← Chapters

၁၀ မိနစ်ခရီးအလိုတွင် ခြေရာခံမိသွားခြင်း

Vol. 5 Ch. 45

၁၀ မိနစ်ခရီးအလိုတွင် ခြေရာခံမိသွားခြင်း

Vol. 5 Ch. 45

"ဒါဆို ဘာဖြစ်သွားတာလဲ။ အဆောင်တွေသုံးဖို့ ဆုံးဖြတ်လိုက်ရတယ်ဆိုတော့ မင်းကိုင်တွယ်လို့မရတဲ့ လူတစ်ယောက်နဲ့တွေ့လို့လား။ နန်းတော်အဆင့် တစ်ယောက်ယောက်လား"

ယီကျဲက ရုတ်တရက်ဝင်မေးလိုက်ရာ ထိုနှစ်ယောက်၏ စိတ်ကူးယဉ်ကမ္ဘာ ပျက်စီးသွားသည်။ ဖုန့်ရှင်းသည် မေးခွန်းကြောင့် လန့်သွားပြီး တံတွေးသီးလုနီးပါး ဖြစ်သွားသည်။ ယန်ချင်းမှာမူ အစားကောင်းစားရတော့မည့် အခန်းရောက်မှ သူ၏စိတ်ကူးယဉ်ကမ္ဘာကို ဖျက်ဆီးပစ်လိုက်သဖြင့် ယီကျဲကို မလိုလားသောအကြည့်ဖြင့်ကြည့်လိုက်သည်။

"တရားစီရင်ရေးအဖွဲ့ကို ပစ်မှတ်ထားနေတဲ့ အဖွဲ့တွေနဲ့တော့ သက်ဆိုင်မယ်မထင်ဘူး"

ယီကျဲ၏ အတွေးကို ဖတ်မိသကဲ့သို့ ဖုန့်ရှင်းပြောလိုက်သည်။

"ပြဿနာအရင်းအမြစ်က မြူနွံဂိုဏ်းနဲ့ ပိုပြီးသက်ဆိုင်တယ်။ သူတို့က သွေးလက်တစ္ဆေဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပုံပဲ။ ဒီနှစ်ယောက်ပြောပြချက်အရ သူတို့ဂိုဏ်းက သင်းထောက်အကြီးအကဲတုန်းယန်လင်က အဲဒီဂိုဏ်းသား ဖြစ်နေတယ်"

"ငါသူတို့နှစ်ယောက်ကို သွားတွေ့တဲ့အချိန်မှာ တုန်းယန်လင်က သေနေပြီ... မင်းရဲ့အဆောင်ကြောင့် ပျက်စီးသွားတာ။ ယန်ချင်း... မင်းကင်းထောက်မန္တန်တစ်ခုထဲမှာ ယမ်း ဘယ်လောက်တောင်ထည့်ထားတာလဲ။”

“ ငါအပျက်အစီးတွေကိုပဲ တွေ့ခဲ့တယ်။ မိုင်ဝက်ပတ်လည်လောက်ထိ ပြာကျသွားတာ။ အကြီးအကဲနှစ်ယောက်တည်းပဲ အသက်ဘေးက သီသီလေးလွတ်မြောက်ခဲ့တာ။ အဲဒါတောင် သူတို့ရဲ့မြူနွယ်ပင်ကြောင့် အသက်ရှင်ခဲ့ကြတာ"

ဖုန့်ရှင်းက ဖုန်းကျိန်းနှင့် ဂွီဘင်းဝမ်တို့ကို သွားတွေ့စဉ်က မြင်ကွင်းကိုပြန်သတိရပြီး ရုတ်တရက်မေးလိုက်သည်။

"အစိမ်းရောင်ပျံလွှားငှက်မန္တန်လား။ မင်းတိုက်ခိုက်မှုကို မြင်လိုက်သေးလား... ဘယ်လောက်တောင်ပြင်းထန်လဲ... သူ့ရဲ့အသိစိတ်အဆင့်အတန်းကရော ဘယ်လိုနေလဲ..."

ယန်ချင်းသည် စိတ်လှုပ်ရှားစွာ မေးခွန်းများတရစပ်မေးလိုက်ရာ တံတွေးများနေရာအနှံ့ လွင့်စဉ်ထွက်လာသဖြင့် ကျန်လူများမှာ အဝေးသို့ ရှောင်လိုက်ကြရသည်။

"စိတ်လျော့စမ်းပါကွာ။ ငါတိုက်ခိုက်တာကို မမြင်လိုက်ရဘူး... နောက်ဆက်တွဲအကျိုးဆက်ကိုပဲ မြင်လိုက်တာ။ အသေးစိတ်သိချင်ရင် အသက်ရှင်ကျန်ရစ်သူတွေကို မေးကြည့်။ ဒါပေမဲ့ ငါပြောနိုင်သလောက်တော့ သူ့ရဲ့အသိစိတ်အဆင့်အတန်းက တော်တော်လေးမြင့်တယ်"

ဖုန့်ရှင်းက ယန်ချင်း၏ မေးခွန်းဗုံးဒဏ်မှလွတ်မြောက်ရန် အလျင်အမြန်ဖြေလိုက်သည်။

"သူဘာလို့သွားရည်တွေ ဒီလောက်ကျနေလဲ။ ပါးစပ်ထဲမှာ တံတွေးဘယ်လောက်တောင် ရှိနေတာလဲ"

ဖုန့်ရှင်း တွေးရင်း နောက်ထပ်ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်သည်။ လက်ရှိအကွာအဝေးသည် ယန်ချင်း၏ တံတွေးဒဏ်မှလွတ်ကင်းရန် မလုံခြုံသေးဟု ခံစားရသောကြောင့်ပင်။

"ကောင်းပြီ... ကောင်းပြီ... ဟင်... မင်းတို့ဘာလို့ ဒီလောက်ဝေးဝေး သွားရပ်နေကြတာလဲ"

ယန်ချင်း စိတ်ငြိမ်သွားပြီး ကျန်လူများမီတာအနည်းငယ်အကွာတွင် ရပ်နေကြသည်ကို သတိပြုမိသွားကာ နားမလည်စွာမေးလိုက်သည်။

"အင်း... ပျံလွှားငှက်က ဘာလို့တိုက်ခိုက်တာလဲဆိုတာ ငါစဉ်းစားနေတာ။ သူရှောင်လို့မရနိုင်တဲ့ တိုက်ခိုက်မှုမျိုးကြုံရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နည်းလမ်းတွေ ငါထည့်ထားပါတယ်။ ဒါပေမဲ့ အမြန်နှုန်းက သူ့ရဲ့အားအကောင်းဆုံးအားသာချက်ပဲလေ။ အဲဒါကိုယှဉ်နိုင်လောက်တဲ့ အမြန်နှုန်းမျိုးနဲ့ကြုံရင် ဒီကအကြီးအကဲနှစ်ယောက်က အဲဒီအဆင့်မျိုးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ သေနေလောက်ပြီ။”

“တခြားဖြစ်နိုင်တဲ့ အကြောင်းရင်းက လူသတ်ချင်စိတ်ပြင်းထန်ပြီး ယင်ချီတွေ ပြည့်နှက်နေတဲ့ အရာတစ်ခုခုနဲ့ တွေ့ခဲ့တာဖြစ်မယ်။ မန္တန်ကိုယ်တိုင်က သဘာဝအရ ယန်ဖြစ်တဲ့ချီနဲ့ ပြုလုပ်ထားတာဆိုတော့ သေခြင်းတရားပြည့်နှက်နေတဲ့ နေရာတွေကနေ ဖြစ်ပေါ်လာတဲ့ ယင်ချီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ သိပ်သည်းဆများလေလေ မန္တန်ရဲ့တုံ့ပြန်မှုက ပိုပြင်းထန်လေလေပဲ။ ဘာကများ အဲဒီလိုဖြစ်စေခဲ့တာလဲ။ ဖုန့်ရှင်း... မင်းအဲဒီနားမှာယင်ချီရှိတဲ့ အရာတစ်ခုခုများ တွေ့ခဲ့သေးလား"

ယန်ချင်းသည် အစိမ်းရောင်ပျံလွှားငှက်မန္တန်၏ ထူးဆန်းသောတုံ့ပြန်မှုကို လေးလေးနက်နက်စဉ်းစားရင်း မေးလိုက်သည်။ ၎င်းသည် သူအခြေတည်အဆင့်ရောက်ကတည်းက ဆက်လက်အသုံးပြုပြီး တိုးတက်အောင်လုပ်ဆောင်ခဲ့သော မန္တန်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

"သိပ်သည်းတဲ့ အနုတ်လက္ခဏာချီအကြောင်း ပြောမယ်ဆိုရင်တော့ သေချာပေါက် ဒါကြောင့်ပဲနေမှာ။ ငါတို့ကိုလိုက်နေတဲ့ကောင်ကလည်း ငါ့ဆီမှာဒါရှိနေလို့ လိုက်လာတာ"

ဖုန့်ရှင်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ အောင်းယင်ဓားရှည်ကို ထုတ်လိုက်သည်။ ဓားကို ဓာတ်ကြီးလေးပါးအသက်ခွဲခြားခြင်းတံဆိပ် များဖြင့် တင်းကျပ်စွာ ပိတ်လှောင်ထားသည်။

"ဒါ အောင်းယင်အရိုးလား တစ်ယောက်ယောက်က ဒါနဲ့လက်နက်လုပ်လောက်အောင် ရူးသွပ်တယ်ပေါ့။ သွေးလက်တစ္ဆေဂိုဏ်းကကောင်တွေက ရူးသွပ်တဲ့ကိစ္စတွေလုပ်တဲ့နေရာမှာ ဘယ်တော့မှစိတ်ပျက်အောင် မလုပ်ဘူးပဲ"

ယန်ချင်းက ပြောရင်း အရိုးဓားကို ကောက်ယူလိုက်သည်။ ယီကျဲနှင့် မော့ယွင်ရုတို့လည်း ဓားကိုကြည့်ရင်း မျက်မှောင်ကြုတ်ထားကြသည်။ အောင်းယင်တွင် လူများကို ထိုသို့ဖြစ်စေတတ်သော အရှိန်အဝါရှိသည်။ ၎င်းသည် ရက်စက်စွာသတ်ဖြတ်ခြင်းနှင့် နှိပ်စက်ခြင်းအတွက် မွေးဖွားလာသော သတ္တဝါဖြစ်သည်။

သားကောင်များ၏အသားကို စားရုံသာမက သူတို့၏ဝိညာဉ်များကို ဖမ်းဆီးပြီး ထာဝရနီးပါး နှိပ်စက်ညှဉ်းပန်းတတ်သည်။ သတ္တဝါအသက်ရှင်နေသမျှ ကာလပတ်လုံး နှိပ်စက်မှုမှာ ဆက်လက်ရှိနေမည်။

အများစုကို တိုက်ကြီးပေါ်မှ အမြစ်ဖြတ်သုတ်သင်ပြီးဖြစ်သည်။ ဂိုဏ်း၊ အင်ပါယာ သို့မဟုတ် မျိုးနွယ်စုတိုင်းလိုလိုသည် ထိုသားရဲကို ကြောက်ရွံ့မုန်းတီးမှုဖြင့် စည်းလုံးခဲ့ကြသည်။ မိမိတို့အကျိုးစီးပွားအတွက် ထိုကြမ်းတမ်းသော သတ္တဝါများကို ကျွန်ပြုရန် ကြိုးစားခဲ့သူများရှိသော်လည်း အများစုကျရှုံးခဲ့ပြီး နောက်ဆုံးတွင် စိတ်များယိုယွင်းပျက်စီးကာ ဂိုဏ်းများပျက်စီးခဲ့ရသည်။ သူတို့သည် ထာဝရသတ်ဖြတ်ခြင်း၏ ရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြသည်။

သို့သော် "သောင်းချီသားရဲဂိုဏ်း" ဟုခေါ်သော သားရဲထိန်းကျောင်းသည့် ဂိုဏ်းတစ်ခုသည် အကောင်အနည်းငယ်ကို ယဉ်ပါးအောင်လုပ်နိုင်ခဲ့သည်။ အောင်းယင်များကိုအသုံးပြု၍ သူတို့သည် တောင်ဘက်တိုက်ကြီးမှ မြင့်မြတ်သောနယ်မြေနှစ်ခုကဲ့သို့ အစွမ်းထက်လာခဲ့သည်။

"သောင်းချီသားရဲဂိုဏ်း" သည် အလွန်ကြီးထွားလာပြီး ရက်စက်ကြမ်းကြုတ်လာသဖြင့် မြင့်မြတ်သောနယ်မြေနှစ်ခုဖြစ်သည့် အလင်းဖြာဓားဂိုဏ်းနှင့် မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့ ပူးပေါင်း၍ ချေမှုန်းခဲ့ရသည်။ သူတို့သာမက အခြားဂိုဏ်းများနှင့် မိသားစုများလည်း ပူးပေါင်းခဲ့ကြပြီး "သောင်းချီသားရဲဂိုဏ်း" ကို အမြစ်ပါမကျန် ချေမှုန်းပစ်ခဲ့သည်။

သူတို့နှင့်ပတ်သက်သောအရာအားလုံး၊ အမွေအနှစ်များအပါအဝင် အရာအားလုံးကိုသမိုင်းမှဖျောက်ဖျက်ပစ်ခဲ့သည်။ သူတို့ပျက်စီးခဲ့သည်မှာ နှစ်ပေါင်း ၁၀,၀၀၀ ကျော် ကြာခဲ့ပြီ။ အစွမ်းထက်သော ဂိုဏ်းကြီးများသာ ၎င်းတို့တည်ရှိခဲ့ကြောင်း မှတ်တမ်းများရှိသည်။

ကြီးမားပြီး အစွမ်းထက်သောလှိုင်းတစ်ခု ရုတ်တရက်ပေါ်လာပြီး ပြန်ပျောက်သွားသော်လည်း ရှိနေသူအားလုံးကို မလှုပ်နိုင်အောင်ဖြစ်သွားစေရန် လုံလောက်သည်။ အားလုံးတစ်ပြိုင်နက်တည်း ယန်ချင်းရပ်နေသောနေရာသို့ စိုက်ကြည့်လိုက်ကြသည်။ သူ၏ဆံပင်များမှာ အစိမ်းတဝက်၊ အညိုတဝက်ဖြစ်နေပြီး ဖြစ်နေပြီး မျက်လုံးတစ်ဖက်ကလမင်း၊ ကျန်တစ်ဖက်ကနေမင်းကဲ့သို့ ဖြစ်နေသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ သူ၏ပုံစံမှာ ပုံမှန်ပြန်ဖြစ်သွားသည်။

"ဟဲဟဲဟဲ... တောင်းပန်ပါတယ်ကွာ။ ငါ့ရဲ့ဝိညာဉ်အာရုံနဲ့ ခိုးကြည့်မလို့လုပ်တာ တိုက်ခိုက်ခံလိုက်ရလို့။ ဟဲဟဲဟဲ... ဒါပေမဲ့ အခုအဆင်ပြေသွားပါပြီ"

ယန်ချင်းက ခြောက်ကပ်ကပ်ရယ်မောရင်း ပြောလိုက်သည်။

အောင်းယင်၏လက်ကျန်ဝိညာဉ်သည် ဖုန့်ရှင်းကိုတိုက်ခိုက်သကဲ့သို့ ယန်ချင်းခိုးကြည့်ရန် ကြိုးစားချိန်တွင်လည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူသည် အာရုံကိုမဖြတ်တောက်မီ အလိုအလျောက်အစွမ်းကုန်ပြန်လည်တိုက်ခိုက်လိုက်သော်လည်း တိုက်ခိုက်မှုအရှိန်အဝါ အနည်းငယ်အပြင်သို့ စိမ့်ထွက်သွားသဖြင့် အလျင်အမြန်ရပ်တန့်လိုက်ရခြင်းဖြစ်သည်။

ယန်ချင်းသည် အရိုးဓားပျက်စီးသွားမည်ကို မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နန်းတော်အဆင့်နောက်ဆုံးအဆင့်ရှိသော အောင်းယင်ထံမှဖြစ်ကြောင်း အာရုံခံမိသောကြောင့်ဖြစ်သည်။ အချိန်ကြာလာသဖြင့် အားနည်းသွားသော်လည်း အနည်းဆုံးနန်းတော်အဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ဦး၏ အစွမ်းရှိနေသေးသည်။

"ဒီလက်နက်ကိုဖန်တီးတဲ့သူက တော်တော်ကောက်ကျစ်တာပဲ။ အောင်းယင်ရဲ့ဝိညာဉ်ကို ထိန်းသိမ်းထားဖို့ ကျင့်ကြံသူတွေရဲ့သွေးနဲ့ဝိညာဉ်တွေကို အမြဲကျွေးမွေးခဲ့ပုံရတယ်။ ငါခန့်မှန်းရသလောက် ထောင်ချီရှိလောက်တယ်"

ယန်ချင်းက အေးစက်စွာပြောလိုက်သည်။

"ငါဒါကို လဲ့ဝေယွမ်ဆီလွှဲပေးရလိမ့်မယ်။ သူတို့က တံဆိပ်ခတ်နည်းစနစ်တွေကိုသုံးပြီး ဖန်တီးသူကိုခြေရာခံနိုင်မယ့်နည်းလမ်း ရှိကောင်းရှိလိမ့်မယ်။ ဒါနဲ့ဖုန့်ရှင်း... အောင်းယင်အရိုးတွေ့တဲ့နေရာက ထွက်လာပြီးတော့ ဘာဖြစ်ခဲ့သေးလဲ။ နန်းတော်အဆင့်ကျင့်ကြံသူက အဲဒီမှာတိုက်ခိုက်ခဲ့တာလား"

ယန်ချင်းက ပြောရင်း အရိုးဓားကို စင်မြင့်ပေါ်တင်လိုက်သည်။ ရွှေရောင်တံဆိပ်တစ်ခုပေါ်လာပြီး ဓားကိုထပ်မံပိတ်လှောင်လိုက်သည်။ တံဆိပ်ကျရောက်သွားချိန်တွင် နာကျင်စွာအော်ဟစ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

"မတိုက်ခိုက်ပါဘူး။ ငါအဲဒီကနေ ဘေးကင်းစွာထွက်လာနိုင်ခဲ့တယ်။ သွေးလက်တစ္ဆေဂိုဏ်းပါဝင်ပတ်သက်နေတယ်လို့ ကြားတာနဲ့ ငါမြစိမ်းရောင်တောင်တန်းဌာနခွဲကို စစ်ကူတောင်းလိုက်တယ်။ ကံကောင်းစွာနဲ့ ဌာနခွဲခေါင်းဆောင်ဟူဖန်းရှိနေပြီး သူကိုယ်တိုင်လာကူညီပေးမယ်ပြောတယ်။ ငါတို့လမ်းတစ်ဝက်ဖြစ်တဲ့ အဖြူရောင်လမ်းခွဲတောင်တန်း မှာ တွေ့ဖို့သဘောတူလိုက်ကြတယ်။”

“အယ်လီကိုစီးပြီး ပြန်လာရင် ထင်မထားတာတွေမဖြစ်ခင် အချိန်မီရောက်မယ်ထင်ထားတာ။ ဒါပေမဲ့ ပုစဥ်းတစ်ကောင်အပေါ်မှာ မူလကြာပန်းနှင်းစက် သုံးခဲ့မိတာကို ငါမေ့သွားတယ်။ အဲဒီအာနိသင်က အဲဒီကျွမ်းကျင်သူအတွက် ခြေရာခံစရာ ဖြစ်သွားတယ်။ ငါတို့မိုင် ၃၀ အလိုလောက်ရောက်တဲ့အချိန်မှာ သူလိုက်မီသွားတယ်"

(မိနစ် ၄၀ ခန့် အစောပိုင်း)

"အယ်လီ... ငါတို့ရောက်ခါနီးပြီထင်တယ်။ မင်းတော်တယ်"

ဖုန့်ရှင်းက အယ်လီ၏ခေါင်းကို ညင်သာစွာပုတ်ရင်း ပြောလိုက်သည်။

ဖုန့်ရှင်းလက်ထဲတွင် ဆိတ်သားရေဖြင့်ပြုလုပ်ထားသော မြေပုံဟောင်းတစ်ချပ်ရှိနေသည်။ မြေပုံပေါ်တွင် အဖြူရောင်သင်္ကေတတစ်ခု ရွေ့လျားနေပြီး အဖြူရောင်လမ်းခွဲတောင်တန်းဟု အမည်ရသော တောင်တန်းဒေသဆီသို့ ဦးတည်နေသည်။ အဖြူရောင်သင်္ကေတမှာ သူတို့ဖြစ်သည်။

မြေပုံသည် တရားစီရင်ရေးအဖွဲ့အသုံးပြုသော ဧကရာဇ်အဆင့်ရတနာဖြစ်သည်။ မြေပုံတိုင်းကို ပိုင်ရှင်၏သွေးအနှစ်သာရဖြင့် ချိတ်ဆက်ထားသည်။ ပိုင်ရှင်သွားရောက်ဖူးသော နေရာများ၏အသွင်အပြင်များ မြေပုံပေါ်တွင်ပေါ်လာပြီး မရောက်ဖူးသောနေရာများသည် ဗလာဖြစ်နေမည်။

"ဒီအမြန်နှုန်းနဲ့ဆိုရင် ၁၀ မိနစ်၊ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့အချိန်အတွင်း ရောက်တော့မယ်"

ဖုန့်ရှင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။

ရုတ်တရက် သူ၏မျက်လုံးများ အေးခဲသွားပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ ဖုန့်ရှင်း၏မျက်နှာပေါ်မှ ထိတ်လန့်မှုကိုမြင်သောအခါ ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့လည်း အလျင်အမြန်လှည့်ကြည့်လိုက်ကြသည်။ ဟိုင်ရှီအတွက်မူ ပိုမိုကြီးမားသော တုန်လှုပ်မှုကိုဖြစ်စေခဲ့သည်။ ဖုန့်ရှင်းနှင့် ခေတ္တထိတွေ့ဆက်ဆံဖူးသမျှ ကာလပတ်လုံး သူ့ကိုအနည်းငယ်မျှပင် ဂနာမငြိမ်ဖြစ်သည်ကို တစ်ခါမျှမတွေ့ဖူးခဲ့ပေ။

သူမလည်း ကျန်လူများနှင့်အတူ လှည့်ကြည့်လိုက်ရာ ဘာမျှမတွေ့ရပေ။ ဘေးမှအကြီးအကဲနှစ်ဦးနှင့် မတူဘဲ သူမဘာမှမတွေ့ရသဖြင့် ပိုမိုကြောက်ရွံ့သွားသည်။ ဖုန့်ရှင်းမည်မျှစွမ်းအားကြီးကြောင်း သူမသိထားပြီး သူ့ကိုထိုသို့ဖြစ်စေနိုင်သောအရာသည် သေချာပေါက် ကြောက်စရာကောင်းမည်သာဖြစ်သည်။

မကြာမီ ကျန်လူများအနေဖြင့် သူတို့ဆီသို့ အနီရောင်အစက်တစ်ခု လျင်မြန်စွာပြေးဝင်လာသည်ကို တွေ့မြင်လိုက်ရသည်။

"ကိစ္စတွေက ချောချောမွေ့မွေ့မပြီးနိုင်ပါလားကွာ... တောက်... နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်။ အယ်လီ... မင်းပြင်ဆင်ထားဖို့လိုမယ်။ အခွင့်အရေးရတာနဲ့ ငါတို့ကိုခေါ်ပြီး ထွက်ပြေးဖို့ရှိသမျှ အကုန်ထုတ်သုံးရမယ်။ မင်းတစ်မိနစ်၊ နှစ်မိနစ်လောက် အချိန်ဆွဲပေးနိုင်ရင် ငါတို့လွတ်နိုင်ကောင်းလွတ်နိုင်လိမ့်မယ်"

ဖုန့်ရှင်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ ခရမ်းရောင်အဆောင် ၃ ခုကို ထုတ်လိုက်ကာ တစ်မိုင်အောက်သာ ကွာဝေးတော့သောပုံရိပ်ကို လေးနက်စွာစိုက်ကြည့်နေသည်။ ထိုပုံရိပ်သည် မိုင်ဝက်အလိုတွင်ရပ်တန့်လိုက်ရာ အသက် ၃၀ နှောင်းပိုင်းအရွယ်၊ ကြက်သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။

All Chapters