← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

“ဝါး... ဝါး... ဝါး...”

ရှာနိုင်ငံ၊ ကျင်းပြည်နယ် စစ်ဘက်ဆိုင်ရာ ဆေးရုံကြီး။

ကျယ်လောင်လှသော်လည်း နုနယ်လွန်းလှသည့် ကလေးငိုသံများမှာ သားဖွားခန်းအတွင်း ပဲ့တင်ထပ်သွားသည်။ ထိုငိုသံနှင့်အတူ မွေးကင်းစကလေးငယ်၏ အဆုတ်များမှာ အပြည့်အဝ ပွင့်သွားခဲ့ပြီး လတ်ဆတ်သော လေထုကို စိတ်ကြိုက် ရှူရှိုက်နေတော့သည်။

“နောက်ဆုံးတော့ ငိုပြီပဲ။ အချက်အလက် တော်တော်များများ ရိုက်ကြည့်တာတောင် မငိုလို့ တကယ် စိတ်ပူသွားတာ”

မျက်ခုံးကောင်းကောင်းနှင့် သူနာပြုဆရာမလေးသည် အသားများ တွန့်ရှုံ့နေသော ကလေးငယ်ကို ပွေ့ချီလျက် ပုံမှန်စစ်ဆေးမှုများကို စတင်ပြုလုပ်လိုက်သည်။

“အရပ်အရှည် - ၅၁ စင်တီမီတာ၊ မွေးကင်းစ ကလေးငယ်တွေရဲ့ ပျမ်းမျှသတ်မှတ်ချက်ထက် ပိုတယ်”

“ကိုယ်အလေးချိန် - ၄ ဒသမ ၈ ကီလိုဂရမ်၊ ပျမ်းမျှသတ်မှတ်ချက်ထက် ပိုတယ်”

“ဦးခေါင်းလုံးပတ် - ၃၅ စင်တီမီတာ။ ဦးနှောက်ဖွံ့ဖြိုးမှုကလည်း ပျမ်းမျှသတ်မှတ်ချက်ထက် သာလွန်တယ်”

“ကိုယ်တွင်းအင်္ဂါတွေ အကုန်ပုံမှန်ပဲ။ မွေးရာပါရောဂါ လက္ခဏာလည်း မတွေ့ရဘူး”

“ခြေထောက်ကနေ သွေးယူပြီးပြီဆိုတော့ သွား... ကလေးအမေကို ခဏ ပေးချီလိုက်ဦး။ ပြီးမှ ပုခက်ထဲ ပြန်ထည့်လိုက်တော့...”

“ဟုတ်ကဲ့”

သူနာပြုဆရာမလေးသည် လိုအပ်သော စစ်ဆေးမှုများကို အဆုံးသတ်ပြီးနောက် အားနည်းနေသော မိခင်ဖြစ်သူ မစ္စရွှီထံသို့ ကလေးငယ်ကို ကမ်းပေးလိုက်သည်။

“အစ်မလင်းချန်း ရှင့်သားလေးက အရမ်းကျန်းမာတယ်။ သူ့နာမည်က ရွှီရန်နော်... လာ အမေဖြစ်သူက ချီလိုက်ပါဦး”

ပထမဆုံးအကြိမ် မိခင်ဖြစ်ခွင့်ရသော လင်းချန်းတစ်ယောက် အနည်းငယ် အူကြောင်ကြောင် ဖြစ်နေရှာသည်။ သူမ၏ မျက်ဝန်းအစုံမှာ ကြင်နာမှုတို့ဖြင့် ပြည့်လျှံနေပြီး ကလေးငယ်ကို ဂရုတစိုက် ပွေ့ပိုက်လိုက်စဉ်တွင် မိခင်မေတ္တာအလင်းတန်းများမှာ သူမ၏ မျက်နှာထက်၌ အထင်းသား ပေါ်လွင်နေတော့သည်။

“မေမေ့ရဲ့ သားလေး... သားလေး တော်တော်ပင်ပန်းသွားပြီနော်...”

မကြာမီအချိန်အတွင်းမှာပင်။

သူနာပြုဆရာမလေးသည် ကလေးငယ်ကို ပြန်လည်ယူဆောင်သွားပြီး နွေးထွေးသော ပုခက်ငယ်လေးအတွင်း၌ သိပ်ထားလိုက်သည်။

ရွှီရန်၏ တွန့်ရှုံ့နေသော အဖိုးကြီးမျက်နှာမှာမူ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။

ငါ ဘယ်လိုလုပ်ပြီး ကလေးလေး ပြန်ဖြစ်သွားတာလဲ။

ခန္ဓာကိုယ်ကလည်း အရမ်း နုနယ်လွန်းနေတယ်...

တော်သေးတာပေါ့ သားဖွားခန်းထဲမှာ မွေးလာလို့။ တကယ်လို့သာ ကျောင်းက အိမ်သာထဲမှာ မွေးလာတာဆိုရင်တော့ ငါ့ဘဝက ငရဲခန်းကနေ စရသလို ဖြစ်နေမှာ...

ကြည့်ရတာတော့ ဒီဘဝမှာ ငါက ချမ်းသာတဲ့ မိသားစုထဲမှာ မွေးလာပုံရတယ်...

“အရမ်းပင်ပန်းတာပဲ... ခဏလေး စဉ်းစားလိုက်ရုံနဲ့တင် အိပ်ချင်လာပြီ...”

ရွှီရန်မှာ မွေးကင်းစကလေးငယ်၏ သဘာဝအတိုင်း ငိုက်မြည်းလာသဖြင့် မျက်လုံးများ မှိတ်မသွားစေရန် အတင်းအကြပ် အားယူနေရရှာသည်။

သို့သော် ရုတ်တရက်ဆိုသလို...

သူ့စိတ်ထဲတွင် အေးမြသော ခံစားမှုတစ်ခု ပေါ်ပေါက်လာပြီး ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေမည့် တလက်လက်တောက်ပနေသော စနစ်မျက်နှာပြင် တစ်ခု ထွက်ပေါ်လာတော့သည်။

[တာအိုအရှင်သခင်စနစ်က သင့်ကို စိတ်ရင်းမှန်ဖြင့် အလုပ်အကျွေးပြုရန် အသင့်ရှိနေပါသည်]

[အမည်: ရွှီရန်]

[အသက်: မွေးကင်းစ ပထမရက်]

[သွေးစွမ်းအင်: ၀.၅ / ၁၀၀ (သင်၏ သွေးစွမ်းအင်မှာ ကြွယ်ဝလှပါသည်။ သာမန်မွေးကင်းစကလေးထက် ၅ ဆ ပိုမိုသန်မာသည်။ သာမန်လူကြီးတစ်ယောက်၏ အမှတ်မှာ ၁၀ ဖြစ်ပါသည်)]

[မှတ်ချက် သွေးစွမ်းအင်သည် မာနာနှင့် ကျန်းမာရေးနှင့် ညီမျှသည်။ ၎င်းကို ချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။ တစ်နှစ်အောက်ကလေးများတွင် ပြောင်းလဲနိုင်စွမ်းမှာ ၅ ရာခိုင်နှုန်း ဖြစ်ပြီး... တစ်နှစ်ကျော်လျှင် ၁၀ ရာခိုင်နှုန်း... ခြောက်နှစ်ကျော်လျှင် ၅၀ ရာခိုင်နှုန်း... ရှစ်နှစ်ကျော်လျှင် ၈၀ ရာခိုင်နှုန်း ဖြစ်သည်။ ပါရမီရှင်များမှာမူ ၁၀၀ ရာခိုင်နှုန်းအထက် ကျော်လွန်နိုင်ပါသည်]

[စိတ်ဝိညာဉ်: ၂ / ၁၀၀ (သင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်မြင့်မားလှသည်။ သာမန်မွေးကင်းစကလေးထက် အဆ ၂၀ ပိုမိုသန်မာသည်။ သာမန်လူကြီးတစ်ယောက်၏ အမြင့်ဆုံးအမှတ်မှာ ၁၀ ဖြစ်ပါသည်)]

[ရုပ်ရည်သွင်ပြင်: ၂၀ / ၁၀၀ (အမှတ် ၁၀၀ ပြည့်အနက် သင်၏ရုပ်ရည်မှာ အနည်းငယ် နိမ့်ပါးနေပါသည်။ ကြီးပြင်းလာပါက အလွန်အမင်း ရုပ်ဆိုးမည့်သူ ဖြစ်ပါသည်)]

[ကံကောင်းခြင်းလက်ဆောင်: ၃ မှတ်]

အကန့်အသတ်မရှိ ကံကောင်းမှုတွေ ကြုံချင်နေတာလား။ အိပ်မက်ပဲ မက်နေလိုက်ပါ။

[အရိုးတည်ဆောက်ပုံ: မရှိ ]

[ကျွမ်းကျင်မှု: မရှိ (လေ့ကျင့်ရန် စောင့်ဆိုင်းဆဲ)]

[အောင်မြင်မှုများ: မရှိ]

[အစပြုသူ လမ်းညွှန်ချက် - တာဝန် ၁]: ရက်ပေါင်း ၃၀ တိတိ နေ့စဉ် လက်ဝှေ့ယမ်းခြင်းနှင့် ခြေကန်ခြင်းများကို ပြုလုပ်ပါ။ အောင်မြင်ပါက အဖြူရောင်အဆင့်အောင်မြင်မှုဆုတံဆိပ် [သန်မာသော ကလေးငယ်] ကို ရရှိမည်ဖြစ်သည်။

ရရှိမည့် အကျိုးကျေးဇူး - တစ်နေ့လျှင် သွေးစွမ်းအင် +၀.၅ တိုးလာမည်။

လက်ရှိတိုးတက်မှု - ၀ / ၃၀...

...

[အစပြုသူ လမ်းညွှန်ချက် - တာဝန် ၂] : သင်၏ ရုပ်ရည်မှာ တကယ်ကို ရုပ်ဆိုးလွန်းလှပါသည်။ ရုပ်ရည်တိုးတက်လာစေရန် နေ့စဉ် တစ်စုံတစ်ယောက်ကို ပြုံးပြပြီး တုံ့ပြန်မှု ရယူပါ။ ရုပ်ရည်အမှတ် ၁၀၀ ပြည့်ပါက ရွှေအဆင့်အောင်မြင်မှုဆုတံဆိပ် [နတ်သားတစ်မျှ ရုပ်သွင်] ကို ရရှိမည်ဖြစ်သည်။ သတ်မှတ်ရက် - မွေးဖွားပြီး ၁၅ ရက်အတွင်း။

လက်ရှိတိုးတက်မှု - ၂၀ / ၁၀၀...

[နတ်သားတစ်မျှ ရုပ်သွင် ရွှေအဆင့်] : ကံကောင်းခြင်း +၂၀ မှတ်၊ အသက်တစ်နှစ်ကြီးလာတိုင်း အသက် ၂၀ အထိ ကံကောင်းခြင်း +၅ မှတ်စီ တိုးလာမည်။ ဆိုးကျိုး - ငယ်စဉ်ဘဝတွင် ပြန်ပေးဆွဲခံရမည့် အဖြစ်အပျက် နှစ်ကြိမ် ကြုံတွေ့ရမည်။

...

“ဟင် တစ်ကျော့ပြန်မွေးဖွားလာတာအပြင် စနစ်ပါ ပါလာတယ်ဆိုတော့... ငါ ဘဝရဲ့ ထိပ်ဆုံးကို ရောက်တော့မှာပေါ့”

“ဒါပေမဲ့ ငါ့ရဲ့ မွေးရာပါရုပ်ရည်က ဘာလို့ ဒီလောက်တောင် နိမ့်နေရတာလဲ။ အလွန်အမင်း ရုပ်ဆိုးမယ်လို့ ပြောတာကတော့ တော်တော်လေး စော်ကားရာ ရောက်လွန်းတယ် မဟုတ်ဘူးလား”

“ဒါမျိုးတော့ သည်းမခံနိုင်ဘူး။ နတ်သားတစ်မျှ ရုပ်သွင်ဆိုတဲ့ ရွှေအဆင့်အောင်မြင်မှုကို ငါ ရအောင်ယူရမယ်။ ငါ့ရုပ်ရည်က အမှတ် ၁၀၀ တောင် မရှိဘူးဆိုရင် ငါ့ရဲ့ တစ်ကျော့ပြန်မွေးဖွားခြင်းနဲ့ ဒီ စနစ်ကြီးကို ဘယ်လိုမျက်နှာနဲ့ သွားရင်ဆိုင်ရတော့မလဲ”

“ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိတယ်ဆိုပေမဲ့ ကံကောင်းခြင်းအမှတ် ၁၂၀ တိတိ ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ဒါကို ငါ ရအောင်ယူရမယ်”

ရွှီရန်သည် သူ၏ပန်းတိုင်အတွက် စိတ်ပိုင်းဖြတ်မှု ပြတ်သားနေတော့သည်။

သို့သော်လည်း ကလေးငယ်တစ်ဦး၏ သေးငယ်လှသော ခန္ဓာကိုယ်မှာ အလွန်ပင် ပင်ပန်းနွယ်နယ်လွယ်လှသည်ဖြစ်ရာ... ရွှီရန်မှာ မတတ်သာဘဲ ငိုက်မြည်းကာ မျက်လုံးများ မှိတ်ကျသွားရပြန်သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ မျက်ခုံးကောင်းကောင်းနှင့် သူနာပြုဆရာမလေးက သူ့ကို လာရောက်ပွေ့ချီလိုက်သည်။

အိပ်ရေးဝသဖြင့် အနည်းငယ် လန်းဆန်းလာသော ရွှီရန်သည် သူ၏ တွန့်ရှုံ့နေသော မျက်နှာလေးကို ဖြေလျှော့လိုက်ပြီး သူနာပြုဆရာမလေးကို တယ်လီတပ်ဘီရုပ်လေးကဲ့သို့ ချစ်စဖွယ် ပြုံးပြလိုက်သည်။

ဆီးသွားခြင်းကိုပင် ကိုယ်တိုင်မထိန်းချုပ်နိုင်သေးသော ဤအရွယ်တွင် သူသည် သူ၏အပြုံးကိုမူ မရရအောင် ထိန်းချုပ်ပြလိုက်နိုင်ခြင်းပင်။

သူနာပြုဆရာမလေးမှာ အံ့အားသင့်သွားပြီး….

“သားလေး... မမကို ပြုံးပြနေတာလား။ ဘယ်လောက်တောင် လိမ္မာတဲ့ကလေးလေးလဲ။ အသည်းယားစရာလေး”

သူနာပြုဆရာမလေး၏ ရင်ထဲတွင် မိခင်မေတ္တာနှင့်တူသော ချစ်ခြင်းများ လျှံတက်လာတော့သည်။

[သင်သည် မျက်ခုံးကောင်းကောင်းနှင့် သူနာပြုဆရာမကို ပြုံးပြခဲ့ပြီး တုံ့ပြန်မှု ရရှိခဲ့ပါသည်။ ရုပ်ရည် +၁၊ လက်ရှိရုပ်ရည် ၂၁ မှတ်...]

“ချောလာပြီ... ငါ ချောလာပြီဟေ့”

ရွှီရန်၏ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားရသည်။

ကံကြမ္မာကို အနည်းငယ် ပြောင်းလဲနိုင်လိုက်ခြင်းကပင် ကြီးမားသော အောင်မြင်မှုရသကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။ သာယာလှပသော နေ့ရက်များမှာ ရှေ့နားတင် ရှိတော့သည်။

“ကဲ... သွားကြစို့။ ဗိုက်ဖြည့်ဖို့ သွားရအောင်နော်”

သူနာပြုဆရာမလေးက သူ့ကို ချော့မြှူရင်း မိခင်ဖြစ်သူ လင်းချန်း၏ရင်ခွင်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။

ကလေးငယ်တစ်ဦး၏ မွေးရာပါဗီဇအရ ရွှီရန်မှာ ဗိုက်ဝသည်အထိ အားပါးတရ သောက်လိုက်တော့သည်။

ဗိုက်ပြည့်သွားသောအခါ တစ်ကိုယ်လုံးတွင် အားအင်များ ပြည့်ဝလာသလို ခံစားလိုက်ရ၏။

ရွှီရန်မှာ စိတ်ရင်းဖြင့် ပြုံးလိုက်မိသဖြင့် သူ၏ တွန့်ရှုံ့နေသော မျက်နှာလေးမှာလည်း အနည်းငယ် ပြေလျော့သွားသည်။

မိခင်ဖြစ်သူက ရွှီရန်၏ နီတာရဲတွန့်ရှုံ့နေသော မျက်နှာလေးကို ကြည့်ကာ…

“သိပ်လိမ္မာတဲ့ သားလေးပဲ... နည်းနည်းတော့ ရုပ်ဆိုးတယ်နော်...”

ရွှီရန် : “...ဒါကတော့ တကယ် နာကျင်ရတယ် မိသားစုဝင်တို့ရာ။ ငါ့ရုပ်ရည်က တကယ် နိမ့်ပါးနေတယ်ဆိုပေမဲ့ ကိုယ့်အမေဆီက ဒီစကားကို ကြားရတာကတော့ စိတ်အထိခိုက်ဆုံးပဲ”

သို့သော် ကံကောင်းထောက်မစွာပင် စနစ်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

[သင်သည် မိခင်ဖြစ်သူကို ပြုံးပြခဲ့ပြီး တုံ့ပြန်မှု ရရှိခဲ့ပါသည်။ ရုပ်ရည် +၁၊ လက်ရှိရုပ်ရည် ၂၂ မှတ်...]

ကောင်းပြီလေ။

ရွှီရန်မှာ အလွန်ပင် ကျေနပ်သွားတော့သည်။

မျက်ခုံးကောင်းကောင်းနှင့် သူနာပြုဆရာမလေးက…

“အစ်မ... ကလေးကို ပုခက်ထဲ ပြန်သိိပ်လိုက်ပါဦးမယ်။ အမေရော ကလေးရော အနားယူပြီး အားပြန်ဖြည့်ဖို့ လိုတယ်လေ”

ပြောပြောဆိုဆိုဖြင့်ပင် ရွှီရန်သည် နွေးထွေးသော စောင်ငယ်လေး လွှမ်းခြုံထားသည့် ပုခက်အတွင်းသို့ ရောက်ရှိသွားတော့သည်။

ဘယ်သူမှ ငါ့ကို ကြည့်မနေဘူးဆိုတော့... တိတ်တဆိတ် ကြိုးစားရတော့မှာပဲ။

ထို့ကြောင့် သာမန်မွေးကင်းစကလေးထက် ၅ ဆမျှ ပိုမိုသန်မာသော ရွှီရန်သည် ပုခက်အတွင်း၌ သူ၏လက်ကလေးများကို ဝှေ့ယမ်းကာ ခြေထောက်ကလေးများကို ကန်ကျောက်၍ လေ့ကျင့်ခန်း စတင်လေတော့သည်။ သို့သော် မိနစ်အနည်းငယ်အကြာတွင် ပင်ပန်းနွမ်းနယ်မှုက လွှမ်းမိုးလာသဖြင့် ရွှီရန်တစ်ယောက် အိပ်မောကျသွားရပြန်သည်။

အချိန်အတော်ကြာပြီးနောက် သူနာပြုဆရာမလေးက သူ့ကို မိခင်ဖြစ်သူအနားသို့ တစ်ခေါက်ပြန်ခေါ်လာသည်။

နို့စို့ပြီးသောအခါ သူသည် သူ၏လက်ခြေများကို ဆက်လက် လှုပ်ရှားပြန်သည်။

ဤသို့ဖြင့် သံသရာလည်နေရင်း...

[ယနေ့အတွက် လက်ဝှေ့ယမ်းခြင်းနှင့် ခြေကန်ခြင်း လိုအပ်ချက် ပြည့်မီသွားပါပြီ။ သန်မာသော ကလေးငယ် အောင်မြင်မှု တိုးတက်မှုနှုန်း - ၁ / ၃၀...]

ဒါပေမဲ့ တကယ် ပင်ပန်းတာပဲ... အိပ်ဦးမှ…အိပ်ဦးမှပဲ။

...

ဒုတိယမြောက်နေ့။

ရွှီရန် ဝမ်းသွားခဲ့သည်။ ဇီဝကမ္မဖြစ်စဉ်အရ သဘာဝအတိုင်း စွန့်ထုတ်ခြင်းပင်။

ဝမ်းမှာ စိမ်းပုပ်ပုပ်အရောင်ရှိပြီး အနံ့တော့ မနံပေ။ သူနာပြုဆရာမလေးက သူ့ကို အမြန်သန့်စင်ပေးပြီး ရေချိုးပေးကာ ဂွမ်းသားအဝတ်အစားအသစ်များ လဲလှယ်ပေးလိုက်သည်။

သူသည်လည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆရာမလေးကို အပြုံးဖြင့် ရင်ဆိုင်လိုက်ရာ ဆရာမလေးပါ လိုက်ပြုံးမိသွားတော့သည်။ သာယာလှပသော နေ့သစ်တစ်နေ့ စတင်ခဲ့လေသည်။

[သင်သည် မိခင်ဖြစ်သူနှင့် သူနာပြုဆရာမလေးကို ပြုံးပြခဲ့ပြီး တုံ့ပြန်မှု ရရှိခဲ့ပါသည်။ ရုပ်ရည် +၂၊ လက်ရှိရုပ်ရည် ၂၄ မှတ်...]

[သင်သည် အားရှိသမျှ လက်ဝှေ့ယမ်းပြီး ခြေကန်ခဲ့သည်။ သန်မာသော ကလေးငယ် အောင်မြင်မှု တိုးတက်မှုနှုန်း - ၂ / ၃၀...]

စည်းကမ်းရှိလှသော နောက်ထပ်နေ့တစ်နေ့ပင်။

သန်မာတဲ့ ကလေးငယ်ဆုတံဆိပ်ကိုတော့ အပိုင်ရမှာ သေချာသလောက် ရှိနေပြီ။

ဒါပေမဲ့... ငါ့ရုပ်ရည်ကို တိုးပေးနေတာက ဆရာမလေးနဲ့ အမေ နှစ်ယောက်တည်းလား။ အဖေရော ဘယ်မှာလဲ။ အဖိုးအဖွားတွေရော တစ်ခါမှကို လာမကြည့်ကြဘူးလား။

ဒီအတိုင်းသာ တွက်မယ်ဆိုရင် တစ်နေ့ကို ရုပ်ရည် +၂ ပဲ တိုးမှာဆိုတော့ လဝက်နေမှ ၃၀ ပဲ တိုးနိုင်မယ်။ မူလရှိတဲ့အမှတ်နဲ့ ပေါင်းရင်တောင် ၅၀ ပဲ ရှိဦးမှာ။

နတ်သားတစ်မျှ ရုပ်သွင်ဆိုတဲ့ အောင်မြင်မှုကို ရဖို့က... ဝေးလွန်းနေသေးတယ်။

ဘဝရဲ့ ပထမဆုံး ရွှေအဆင့်အောင်မြင်မှု ကံကောင်းခြင်း +၁၂၀ ဆိုတဲ့ အဖိုးတန်ရတနာကြီးကို လက်လွှတ်လိုက်ရတော့မှာလား။

မဖြစ်နိုင်တာ။

ဘယ်လိုမှ မဖြစ်စေရဘူး။

လုံးဝ အဖြစ်မခံနိုင်ဘူး။

ဂိမ်းဆော့ရင်တောင် အောင်မြင်မှုတွေအကုန်လုံးကို အပြည့်ယူချင်တတ်သည့် ရွှီရန်အဖို့တော့ ဤသို့ လက်လွှတ်လိုက်ရမည်ကို လုံးဝ သည်းမခံနိုင်စရာပင်။

All Chapters