... မင်းဘာမှမဖြစ်ဘူးဆိုတာ ငါသိပါတယ်ကွာ။ ငါပြောသားပဲ ယီကျဲရဲ့... သူ့ရဲ့အသက်ရှင်သန်နိုင်စွမ်းက သူ့ရဲ့အစာစားနိုင်စွမ်းနဲ့ တန်းတူပဲလို့။ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ"

ယန်ချင်းက ရှက်ရွံ့စွာရယ်မောရင်း ယီကျဲနှင့်အတူ ဖုန့်ရှင်းဆီသို့ လျှောက်သွားလိုက်သည်။

"မော့မော့... မင်းတစ်ယောက်ကပဲအကောင်းဆုံး။ ဟိုကောင်စုတ်နဲ့မတူဘူး။ ငါသူ့တရားရုံးကိုစွန့်ပြီး မင်းဆီပြောင်းလာချင်လိုက်တာ"

ဖုန့်ရှင်းက သူမကိုနွေးထွေးစွာပြုံးပြလိုက်သော်လည်း ယန်ချင်းကိုမူ လူသတ်ချင်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ မော့ယွင်ရုက ဖုန့်ရှင်းကိုဖက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှလူနှစ်ယောက်ဆီသို့ အမြန်သွားလိုက်သည်။

"နွေအလင်းတိမ်"

သူမရေရွတ်လိုက်ရာ လက်ညှိုးမှရွှေရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး လူနှစ်ယောက်ကို ဖုံးလွှမ်းသွားသည်။

ချန်ယွမ်သည် ထိုလူနှစ်ယောက်ကို မြင်လိုက်ရသောအခါ အမြင်အာရုံများအေးခဲမတက်ဖြစ်သွားသည်။ မီးလောင်ကျွမ်းထားသော်လည်း သူမှတ်မိနေသည်။ အဘယ်မျှ မမှတ်မိနိုင်ရမည်နည်း။ တစ်ယောက်သည် သူ၏ဂိုဏ်းတူညီလေးဖြစ်သူ အကြီးအကဲဖုန်းဖြစ်ပြီး နောက်တစ်ယောက်မှာ သူ၏မိတ်ဆွေဟောင်းအကြီးအကဲဂွီ ဖြစ်နေသည်။

All Chapters