ယန်ချင်း စည်းရုံးခံရခြင်း
Vol. 5 Ch. 48
"ဖုန်းကျန်း... မင်း... မင်းကွာ..."
ချန်ယွမ်သည် ဖုန်းကျန်းကို မယုံနိုင်စွာစိုက်ကြည့်ရင်း ဝမ်းနည်းစွာဖြင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။
"မင်း ဘာလို့..."
"အဲဒီလိုဖြစ်ဖို့ မလိုပါဘူး ချန်ယွမ်ရာ။ ငါမှာရှိသမျှနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တာကို လုပ်ခဲ့တာပါ။ ဂိုဏ်းက မင်းရှိနေသရွေ့ ဆက်လက်ရပ်တည်သွားမှာပါ။ ငါကတော့ ကျင့်ကြံခြင်းအရူးတစ်ယောက်ပါပဲ။ အမြဲတမ်းငါ့ကို ကျောခိုင်းနေတဲ့ တာအိုအပေါ်ထားတဲ့ ငါ့စိတ်အားထက်သန်မှုကလွဲရင် တခြားဘာကျွမ်းကျင်မှုမှ ငါ့မှာမရှိပါဘူး"
ဖုန်းကျန်းက ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။
သူသည် မနားမနေ ဝီရိယရှိရှိကျင့်ကြံခဲ့သော်လည်း အသက် ၂၆၀ ရောက်သည်အထိ အခြေတည်အဆင့်အထွတ်အထိပ်မှာသာ ရှိနေသေးသည်။ တိုက်ပွဲတွင် သူ၏ပုံစံအမှန် ထုတ်ပြလာသော တုန်းယန်လင်သည် သူ့ထက်ပင် ပိုငယ်ပုံရသည်။ ခန့်မှန်းရသလောက် ၂၇ နှစ်ဝန်းကျင်သာရှိသေးပြီး ရွှေအမြုတေအဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏ဆရာတူအစ်ကိုကြီး ချန်ယွမ်သည် သူ့ထက် ၄ နှစ်သာကြီးသော်လည်း ရွှေအမြုတေအဆင့် ၅ သို့ ရောက်ရှိနေပြီဖြစ်သည်။ သူကတော့ ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သော်လည်း အခြေတည်အဆင့်အထွတ်အထိပ်မှာသာ ရှိနေသေးသည်။
(သေချာဖတ်ကြည့်တော့ ချန်ယွမ်ကကြီးတာပါ အရင်အပိုင်းတွေက မှားသွားလို့ ခုအပိုင်းကစပြီး ပြန်ပြင်ပေးသွားပါမယ်)
"ငါ့လိုအပ်ချက်တွေက အရမ်းများလွန်းနေတာလား"
ဖုန်းကျန်း ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ရင်း ခေါင်းခါလိုက်မိသည်။
"တရားသူကြီးမင်း... ဖုန်းကျန်းလုပ်သမျှအားလုံးကို ကျွန်တော်သိသိကြီးနဲ့ ထောက်ခံခဲ့တာပါ။ သူ့အတွက် သင့်တော်မယ်လို့ထင်တဲ့ ပြစ်ဒဏ်ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုလည်း အတူတူပေးပါ"
တောက်လျှောက်တိတ်ဆိတ်နေသော ဂွီဘင်းဝမ်က ရုတ်တရက်ဝင်ပြောလိုက်သည်။
"ဂွီ... မင်းဘာလုပ်တာလဲ"
ဖုန်းကျန်း အံ့သြစွာမေးလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း ဖုန်းကျန်းရာ။ အာဇာနည်တစ်ယောက်ဖြစ်ရတဲ့ဂုဏ်ကို မင်းတစ်ယောက်တည်းသိမ်းပိုက်ပြီး ဂိုဏ်းရဲ့နေရာအနှံ့မင်းရုပ်တုတွေပဲထားဖို့ မကြံနဲ့။ ငါလည်းရုပ်တုလိုချင်တယ်။ တပည့်တွေက ငါ့ရုပ်တုရှေ့မှာ အမွှေးတိုင်ထွန်းပြီး စစ်မှန်တဲ့ကျင့်ကြံသူစိတ်ဓာတ်ရှိခဲ့တဲ့ ငါ့အတွက်မျက်ရည်ကျတာကို လိုချင်တယ်။”
“ငါ့မှာကောင်းကွက်တစ်ခုရှိတယ်ဆိုရင် အဲဒါကငါ့အသက်ကို ဂုဏ်ယူစွာစွန့်လွှတ်ရဲတာပဲ။ ဖုန်းကျန်း... ဒီအခိုက်အတန့်ကို မင်းငါ့ဆီကနေ ခိုးယူလို့မရဘူး။ ချန်ယွမ်... ရုပ်တုတွေလုပ်တဲ့နေရာမှာ ကပ်စေးမနည်းနဲ့နော်။ ငါ့ရဲ့သူရဲကောင်းဆန်တဲ့ အမူအရာပေါ်လွင်စေမယ့် လက်ရာမြောက်ရုပ်တုမျိုးပဲ လိုချင်တယ်”
ဂွီဘင်းဝမ်က သူ၏ဆုံးဖြတ်ချက် ခိုင်မာကြောင်းပြသရန် ရင်ကော့ပြီး တရားမျှတသောလေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ... မင်းကခေါင်းမာတယ်ဆိုတာ ငါမသိတာမှမဟုတ်တာ။ ဒါကြောင့်လည်း အခုထိလူပျိုကြီးဖြစ်နေတာနေမှာ"
ဖုန်းကျန်းက ဂွီဘင်းဝမ်ကို ကျေးဇူးတင်သောအပြုံးဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ချန်ယွမ်... ခင်ဗျားမှာ ဂိုဏ်းသားကောင်းတွေရှိတာပဲ။ ခင်ဗျားဘာလို့ ဒီလောက်ထိစွန့်စားရလဲဆိုတာ ကျုပ်နားလည်ပါပြီ"
ယန်ချင်းသည် အကြီးအကဲနှစ်ဦးကြား သံယောဇဉ်ကို လေးစားစွာဖြင့်ပြောလိုက်သည်။ ချန်ယွမ်၏မျက်လုံးများ နီရဲနေပြီး နှုတ်ခမ်းများတုန်ရီနေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်နေသည်။ သက်ညှာပေးရန် ပြောဆိုချင်သော်လည်း သူ၏စကားများက အရာထင်မည်မဟုတ်ကြောင်း သိနေသည်။ နောက်ဆက်တွဲဖြစ်လာမည့်အရာများကို မျိုသိပ်လက်ခံပြီး သူတို့၏ဆန္ဒများကို သယ်ဆောင်ကာ ရှေ့ဆက်သွားရန်သာ တတ်နိုင်တော့သည်။
"ကဲ... အားလုံးစုံပြီဆိုတော့ အမိန့်ချမှတ်တော့မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အိပ်ပျော်နေတဲ့ ကပ်ပါးကောင်လေးတစ်ကောင်ကို အရင်ရှင်းရဦးမယ်"
ယန်ချင်းက ပြောရင်း စားပွဲမှရုတ်တရက်ပျောက်ကွယ်သွားပြီး ဖုန်းကျန်း၏ရှေ့တွင် ပြန်ပေါ်လာသည်။ ဖုန်းကျန်းသည် ယန်ချင်း သူ၏ရှေ့ရောက်လာသည်ကို သတိမပြုမိခင်မှာပင် နဖူးကို ယန်ချင်း၏လက်ညှိုးဖြင့် ထိုးခြင်းခံလိုက်ရသည်။ သူသည် ချက်ချင်းကွေးကျသွားပြီး သွေးနှင့် အနက်ရောင်စေးကပ်သောအရာများကို အန်ထုတ်လိုက်သည်။
"နေပါဦး"
ချန်ယွမ် စိုးရိမ်တကြီးပြေးလာရန် ပြင်လိုက်သည်ကို မြင်သောအခါ ယန်ချင်းက တည်ငြိမ်စွာတားလိုက်သည်။ ချန်ယွမ်သည် ဖုန်းကျန်း သွေးအန်နေသည်ကို မြင်သောအခါ ပြေးသွားချင်သော်လည်း ယန်ချင်းစကားသံထွက်လာသည်နှင့် သူ၏ခန္ဓာကိုယ်ကို ကြမ်းပြင်နှင့် ချည်နှောင်ထားသကဲ့သို့ ဖြစ်သွားသည်။
သူမည်မျှပင်ကြိုးစားသော်လည်း တစ်လက်မမျှမရွေ့နိုင်ပေ။သူ၏စိတ်က ပုံမှန်အလုပ်လုပ်နေသော်လည်း ခန္ဓာကိုယ်က သစ္စာဖောက်သွားသည်။ စကားတစ်ခွန်းမျှပင် မပြောနိုင်ပေ။ ဂွီဘင်းဝမ်လည်း ပြေးသွားချင်သော်လည်း အလားတူလှုပ်မရ ဖြစ်နေသည်။ ချန်ယွမ်က စကားလုံးဖြင့် ချုပ်နှောင်ခံရခြင်းဖြစ်သော်လည်း ဂွီဘင်းဝမ်မှာမူ အကြည့်တစ်ချက်ဖြင့် ချုပ်နှောင်ခံလိုက်ရခြင်းဖြစ်သည်။
ဖုန်းကျန်း ဆက်လက်အန်နေပြီး သွေးနှင့် အနက်ရောင်အရာများရောနှောကာ ခဲသွားကြသည်။ သင်တုန်းဓားကဲ့သို့ ထက်ရှသောသွားများရှိပြီး မျက်လုံးမပါသော ကြီးမားသည့်လောက်ကောင်ပုံသဏ္ဍာန် လက်ဖဝါးအရွယ်အစားရှိသော ပိုးကောင်တစ်ကောင် သူ၏လည်ချောင်းထဲမှ ပြုတ်ကျလာမှသာ အန်တာရပ်သွားသည်။
ပိုးကောင်သည် အနက်ရောင်ဖြစ်ပြီး သွေးဖြင့်ရေးဆွဲထားသကဲ့သို့ အနီရောင်သင်္ကေတများ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည်။ ပိုးကောင်သည် အသံအိုးကွဲနေသော လင်းတတစ်ကောင်ကဲ့သို့ စူးရှစွာအော်ဟစ်ရင်း တွန့်လိမ်နေသည်။
ရုတ်တရက် သွေး၊ အနက်ရောင်စေးကပ်သောအရာနှင့် ပိုးကောင်တို့ ထိတွေ့မိသောအခါ ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာသည်။ ပိုးကောင်သည် ရေထဲတွင်ဆားပျော်သကဲ့သို့ ပျော်ဝင်သွားပြီး ပေါင်းစပ်ကာ ဘဲဥပုံသဏ္ဍာန်ဖြစ်သွားသည်။ စက္ကန့်ပိုင်းအတွင်း ထိုပုံသဏ္ဍာန်မှ အစိတ်အပိုင်းအသစ်များ ထွက်ပေါ်လာရာ မလှုပ်ရှားနိုင်သော်လည်း မြင်တွေ့နေရသော ဂွီဘင်းဝမ်နှင့် ချန်ယွမ်တို့ အံ့အားသင့်သွားကြသည်။
ထိုအစိတ်အပိုင်းများမှာ မျက်နှာတစ်ခု၏ အစိတ်အပိုင်းများဖြစ်သည်။ ပထမဆုံးနားရွက်များ၊ ထို့နောက်နှာခေါင်း၊ မျက်လုံးနှင့် နောက်ဆုံးတွင် ပါးစပ်ပေါ်လာသည်။ မျက်လုံးများပွင့်ရန် ကြိုးစားနေသကဲ့သို့ လှုပ်ရှားနေသည်။
ချောင်းဆိုးနေဆဲဖြစ်သော ဖုန်းကျန်းသည် သူ၏အောက်တွင် ဖြစ်ပေါ်လာသောမျက်နှာကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ကာ မျက်လုံးများပြူးကျယ်သွားသည်။
"သူဘယ်လိုလုပ် အသက်ရှင်နေတာလဲ။ ပြီးတော့ ဘယ်တုန်းက..."
ဖုန်းကျန်း တုန်ရီသောအသံဖြင့် မေးလိုက်သည်။
သူ၏အောက်မှမျက်နှာသည် တုန်းယန်လင်၏မျက်နှာဖြစ်နေသဖြင့် ဘယ်လိုလုပ်မလန့်ဘဲ နေနိုင်မည်နည်း။ သူသေပြီဟုထင်ထားသော်လည်း အခုသူအန်ထုတ်လိုက်သော သွေးမျက်နှာအဖြစ် ရှိနေသည်။သူ၏စိတ်ဓာတ်ခိုင်မာမှုကြောင့်သာ ကြောက်စိတ်ဖြင့် သတိမလစ်သွားခြင်းဖြစ်သည်။
"ငါ... ဘယ်... ရောက်... နေ... တာ... လဲ"
တုန်းယန်လင်၏ သွေးမျက်နှာထံမှ အက်ကွဲပြီးအားနည်းသောအသံ ထွက်ပေါ်လာသည်။
"ကျုပ်တို့ဆီ လာပူးပေါင်းတာ ဝမ်းသာပါတယ်။ ခင်ဗျားသိပါတယ်... သူများခန္ဓာကိုယ်ထဲ ခွင့်ပြုချက်မရှိဘဲ တိတ်တဆိတ်ဝင်နေတာ မကောင်းဘူးလေ။ ခွင့်ပြုချက်အရင်တောင်းပြီး အပေးအယူညှိနှိုင်းသင့်တာပေါ့"
ယန်ချင်းက ပြောရင်း ရွှတ်နောက်နောက်ပြုံးလိုက်သည်။ သူသည် ရွှေလင်းယုန်တံဆိပ်ပြားပေါ်မှ တစ်စုံတစ်ရာကို နှိပ်လိုက်ရာ တရားခွင်၏ပုံစံပြောင်းလဲသွားပြီး ဖုန့်ရှင်းက ဖုန်းကျန်းတို့ကို တွေ့ရှိခဲ့သော တိုက်ပွဲမြေပြင်အတိုင်း ဖြစ်သွားသည်။ အသေးစိတ်အချက်အလက်တိုင်းကို တတ်နိုင်သမျှတူအောင် တုပထားသည်။
"မင်းဘယ်သူလဲ။ ငါ့ပညာရပ်ကို အတင်းအဓမ္မဖျက်ဆီးပြီး ဖုန်းကျန်းကိုယ်ထဲက ထုတ်ပစ်လိုက်တာ မင်းလား"
တုန်းယန်လင်က အေးစက်စွာမေးလိုက်သည်။သူ၏သွေးမျက်နှာ အပြည့်အဝပုံဖော်ပြီးဖြစ်သဖြင့် စကားပြောရာတွင် ပိုမိုရှင်းလင်းလာပြီး မျက်လုံးများပွင့်လာသည်။ မျက်ဖြူသားနေရာတွင် အနက်ရောင်ဖြစ်နေပြီး မျက်ဝန်းမှာ အနီရောင်ဖြစ်သည်။
"ခင်ဗျားကို မေးစရာရှိလို့ ကျွန်တော်လုပ်လိုက်တာ"
ယန်ချင်းက မိတ်ဆွေဟောင်းတစ်ယောက်ကို ပြောသကဲ့သို့ ပြောလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ဒီလိုစပ်စုတတ်တဲ့ ကလေးတစ်ယောက်နဲ့ တွေ့မယ်လို့မထင်ထားဘူး။ ဖုန်းကျန်း... ဒါမင်းရဲ့ဝှက်ဖဲလား"
တုန်းယန်လင်က လှောင်ပြောင်သောအပြုံးဖြင့် မေးလိုက်သည်။
"ငါ့ပညာရပ်ကို ဖျက်စီးနိုင်တာကိုကြည့်ရင် မင်းကပါရမီရှင်တစ်ယောက်ပဲ ကောင်လေး။ ဖုန်းကျန်းက မင်းကိုဘာကမ်းလှမ်းထားလဲမသိပေမဲ့ ငါကပိုကောင်းတဲ့အခွင့်အရေးတွေ ပေးနိုင်တယ်။ ငါနဲ့တွေ့တာ မင်းရဲ့အကြီးမားဆုံးကံကောင်းမှုပဲ။ ငါက အဆင့် ၁ ဂိုဏ်းတွေလောက် အစွမ်းထက်တဲ့ အဖွဲ့အစည်းတစ်ခုကပါ။
ငါတို့အဖွဲ့က ပါရမီရှင်တွေကို အရမ်းတန်ဖိုးထားတယ်။ မင်းအဆင့်နဲ့ဆိုရင် အများကြီးမျက်နှာသာပေးခံရပြီး ပြုစုပျိုးထောင်ပေးခံရမှာ။ နှစ် ၁၀၀ အတွင်း နယ်မြေအဆင့်ရောက်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး။ နယ်မြေအဆင့်ကျွမ်းကျင်သူဖြစ်တဲ့ ငါ့ဆရာသခင်ကို မင်းကိုတပည့်အဖြစ်လက်ခံဖို့တောင် ငါထောက်ခံပေးမယ်။ ဘယ်လိုလဲ ကောင်လေး"
တုန်းယန်လင်က ဂုဏ်ယူသောအပြုံးဖြင့် မေးလိုက်သည်။ နှစ် ၁၀၀ အတွင်း နယ်မြေအဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဘယ်သူမှမငြင်းဆန်နိုင်ပေ။ ယန်ချင်း၏ပါရမီကို အသိအမှတ်ပြုပြီး ဆွဲဆောင်လိုသောကြောင့် သူဤမျှရက်ရောသောကမ်းလှမ်းမှု ပြုလုပ်ခြင်းဖြစ်သည်။ သူအသုံးပြုခဲ့သော ကပ်ပါးပြုလုပ်သည့်ပညာရပ်သည် အပြာရောင်အဆင့်ဖြစ်ပြီး ၎င်းကိုနှောင့်ယှက်ဖျက်ဆီးနိုင်သူသည် ပါရမီရှင်ဖြစ်ရမည်။
ယန်ချင်းကို သူကမ်းလှမ်းလိုက်သောအရာသည် အစစ်အမှန်ဖြစ်သည်။ သွေးလက်တစ္ဆေဂိုဏ်း၏ အရင်းအမြစ်များနှင့်ဆိုလျှင် ယန်ချင်းကဲ့သို့ ပါရမီရှင်တစ်ယောက် နယ်မြေအဆင့်ရောက်ရန် မခဲယဉ်းပေ။ ဒီလိုပါရမီရှင်မျိုးကို ဂိုဏ်းထဲခေါ်လာနိုင်လျှင် သူအကျိုးဆောင်မှတ် ပိုရနိုင်သလို သူ၏ဆရာသခင်က လက်ခံလိုက်လျှင် ဂိုဏ်းခွဲအတွင်း ဆရာ၏ ဂုဏ်သိက္ခာနှင့် အင်အားပိုမိုကြီးမားလာမည်ဖြစ်သည်။ ဂိုဏ်းသည် မြွေပွေးအသိုက်ကဲ့သို့ မညီညွတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် အာဏာလုနေကြသည်။
"နှစ် ၁၀၀ အတွင်း နယ်မြေအဆင့် ဟုတ်လား။ အင်း... စိတ်ဝင်စားစရာ ကမ်းလှမ်းမှုပဲ။ ကျွန်တော်လက်ခံရင် ခင်ဗျားကဘာပြန်လိုချင်တာလဲ။ လောကကြီးမှာ အလကားရတဲ့အရာ မရှိဘူးလေ။ အထူးသဖြင့် ဒီအဖိုးကြီးအပေါ်သုံးခဲ့တဲ့ ရက်စက်တဲ့ပညာရပ်ကိုကြည့်ရင် ခင်ဗျားမျက်နှာပေါ်မှာ လူဆိုးဆိုတဲ့စာလုံး ရေးထားသလိုပဲ"
ယန်ချင်းက တည်ငြိမ်စွာမေးရင်း ဟန်ဆောင်လိုက်လျောလိုက်သည်။
"မပူပါနဲ့... ငါအများကြီးမတောင်းဆိုပါဘူး။ ဖုန်းကျန်းအပေါ် ငါ့ပညာရပ်ပြန်သုံးဖို့ ကူညီပေးရုံပါပဲ။ ငါ့လက်ရှိအခြေအနေနဲ့ အကြာကြီးမနေနိုင်ဘူး။ သက်ရှိတစ်ယောက်ယောက်ထဲမှာ ခိုအောင်းဖို့လိုတယ်။ ငါမင်းကို ပညာရပ်ရဲ့ဖော်မြူလာပေးမယ်။ မင်းအောင်အောင်မြင်မြင်ကျင့်နိုင်သွားရင် ဒီနားက ပယင်းမြို့ ကိုသွားပြီး ငါ့ဆရာတူအစ်ကိုကြီးနဲ့အတူ ဂိုဏ်းကိုပြန်ကြမယ်။ သူက နန်းတော်အဆင့်ကျွမ်းကျင်သူနော်"
တုန်းယန်လင်က ယန်ချင်းတစ်ခုခု မကြံစည်ရဲအောင် နောက်ဆုံးစာကြောင်းကို ခြိမ်းခြောက်သည့်အနေဖြင့် ထည့်ပြောလိုက်သည်။
"ကျွန်တော်ဝင်ရမယ့် အဖွဲ့အစည်းနာမည်ကို ခုထိ မသိရသေးဘူး။ အရင်ပြောပြလို့ရမလား"
"ပယင်းမြို့ရောက်မှ ပြောပြမယ်။ ငါတို့က လူသိနည်းပေမဲ့ အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်ဂိုဏ်းတွေ၊ မိသားစုတွေလိုပဲ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါ"
တုန်းယန်လင်က ပြောလိုက်သည်။
သူ၏ဆရာတူအစ်ကိုကြီး ရှေ့ရောက်မှသာ ထုတ်ပြောမည်။ အကယ်၍ ယန်ချင်းငြင်းဆန်ပါက သူ့ကိုရှင်းပစ်ရန် မခက်ခဲပေ။ ထိုအရာသည် သူတို့ဂိုဏ်း၏လူသစ်စုဆောင်းနည်းတစ်ခုဖြစ်သည်။ ကမ်းလှမ်းမှုကို ငြင်းပယ်ပါက စုဆောင်းသူ၏ ဖြစ်တည်မှုကို ဖုံးကွယ်ရန် သတ်ပစ်လေ့ရှိသည်။
"ဟန်ဆောင်နေရင် တစ်ခုခုရမလားလို့ ထင်ခဲ့တာ။ နာမည်လေးတစ်ခုတောင် ဒီလောက်လျှို့ဝှက်နေမှတော့ ခင်ဗျားဆီက ဘာမှရမယ်မထင်တော့ဘူး။ သွေးလက်တစ္ဆေဂိုဏ်းဝင်တွေက လျှို့ဝှက်ချက်တွေ၊ ပဟေဠိတွေကို တော်တော်ကြိုက်တာပဲ။”
“ထားပါတော့လေ... အထက်လူကြီးတွေဆီပို့ပြီး ကိုင်တွယ်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်။ စကားပြောချင်လာအောင်လုပ်တဲ့ သူတို့ရဲ့နည်းလမ်းတွေက ကျွန်တော့်ထက် ပိုထိရောက်မှာပါ။ ပြောရရင် ခင်ဗျားက ကျွန်တော်တို့လက်ထဲရောက်ဖူးတဲ့ ပထမဆုံး သွေးလက်တစ္ဆေဂိုဏ်းဝင်မှ မဟုတ်တာ”
ယန်ချင်းက အပြစ်ကင်းစင်ဆုံးအပြုံးဖြင့် ပြုံးရင်းပြောလိုက်သည်။
"မင်း... မင်းဘယ်သူလဲ"
အခြေအနေ ရုတ်တရက်ပြောင်းလဲသွားသဖြင့် တုန်းယန်လင် ကြောက်ရွံ့စွာအော်ဟစ်လိုက်သည်။
"အော်... ဆောရီး... ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်မိဘူး။ ကျွန်တော့်နာမည်က ယန်ချင်းပါ... တရားစီရင်ရေးအဖွဲ့က သက်သောင့်သက်သာနဲ့ပျော်ပျော်နေတတ်တဲ့ သာမန်တရားသူကြီးတစ်ယောက်ပါပဲ။ ခင်ဗျားအကြောင်းရော၊ ခင်ဗျားဆရာတူအစ်ကိုကြီးအကြောင်းရော ကြားဖူးပါတယ်။ သူက ကျွန်တော်တို့ စကားမပြောရသေးခင် ပျောက်သွားပြီး လက်တစ်ဖက်ပဲချန်ထားခဲ့တယ်။ သနားစရာပဲ။”
“ကဲ... တုန်းယန်လင်... တရားစီရင်ရေးအဖွဲ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မပူပါနဲ့... ခင်ဗျားအသက်ရှည်ရှည်နဲ့ ဘေးကင်းကင်းနေရအောင် လုပ်ပေးမယ့်နည်းလမ်းတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။ ကျွန်တော်ပို့လိုက်မယ့်လူတွေကို ခင်ဗျားရဲ့ နယ်မြေအဆင့်ဆရာသခင်အကြောင်း ပြောပြဖို့မမေ့နဲ့နော်။ သူတို့က အဲဒီလိုအတင်းအဖျင်းတွေကို ကြိုက်တတ်လို့။ တာ့တာ...”
ယန်ချင်းက သဘောကျစွာရယ်မောရင်း တံဆိပ်ပြားကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ပိုးအိမ်ကြီးတစ်ခုသည် တုန်းယန်လင်ကို ဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားသည်။ တရားခွင်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။