← Chapters

ဖုန်းကျန်း၏ ရပ်တည်ချက်

Vol. 5 Ch. 47

ဖုန်းကျန်း၏ ရပ်တည်ချက်

Vol. 5 Ch. 47

ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွံ့မှုကို တစ်ယောက်အာရုံခံမိကြသည်။

“ခင်ဗျားတို့နှစ်ယောက် ဟိုဘက်က အနက်ရောင်အလုံးကြီးရဲ့ ညာဘက်မှာသွားရပ်ဖို့လိုတယ်”

ဖုန့်ရှင်းက စက်ဝိုင်းပုံစင်မြင့်၏ ညာဘက်အစွန်ဆုံးအပိုင်းကို ညွှန်ပြရင်းပြောလိုက်သည်။ အကြီးအကဲနှစ်ဦးသည် လိုက်နာပြီး ဂိုဏ်းချုပ်ချန်ယွမ်နှင့် မျက်လုံးချင်းမဆုံမိစေရန် ဂရုတစိုက်သွားရပ်လိုက်ကြသည်။ သူတို့၏အပြုအမူကို ကြည့်ရသည်မှာ သူစိမ်းများနှင့်မခြားပေ။

“ယန်ချင်း... ဒီအမှုပြီးရင် မင်းရဲ့အကြံဉာဏ်လိုအပ်တဲ့ ကိစ္စတချို့ရှိသေးတယ်။ ငါမြစိမ်းရောင်မြူနွံဒေသမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတချို့နဲ့ ကြုံခဲ့ရတယ်”

ဖုန့်ရှင်းက “စိတ်ဝင်စားစရာကောင်းတဲ့အရာ” ဆိုသောစကားလုံးကို အလေးပေးရင်း စိတ်လှုပ်ရှားစွာပြုံးပြလိုက်သည်။

“ဘယ်နှစ်ခုလဲ”

ယီကျဲနှင့် မော့ယွင်ရုတို့ မျက်မှောင်ကြုတ်သွားကြသည်။ ယန်ချင်းက ချက်ချင်းပင် စိတ်အားထက်သန်စွာ မေးခွန်းထုတ်လိုက်သည်။ သူ၏လေသံတွင် စိတ်လှုပ်ရှားမှုများပါဝင်နေပြီး မျက်လုံးများမှာ အရောင်တောက်နေသည်။

“၆ ခု၊ ၇ ခုလောက်တော့ရှိမယ်။ ဒါပေမဲ့ တစ်ခုကတော့ ကိုင်တွယ်ဖို့ခက်လို့ မင်းအကူအညီလိုလိမ့်မယ်။ တော်တော်လေးကြီးတယ်။ အကောင်းဆုံးအသုံးချနိုင်ဖို့ လက်ရာမြောက်တဲ့ ပြုပြင်ဖန်တီးမှုတွေ လိုအပ်လိမ့်မယ်”

ဖုန့်ရှင်းက ခွေးတစ်ကောင်လို လျှာသပ်ရင်းပြောလိုက်သည်။

“မင်းတို့နှစ်ကောင်... အမှုစစ်နေတုန်းလေ။ လက်ရှိကိစ္စပြီးမှ ဆက်ဆွေးနွေးလို့မရဘူးလား။ အခုတောင် အချိန်နောက်ကျနေပြီ။ ငါအလုပ်ချိန်ကျော်တဲ့အထိ ဒီမှာမနေချင်ဘူး။ ဒီနေ့သွားဖို့ကတိပေးထားတဲ့ ဝိုင်ဆွေးနွေးပွဲရှိသေးတယ်”

အစားပုတ်ကောင်နှစ်ကောင်၏ ဆွေးနွေးမှုအရှိန်တက်လာသည်ကို မြင်သောအခါ ယီကျဲက အလျင်အမြန်ဝင်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ သတင်းစကား လက်ခံရရှိပါတယ်”

ယန်ချင်းက နားလည်မှုရှိသောအကြည့်ဖြင့် လေးနက်စွာပြန်ဖြေလိုက်သည်။

“ငါနားလည်ပါပြီ”

ဖုန့်ရှင်းကလည်း လောဘတကြီး တံတွေးမြိုချရင်း ကောက်ကျစ်စွာပြုံးကာ ချက်ချင်းပင်တုံ့ပြန်လိုက်သည်။

ယီကျဲက ကျေနပ်စွာခေါင်းညိတ်ရင်း အပြုံးပါးပါးလေး ပြုံးလိုက်သည်။

“ဒီသုံးယောက်ထဲမှာ ပုံမှန်လူဆိုလို့ တစ်ယောက်မှမရှိဘူးလား”

မော့ယွင်ရု စိတ်ထဲတွေးရင်း ခေါင်းခါလိုက်မိသည်။ ယီကျဲက အမှုဆက်စစ်ဖို့ ဟန်ဆောင်ပြောဆိုနေသော်လည်း တကယ့်ရည်ရွယ်ချက်မှာ အစားပုတ်ကောင်နှစ်ကောင် ဆွေးနွေးနေသည့်အရာများကို သူ၏ဝိုင်ဖျော်နည်းများအတွက် သိမ်းဆည်းထားလိုခြင်းဖြစ်ကြောင်း သူမသိနေသည်။ အစားပုတ်ကောင်နှစ်ကောင်နှင့် ဝိုင်အရူးတစ်ယောက်၊ အားလုံးက သူတို့၏ဝါသနာကို အလုပ်ထက်ဦးစားပေးမည့်သူများချည်းပင်။

“အဟမ်း... ရပ်ထားတဲ့နေရာကနေ ပြန်ဆက်ကြမယ်။ ဂိုဏ်းချုပ်ချန်ယွမ်... ခင်ဗျားနဲ့ ဝမ်ချန်တို့ရဲ့ ထွက်ဆိုချက်တွေအရ ခင်ဗျားတို့နှစ်ယောက်ကြားက ရန်ငြိုးဟာ ခင်ဗျားရဲ့ဂျူနီယာညီလေးဖြစ်တဲ့ ဒုတိယဂိုဏ်းချုပ်ဖုန်းကျန်းဦးဆောင်တဲ့ ဂိုဏ်းအကြီးအကဲအချို့ရဲ့ လုပ်ကြံဖန်တီးမှုရလဒ်လို့ ယူဆလို့ရပါတယ်”

“ဖုန့်ရှင်းဆီက ကြားသိရသလောက် သူ့ရဲ့ကြံရာပါတွေကတော့

“

* စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ဒုတိယခေါင်းဆောင် ဂွီဘင်းဝမ်

* ပြင်ပရေးရာတာဝန်ခံသင်းထောက် တုန်းယန်လင်

* ခင်ဗျားတာဝန်မယူခင်က အဓိကတပည့်တွေကို လေ့ကျင့်ပေးခဲ့တဲ့ ကျာတင်းဖုန်း

* အဂ္ဂိရတ်ဌာနခွဲက အကြီးအကဲဟောင်”

“ဒီလေးယောက်က ဖုန်းကျန်းနဲ့ပူးပေါင်းပြီး ခင်ဗျားနဲ့ဝမ်ချန်ကြား ရန်ငြိုးဖြစ်အောင်လုပ်ခဲ့တယ်။ ခင်ဗျားတို့အချင်းချင်း မသတ်ဖြစ်ကြတဲ့အခါကျတော့ တရားစီရင်ရေးအဖွဲ့မှာ အမှုရှင်းဖို့လာအောင်စီစဉ်ပြီး ဂိုဏ်းမှာလူမရှိအောင်လုပ်ခဲ့တယ်။ ပြီးတော့ ဘဏ္ဍာတိုက်ကို ပြောင်အောင်သိမ်းတယ်၊မြူနွယ်ပင်ကို တူးထုတ်တယ်၊ ဂိုဏ်းသားအားလုံးကို မလှုပ်ရှားနိုင်အောင် လုပ်ခဲ့တယ်။ ကံကောင်းတာက ဖုန့်ရှင်းရောက်သွားတဲ့အချိန်မှာ ဘယ်သူမှသေဆုံးတာ မတွေ့ရဘူး။ ဖုန့်ရှင်းရဲ့သုံးသပ်ချက်အရ သူတို့အသက်ရှင်နေတာက တမင်ချန်ထားခဲ့တာဖြစ်ပြီး မတော်တဆမဟုတ်ဘူးလို့ ဆိုတယ်”

“ထွက်ပြေးနေစဉ်လမ်းမှာ တုန်းယန်လင်ရဲ့အစစ်အမှန်နောက်ခံက သွေးလက်တစ္ဆေဂိုဏ်းဝင်ဖြစ်ကြောင်း ပေါ်လာတယ်။ ထွက်ပြေးဖို့အတွက် အကြီးအကဲကျာနဲ့ အကြီးအကဲဟောင်ကို ယဇ်ပူဇော်ခဲ့ပြီး ဖုန်းကျန်းနဲ့ ဂွီဘင်းဝမ်နှစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ တုန်းယန်လင်ကတော့ တိုက်ခိုက်မှုအပြီးမှာ ရုပ်ကြွင်းရှာမတွေ့တော့လို့ သေဆုံးပြီလို့ ယူဆရတယ်”

“အဲဒါ အကြမ်းဖျင်းအနှစ်ချုပ်ပဲ မဟုတ်လား ဖုန့်ရှင်း”

ယန်ချင်းက အဖြစ်အပျက်များကို အကျဉ်းချုပ်ပြန်ပြောပြီးနောက် မေးလိုက်သည်။

“ဟုတ်ပါတယ်”

ဖုန့်ရှင်းက ပြတ်သားစွာပင်ဖြေလိုက်သည်။

“ကောင်းပြီ... အခု အကြီးအကဲဖုန်းကျန်း... ကျွန်တော်စီရင်ချက်မချခင် ခင်ဗျားနဲ့ အကြီးအကဲဂွီဘက်ကနေ ကိစ္စတချို့ကို ရှင်းပြပေးစေချင်တယ်။ အဲဒီမတိုင်ခင် ခင်ဗျားကြားပြီးတဲ့အတိုင်းပဲ ကျွန်တော့်နာမည်ယန်ချင်း၊ ဘေးကလူက အကြီးတန်းစစ်ဆေးရေးမှူးယီကျဲ၊ အောက်ကစားပွဲမှာထိုင်နေတာက တရားရေးလက်ထောက် မော့ယွင်ရုပါ။ မိတ်ဆက်ပြီးပြီဆိုတော့ ကျွန်တော်သိချင်တဲ့အချက်တချို့ ရှိတယ်”

“ပထမတစ်ချက်က ခင်ဗျားနဲ့ တုန်းယန်လင် ဘယ်လိုသိကျွမ်းခဲ့ကြလဲ။ ချန်ယွမ်ပြောပြချက်အရ သူဂိုဏ်းထဲရောက်လာပြီး အကြီးအကဲဖြစ်လာတာ ခင်ဗျားရဲ့ထောက်ခံချက်နဲ့လို့ ဆိုတယ်။ နောက်တစ်ချက်ကတော့ ဟိုဘက်က ခင်ဗျားရဲ့စီနီယာအစ်ကိုကြီး ပိုသိချင်နေမယ့်ကိစ္စပါ။ ခင်ဗျားဘာလို့ ဂိုဏ်းကိုသစ္စာဖောက်ခဲ့တာလဲ။”

“ဂိုဏ်းကိုမောင်ပိုင်စီးတုန်းက အသေအပျောက်မရှိအောင်လုပ်ခဲ့တာကြည့်ရင် ခင်ဗျားဂိုဏ်းအပေါ် သံယောဇဉ်ရှိသေးတယ်လို့ ဆိုလိုရာရောက်တယ်။ အဲဒီလိုလူမျိုးကို သစ္စာဖောက်ဖြစ်လာအောင် ဘာကတွန်းအားပေးခဲ့တာလဲဆိုတာ ကျွန်တော်သိချင်ပါတယ်”

ယန်ချင်းက ညင်သာစွာမေးရင်း ဖုန်းကျန်းကို စကားပြောရန်နေရာပေးလိုက်သည်။

“မင်္ဂလာပါ တရားသူကြီးယန်ချင်း... ဒုတိယမေးခွန်းရဲ့အဖြေက ပထမမေးခွန်းနဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးဖို့နဲ့ ကျင့်ကြံခြင်းအတွက် အခွင့်အလမ်းရှာဖို့ အပြင်လောကကို ခရီးထွက်တုန်းက တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားတဲ့ တုန်းယန်လင်နဲ့ တွေ့ခဲ့ပါတယ်။”

“အစပိုင်းမှာ ကျွန်တော်သူ့ကို သတိထားခဲ့ပေမဲ့ သူကလူပေါင်းဝင်ဆံ့တယ်၊ စွန့်ပစ်ထားတဲ့ ကျင့်ကြံခြင်းဂူတချို့ကို အတူတူစူးစမ်းရှာဖွေရင်း သွေးထွက်သံယိုတိုက်ပွဲတွေအတူတူကြုံခဲ့ရတော့ မိတ်ဆွေကောင်းတွေ ဖြစ်လာခဲ့ကြတယ်”

“အပြင်လောကမှာ လုံလောက်တဲ့ရိတ်သိမ်းမှုရပြီလို့ ခံစားရတော့ တံခါးပိတ်ကျင့်ကြံဖို့ ဂိုဏ်းကိုပြန်လာခဲ့တယ်။ အဲဒီမှာသူ့ကို ဂိုဏ်းဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူကအခြေတည်အဆင့် ၆ မှာရှိပြီး အသက်လည်းသိပ်မကြီးသေးတော့ ဂိုဏ်းအတွက်အားအင်သစ်ဖြစ်မယ်လို့ ယူဆခဲ့တယ်။”

“တစ်ကိုယ်တော်ကျင့်ကြံသူဘဝနဲ့ အသက်ရှင်သန်ပြီး လက်ရှိအဆင့်ရောက်လာတယ်ဆိုတော့ သူကဉာဏ်များပြီး အကင်းပါးတဲ့သူဖြစ်မယ်။ ဒါကဂိုဏ်းအတွက် အပေါင်းလက္ခဏာဆောင်တယ်။ သူ့ရဲ့တိုက်ခိုက်ပုံကိုလည်း မြင်ဖူးတော့ အရည်အချင်းရှိမှန်းလည်း သိတယ်”

“ကျွန်တော်ကမ်းလှမ်းတော့ သူကအစပိုင်းမှာ တွန့်ဆုတ်ချင်ယောင်ဆောင်ပေမဲ့ မကြာခင်သဘောတူလိုက်တယ်။ ဒီလိုနဲ့ ဂိုဏ်းကိုအတူတူပြန်လာခဲ့ကြပြီး သူ့ကိုသင်းထောက်ခန့်အပ်ဖို့နဲ့ ပြင်ပရေးရာကိစ္စတွေ ကိုင်တွယ်ခိုင်းဖို့ အကြံပြုခဲ့တယ်။ တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်ခဲ့တော့ ဂိုဏ်းစည်းကမ်းတွေနဲ့ အလွယ်တကူအသားကျမှာ မဟုတ်ဘူးလို့တွေးမိလို့ပါ။”

“သင်းထောက်အဖြစ်ဆိုရင် သူရဲ့အဆက်အသွယ်တွေကို အကောင်းဆုံးအသုံးချနိုင်မယ်လေ။ ကျွန်တော့်ဂုဏ်သိက္ခာနဲ့ဆိုတော့ အဲဒီနေရာရဖို့ မခက်ခဲ့ပါဘူး။ လအနည်းငယ်အတွင်းမှာပဲ ဆေးပင်ရောင်းဝယ်ရေးလမ်းကြောင်းတွေနဲ့ ချေးငွေကိစ္စတွေကို ကူညီပေးနိုင်ခဲ့လို့ ဂိုဏ်းသားအများစုရဲ့ထောက်ခံမှုကို သူရရှိခဲ့တယ်”

“တစ်နှစ်ကြာတော့ မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။ အပြင်လောကမှာရော ဂိုဏ်းထဲမှာပါ တည်ဆောက်ခဲ့တဲ့ခင်မင်မှုကြောင့် သူ့ကိုဘယ်တုန်းကမှ သတိမထားခဲ့မိဘူး။ ညီအစ်ကိုလိုပဲ ဆက်ဆံခဲ့တယ်။ တစ်ညကျတော့ ကျွန်တော့်တောင်ထိပ်ကို သူရောက်လာပြီး ထုံးစံအတိုင်း အတူတူသောက်ဖြစ်ကြတယ်။ အရသာအပြည့်အဝခံစားနိုင်အောင် သောက်တဲ့အချိန်တိုင်း ကျင့်ကြံခြင်းစွမ်းအားကို ပိတ်ထားလေ့ရှိတယ်။”

“ဒီတစ်ခါလည်း ထူးမခြားနားပါပဲ။ ဒါပေမဲ့ ဝိုင်ကလျှာနဲ့ထိလိုက်တာနဲ့ ရုတ်တရက်ပြင်းထန်တဲ့ ငိုက်မျဉ်းမှုဒဏ်ကို ခံစားလိုက်ရတယ်။ ကျွန်တော်ကျင့်ကြံခြင်းစွမ်းအားကို အမြန်ပြန်ဖွင့်ဖို့ကြိုးစားပေမဲ့ တုန်းယန်လင်က အလွန်အမင်းလျင်မြန်တဲ့ အမြန်နှုန်းနဲ့ ကျွန်တော့်သွေးကြောဆုံမှတ်တွေကို ပိတ်လိုက်တယ်။ ကျွန်တော်မလှုပ်နိုင် ဖြစ်သွားတယ်။ အဲဒီခဏတာအတွင်းမှာပဲ သူကကျွန်တော့်ထက် သန်မာမှန်းသိလိုက်တယ်။ ကျွန်တော့်ကျင့်ကြံခြင်းစွမ်းအား ဖွင့်ထားရင်တောင် သူ့တိုက်ခိုက်မှုကို တားနိုင်မယ်မထင်ဘူး”

“ခဏကြာတော့ ကျွန်တော်သတိမေ့သွားတယ်။ ပြန်နိုးလာတော့ ကျွန်တော့်ရှေ့မှာထိုင်ပြီး လှောင်ပြောင်တဲ့အကြည့်နဲ့ကြည့်နေတဲ့ တုန်းယန်လင်ကို တွေ့လိုက်ရတယ်။ အသက်ရှင်နေသေးလို့ အံ့သြသွားပေမဲ့ သူကချက်ချင်းရှင်းပြတယ်။ သူကကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ကူ အဆိပ်ပိုးကောင် နဲ့ သွေးတံဆိပ်ကျိန်စာ ထည့်သွင်းထားတယ်တဲ့။ ဒါကြောင့် ကျွန်တော့်ကိုသတိမေ့အောင် လုပ်ခဲ့ရတာပါ။”

“အဲဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဖို့ကြိုးစားပေမဲ့ ကူပိုးကောင်က ကျွန်တော့်ရဲ့ စွမ်းအင်အားလုံးကို ဝါးမျိုလိုက်ပြီး သွေးတံဆိပ်က ကျွန်တော့်ကိုမလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်သတ်ဖို့ကြိုးစားရင် သွေးတံဆိပ်က ကျွန်တော့်ကို အလောင်းကောင်ကျင့်ကြံသူ အဖြစ်ပြောင်းလဲပစ်ပြီး ဂိုဏ်းကိုဖျက်ဆီးဖို့သုံးမယ်လို့လည်း သူကခြိမ်းခြောက်တယ်”

“အနှစ်ချုပ်ရရင် ကျွန်တော်သူ့ရဲ့ရုပ်သေးရုပ် ဖြစ်သွားခဲ့တာပါ။ ကျွန်တော်တို့တွေ့ဆုံမှုက မတော်တဆမဟုတ်ပါဘူး။ သူကမြူနွယ်ပင်ကြောင့် ဂိုဏ်းကိုမျက်စိကျနေခဲ့တာ။ ဒီလောက်ထိကြံစည်လောက်အောင် သူဘာလို့စိတ်ဝင်စားလဲဆိုတာတော့ ကျွန်တော်ခန့်မှန်းကြည့်ရသလောက် ဂိုဏ်းတည်ထောင်သူဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ သူတို့အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့ ပတ်သက်မှုရှိမယ်ထင်တယ်။ အဲဒီတုန်းက သူတို့တိုက်ပွဲကြောင့် မြစိမ်းရောင်မြူနွံဒေသကို ရောက်လာခဲ့ကြပြီး အဲဒီလူပျောက်သွားခဲ့တာကိုး”

“သူက ချန်ယွမ်ကို သတိထားတဲ့အတွက် တိုက်ရိုက်မရင်ဆိုင်ချင်ဘူး။ ဒါကြောင့် ချန်ယွမ်နဲ့ ဝမ်ချန်ကြား ရန်တိုက်ပေးဖို့ အကြံပေးခဲ့တာ။ နှစ်ယောက်စလုံး ပြင်းထန်စွာဒဏ်ရာရသွားရင် သူအလွယ်တကူရှင်းပစ်လို့ ရမယ်လေ။ ဝမ်ချန်ကိုလှည့်စားဖို့ ဘဏ္ဍာတိုက်ထဲမှာထားခဲ့တဲ့ ဆေးမြစ်အများစုကို သူပဲထောက်ပံ့ပေးခဲ့တာ။ သူ့ရဲ့အစီအစဉ်ကို ပိုပြီးယုံကြည်လာအောင် တခြားအကြီးအကဲတွေကိုပါ ဆွဲထည့်ဖို့ ကျွန်တော်အကြံပေးခဲ့တယ်။”

“ချန်ယွမ်အပေါ် မကျေနပ်ချက်ရှိနေတဲ့ အကြီးအကဲတွေကို စည်းရုံးဖို့မခက်ခဲ့ဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ မကျေနပ်ချက်တွေကြောင့် ဂိုဏ်းကိုသစ္စာဖောက်ဖို့ ဝန်မလေးတဲ့လူတွေ တစ်ခုခုဖြစ်သွားရင်လည်း ကျွန်တော်စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး။ တုန်းယန်လင်ရဲ့ အကြံအစည်က သဘောထားကွဲလွဲသူတွေကို ဖော်ထုတ်ရာမှာ ကူညီပေးခဲ့တယ်။ ဂွီဘင်းဝမ်ကလွဲလို့ပေါ့”

“သူတစ်ယောက်တည်းကိုပဲ ကျွန်တော့်လက်ရှိအခြေအနေကို ဖွင့်ပြောခဲ့တယ်။ တုန်းယန်လင်က သူ့ကိုသံသယဝင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဂိုဏ်းထဲကလူတွေသိသလောက် သူကချန်ယွမ်ရဲ့ ဖိအားပေးမှုကြောင့် အနားယူဖို့ပြင်နေရသူလေ။ တုန်းယန်လင်ကိုပြန်လှည့်စားဖို့ ကျွန်တော့်မှာအကူအညီလိုတယ်။ ချန်ယွမ်ကလွဲရင် ကျွန်တော်ကိုယုံကြည်ပြီး အစီအစဉ်အတိုင်း လိုက်လုပ်ပေးနိုင်မယ့်သူဆိုလို့ ဂွီဘင်းဝမ်တစ်ယောက်ပဲ ရှိတယ်”

“ချန်ယွမ်နဲ့ ဝမ်ချန်ကြား ရန်တိုက်ပေးမယ့်အစီအစဉ် အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ စီနီယာအစ်ကိုကြီးက သူမနဲ့အသေအလဲတိုက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ သူတို့တိုက်ခိုက်ပြီးတဲ့အချိန်မှာ သူတို့ပြဿနာကို တရားစီရင်ရေးအဖွဲ့ဆီပို့ဖို့ အကြံပေးခဲ့တာ။”

“ဒါမှတုန်းယန်လင်အပေါ်သုံးမယ့် ကျွန်တော့်အစီအစဉ်ပျက်သွားပြီး ဂိုဏ်းပျက်စီးသွားရင်တောင် ဂိုဏ်းရဲ့အစွမ်းအထက်ဆုံးလူနှစ်ယောက်က တရားစီရင်ရေးအဖွဲ့မှာ အသက်ရှင်ကျန်ရစ်ပြီး ဂိုဏ်းကိုပြန်လည်တည်ထောင်နိုင်မယ်လေ။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူနှစ်ယောက် ဦးဆောင်ရင် ပြန်စဖို့အများကြီးလွယ်ကူပါတယ်။ ကျွန်တော်နဲ့ ဂွီဘင်းဝမ်သေသွားလည်း ပုံရိပ်ကြီးကို ထိခိုက်မှာမဟုတ်ဘူး”

“တုန်းယန်လင်က ကျွန်တော့်ရှေ့မှာဟန်ဆောင်ကောင်းပေမဲ့ သူရဲ့ရှည်လျားတဲ့အစီအစဉ်တွေကို ကြည့်ရင် သူကအလွန်အမင်းသတိကြီးတဲ့ လူစားမျိုးဆိုတာ ကောက်ချက်ချလို့ရတယ်။ ဒါကြောင့် အဲဒီနှစ်ယောက် ဂိုဏ်းမှာမရှိတာကို သူထောက်ခံမယ်လို့ ကျွန်တော်ခံစားမိတယ်။ အဲဒါတွေအားလုံး နေရာတကျဖြစ်သွားတော့ ကျွန်တော်တို့ နောက်ထပ်အကူအညီတစ်ခု လိုအပ်လာတယ်။”

“သူ မရှိရင် အရာအားလုံး ပျက်စီးသွားနိုင်တယ်။ အဲဒါကတော့ မြူနွယ်ပင်ပါ။ သစ်ပင်က အသိစိတ်ရှိနေပြီ။ ဂိုဏ်းတစ်ခုလုံးမှာ အစွမ်းအထက်ဆုံးသတ္တဝါဖြစ်တဲ့ သူ့ရဲ့ခွင့်ပြုချက်မရှိရင် ဘယ်သူမှသူ့ကို တူးထုတ်လို့မရဘူး။ သစ်ပင်အသိစိတ်ရှိတာကို ချန်ယွမ်နဲ့ ကျွန်တော်ပဲသိတာမို့ တုန်းယန်လင်ရိပ်မိဖို့ ခက်တယ်”

“တုန်းယန်လင်နဲ့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းပြင်ပကလူတွေကို ဖျက်ဆီးမယ့်အစီအစဉ်ကို သစ်ပင်ကိုပြောပြတော့ သူကကူညီဖို့ချက်ချင်းသဘောတူတယ်။ အခြေတည်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူနှစ်ယောက်၊ ရွှေအမြုတေအဆင့်စွမ်းရည်ရှိတဲ့ ဝိညာဉ်သစ်ပင်တစ်ပင်နဲ့ ကောင်းကင်အဆင့်ရတနာတစ်ခုရှိရင် ဘယ်လိုအခြေအနေမျိုးမဆို ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။”

“ဒါပေမဲ့ လက်တွေ့မှာတော့ တုန်းယန်လင်နဲ့ သူ့ရဲ့နောက်ခံကို ကျွန်တော်လျှော့တွက်မိသွားတယ်။ အဲဒီအဆောင်နဲ့ ဖုန့်ရှင်းရဲ့ဝင်ရောက်ကူညီမှုသာမရှိရင် ကျွန်တော်တို့သေနေလောက်ပြီ။ ဂိုဏ်းလည်း ကျွန်တော်တို့နဲ့အတူ ပျက်စီးသွားလောက်ပြီ”

“ကျွန်တော့်အကြံအစည်ထဲမှာ တရားစီရင်ရေးအဖွဲ့ကို အသုံးမချချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကိစ္စတွေလွဲချော်သွားရင် ချန်ယွမ်နဲ့ ဝမ်ချန် ဘေးကင်းမယ်လို့ ကျွန်တော်သေချာတဲ့ တစ်ခုတည်းသောနေရာက အဲဒါပါပဲ။ တုန်းယန်လင်ရဲ့ သတိကြီးတဲ့သဘာဝအရ သူထွက်ပြေးဖို့သေချာတဲ့ အစီအစဥ်တွေမရှိဘဲ နေရာတစ်ခုခုကို ဝင်လာမှာမဟုတ်ဘူး။”

“ပြီးတော့ အဲဒီအစီအစဥ်တွေက စီနီယာအစ်ကိုကြီးကို ဒုက္ခပေးဖို့ လုံလောက်တယ်လို့ ကျွန်တော်ထင်တယ်။ ဂွီဘင်းဝမ်ကတော့ သစ္စာရှိတဲ့မိတ်ဆွေ၊ သစ္စာရှိတဲ့ဂိုဏ်းသားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာပါ။ ခင်ဗျားသင့်တော်မယ်ထင်တဲ့ ပြစ်ဒဏ်ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ဂိုဏ်းနဲ့ ဂွီဘင်းဝမ်ကိုတော့ သက်ညှာပေးပါ”

ဖုန်းကျန်းက ပြောရင်း ၉၀ ဒီဂရီကွေးညွှတ်ကာ လေးလေးနက်နက်ဦးညွှတ်လိုက်သည်။ ဒူးထောက်ချင်သော်လည်း သူ၏ဝတ်ရုံမှာစုတ်ပြတ်နေသဖြင့် တရားစီရင်ရေးအဖွဲ့၏ သန့်ရှင်းသောကြမ်းပြင်ကို ညစ်ပေသွားမည်စိုးသောကြောင့် မထောက်တော့ပေ။

တရားခွင်အတွင်း တိတ်ဆိတ်မှုက ကြီးစိုးသွားပြီး ချန်ယွမ်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ခန္ဓာကိုယ်တုန်ရီနေသည်။ သူ၏စိတ်ထဲတွင် ရိုလာကိုစတာစီးနေသကဲ့သို့ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။

All Chapters