← Chapters

မသေချာသော အခြေအနေ

Vol. 5 Ch. 46

မသေချာသော အခြေအနေ

Vol. 5 Ch. 46

ဖုန်းကျန်းနှင့် ကျန်လူများမှာ ကြောက်ရွံ့လွန်းသဖြင့် တစ်လက်မမျှမလှုပ်ရှားနိုင်ကြပေ။ ကြက်သွေးရောင်ဝတ်စုံနှင့်လူသည် ရှိနေသူအားလုံးကို အသက်ရှူကျပ်စေလောက်သော နန်းတော်အဆင့်ဖိအားကို အပြည့်အဝထုတ်လွှတ်ထားသည်။ အယ်လီသည် ပြန်လည်ခုခံရန် စူးရှစွာအော်ဟစ်ပြီး ပျံသန်းနေသောအမြင့်ကို ထိန်းထားရန်ကြိုးစားသော်လည်း သူမ၏အတောင်ပံများသည် သတ္တုတန်ချိန် ၁၀ တန်လောက်လေးလံနေသကဲ့သို့ ခံစားရသည်။

"စိတ်ဝင်စားစရာပဲ... ငါ့ဖိအားကို ခုခံနိုင်တဲ့ ရွှေအမြုတေအဆင့်သားရဲတစ်ကောင်လား။ သူ့သွေးမျိုးဆက်က တော်တော်မြင့်မားမှာပဲ။ တကယ့်ကိုအမြတ်ပဲဟေ့။ ဟင်... အဲဒီဝတ်စုံ... မင်းက တရားစီရင်ရေးအဖွဲ့ကလား။ ငါကဒီတိုင်းလာတာပါ။ ငါ့ဂျူနီယာလေးဆီက မင်းယူသွားတဲ့ ကျားသစ်သိုလှောင်အိတ်နဲ့ ဓားရှည်ကို လိုချင်ရုံသက်သက်ပဲ။ အဲဒီနှစ်ခုပေးလိုက်ရင် မင်းတို့အားလုံးကို အသာတကြည် လွှတ်ပေးမယ်"

ထိုလူက အေးဆေးစွာပြုံးပြီး အဖြေကိုစောင့်ရင်း ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဖုန့်ရှင်းသည် တစ်စက္ကန့်မျှအချိန်မဖြုန်းဘဲ အဆောင်တစ်ခုကို ဖောက်ခွဲလိုက်သည်။ အနက်ရောင်နှင့် အဝါရောင်ရောနှောနေသော ရေဝဲတစ်ခုချက်ချင်းဖြစ်ပေါ်လာပြီး ကြက်သွေးရောင်ဝတ်စုံနှင့်လူထံသို့ လျင်မြန်စွာပြေးဝင်သွားသည်။

အယ်လီသည်လည်း ရေဝဲ၏သေးငယ်သောအစိတ်အပိုင်းတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူမလွတ်မြောက်ရန် စူးရှစွာအော်ဟစ်သော်လည်း ပစ်မှတ်မဟုတ်ပါဘဲလျက် ရေဝဲ၏ဘေးထွက်ဆိုးကျိုးများကြောင့် တစ်လက်မမျှပင်ပျံသန်း၍ မရနိုင်ဖြစ်နေသည်။

ကြီးမားသောနှင်းခဲရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရေဝဲ၏အစိတ်အပိုင်းတစ်ခုကို ဆုတ်ဖြဲရန်ကြိုးစားလိုက်သည်။ ယင်းမှာ ဖုန့်ရှင်း၏တိုက်ခိုက်မှုဖြစ်သည်။သူ၏ဆံပင်များသည် ရုတ်တရက် ဖြူဖွေးသွားပြီး မျက်ဝန်းများပြာလဲ့သွားကာ သူ၏ဓားသည်လည်း ဆံပင်ကဲ့သို့ပင် ပြိုးပြိုးပြက်ပြက်ဖြူဖွေးနေသည်။

"အား…."

ဖုန့်ရှင်း ကျယ်လောင်စွာအော်ဟစ်ရင်း ရေဝဲ၏အစိတ်အပိုင်းသေးသေးလေးတစ်ခုကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

ရွှမ်း…

ခဏအတွင်းမှာပင် အပေါက်တစ်ခုပေါ်လာသည်။

"အခုပဲ အယ်လီ... ငါတို့ကို ပြန်ဆွဲမချခင် သွားတော့"

ဖုန့်ရှင်း အော်ဟစ်လိုက်သည်နှင့် အယ်လီက လျင်မြန်စွာတုံ့ပြန်ပြီး ရေဝဲ၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန် ထိုခဏတာအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပျံသန်းလိုက်သည်။ သူတို့လွတ်မြောက်နိုင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ရေဝဲအလယ်တည့်တည့်တွင် ရောက်နေသော ကြက်သွေးရောင်ဝတ်စုံနှင့်လူကဲ့သို့မဟုတ်ဘဲ ရေဝဲ၏အစွန်းဖျားလေးတွင်သာ မိနေသောကြောင့်ဖြစ်သည်။

"အရမ်း ဝေးဝေးမပျံနဲ့ဦး"

အယ်လီထွက်ပြေးရန် ကြိုးစားနေသည်ကို သတိပြုမိသော ဖုန့်ရှင်းက အလျင်အမြန်ပြောလိုက်သည်။

သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့သော သွေးနီရောင်လှိုင်းတစ်ခုဖြစ်ပေါ်လာပြီး ရေဝဲနှင့်ရိုက်ခတ်သွားသည်။ ရေဝဲသည် စက္ကန့်နှင့်အမျှ အားပျော့လာသည်။ ဖုန့်ရှင်းသည် သူ၏လက်ထဲတွင်ကျန်ရှိသော ခရမ်းရောင်အဆောင် ၂ ခုအနက် တစ်ခုကိုစိုက်ကြည့်ရင်း တစ်စုံတစ်ရာဆုံးဖြတ်ရန် ဝေခွဲမရဖြစ်နေသည်။

"မသေချာတာထက်စာရင် ဘေးကင်းတာ ပိုကောင်းတယ်"

ဖုန့်ရှင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏ချီစွမ်းအားကို ထည့်သွင်းကာ အဆောင်တစ်ခုကို ကြေမွသွားအောင် ဆုပ်နယ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို လေဟာနယ်တစ်ခုက မျိုစုပ်လိုက်ပြီး ထိုချီများမှ အစိမ်းရောင်ဖောက်ထွင်းမြင်နိုင်သော ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။ ထိုပုံရိပ်သည် ယန်ချင်းနှင့်တူသော်လည်း သက်မဲ့ဖြစ်ပြီး ငြိမ်သက်နေသည်။

"မဟာနေမင်းလက်သီး"

အစိမ်းရောင်ပုံရိပ်က ညာဘက်လက်သီးကို နောက်သို့ဆွဲလိုက်စဉ် လောကကြီးတုန်ဟီးသွားသကဲ့သို့ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ လက်သီးပေါ်တွင် နေကြတ်ခြင်းပုံရိပ်ပေါ်လာပြီး ရေဝဲထဲသို့ ထိုးချလိုက်သည်။

ဘုန်း..

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာပြီး လေထုပင် သိသိသာသာ တုန်ခါသွားသည်။ ပြောစရာပင်မလိုဘဲ အယ်လီသည် အဝေးသို့အစွမ်းကုန်ပျံသန်းနေပြီဖြစ်သည်။ ဖုန့်ရှင်းသည် ပြုတ်မကျစေရန် ဖုန်းကျန်းကို အမြန်ဆွဲထားလိုက်သည်။ ပေါက်ကွဲမှု၏အရှိန်ကြောင့် ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့မှာ သတိမေ့သွားကြပြီး မျက်နှာပေါက်အားလုံးမှ သွေးများစီးကျနေသည်။

ဖုန့်ရှင်း၏နားထဲတွင် ကျယ်လောင်စွာအူနေပြီး အတွင်းကလီစာများမှာ နာကျင်စွာအော်ဟစ်နေကြသည်။ တိုက်ခိုက်မှု၏နောက်ဆက်တွဲဂယက်များသည် သူ၏ကလီစာများကိုပင် လှုပ်ခါသွားစေသည်။

လောလောဆယ်တွင် တိုက်ခိုက်မှုရလဒ်ကိုသိရှိရန် စိတ်မဝင်စားပေ။ ပေါက်ကွဲမှုကြောင့် အယ်လီ၏အတောင်ပံတစ်ဖက် ဒဏ်ရာရသွားသည်။ အတောင်ပံနှင့်ဆက်စပ်နေသော သွေးကြောငယ်အချို့ ထိခိုက်သွားသည်။ သူမသည် အပြင်းအထန်ပျံသန်းရင်း သွေးများအန်နေသည်။

ဖုန့်ရှင်းသည် သူမ၏အတွင်းကလီစာများ ပိုမိုမထိခိုက်စေရန်အတွက် သူ၏ချီစွမ်းအင်အချို့ကို လွှဲပြောင်းပေးလိုက်သည်။ မိနစ် ၂၀ ခန့်ကြာသောအခါမှ အဖြူရောင်လမ်းခွဲတောင်တန်း၏ ထင်ရှားသောပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။ တောင်ထိပ်များသည် ခက်ရင်းခွ၏အသွားများကဲ့သို့ မတ်စောက်ကာ၊အထက်သို့ ချွန်ထက်ပြီး သွယ်လျနေသည်။

"အယ်လီ... သည်းခံထား... ငါတို့ရောက်တော့မယ်"

ဖုန့်ရှင်း တိုးညှင်းစွာပြောလိုက်ရာ အယ်လီက အားနည်းသောအသံဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။

ဖုန့်ရှင်း ရှေ့ကိုကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးပါးပါးလေးပေါ်လာကာ အယ်လီကို ပုတ်ပေးလိုက်သည်။

"အကူအညီက အချိန်မီရောက်လာပုံပဲ"

သူသည် ရှေ့ကိုကြည့်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အပြာရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသူတို့ထံ လျင်မြန်စွာရွေ့လျားလာပြီး ၂ မိနစ်မပြည့်ခင်မှာပင် လျင်မြန်စွာရောက်ရှိလာသည်။

"ခင်ဗျားက ဖုန့်ရှင်းဖြစ်မယ်။ ကျွန်တော်က တရားစီရင်ရေးအဖွဲ့ရဲ့ မြစိမ်းရောင်တောင်တန်းဌာနခွဲခေါင်းဆောင် ဟူဖန်းပါ။ အခြေအနေအရ ကျွန်တော်အမြန်လာဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားပုံပဲ။ ဒီလိုတွေဖြစ်အောင်လုပ်တဲ့သူ ဘယ်မှာလဲ။ သူသေပြီလား၊ ရှင်လား... ဒါမှမဟုတ် ထွက်ပြေးသွားပြီလား"

ဟူဖန်းသည် ဖုန့်ရှင်းနှင့် အယ်လီကို အမြန်စစ်ဆေးရင်း မေးလိုက်သည်။ ထို့နောက် ဖုန့်ရှင်းထွက်ပြေးလာသော လမ်းကြောင်းနှင့်တူညီသော နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

ဟူဖန်းသည် အသက် ၄၀ အစောပိုင်းအရွယ်ရှိ လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ အရပ်ရှည်ပြီး ပိန်ပါးသောခန္ဓာကိုယ်ရှိကာ ပညာရှင်ဆန်သောအငွေ့အသက်ရှိသည်။ အပြာရောင်ဆံပင်တိုနှင့် သေသပ်စွာပြုပြင်ထားသော နှုတ်ခမ်းမွေးရှိသည်။

သူ၏မျက်လုံးများသည် အနက်ရောင်သမ်းသော အပြာရောင်ဖြစ်သည်။ ထိုမျက်လုံးများကို ကြည့်ရသည်မှာ မြစ်တစ်စင်းကိုကြည့်နေရသကဲ့သို့ ဖြစ်သည်။ ဖုန့်ရှင်းသိသလောက် သူသည် အလုပ်ကိုဝီရိယရှိရှိ လုပ်ဆောင်သူဖြစ်ပြီး လူအများကချစ်ခင်လေးစားကြသည်။ အဓိကဌာနခွဲတစ်ခုကို ဦးစီးရန်သေချာနေသူဖြစ်သည်။

သို့သော် သူသည် တောင်ပေါင်း ၁၀,၀၀၀ ကျော်ဖြင့်ကျော်ကြားသော အဆင့် ၃ တိုင်းပြည်တစ်ခုဖြစ်သည့် မြစိမ်းရောင်တောင်ထွတ်တိုင်းပြည်၏ အစွန်အဖျားဒေသဖြစ်သော မြစိမ်းရောင်တောင်တန်းခရိုင်တွင် တာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် တောင်းဆိုခဲ့သည်။

"ခင်ဗျားရောက်လာလို့ ဝမ်းသာပါတယ် ဌာနခွဲခေါင်းဆောင်ဟူဖန်း။ တိုက်ခိုက်သူသေလားရှင်လားဆိုတာ ကျွန်တော်မသိဘူး။ သူ့တိုက်ခိုက်မှုအကွာအဝေးထဲရောက်တာနဲ့ ကျွန်တော်အဆောင်နှစ်ခုကို ဆက်တိုက်ဖောက်ခွဲပြီး အမြန်ထွက်ပြေးလာခဲ့တာ။ ခင်ဗျားမြင်တဲ့အတိုင်းပဲ... တိုက်ခိုက်မှုရလဒ်ကို စောင့်ကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။ သူထုတ်လွှတ်တဲ့ဖိအားလှိုင်းတွေကိုကြည့်ရင် နန်းတော်အဆင့်အစောပိုင်း၊ ခန့်မှန်းရရင် အဆင့် ၂ သို့မဟုတ် ၃ လောက်ရှိမယ်ထင်တယ်"

ဖုန့်ရှင်းက ပြောရင်း အစိမ်းရောင်ဆေးလုံးအချို့ကို ထုတ်ကာ အယ်လီကို ကျွေးလိုက်သည်။

"သူ့ကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ခဲ့လား"

"ကျွန်တော့်ကိုမြင်တာနဲ့ အောင်းယင်အရိုးတောင်းတာကိုကြည့်ရင် သွေးလက်တစ္ဆေဂိုဏ်းက ဖြစ်လောက်တယ်"

"အင်း... ဒါကတော်တော်ခက်ခဲတဲ့ကိစ္စပဲ။ ခင်ဗျားရဲ့အခြေအနေနဲ့ဆိုရင် တစ်ယောက်တည်းထားခဲ့ဖို့က ပေါ့ဆရာကျမယ်။ ဒါပေမဲ့ သွေးလက်တစ္ဆေဂိုဏ်းက နန်းတော်အဆင့်တစ်ယောက်ကို လွှတ်ပေးလိုက်ဖို့ကလည်း ခက်ခဲနေပြန်ရော"

ဟူဖန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ခင်ဗျားရှေ့ဆက်သွားပြီး တိုက်ခိုက်သူရဲ့အခြေအနေကို သွားကြည့်လိုက်ပါ။ ရှင်လားသေလားဆိုတာပေါ့။ အယ်လီက ဖြည်းဖြည်းပဲပျံမှာဆိုတော့ ကျွန်တော်တို့ကို အလွယ်တကူလိုက်မီနိုင်မှာပါ။ ပြီးတော့ နန်းတော်အဆင့်တစ်ယောက်နဲ့ ရင်ဆိုင်ရရင်ကာကွယ်ဖို့ ကျွန်တော့်မှာ အဆောင်အနည်းငယ် ကျန်ပါသေးတယ်"

ဖုန့်ရှင်းက ဟူဖန်း၏အကြပ်အတည်းကို ဖြေရှင်းပေးရန် ခရမ်းရောင်အဆောင် ၂ ခုထပ်ထုတ်ပြလိုက်သည်။ ဟူဖန်းသည် အဆောင်များကို မြင်လိုက်ရသောအခါ စိတ်အေးသွားသည်။

"ဒါဆို ကျွန်တော်သွားလိုက်ဦးမယ် ဖုန့်ရှင်း... ဂရုစိုက်ပါ။ ပြဿနာအနည်းငယ်ရှိတာနဲ့ အဆောင်ကိုဖောက်ခွဲလိုက်။ ကျွန်တော်အာရုံခံနိုင်ပြီး ချက်ချင်းရောက်လာခဲ့မယ်"

ဟူဖန်းက ပြောပြီး ကြက်သွေးရောင်ဝတ်စုံနှင့်လူရှိရာသို့ ချက်ချင်းပျံသန်းသွားသည်။

...... (လက်ရှိအချိန်)…..

“အဲဒါဖြစ်ခဲ့တာတွေပဲ။ ဌာနခွဲခေါင်းဆောင်ဟူဖန်း အဲဒီနေရာရောက်သွားတော့ ပြတ်နေတဲ့လက်မောင်းတစ်ဖက်နဲ့ သွေးအိုင်ကြီးတစ်အိုင်ပဲတွေ့တယ်။ ကြက်သွေးရောင်ဝတ်စုံနဲ့လူကိုတော့ ရှာမတွေ့တော့ဘူး။ သူလည်း ရှာတာလက်လျှော့လိုက်ပြီး ကျွန်တော့်ဆီပြန်လာခဲ့တယ်။”

“လမ်းတစ်ဝက်လောက်အထိ လိုက်ပို့ပေးပြီး သူ့ဌာနခွဲကိုပြန်သွားတယ်။ အယ်လီကလည်း အဲဒီအချိန်မှာ ဒဏ်ရာတွေပျောက်ကင်းသွားပြီမို့ ကျန်တဲ့ခရီးကို ကိုယ့်ဘာသာဆက်ခဲ့ကြတယ်”

ဖုန့်ရှင်းက ဖြစ်ပျက်ခဲ့သမျှကို အဆုံးသတ်ပြောကြားလိုက်ရာ ကျန်လူများက သေချာနားထောင်နေကြသည်။ ချန်ယွမ်သည် အားလုံးထဲတွင် ပြင်းထန်စွာတုန်လှုပ်နေသည်။ အထူးသဖြင့် သွေးလက်တစ္ဆေဂိုဏ်း ပါဝင်ပတ်သက်နေကြောင်း ကြားသိရသောအခါ ဂိုဏ်း၏အနာဂတ်အတွက်ပင် စိုးရိမ်မကင်းဖြစ်မိသည်။

"ဖုန်းကျန်း... မင်း... တဏှာရူးကောင်... ငါတို့ကို ဘာတွေထဲဆွဲထည့်လိုက်တာလဲ"

ချန်ယွမ်က ဖုန်းကျန်းကိုစိုက်ကြည့်ရင်း စိတ်ထဲမှအော်ဟစ်လိုက်သည်။

ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့သည် ဖုန့်ရှင်းပြောနေစဉ် အလယ်လောက်တွင် နိုးလာကြပြီဖြစ်သည်။ နန်းတော်အဆင့်ကျွမ်းကျင်သူလက်မှ လွတ်မြောက်လာသဖြင့် အံ့သြဝမ်းသာနေကြသည်။ ရေဝဲစတင်ဖြစ်ပေါ်ချိန်တွင် သူတို့သတိမေ့မြောသွားခဲ့ကြသည်။

"ဟားဟားဟား... ဖုန့်ရှင်း... မင်းက အဲဒီကောင်အဆောင်တွေကြောင့် သေမသေတောင် မကြည့်ခဲ့ဘူးပေါ့။ မင်းသူ့ကို ဘယ်လောက်တောင်ကြောက်တာလဲကွ"

ယန်ချင်း၏ရယ်မောသံက တရားခွင်အတွင်း ပဲ့တင်ထပ်သွားသည်။

"မင်းကြောင့် ငါခုလိုဖြစ်တာလေ။ နန်းတော်အဆင့် ၁ ပဲရှိသေးတဲ့အချိန်မှာ မင်းက ငါ့ကို ၂ မိနစ်မပြည့်ခင် အနိုင်ယူခဲ့တာကို 'အဲဒီအချိန်ကစပြီး အချိန်တိုင်း နန်းတော်အဆင့်က ရွှေအမြုတေအဆင့်နဲ့ လုံးဝ ကွာခြားတယ်လို့ ငါ့ကိုသတိပေးနေတယ်လေ... အရှက်မရှိတဲ့ကောင်ရဲ့။”

“ အဆင့် ၁ တောင်မနိုင်တာ၊ အဆင့် ၃ လောက်ရှိပြီး လုံးဝလျှော့တိုက်မှာမဟုတ်တဲ့ လူတစ်ယောက်နဲ့ယှဉ်ဖို့ ငါ့မှာဘယ်လိုယုံကြည်မှုရှိမှာလဲ။ ဒါကြောင့် ငါပြေးတာပေါ့။ အမြန်ဆုံးထွက်ပြေးခဲ့တာ။ ပြီးတော့ မင်းရဲ့အန္တရာယ်များတဲ့ အဆောင်တွေကလည်း ငါ့ကိုထွက်ပြေးဖို့ ဆုံးဖြတ်ချက်ချစေတဲ့ အကြောင်းရင်းတစ်ခုပဲ"

ဖုန့်ရှင်းက ထွက်ပြေးခဲ့ခြင်းအတွက် လုံးဝရှက်ရွံ့ခြင်းမရှိဘဲ ထေ့ငေါ့ပြောလိုက်သည်။သူ၏လေသံကိုကြည့်ရသည်မှာ ထိုသို့လုပ်ဆောင်ခဲ့ခြင်းကို ဂုဏ်ယူနေပုံပင် ပေါက်နေသည်။

"အေးပါ... အေးပါ... စိတ်ဆိုးစရာမလိုပါဘူး။ ငါတို့အကယ်ဒမီတက်ကတည်းက မင်းကကိုယ့်အသက်ကို ဉာဏ်ရှိရှိကယ်တင်တတ်တဲ့နေရာမှာ ပါရမီပါလာပြီးသားပါ။ ကဲ... အဓိကလူတွေအကုန်စုံပြီဆိုတော့ ဒီအမှုကို အဆုံးသတ်ဖို့အချိန်တန်ပြီ"

ယန်ချင်းက ပြောရင်း ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် ထိုအကြည့်အောက်တွင် သူတို့၏လျှို့ဝှက်ချက်အားလုံး ပေါ်သွားသကဲ့သို့ခံစားလိုက်ရပြီး စိုးရိမ်တကြီး တံတွေးမြိုချလိုက်ကြသည်။

All Chapters