ဝမ်ချန်၏ ကြီးမားသော ပြောင်းလဲမှု
Vol. 5 Ch. 49
“နှောင့်ယှက်သူလည်း မရှိတော့ဘူးဆိုတော့ ငါတို့ရပ်ထားတဲ့နေရာကနေ ပြန်စလို့ရပြီ”
ယန်ချင်းက ပြောရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်ရှိ ကျန်ရှိနေသောသွေးကွက်များကို လောင်ကျွမ်းလိုက်ရာ ခဏအတွင်း မူလအတိုင်း အနက်ရောင်ပြောင်လက်သွားသည်။
“ခင်ဗျားရဲ့ဒဏ်ရာတွေအတွက်...ဒါကို ယူလိုက်ပါ”
ယန်ချင်းက လိမ္မော်ရောင်အစင်းကြောင်းနှစ်ခုပါသော နို့နှစ်ရောင်ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်သည်။
ဆေးလုံးပေါ်ရှိ အစင်းကြောင်းများသည် မည်သည့်အဆင့်နှင့် ကိုက်ညီကြောင်း ပြသနေသည်။ အစင်းကြောင်းတစ်ခုပါသော ဆေးလုံးသည် ချီစုစည်းမှုအဆင့်များအတွက် သင့်တော်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်များပင် တစ်ဝက်ခန့်ကို ဘေးကင်းစွာ သုံးစွဲနိုင်သည်။ အစင်းကြောင်းနှစ်ခုပါသော ဆေးလုံးကို အခြေတည်အဆင့်များ သုံးစွဲနိုင်ပြီး သုံးခုပါလျှင် ရွှေအမြုတေအဆင့်များအတွက် သင့်တော်သည်။
အစင်းကြောင်းများလေလေ သင့်တော်သောကျင့်ကြံခြင်းအဆင့် မြင့်မားလေဖြစ်သည်။ နယ်မြေအဆင့်အတွက်မူ ဆေးလုံးတွင် အစင်းကြောင်း ၅ ခု ပါရှိသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများအသုံးပြုမည့် ဆေးလုံးများတွင်မူ အထူးလက္ခဏာတစ်ရပ်ရှိရမည်။ ၎င်းမှာ ကျင့်ကြံသူများ အဆင့်တက်ရာတွင် ကြုံတွေ့ရသကဲ့သို့ ဆေးလုံးသည်လည်း ကောင်းကင်ကပ်ဘေးကို ခံယူရမည်ဖြစ်သည်။
ကပ်ဘေးမှ လွတ်မြောက်လာသော ဆေးလုံးများသည် ချီလင်ဦးချိုနှင့် ဖီးနစ်အမွေးကဲ့သို့ ရှားပါးလွန်းလှသည်။ တစ်လုံးတစ်လေ ပေါ်လာသည်နှင့် တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားစေနိုင်ပြီး ထိုဆေးလုံးမျိုးဖော်စပ်နိုင်သော အဂ္ဂိရတ်ပညာရှင်ကို မြင့်မြတ်သောနယ်မြေများအပါအဝင် မည်သည့်နေရာကမဆို တန်ဖိုးထားရှာဖွေကြလိမ့်မည်။
ဖုန်းကျန်းသည် ဆေးလုံးကို ဖမ်းယူလိုက်သည်။ အနံ့ရလိုက်ရုံဖြင့် သူ၏တစ်ကိုယ်လုံး ပြန်လည်အားပြည့်လာသည်ကို ခံစားလိုက်ရသည်။ ထိုအဆင့်ဆေးလုံးများထဲတွင်ပင် ထိပ်တန်းအရည်အသွေးဖြစ်ကြောင်း သူသိလိုက်သည်။ ချက်ချင်းပင်မျိုချလိုက်ကာ ဆေးလုံးကိုသန့်စင်နေလိုက်သည်။
တုန်းယန်လင်သည် သူ၏ခန္ဓာကိုယ်မှ အတင်းအဓမ္မထွက်ခွာသွားမှုကြောင့် သွေးကြောများစုတ်ပြဲသွားပြီး သွေးအဆီအနှစ်သုံးပုံတစ်ပုံခန့် ဆုံးရှုံးသွားခဲ့သည်။ ဆေးလုံးသည် သူ၏ဒန်တျန်သို့ ရောက်ရှိပြီး ပျော်ဝင်သွားကာ နွေးထွေးသော စွမ်းအင်စီးကြောင်းများကို တစ်ကိုယ်လုံးသို့ ပို့ဆောင်ပေးလိုက်သည်။
စီးကြောင်းဖြတ်သန်းသွားသော နေရာတိုင်း ပြန်လည်ကောင်းမွန်လာပြီး သန်မာလာသည်။ စက္ကန့် ၃၀ အတွင်း သွေးကြောများနှင့် အတွင်းကလီစာအားလုံး အားဖြည့်ခံလိုက်ရသည်။ ဆေးလုံးသည် သူ၏ချီကိုပင် သန့်စင်ပေးလိုက်သဖြင့် ပိုမိုသိပ်သည်းပြီး ချီစီးဆင်းမှုကောင်းမွန်လာသည်။
ဆေးလုံးတစ်လုံးတည်းဖြင့် ဒီလောက်လုပ်ဆောင်နိုင်သည်ကို ဖုန်းကျန်းအံ့သြသွားသည်။ ချီကိုသန့်စင်ခြင်းသည် အလယ်အလတ်ကောင်းကင်အဆင့်ရတနာများသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။ အလယ်အလတ်အဆင့် ဖြစ်သော်လည်း လူကြိုက်များသောအာနိသင်ကြောင့် တန်ဖိုးကြီးမားလှသည်။
“ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း”
ဖုန်းကျန်းက လေးလေးနက်နက်ဦးညွှတ်ရင်း ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒီဆေးလုံးပေးလိုက်တာက ငါ့အတွက်ဘာမှမဟုတ်ပါဘူး။ ငါ့မှာထောင်နဲ့ချီပြီး ပုံနေတာ။ ငါ့အတွက် အသုံးမဝင်တော့လို့ ချိုပြီးလန်းဆန်းစေတဲ့ အရသာကြောင့်သာ သကြားလုံးအနေနဲ့ပဲ စားတာ”
ယန်ချင်းက ပျက်စီးနေသော ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဖုန်းကျန်းခမျာ ယန်ချင်း၏စကားနှင့် ‘ငါကချမ်းသာလို့ ဂရုမစိုက်ဘဲဖြုန်းပစ်နိုင်တယ်’ ဆိုသောအကြည့်ကြောင့် နောက်ထပ်သွေးအန်လုနီးပါး ဖြစ်သွားသည်။ ယန်ချင်းကို ထထိုးချင်စိတ်ပင် ပေါက်သွားသည်။ ယန်ချင်းသည် တံဆိပ်ပြားထဲမှ ဆေးလုံးတစ်ဆုပ်ကိုထုတ်ပြီး ပါးစပ်ထဲအကုန်ပစ်ထည့်ကာ ဝါးစားပြလိုက်သေးသည်။
“မင်းက သွေးလက်တစ္ဆေဂိုဏ်းကို မဝင်တော့ဘူးဆိုတော့ နှမြောစရာပဲ”
ယီကျဲက တည်ငြိမ်သောမျက်နှာထားဖြင့် ရုတ်တရက်မေးလိုက်သည်။
“ငါတို့အပေးအယူ ညှိနှိုင်းလို့မရခဲ့ဘူးလေ။ ပြီးတော့ အဲဒီဂိုဏ်းက တရားစီရင်ရေးအဖွဲ့ထက် ငါ့ကိုပိုပြီးခိုင်းစားမယ့်ပုံ ပေါက်နေတယ်။ အလုပ်တွေကလည်း ပိုအန္တရာယ်များမယ့်ပုံပဲ။ အဲဒီနေရာကို သွားမယ့်အစား ဒီမှာပဲနေပြီး မိစ္ဆာအိုကြီးလဲ့ဝေယွမ်ကို ရင်ဆိုင်တာက ပိုကောင်းသေးတယ်။ အဲဒီနေရာနဲ့ယှဉ်ရင် လဲ့ဝေယွမ်က သူတော်စင်တစ်ယောက်လို ဖြစ်နေမှာ”
ယန်ချင်းက ပြောရင်း စင်မြင့်ပေါ်ပြန်တက်သွားသည်။
ယီကျဲက နှာခေါင်းရှုံ့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ယန်ချင်းက သူ့ကိုသံသယဖြင့် လှမ်းကြည့်လိုက်သည်။
“ဒီကောင်စုတ် ငါ့ကိုတကယ်မေးနေတာပဲ။ ငါ့ကို သွေးလက်တစ္ဆေဂိုဏ်းရဲ့ လက်ပါးစေဖြစ်စေချင်နေတာလား။ ငါ့ကို ဘယ်လောက်တောင် ရှင်းထုတ်ချင်နေတာလဲ။ တွေ့ကြသေးတာပေါ့ ယီကျဲရာ... လဲ့ဝေယွမ် ငါ့ကိုဘယ်တွင်းထဲပစ်ချပစ်ချ၊ မင်းကိုပါ ငါနဲ့အတူဆွဲခေါ်သွားမယ်။ အဲဒီကျမှပြေးဖို့ကိုမစဥ်းစားနဲ့”
ယန်ချင်း တွေးရင်း ယီကျဲကို ကလဲ့စားချေလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ယီကျဲသည် ကျွမ်းကျင်သူတစ်ယောက်၏အမူအရာဖြင့် အေးစက်စွာရှေ့ကိုကြည့်နေရင်း ရုတ်တရက်ကြီးကျောချမ်းသွားသဖြင့် ဘေးဘီကို ကြည့်လိုက်ရာ ယန်ချင်း၏ အဆိပ်ပြင်းသောအကြည့်နှင့် ဆုံလိုက်သည်။
“ဒီကောင် ဘာမဟုတ်တာကြံနေပြန်ပြီလဲ”
ယီကျဲမှာ ရုတ်တရက် စိုးရိမ်စိတ်များ ဝင်လာသည်။
“အဟမ်း... အခု ဂိုဏ်းချုပ်ချန်ယွမ်နဲ့ ဝမ်ချန်တို့ရဲ့အမှုကို ဆက်ကြမယ်။ ဇာတ်လမ်းရဲ့ဘက်ပေါင်းစုံကို ကြားပြီးပြီဆိုတော့ တရားစီရင်ရေးအဖွဲ့ရဲ့ အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီး ကျွန်တော်ယန်ချင်းက စီရင်ချက်နဲ့ဆုံးဖြတ်ချက်ကို ချမှတ်ပါတော့မယ်...”
“ကလစ်”
ယန်ချင်း ဆက်ပြောရန်ပြင်လိုက်စဉ် ကြက်ဥကွဲသလို အသံတိုးတိုးလေးတရားခွင်ထဲတွင် ထွက်ပေါ်လာသည်။ ချန်ယွမ်သည် အသံလာရာနေရာကိုကြည့်ပြီး စိုးရိမ်သလို မျှော်လင့်သလိုဖြစ်နေသည်။ အသံသည် ပိုမိုကျုံ့သွားပြီး ရွှံ့စေးခဲကဲ့သို့ဖြစ်နေသော ဝမ်ချန်၏ အနက်ရောင်အလုံးကြီးဆီမှ လာခြင်းဖြစ်သည်။ အလုံးကြီးတစ်ခုလုံး အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။
ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့မှာမူ အထဲတွင်ဘာရှိမှန်း မသိကြပေ။ အဖြစ်အပျက်များ မြန်ဆန်လွန်းပြီး ရှုပ်ထွေးလွန်းသဖြင့် အနက်ရောင်အလုံးကြီးကို သတိမထားမိခဲ့ကြပေ။ ဖုန်းကျန်းသည် ချန်ယွမ်၏တုံ့ပြန်မှုကိုကြည့်ပြီး အထဲတွင်ဘာရှိလဲဆိုတာ ခန့်မှန်းကြည့်လိုက်သည်။
“ကောင်းပြီ... နောက်ဆုံးစီရင်ချက်အတွက် အဖွဲ့ဝင်အားလုံး စုံသွားပြီပဲ”
ယန်ချင်းက ပြောရင်း လက်နှစ်ဖက်ယှက်ကာ မေးတင်လိုက်ပြီး ကွဲခါနီးအနက်ရောင်အလုံးကြီးကို စိုက်ကြည့်လိုက်သည်။
အက်ကွဲကြောင်းများ ပိုများလာသော်လည်း ချန်ယွမ်မျှော်လင့်ထားသလို ပေါက်ကွဲမှုဖြစ်မလာပေ။ အက်ကွဲကြောင်းများမှတဆင့် ခြောက်သွေ့နေသောမြစ်ကြမ်းပြင်ကဲ့သို့ များပြားလာသောအခါ အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ဝမ်ချန်၏အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ချန်ယွမ်၊ ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့သည် ဝမ်ချန်၏လက်ရှိပုံစံကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ သူမသည် ယခင်နှင့်လုံးဝမတူတော့ပေ။ အရွယ်အစား လုံးဝကျုံ့သွားသည်။ ယခင်က အမြင့်နှင့်အလုံး မီတာ ၂၀ ခန့်ရှိသော်လည်း ယခုအခါ ၁ မီတာခန့်သာရှိသော သာမန်နွားပေါက်စအရွယ်အစားသာ ရှိတော့သည်။ သူမ၏အမွေးများမှာမူ ဝိညာဉ်သားရဲအကြောင်း နားမလည်သူပင်လျှင် ထူးခြားသောသားရဲဖြစ်ကြောင်း သိနိုင်သည်။
အမွေးပေါ်ရှိ သစ်ရွက်ပုံစံသည်လည်း ပိုမိုထင်ရှားပြီး အသက်ဝင်လာသည်။ သေချာကြည့်လျှင် သစ်ရွက်ကြောများပေါ်တွင် သင်္ကေတအသေးလေးများ ပါရှိသည်။ ၎င်းတို့သည် အနီရောင်တောက်ပနေသော်လည်း သစ်ရွက်၏မြစိမ်းရောင်က လွှမ်းမိုးထားသည်။
“သူမက ငါမျှော်လင့်ထားတာထက် ပိုမိုရိတ်သိမ်းနိုင်ခဲ့ပုံပဲ။ ဂိုဏ်းချုပ်ချန်ယွမ်သာ ဒီနေ့ရိတ်သိမ်းခဲ့တာတွေကို ကောင်းကောင်းအသုံးချနိုင်ရင် သူ့ရဲ့တိုးတက်မှုက ပိုမြန်လာမှာပါ။ ဒါပေမဲ့ ဒီဂိုဏ်းကလူတွေက စိတ်ဝင်စားစရာကောင်းသားပဲ။ အထူးသဖြင့် ဖုန်းကျန်း။ သူရဲ့မဏ္ဍိုင်တွေကို တိုးတက်ဖို့ အဲဒီနည်းလမ်းကိုသုံးရဲလောက်အောင် ရူးသွပ်တဲ့သူရှိမယ်လို့ ထင်မထားဘူး တကယ်ကိုစိတ်ဝင်စားစရာတော့ကောင်းနေပြီ”
ယန်ချင်း တွေးရင်း ဖုန်းကျန်းကို စဉ်းစားခန်းဝင်ကာ ကြည့်လိုက်သည်။
ဝမ်ချန် မျက်လုံးဖွင့်လိုက်သည်။ မျက်လုံးများသည် နက်မှောင်နေပြီး နက်နဲသောဉာဏ်ပညာများ ကိန်းအောင်းနေပုံရသည်။ သူမမျက်တောင်အနည်းငယ်ခတ်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ချန်ယွမ်ထံအကြည့်ရောက်သောအခါ ခေတ္တရပ်တန့်သွားပြီးနောက် ကြမ်းပြင်နှင့်ထိသည်အထိ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။
“ကျွန်မကို စောင့်ရှောက်ပေးခဲ့တဲ့အတွက်ရော၊ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လောဘကြီးမှုတွေကို သည်းခံပေးခဲ့တဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်။ ကျွန်မဘယ်လောက်မိုက်မဲပြီး ကလေးဆန်ခဲ့လဲဆိုတာ အခုနားလည်ပါပြီ။ ခွင့်ပြုမယ်ဆိုရင် ကျွန်မရဲ့ ရှိတဲ့အသက်ကလေးနဲ့ အဆတစ်ရာပြန်ပေးဆပ်ပြီး ဂိုဏ်းရဲ့ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ပါရစေ”
ဝမ်ချန်က လေးနက်စွာပြောလိုက်သည်။
သူမ၏လေသံတွင် နောင်တရမှုနှင့် ရင့်ကျက်မှုတို့ကို ခံစားရသည်။ အသံလွှဲပြောင်းပုတီးစေ့ကို အသုံးပြု၍ ပြောဆိုခြင်းဖြစ်သည်။
“မင်းအမှားချည်းပဲ မဟုတ်ပါဘူး ဝမ်ချန်။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့တဲ့ ငါ့အမှားလည်းပါပါတယ်။ မင်းကဂိုဏ်းမှာမွေးဖွားလာတာမို့ ဂိုဏ်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ငါကပုံရိပ်ကြီးကိုပဲ အာရုံစိုက်နေပြီး ရှေ့တည့်တည့်ကအရာတွေကို မေ့လျော့နေခဲ့တာ။ ခုတော့ ငါမင်းရဲ့အကူအညီကို မျက်နှာပြောင်တိုက်ပြီး တောင်းဆိုရတော့မယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းကမကြာခင် ကြုံတွေ့ရမယ့်ပြဿနာတွေအတွက် မင်းကိုလိုအပ်လာနိုင်တယ်”
ချန်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ဝမ်ချန် ဘေးကင်းသွားလို့ဝမ်းသာသော်လည်း သွေးလက်တစ္ဆေဂိုဏ်း၏ ခြိမ်းခြောက်မှုက သူ့ကိုနှိပ်စက်နေဆဲဖြစ်သလို ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့၏ ကံကြမ္မာလည်းရှိနေသေးသည်။ သံယောဇဉ်ကို ဖယ်ထားလျှင်ပင် အခြေတည်အဆင့်အထွတ်အထိပ်အဖွဲ့ဝင်နှစ်ဦးကို တစ်ပြိုင်နက်ဆုံးရှုံးလိုက်ရလျှင် ဂိုဏ်းအတွက်ကြီးမားသောထိခိုက်ဆုံးရှုံးမှုပင်။
ဝမ်ချန်သည် ချန်ယွမ်ဘာကိုဆိုလိုသလဲ နားမလည်သော်လည်း ယန်ချင်းကို ကျေးဇူးတင်ကြောင်းထပ်မံဦးညွှတ်လိုက်သည်။ သူမအသက်ကို ကယ်တင်ပေးခဲ့သည့်အပြင် သူမစိတ်ဖောက်ပြန်ပြီး ပေါက်ကွဲသွားမည့်ဘေးမှ ကာကွယ်ပေးခဲ့သည်။ ယန်ချင်း၏ ဝင်ရောက်ကူညီမှုကြောင့် သူမ၏လမ်းစဥ်သည် ပိုမိုရှင်းလင်းသွားပြီး အသိစိတ်လည်း ပြောင်းလဲသွားသည်။
သူမခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ပမာဏသည် ယခင်ကထက် ၄ ဆ ပိုများလာသည်။ သေးငယ်သွားသော်လည်း ယခင်ကသူမ ၄ ကောင်လောက်ကို အလွယ်တကူနိုင်နိုင်သည်။ သူမဘယ်လောက်ဖြုန်းတီးခဲ့လဲဆိုတာ အခုမှသဘောပေါက်တော့သည်။ သူမခန္ဓာကိုယ် ဖောင်းပွလာရခြင်းမှာ ဆေးမြစ်များမှစွမ်းအင်ကို သေချာမချေဖျက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
စွမ်းအင်အများစုသည် အလဟဿဖြစ်ကုန်ကာ အဆီအဖြစ်ပြောင်းသွားသည်။ သူမသည် အရေအတွက်ကိုသာ အာရုံစိုက်ခဲ့ပြီး စွမ်းအင်အဖြစ်ပြောင်းလဲရန် မကြိုးစားခဲ့ပေ။ ဒါကြောင့် နိုးလာသည်နှင့် ချန်ယွမ်အပေါ် နောင်တရမိခြင်းဖြစ်သည်။
“မင်းအဆင်ပြေပြေ ပြန်ကောင်းလာလို့ဝမ်းသာပါတယ် ဝမ်ချန်။ မင်းအမှုရဲ့ဆုံးဖြတ်ချက်ကို ငါတို့ရောက်ရှိနေပါပြီ။ မင်းဂိုဏ်းက ဖုန်းကျန်းလည်း ဒီမှာရှိနေတယ်။ ကိစ္စတွေက ထင်ထားတာထက် ပိုရှုပ်ထွေးနေလို့ မလန့်ပါနဲ့။ ငါတို့ဒီမှာပြီးရင် မင်းတို့ဂိုဏ်းချုပ်က အသေးစိတ်ရှင်းပြပါလိမ့်မယ်”
ယန်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။
ထိုအခါမှ သူမညာဘက်တွင် လူနှစ်ယောက်ရှိနေသည်ကို သတိပြုမိသည်။ အထူးသဖြင့် ဖုန်းကျန်းကိုမြင်သောအခါ ခံစားချက်များ ရှုပ်ထွေးသွားသည်။ သူမငယ်ငယ်ကတည်းက ဖုန်းကျန်းက ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ အရင်ကဖုန်းကျန်းနှင့် သစ္စာဖောက်ဟု သူမယူဆထားသော ဖုန်းကျန်းကို တစ်ယောက်တည်းအဖြစ်လက်ခံရန် ခက်ခဲနေသည်။
သို့သော် သူမစိတ်ကို ထိန်းချုပ်လိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ယီကျဲ၊ ဖုန့်ရှင်း၊ မော့ယွင်ရုနှင့် အထူးသဖြင့် ယန်ချင်းတို့သည် ကျင့်ကြံခြင်းစွမ်းအား မထုတ်လွှတ်ထားသည့်တိုင် မည်မျှကြောက်စရာကောင်းကြောင်း သူမအလိုလိုသိနေသည်။ သူတို့ကို မစော်ကားမိစေရန် သူမ၏ပင်ကိုအသိစိတ်က သတိပေးနေသည်။
ဝမ်ချန် စိတ်ကိုထိန်းချုပ်နိုင်သည်ကို မြင်သောအခါ ယန်ချင်းက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
“ကဲ... နောက်ဆုံးတော့ ဒီအမှုကိုပိတ်လို့ရပြီ။ ဒါက တစ်ပတ်တာရဲ့ပထမဆုံးရက်ပဲ ရှိသေးတယ်။ တရားစီရင်ရေးအဖွဲ့ကတော့ ပုံမှန်အတိုင်းမည်းမှောင်နေတာပဲ။ နောက်တစ်ပတ် နန်းတော်တရားရုံး ရောက်ရင်တော့ အမှုတွေပိုရှင်းပြီး ပိုနည်းပါစေလို့ မျှော်လင့်ပါတယ်ကွာ”
ယန်ချင်း တိတ်တဆိတ် ညည်းညူလိုက်သည်။