← Chapters

အဆောင်၏ အားနည်းချက်နှင့် ဖုန့်ရှင်း၏ အကြံအစည်

Vol. 5 Ch. 44

အဆောင်၏ အားနည်းချက်နှင့် ဖုန့်ရှင်း၏ အကြံအစည်

Vol. 5 Ch. 44

"သူတို့ရော ဟုတ်ရဲ့လား..."

ချန်ယွမ်သည် အဝါရောင်တိမ်တိုက်ထဲတွင် မြှုပ်နှံခံထားရသော အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့ကို ကြောက်ရွံ့စွာညွှန်ပြရင်း အက်ကွဲတုန်ရီနေသောအသံဖြင့် မေးလိုက်သည်။ သူ၏အသံသည် အလွန်တိုးညှင်းလှသဖြင့် တရားခွင်ကျယ်ကြီးထဲတွင် ပျောက်ကွယ်သွားနိုင်သော်လည်း ရှိနေသောအဖွဲ့ဝင်များအတွက်မူ ခြင်တစ်ကောင်၏အော်သံလေးကပင် နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်လှသည်။

"သူတို့ အဆင်ပြေပါတယ်။ ခရီးပန်းလာလို့ နည်းနည်းပင်ပန်းနေရုံပါ"

ဖုန့်ရှင်းက ဂရုမစိုက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

ချန်ယွမ်သည် ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။

‘ပင်ပန်းရုံနဲ့ ဘယ်လိုလုပ်ပြီး ဆံပင်တွေပါ ကုန်သွားရတာလဲ’

ချန်ယွမ် တွေးမိသော်လည်း ထုတ်မမေးရဲပေ။ သူတို့ကိုဖုံးလွှမ်းထားသော တိမ်တိုက်ကို သံသယဖြင့်ကြည့်ရှုပြီးမှ နောက်ဆုံးတွင် မျက်နှာထားလျော့ကျသွားပြီး သက်ပြင်းချလိုက်သည်။ သူတို့နှင့် ပုဂ္ဂိုလ်ရေးရန်ငြိုးရှိသော်လည်း တစ်ခုခုဖြစ်သွားလျှင် လျစ်လျူရှုထားရန် ခက်ခဲသည်။

လက်ရှိဂိုဏ်းတွင် အသက်ရှင်ကျန်ရစ်သူများအနက် သူတို့နှစ်ဦးကို အကြာဆုံးသိကျွမ်းခဲ့ပြီး ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ အနည်းဆုံးတော့ သူထိုသို့ထင်ခဲ့ဖူးသည်။ သို့သော် ယနေ့ဖြစ်ရပ်များ ပေါ်ပေါက်ပြီးနောက် သူကိုယ်တိုင်ပင်သိပ်မသေချာတော့ပေ။

"ယန်ချင်း... မင်းအဲဒီအဆောင်တွေကို ဘာလုပ်လိုက်တာလဲ။ တစ်ခုက ငါရှောင်ဖို့အချိန်တောင်မရလိုက်ဘဲ ချက်ချင်းပေါက်ကွဲသွားတယ်။ အယ်လီသာမရှိရင် ငါတို့အဲဒီတိုက်ခိုက်မှုကြားထဲ ပါသွားလောက်ပြီ"

ဖုန့်ရှင်းက အံကြိတ်ရင်း ပြောလိုက်သည်။

"ဟင်... အဲဒီမှာ တစ်ခုခုမှားနေလို့လား။ ငါ့ရဲ့အကောင်းဆုံးအဆောင်တွေလို့ ထင်ထားတာ။ ငါအဲဒါတွေလုပ်တုန်းက စိတ်အားထက်သန်မှု လွန်ကဲသွားလို့နေမှာ။ အဲဒီတုန်းက ငါအဆင့်တည်ငြိမ်ခါစပဲရှိသေးပြီး မိစ္ဆာအိုကြီးလဲ့ဝေယွမ်ကို လှည့်စားနိုင်ခဲ့လို့ ပျော်နေတဲ့အချိန်လေ။”

“အဲဒီစိတ်နဲ့ အဆောင်တွေလုပ်လိုက်တာ... သတိပြန်ဝင်လာတဲ့အချိန်ကျတော့ အဆောင်တွေ အပုံလိုက်ဖြစ်နေပြီ။ ငါက ညဏ်အလင်းပွင့်တဲ့အခြေအနေ ရောက်နေတော့ ဘာတွေပြင်ဆင်လိုက်မိလဲမမှတ်မိတော့ဘူး။”

“ယေဘုယျစွမ်းရည်တွေလောက်ပဲ သိတော့တာ။ ဒါပေမဲ့ အဲဒီလောက်မဆိုးလောက်ပါဘူးကွာ... ငါက အဆောင်လုပ်တဲ့နေရာမှာ ဆရာတစ်ဆူမဟုတ်ပေမဲ့ ကျွမ်းကျင်မှုတော့ရှိပါတယ်”

ယန်ချင်းက ခေါင်းကုတ်ရင်း ရှက်ရွံ့စွာရယ်မောလိုက်သည်။

“မင်း... မင်း... မင်း... ယန်ချင်း... မင်းငါ့ကို မင်းအဆောင်တွေရဲ့ စမ်းသပ်ခံကြွက်အဖြစ် သုံးလိုက်တာလား”

ဖုန့်ရှင်းက တံတွေးတွေစင်ထွက်လာသည်အထိ အော်ဟစ်ရင်း ယန်ချင်းကိုလက်ညှိုးထိုးကာ တုန်ရီနေသည်။

“စိတ်လျော့ပါ ဖုန့်ရှင်းရာ... အနည်းဆုံးတော့ မင်းဘေးမသီရန်မခ ပြန်ရောက်လာတယ် မဟုတ်လား။ မင်းပုံစံကြည့်ရတာ အဆောင်တွေအကုန်လုံး ချွတ်ယွင်းနေတာ မဟုတ်ပါဘူး။ ဒါနဲ့ ဘယ်တစ်ခုကမှားနေတာလဲ ငါသိချင်တယ်။ ငါသတိလွတ်နေတဲ့အချိန်မှာ လုပ်လိုက်တာမှန်ပေမဲ့ အဆောင်တွေရဲ့တည်ငြိမ်မှုနဲ့ အခြေခံကိုတော့ ယုံကြည်မှုရှိတယ်။ နန်းတော်အဆင့်တက်တုန်းက ရတဲ့ညဏ်အလင်းတွေကိုသုံးပြီး လုပ်ထားတာလေ။”

“ငါပိုကျွမ်းကျင်တဲ့ အစီအရင်တွေအစား အဆောင်တွေကိုသုံးဖို့ ဆုံးဖြတ်လိုက်တာက အဆောင်တွေရဲ့အခက်အခဲနဲ့သဘာဝက ငါရဲ့အသိတရားတွေကို ပိုပြီးသွေးတိုးစမ်းဖို့ ကူညီပေးနိုင်လို့ပါ။ ရလဒ်အနေနဲ့ အဲဒီအဆောင်တွေမှာ ငါ့ရဲ့တာအိုအမှတ်အသားတွေ ပါသွားတယ်။ ဒါကြောင့် မတော်တဆမှုတွေဖြစ်ခဲ့တာကို ငါအံ့သြနေတာ”

ယန်ချင်းက မေးစေ့ကိုပွတ်ရင်း စဉ်းစားလိုက်သည်။

ယန်ချင်းက တာအိုအမှတ်အသားအကြောင်း ပြောလိုက်မှ ဖုန့်ရှင်းစိတ်အေးသွားသည်။ ယန်ချင်းသည် ပျင်းရိသည်၊ ကောက်ကျစ်သည်၊ အစားပုတ်သည်၊ သူများဆီက ကပ်စားတတ်သည်၊ အတိုချုပ်ပြောရရင် တရားစီရင်ရေးအဖွဲ့မှ ဖယ်ရှား၍မရနိုင်တဲ့ ဘုန်းကြီးနေသော ကပ်ပါးကောင်တစ်ကောင်ပင်။

သို့သော် ယန်ချင်းတွင် ကောင်းကွက်အနည်းငယ်ရှိပြီး ထိုအထဲမှတစ်ခုမှာ ကျင့်ကြံခြင်းတွင် လုံ့လဝီရိယရှိခြင်းဖြစ်သည်။သူ၏ဘဝကို သက်သောင့်သက်သာနေနိုင်ရန် ကြံစည်မှုများတွင် ထည့်သွင်းသောအားထုတ်မှုနှင့် ယှဉ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံခြင်းတွင် သူမည်မျှစေ့စပ်သေချာကြောင်းဖြစ်သည်။

တရားစီရင်ရေးအဖွဲ့သည် ဘဝအလွှာပေါင်းစုံမှ ပါရမီရှင်များကို စုစည်းထားသောနေရာဖြစ်သည်။ ၎င်း၏တံခါးများကို ဖြတ်သန်းသွားသူများသည် အထက်တန်းလွှာသို့မဟုတ် ပါရမီရှင် ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အမြဲတမ်းစိန်ခေါ်နေကြသည်။ သို့သော် ထိုစည်းမျဉ်းများနှင့် မသက်ဆိုင်သောသူများလည်းရှိသည်။ သူတို့သည် သာမန် သို့မဟုတ် ပါရမီရှင်ဆိုသည့် သတ်မှတ်ချက်များကို ကျော်လွန်သွားကြသည်။

သူတို့သည် စိတ်ကူးမယဉ်နိုင်သောအရာများကို လုပ်ဆောင်နိုင်သည့် "မိစ္ဆာ"များ ဖြစ်ကြသည်။ထိုမိစ္ဆာများထဲတွင် အသက် ၁၉ နှစ်အရွယ်နှင့် အသက်အငယ်ဆုံးဖြင့်နန်းတော်အဆင့်တရားသူကြီးဖြစ်လာသော ကျန်းချင်ကော ပါဝင်သည်။ သူမကို မိစ္ဆာဟုသတ်မှတ်ရခြင်းမှာ သူမ၏တိုက်ခိုက်ရေးစွမ်းရည်ကြောင့်ဖြစ်သည်။ ရွှေအမြုတေအထွတ်အထိပ်အဆင့်တွင်ရှိစဉ်က ရွှေရောင်ရွှေအမြုတေပိုင်ဆိုင်ထားသော နန်းတော်အဆင့် ၁ ကျင့်ကြံသူတစ်ဦးကို ၃ ရက်တိုင်တိုင် မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်ခဲ့သည်။

နောက်ထပ် ထူးခြားသူတစ်ဦးမှာ ခန်းဟွေ့လန်ဖြစ်သည်။ လူအများစု ဆယ်စုနှစ်များစွာကြာမှ တစ်မျိုးရရှိနိုင်သော စိတ်ဆန္ဒများကို သူသည် လအနည်းငယ်အတွင်း နှစ်မျိုးရရှိခဲ့သည်။ ပါရမီရှင်ဟု သတ်မှတ်ခံရသူများပင် တစ်မျိုးရရှိရန် တစ်နှစ်ခန့်ကြာတတ်သည်။ နှစ်မျိုးပြသနိုင်သူကို တွေ့ရခဲသည်။ စိတ်ဆန္ဒဆိုသည်မှာ လူတစ်ယောက်က သူ၏လက်နက်အပေါ် နားလည်သဘောပေါက်မှု၏ နက္ခတ်တာရာသဏ္ဍာန်ဖော်ပြချက်ဖြစ်သည်။

ဓားစိတ်ဆန္ဒ၊ ဓားရှည်စိတ်ဆန္ဒ၊ လက်သီးစိတ်ဆန္ဒ၊ လှံစိတ်ဆန္ဒ၊ ဓားမြှောင်စိတ်ဆန္ဒ၊ လက်ဖဝါးစိတ်ဆန္ဒ စသည်ဖြင့် အမျိုးမျိုးရှိသည်။ စိတ်ဆန္ဒတစ်မျိုးရရှိရန် မိမိကိုယ်နှင့် မိမိလက်နက်ကို နားလည်ရန် လုံးဝနှစ်မြှုပ်ထားရမည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် တစ်မျိုးသာရရှိကြသဖြင့် နှစ်မျိုးရရှိထားသော ခန်းဟွေ့လန်သည် ထူးခြားသူဖြစ်လာသည်။

ထိုလူသည် မည်သည့်လက်နက်ကိုမဆို အသုံးပြုရာတွင် ကျွမ်းကျင်သည်။ လက်နက်တစ်ခုကို ကိုင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားသည်။ တစ်လအောက်သာ ကိုင်ဖူးသောလက်နက်ဖြစ်သော်လည်း နှစ်ပေါင်းများစွာကိုင်ထားသကဲ့သို့ ချောမွေ့ကာသဘာဝကျနေသည်။

အခြေတည်အဆင့်တွင်ရှိစဉ်ကပင် ဆရာသခင်အဆင့်ရောက်ရှိခဲ့သော လူငယ်အဂ္ဂိရတ်ပညာရှင်တစ်ဦးလည်းရှိသည်။ အဂ္ဂိရတ်ဆရာသခင်ဟု သတ်မှတ်ခံရသူများသည် အဂ္ဂိရတ်တာအိုတွင် နက်ရှိုင်းစွာလျှောက်လှမ်းခဲ့ပြီး သူတို့ထုတ်လုပ်သောဆေးလုံး သို့မဟုတ် ဆေးရည်များတွင် ဝိညာဉ်များပါဝင်နေသူများဖြစ်သည်။

တရားစီရင်ရေးအဖွဲ့၏ ခရမ်းရောင်အဆင့် ကျင့်ကြံခြင်းပညာရပ် ၁၀ ခုတွင် ၁ ခုကို အကြီးအကဲတစ်ဦးက ဖန်တီးခဲ့သည်။ ခရမ်းရောင်အဆင့်ပညာရပ်များသည် အဆင့် ၁ ဂိုဏ်းများနှင့် မြင့်မြတ်သောနယ်မြေများပင် လိုချင်တပ်မက်ကြသည်။ အဆင့် ၁ ဂိုဏ်းအများစုတွင် တစ်ခု သို့မဟုတ် နှစ်ခုသာရှိတတ်ပြီး အများအားဖြင့် ဘိုးဘေးများထံမှ အမွေရရှိခြင်း သို့မဟုတ် ဆန်းကြယ်သောနယ်မြေများမှ ရရှိခြင်းဖြစ်သည်။

မည်သည့်နေရာမှ ရရှိသည်ဖြစ်စေ ဂိုဏ်းချုပ်ထက်ပင် ပိုမိုတန်ဖိုးရှိသော အရေးကြီးဆုံးဂိုဏ်းရတနာဖြစ်သည်မှာ သေချာသည်။ တစ်ခုဖန်တီးနိုင်ခြင်းသည်ပင် နှစ်တစ်ထောင်တိုင်အောင် ဒဏ္ဍာရီအဖြစ်တင်စားခံရမည့် တစ်သက်တာအောင်မြင်မှုဖြစ်သော်လည်း တစ်ခုထက်ပို၍ ဖန်တီးခြင်းသည် စိတ်ကူးပင်မယဉ်နိုင်သော အရာဖြစ်သည်။

ဖုန့်ရှင်း စိတ်အေးသွားရခြင်းအကြောင်းရင်းမှာ ယန်ချင်းသည် တရားစီရင်ရေးအဖွဲ့၏ မိစ္ဆာအတန်းအစားတွင် ပါဝင်သောကြောင့်ဖြစ်သည်။ ရွှေအမြုတေအဆင့်တွင်ရှိစဉ်က အနီရောင်အဆင့်ကျင့်ကြံခြင်းပညာရပ်အချို့ကို လိမ္မော်ရောင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး တစ်ခုမှာ အပြာရောင်အဆင့်သို့ပင် ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ မပြည့်စုံသော သို့မဟုတ် ပျက်စီးနေသော ကျင့်ကြံခြင်းပညာရပ်များကို ဖြည့်စွက်ခြင်းအပါအဝင် သူ၏စွမ်းဆောင်ရည်များ တိုးတက်လာခဲ့သည်။

သူ၏လက်ရှိကျင့်ကြံခြင်းနည်းစနစ်သည် မပြည့်စုံသော ခရမ်းရောင်အဆင့်မန္တန်ဖြစ်ပြီး ကျင့်ကြံနေစဉ်အတွင်း သူကိုယ်တိုင်သန့်စင်ပြီး ပြုပြင်ဖန်တီးနေသည်။ မတော်တဆမှုများ မဖြစ်စေရန် အဖွဲ့၏အကြီးအကဲများက ရံဖန်ရံခါစောင့်ကြည့်ပေးသည်။ ရှိပြီးသား ခရမ်းရောင်အဆင့်ပညာရပ် အပြည့်အစုံကိုမသုံးဘဲ ဘာကြောင့်မပြည့်စုံသောပညာရပ်ကို ရွေးချယ်ရသလဲဟု မေးသည့်အခါတွင် သူ၏အဖြေမှာ ခရီးလမ်း၏ကျန်ရှိနေသောအစိတ်အပိုင်းကို သူ၏အာရုံများနှင့် ကိုယ်တိုင်လျှောက်လှမ်းကြည့်ရှုချင်သောကြောင့်ဖြစ်သည်၊ သို့မှသာ သူ၏ကိုယ်သူရှာတွေ့မည် ဟုဖြေကြားခဲ့သည်။

သူဘာကိုဆိုလိုသည်ကို သူကလွဲ၍ ဘယ်သူမှမသိကြပေ (ရံဖန်ရံခါ သူဟန်ဆောင်လေ့ရှိသော အတုအယောင်ဆရာသခင်ပုံစံကြောင့်ဟု ယူဆကြသော်လည်း)။ သို့သော် ငြင်းမရသော အချက်တစ်ခုမှာ သူ့တွင် မတူညီသောတာအိုများကို ခွဲခြမ်းစိတ်ဖြာနိုင်သော ထူးဆန်းသည့်ပါရမီရှိခြင်းဖြစ်သည်။

ပညာရပ်များကို တိုးတက်စေခြင်းနှင့် ပြုပြင်ဖန်တီးခြင်းဆိုသည်မှာ ပြီးပြည့်စုံအောင် တတ်မြောက်ထားရုံသာမက ၎င်း၏အနှစ်သာရကို ဆုပ်ကိုင်ထားပြီး မူရင်းပုံစံကိုမပျက်စေဘဲ ထပ်ဖြည့်နိုင်လောက်အောင် တာအိုကိုထိုးထွင်းသိမြင်ထားခြင်းဖြစ်သည်။ သူတစ်ပါး၏ပညာရပ်ကို တိုးတက်အောင်လုပ်ခြင်းနှင့် ပညာရပ်အသစ်ဖန်တီးခြင်း ဘယ်အရာကပိုခက်ခဲသလဲဆိုသည်မှာ အမြဲတမ်းငြင်းခုံစရာဖြစ်ခဲ့သည်။

"အာရုံဦးရေဝဲပညာရပ်ပါတဲ့အဆောင်လေ။ ငါ့ချီနည်းနည်းထည့်လိုက်တာနဲ့ အဆောင်ကိုမချေမွရသေးဘဲ ပညာရပ်က သူ့အလိုလိုထွက်လာပြီး ငါတို့အားလုံးကို ရေဝဲထဲမျိုချလုနီးပါး ဖြစ်သွားတယ်"

ဖုန့်ရှင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

တစ်ဖက်တွင် အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့ကို ဖုံးလွှမ်းထားသော တိမ်တိုက်မှာပျောက်ကွယ်သွားပြီး သူတို့သည် ယခင်ကထက် ပိုမိုကောင်းမွန်လာသည်။အကြီးအကဲဂွီ၏ဆံပင်များပင် ပြန်ပေါက်လာပြီး ထူးဆန်းသည်မှာ ယခင်ကလို ပင့်ကူအိမ်ကဲ့သို့ အဖြူရောင်မဟုတ်ဘဲ အနက်ရောင်ဖြစ်နေသည်။

"အင်း... ဆင့်ကဲပညာရပ်ပေါ့။ ရန်သူကိုမျိုချပြီး အဝါရောင်၊ အနက်ရောင်ရောင်ခြည်တွေနဲ့ နှစ်မြှုပ်ပစ်သလို ဝိညာဉ်ကိုလည်း ပစ်မှတ်ထားတဲ့ပညာရပ်လေ။ ဒါပေမဲ့ ငါဒီမန္တန်ထဲ ဘာမှထပ်မထည့်ထားပါဘူး၊ သူက တိုက်ခိုက်ရေးမှာ တော်တော်စုံလင်ပြီးသားဆိုတော့လေ။ နေဦး... မင်းပြောတဲ့ပြဿနာက စောစောစီးစီးထွက်လာတာ တစ်ခုတည်းလား။ တခြားဘာမှ မရှိဘူးလား"

ယန်ချင်း ရုတ်တရက်မေးလိုက်သည်။

"ဟုတ်တယ်... အဲဒါပဲပြဿနာက။ ငါတို့ရေဝဲထဲ မျိုချခံရလုနီးပါး ဖြစ်သွားတာ"

ယန်ချင်း၏ ရှင်းလင်းနေသောမေးခွန်းကြောင့် ဖုန့်ရှင်းနားမလည်စွာ ဖြေလိုက်သည်။ ဒါကိုပဲ သူထပ်ခါထပ်ခါပြောနေတာ မဟုတ်ဘူးလား။

"ဟူး... တော်သေးတာပေါ့။ ချက်ချင်းတုံ့ပြန်တာက ချွတ်ယွင်းချက်မဟုတ်ဘူး၊ တမင်လုပ်ထားတာ။ အဆောင်က ဖြစ်သင့်တဲ့အတိုင်း ဖြစ်သွားတာပါ"

ယန်ချင်းက စိတ်သက်သာရာရစွာပြုံးရင်း ပြောလိုက်သည်။

"မင်းရဲ့ဒေါသအိုးမပေါက်ကွဲခင် ငါရှင်းပြပါရစေ ဖုန့်ရှင်း။ ငါက ကစားချင်ကစားမယ်၊ ဒါပေမဲ့ မင်းတို့အသက်တွေနဲ့တော့ နောက်ပြောင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် မင်းနဲ့ယီကျဲက ငါ့အကြောင်း ကောင်းကောင်းသိပါတယ်"

ယန်ချင်းက ပြောလိုက်သည်။

ဖုန့်ရှင်း ဘာမှမပြောသော်လည်း တိတ်ဆိတ်နေခြင်းက သဘောတူကြောင်းပြသနေသည်။ အစားအစာကို ထိန်းသိမ်းထားဖို့အတွက် ယန်ချင်းကို မယုံကြည်နိုင်သော်လည်း သူ၏ကျောဘက်ကို ကာကွယ်ပေးဖို့အတွက်တော့ အပြည့်အဝယုံကြည်သည်။

"တရားစီရင်ရေးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ကိစ္စတွေကြောင့် အဆောင်တချို့ကို ငါပြုပြင်လိုက်တာပါ။ ဖုန့်ရှင်း... မင်းမှာမြန်ဆန်တဲ့လှုပ်ရှားမှုနဲ့ တုံ့ပြန်မှုရှိပေမဲ့ လုံလောက်ချင်မှလုံလောက်မယ်။ အထူးသဖြင့် နန်းတော်အဆင့်တစ်ယောက်နဲ့ ရင်ဆိုင်ရရင်ပေါ့။ ငါတို့ယှဉ်ပြိုင်တုန်းက အဲဒီကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာ မင်းကိုယ်တိုင်ကြုံဖူးတာပဲ။ အဲဒါတောင် ငါကလျှော့တိုက်ခဲ့တာနော်။”

“ငါ့အဆင့်နဲ့နီးစပ်တဲ့သူ၊ ဒါမှမဟုတ် ငါ့အထက်က လူတစ်ယောက်နဲ့ရင်ဆိုင်ရရင် မင်းဘာလုပ်မလဲ။ တစ်ခုတည်းသောရွေးချယ်စရာက ထွက်ပြေးဖို့ပဲ။ ဒါပေမဲ့ သူတို့ကငါ့လိုမြန်ရင် ထွက်ပြေးဖို့ခက်တယ်။ နောက်တစ်နည်းက ထွက်ပြေးဖို့အဆောင်တွေကို သုံးရမယ်။ ဒါပေမဲ့ သာမန်အဆောင်တွေမှာ အချိန်ကွာဟချက်ရှိတယ်။ “

“ကွာဟချက်သေးသေးပေမဲ့ ရန်သူက အသက်ဝင်မှုကို ပျက်ပြယ်အောင်လုပ်ဖို့ လုံလောက်တယ်။ ဖုန့်ရှင်း... နန်းတော်အဆင့်ကျင့်ကြံသူတွေမှာ နည်းလမ်းတွေအများကြီးရှိတယ်။ ငါကအဆင့်တက်ခါစရှိသေးပေမဲ့ လူတစ်ယောက်ကိုအဆောင်မသုံးနိုင်အောင် တားဆီးဖို့နည်းလမ်း ၅၀ လောက်ရှိတယ်။ ငါ့ထက်ပိုရင့်ကျက်ပြီး ပိုကောက်ကျစ်တဲ့ နန်းတော်အဆင့်ကျင့်ကြံသူဆိုရင် ဘယ်လိုနေမလဲ”

"အဆောင်တွေက ဝှက်ဖဲတွေဖြစ်ပေမဲ့ သေစေနိုင်တဲ့ အားနည်းချက်တစ်ခုရှိတယ်။ အဲဒါက အသက်ဝင်ဖို့ကြာတဲ့အချိန်ပဲ။ ဒါကြောင့် ငါအဆောင်တချို့ကို ချီနည်းနည်းလေးထည့်လိုက်တာနဲ့ သူ့အလိုလိုအသက်ဝင်အောင်လုပ်ထားတာ။ ဟုတ်တယ်... အဲဒီဂါထာကြောင့် ကိုယ်တိုင်ထိခိုက်နိုင်မယ့် အန္တရာယ်ရှိပေမဲ့ တခြားနည်းလမ်းထက်တော့ ပိုကောင်းပါတယ်။ အနည်းဆုံးတော့ မင်းမှာအခွင့်အရေးရှိတာပေါ့။ ကြိုမပြောမိတဲ့အတွက်တော့ တောင်းပန်ပါတယ်ကွာ"

ယန်ချင်းက လက်သီးဆုပ်အရိုအသေပြုရင်း တောင်းပန်လိုက်သည်။

"ငါထင်သားပဲ... ငါ့ထင်မြင်ချက် မမှားလို့ဝမ်းသာပေမဲ့ ငါတော့ခံလိုက်ရတာပေါ့။ မင်းငါ့ကို အစား ၅ ပွဲနဲ့ မင်းရဲ့နှစ် ၃,၀၀၀ သက်တမ်းရှိတဲ့ ရေခဲဆန်ဝိုင်ပေးရမယ်"

ဖုန့်ရှင်းက အင်္ကျီစုတ်ပြဲနေသောညာလက်ကို ဝှေ့ယမ်းရင်း ပြုံးလိုက်သည်။

"လက်တစ်ဆုံးနှိုက်တယ်ဆိုတာ အဲ့ဒါပဲ။ မင်းအဲဒါကို မျက်စိကျနေမှန်း ငါသိသားပဲ။ အဲဒါငါ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုကွ... အစားပုတ်တွေနဲ့ မျှဝေလို့မရဘူး။ ဒါပေမဲ့ ကျန်းဖူရဲ့ လက်ဖက်ရည်အသစ်တစ်ခွက်တော့ တိုက်မယ်။ သူအဆင့်တက်တော့မှာမို့လို့ ပထမဆုံးဖျော်တဲ့ ဝူလုံလက်ဖက်ရည်တစ်အိုး ငါ့ကိုပေးမယ်လို့ ကတိပေးထားတယ်"

ယန်ချင်းက လောဘတကြီးပြုံးရင်း သွားရည်များကျလာသည်။

"တကယ်လား….ငါ မစောင့်နိုင်တော့ဘူးကွာ"

ဖုန့်ရှင်းကလည်း အလားတူ လောဘတကြီးပြုံးရင်း သွားရည်ကျလာသည်။ သူတို့နှစ်ဦးသည် ရှင်းပြ၍မရနိုင်သော အကြောင်းပြချက်တစ်ခုကြောင့် မျက်နှာကြက်ကိုမော့ကြည့်ရင်း ရယ်မောကာ တံတွေးအဆက်မပြတ် မြိုချနေကြသည်။

"ဒီနှစ်ယောက်က တကယ့်ကို ဆန်အိုးနဲ့ကြက်တူရွေးပဲ။ ဖုန့်ရှင်းက သနားစရာပုံစံဖမ်း၊ အော်ဟစ်ပြီးတော့ ယန်ချင်းဆီက အလကားစားရအောင် လာလုပ်တာနေမှာ။ လူနှစ်ယောက်က ဘယ်လိုလုပ်ပြီးဒီလောက်တူနိုင်ရတာလဲ"

မော့ယွင်ရု တွေးရင်း ခေါင်းခါလိုက်သည်။ ယီကျဲကလည်း သက်ပြင်းချလိုက်သည်။ ဖုန့်ရှင်း၏အကြံအစည်နှင့်ပတ်သက်ပြီး မော့ယွင်ရုကဲ့သို့ပင် ကောက်ချက်ချလိုက်ပုံရသည်။

All Chapters