← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

[သင်သည် အားရှိသမျှ လက်ဝှေ့ယမ်းခြင်းနှင့် ခြေကန်ခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် ယနေ့အတွက် ရည်မှန်းချက် ပြည့်မီသွားပါပြီ။ သန်မာသော ကလေးငယ်တိုးတက်မှုနှုန်း - ၃၀ / ၃၀... သင်သည် အောင်မြင်မှု တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သဖြင့် အဖြူရောင်အဆင့် အောင်မြင်မှုဆုတံဆိပ် သန်မာသော ကလေးငယ်ကို ရရှိသွားပြီ ဖြစ်ပါသည်]

[သန်မာသော ကလေးငယ် အဖြူရောင်အဆင့် : ဤဆုတံဆိပ်ကို တပ်ဆင်ထားပါက တစ်နေ့လျှင် သွေးစွမ်းအင် +၀.၅ မှတ် တိုးလာမည် ဖြစ်သည်။

“အောင်မြင်မှုဆုတံဆိပ်ကို ရပြီဟေ့”

မွေးဖွားသည့် အချိန်မှစ၍ တစ်လတိတိ မိမိကိုယ်မိမိ စည်းကမ်းတကျ လေ့ကျင့်ပေးခဲ့သည့် ရွှီရန်၏ ဇွဲမှာ မိမိကိုယ်တိုင်ပင် အံ့ဩရလောက်အောင် ပြင်းပြလှပေသည်။

မွေးဖွားပြီး ၁ ရက်မြောက်နေ့ - ကိုယ်ပိုင်စည်းကမ်းဖြင့် လေ့ကျင့်သည်။

မွေးဖွားပြီး ၂ ရက်မြောက်နေ့ - ကိုယ်ပိုင်စည်းကမ်းဖြင့် လေ့ကျင့်သည်။

မွေးဖွားပြီး ၃ ရက်မြောက်နေ့ - ကိုယ်ပိုင်စည်းကမ်းဖြင့် လေ့ကျင့်သည်။

မွေးဖွားပြီး ၃၀ ရက်မြောက်နေ့သို့ ရောက်သည့်တိုင် - ကိုယ်ပိုင်စည်းကမ်းဖြင့် ဆက်လက်လေ့ကျင့်နေဆဲပင်။

ငါ ရွှီရန်... ဒီနေ့လို အောင်မြင်မှုတွေ ရလာတာဟာ ကိုယ်ပိုင်စည်းကမ်းရှိမှုကြောင့်ပဲ။ တာအိုအရှင်သခင်စနစ်ရေ... ငါ့ကို အမှတ်တွေသာ မြှင့်ပေးလိုက်စမ်းပါ။

သူသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေမိသည်။

ရွှီရန်သည် ကြည်နူးစွာ ပြုံးလိုက်ပြီး သန်မာသော ကလေးငယ်အောင်မြင်မှုဆုတံဆိပ်ကို ဝမ်းမြောက်ဝမ်းသာ တပ်ဆင်လိုက်လေသည်။

[သင်သည် သန်မာသော ကလေးငယ်အောင်မြင်မှုကို တပ်ဆင်လိုက်ပြီ ဖြစ်သဖြင့် သွေးစွမ်းအင် +၀.၅ တိုးလာပါသည်။ လက်ရှိ သွေးစွမ်းအင် ၁.၀ / ၁၀၀...]

[မွေးရာပါ ပါရမီ နိုးထခြင်း တာဝန် : သင်၏ သွေးစွမ်းအင် တိုးလာသဖြင့် မွေးရာပါ ပါရမီ နိုးထခြင်း တာဝန်စတင်ပွင့်သွားပြီ ဖြစ်သည်။ သွေးစွမ်းအင် အမှတ် ၁၀၀ ပြည့်သောအခါ ဘဝ၏ သက်တမ်းကန့်သတ်ချက်ကို မြှင့်တင်ရန် ပထမအကြိမ် ပါရမီနိုးထခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်]

[အောင်မြင်မှု အဆင့်မြှင့်တင်ရေး တာဝန် : ကိုယ်ပိုင်စည်းကမ်းဖြင့် ရက်ပေါင်း ၁၀၀ တိုင်အောင် ဆက်လက်လေ့ကျင့်ပါက သန်မာသော ကလေးငယ်အောင်မြင်မှုကို စည်းကမ်းရှိသော ကလေးငယ်အဖြစ် အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်]

[စည်းကမ်းရှိသော ကလေးငယ် အပြာရောင်အဆင့် : ဤဆုတံဆိပ်ကို တပ်ဆင်ထားပါက တစ်နေ့လျှင် သွေးစွမ်းအင် +၁ မှတ် တိုးလာမည် ဖြစ်သည်]

...

ဒါက အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားရမယ့် တာဝန်မျိုးပဲ။ ကောင်းတယ်... သိပ်ကောင်းတာပဲ။

ရွှီရန်သည် အထူးပင် ဝမ်းသာအားရ ဖြစ်သွားမိပြီး သိနားလည်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်ကာ မျက်လုံးများကို မှိတ်၍ အိပ်စက်လိုက်တော့သည်။

သူသည် အလွန်အမင်း အိပ်မောကျနေတတ်သဖြင့် မိခင်ဖြစ်သူ လင်းချန်းမှာ ရံဖန်ရံခါ နိုးလာသောအခါတိုင်း သူ၏သားလေး အသက်ရှူနေဆဲ ဟုတ်မဟုတ်ကို လက်ညှိုးဖြင့် စမ်းသပ်ကြည့်ရသည်အထိပင်။

...

ထိုနေ့ရက်များမှစ၍...

ရွှီရန်သည် ကိုယ်ပိုင်စည်းကမ်းရှိခြင်းသည် အမျိုးသားများအတွက် အကောင်းဆုံးသော အလှပြင်နည်းပင် ဖြစ်သည်ဟူသော မြင့်မြတ်သည့် ဘဝဒဿနကို လက်ကိုင်ထားခဲ့လေသည်။

သူသည် နေ့စဉ်နေ့တိုင်း မိမိကိုယ်မိမိ ပြင်းထန်သော စည်းကမ်းများဖြင့် လေ့ကျင့်နေတော့သည်။

သန်မာသော ကလေးငယ်အောင်မြင်မှုဆုတံဆိပ်ကို တပ်ဆင်ထားသည့်အတွက် သူ၏ သွေးစွမ်းအင်မှာလည်း မှန်မှန်ကန်ကန်ပင် တိုးတက်လျက်ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့လေပြီ။

မွေးဖွားပြီး ရက်ပေါင်း ၆၀ မြောက်သောနေ့။

ရွှီရန်နှင့် သူ၏မိခင်ဖြစ်သူတို့သည် မီးဖွားပြီးမိခင်များ နားနေဆောင်မှသည် သုံးကီလိုမီတာခန့် ဝေးကွာသော အာဇာနည်မိသားစုများ အိမ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။

ယခင်က ကူညီပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်မှာပင် ပစ္စည်းများရွှေ့ပြောင်းပေးရန် ရောက်ရှိလာခဲ့ရာ ရွှီရန်၏မိခင်မှာ သူ၏ကလေးတွန်းလှည်းကိုသာ တွန်းရုံမျှဖြင့် အဆင်ပြေခဲ့လေသည်။

ရွှီရန်သည် တွန်းလှည်း၏ အမိုးကွက်များကြားမှတစ်ဆင့် အပြင်ဘက် မြင်ကွင်းများကို ကြည့်ရှုနေမိသည်။ အဆောက်အဦးပုံစံများမှာမူ သူ၏ယခင်ဘဝက မြင်ကွင်းများနှင့် သိပ်ပြီး ကွာခြားလှသည်တော့ မဟုတ်ပေ။

တိုက်ပွဲဝင်ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်တော်များသည် စနစ်တကျ တန်းစီလျက် ဟိုဟိုဒီဒီ သွားလာနေကြသည်ကို မြင်တွေ့ရ၏။

စစ်ထွက်ရန် ပြင်ဆင်နေကြသည့် စစ်သည်တော်များကို ကြည့်ကာ လင်းချန်းက စိုးရိမ်စိတ်ဖြင့် လုံခြုံရေးဝန်ထမ်း အမျိုးသမီးငယ်ကို မေးမြန်းလိုက်သည်။

“ညီမလေး... တစ်ခုခုများ ဖြစ်လို့လား”

လုံခြုံရေးဝန်ထမ်း အမျိုးသမီးငယ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး….

“နောက်ထပ် ထူးဆန်းတဲ့ ဂြိုဟ်အသစ်တစ်ခုက ကျွန်မတို့ အပြာရောင်ကြယ်နဲ့ အာကာသလှိုဏ်ခေါင်း ချိတ်ဆက်မိသွားပြီး အခု ကျူးကျော်ဝင်ရောက်နေလို့ပါ” ဟု ဖြေကြားလိုက်သည်။

လင်းချန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး….

“ဘာ... နောက်ထပ် ဂြိုဟ်အသစ်တစ်ခုက ကျူးကျော်လာပြန်ပြီ ဟုတ်လား”

လုံခြုံရေးဝန်ထမ်း အမျိုးသမီးငယ်က….

“ဟုတ်ပါတယ်။ ဒီတစ်ခါ ကျူးကျော်လာတဲ့ ဂြိုဟ်က သတ္တဝါတွေက အရမ်းကို ထူးဆန်းပါတယ်။ သူတို့က စွမ်းအင်သက်သက်နဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မျိုးတွေပါ။ ကျင့်ကြံသူတွေကတော့ သူတို့ကို ဝိညာဉ်သရဲတွေလို့ ခေါ်ကြတယ်။

အဆင့်မြင့်တဲ့ ဝိညာဉ်သရဲတွေဆိုရင် မျက်လှည့်ပြသလိုမျိုး အာရုံလှည့်စားတဲ့ စွမ်းအားတွေကို ကျွမ်းကျင်ကြတယ်လို့ ပြောကြတယ်။ ကြက်သီးထစရာကောင်းလောက်အောင်ကို ထူးဆန်းတာပါပဲ...”

“ဝမ်းနည်းစရာကောင်းတာကတော့ ပြည်ပက ဘာသာရေးအဖွဲ့ချုပ်တွေနဲ့ အလင်းအဖွဲ့ချုပ်တွေဟာ ပြန်လည်တွန်းလှန်ဖို့ ငြင်းဆန်နေကြတဲ့အပြင် ဝံပုလွေကို အိမ်ထဲဖိတ်ခေါ်သလိုမျိုး လုပ်ဆောင်နေကြတာပါပဲ။ ဒါကြောင့် အပြာရောင်ကြယ်တစ်ခုလုံး ညစ်ညမ်းမှုတွေ ပျံ့နှံ့လာပြီး ဒီဒေသမှာတင် ဝိညာဉ်သရဲတွေ တစ်စထက်တစ်စ ပိုပြီး ပေါက်ဖွားလာနေပါတယ်...”

ထိုစကားကို ကြားရသောအခါ လင်းချန်း၏ မျက်နှာမှာ ညှိုးငယ်သွားတော့သည်။

“လူသားတွေနဲ့ ကြယ်တာရာသားရဲဂြိုဟ်ကြားက စစ်ပွဲက နှစ်ပေါင်းနှစ်ရာတောင် ကြာခဲ့ပြီ။

ရန်ငြိုးဖွဲ့နတ်ဘုရားဂြိုဟ်ရဲ့ ကျူးကျော်မှုကို ခံရတုန်းကဆိုရင်လည်း အာကာသလှိုဏ်ခေါင်းကို ပိတ်ဆို့ဖို့အတွက် မြင့်မြတ်တဲ့ စစ်နတ်ဘုရားတစ်ပါးတောင် အသက်ပေးလှူခဲ့ရတယ်။

အခု နောက်ထပ် ဂြိုဟ်တစ်ခုက ထပ်ပြီး ကျူးကျော်လာပြန်ပြီလား။ ကျွန်မတို့ရဲ့ အပြာရောင်ကြယ်က... ဒီလောက်များတဲ့ ဘေးဒုက္ခတွေကို တကယ်ပဲ တောင့်ခံနိုင်ပါဦးမလား”

သူမသည် ကျဆုံးသွားသော သူမ၏ ခင်ပွန်းကို သတိရကာ မျက်ရည်များ ဝဲလာမိတော့သည်။

လုံခြုံရေးဝန်ထမ်း အမျိုးသမီးငယ်ကလည်း စိတ်မကောင်းစွာဖြင့်…

“နှမြောစရာပါပဲ တခြားနည်းလမ်းမရှိဘူးလေ။ အပြာရောင်ကြယ်ရဲ့ တည်နေရာက အပြင်ကို ပေါက်ကြားသွားပြီဆိုတော့ နောင်မှာလည်း ဒီထက်မကတဲ့ ကျူးကျော်မှုတွေ ရှိလာဦးမှာပါပဲ”

တွန်းလှည်းအတွင်းမှ စူးစူးစိုက်စိုက် နားထောင်နေသော ရွှီရန်မှာမူ…

ဘာတွေ ဖြစ်ကုန်တာလဲ။

ဘာတွေ ဖြစ်နေတာလဲ။ တတိယမြောက် ဂြိုဟ်ကပါ ကျူးကျော်လာတာလား။ ပြီးတော့ ဝိညာဉ်သရဲတွေတဲ့လား။

ကြောက်စရာကြီးပါလား။

“ဒါပေမဲ့ အစ်မ စိတ်မပူပါနဲ့ စစ်ဘက်ဆိုင်ရာ ဆေးရုံကြီးနဲ့ ဆက်စပ်နေတဲ့ ဘေးကင်းလုံခြုံရေး ဧရိယာတွေမှာ ခံစစ်တွေကို အဆပေါင်းများစွာ မြှင့်တင်ထားပြီးပါပြီ။ အစ်မတို့ရဲ့ လုံခြုံရေးအတွက် အမြင့်ဆုံး ကာကွယ်ပေးထားမှာပါ”

လင်းချန်းက နွေးထွေးစွာ ပြုံးလိုက်ပြီး “အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်” ဟု ဆိုလိုက်သည်။

လုံခြုံရေးဝန်ထမ်း အမျိုးသမီးငယ်ကလည်း တည်ကြည်စွာဖြင့် “ဒါက ကျွန်မတို့ရဲ့ တာဝန်ပါပဲ!” ဟု ပြန်လည်ဖြေကြားလေသည်။

...

မကြာမီအချိန်အတွင်းမှာပင် အိမ်အသစ်သို့ ရောက်ရှိလာခဲ့ကြသည်။

အိမ်အသစ်မှာ အိပ်ခန်း ၃ ခန်းနှင့် ဧည့်ခန်း ၂ ခန်းပါဝင်ကာ အခန်းများမှာလည်း ကျယ်ဝန်းလှပေသည်။ လူနေရပ်ကွက်အတွင်းရှိ လူလုပ်ရေကန်ငယ်များကလည်း နေထိုင်သူများကို ပိုမိုသက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနေတော့သည်။

သို့ရာတွင် အသက်နှစ်လအရွယ်သာ ရှိသေးသော ရွှီရန်မှာမူ အိမ်အတွင်း၌သာ နေထိုင်ရင်း မိမိကိုယ်မိမိ စည်းကမ်းတကျ လေ့ကျင့်နေရရှာသည်။

[မွေးကင်းစဘဝ ရက်ပေါင်း ၆၁၊ လက်ရှိ သွေးစွမ်းအင် - ၁၆ / ၁၀၀...]

သွေးစွမ်းအင် တိုးတက်မှုနှုန်းက တကယ်ကို မြန်ဆန်လှပေသည်။

အသက်နှစ်လသားအရွယ်မှာတင် သာမန်လူကြီးတစ်ယောက်ရဲ့ အမှတ်ကို ကျော်လွန်သွားပြီပဲ။

ရွှီရန်မှာ မိမိကိုယ်မိမိ မအံ့သြဘဲ မနေနိုင်တော့ပေ။

ထို့အပြင် သူ၏အရပ်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့ရာ နှစ်လသားအရွယ်မှာတင် ၆၅ စင်တီမီတာသို့ ရောက်ရှိလာခဲ့သည်။ နှစ်လတာကာလအတွင်း၌ ၅၁ စင်တီမီတာမှသည် ၁၄ စင်တီမီတာခန့် ခုန်တက်သွားခြင်း ဖြစ်သည်။ ၎င်းမှာ ခေတ်သစ်၏ လေးလသားအရွယ် ကလေးငယ်တစ်ဦးနှင့် ညီမျှနေလေပြီ။

မကြာမီအချိန်အတွင်း သူသည် မှောက်ရက်သွားရန်ပင် ကြိုးစားနိုင်တော့မည် ဖြစ်သည်။

“သားလေး... ကခုန်နေတာလား”

မိခင်ဖြစ်သူက နူးညံ့စွာ ကြည့်ရင်း ရွှီရန်ကို ရယ်မောစေရန် သူမ၏ပါးပြင်ဖြင့် ရွှီရန်၏ရင်ဘတ်ကို ပွတ်သပ်ကာ ချော့မြှူနေသည်။

ရွှီရန်သည်လည်း သူ၏လက်ခြေများကို ယမ်းခါရင်း အားပါးတရ ရယ်မောနေတော့သည်။

“အရမ်းကြီး မပင်ပန်းစေနဲ့ဦးနော်။ နည်းနည်းလောက် ဆော့ပြီးရင် အိပ်တော့”

မိခင်ဖြစ်သူက ရွှီရန်ကို အသာအယာ ပုတ်ခတ်ရင်း ချော့သိိပ်လိုက်သည်။ နှစ်လကျော်တိုင်အောင် ပြုစုစောင့်ရှောက်ခဲ့ပြီးနောက် သူမသည် သူမ၏ ရတနာလေးနှင့် ပတ်သက်၍ အထူးပင် ယုံကြည်စိတ်ချနေမိပြီ ဖြစ်သည်။

ရွှီရန်သည် ညဘက်တွင် ဘယ်သောအခါမျှ ငိုယိုခြင်းမရှိပေ။ ဝမ်းသွားလိုသောအခါတွင်လည်း လက်ခုပ်တီးခြင်း၊ အသံပြုခြင်းတို့ဖြင့် သိစေတတ်သဖြင့် ပြုစုရသည်မှာ အလွန်ပင် သက်သာလှပေသည်။ အချိန်မှန်နို့တိုက်ရန်နှင့် ရံဖန်ရံခါ ဂရုစိုက်ကြည့်ရှုရန်သာ လိုအပ်လေသည်။

တကယ့်ကို ကျေးဇူးသိတတ်သည့် ကလေးငယ်လေးပင်။

ဒီလိုလိမ္မာတဲ့ ကလေးငယ်မျိုးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ။

သူမ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ရွှီရန်၏ အားအင်များမှာ အလွန်အမင်း ကြွယ်ဝနေပြီး နေ့စဉ်နေ့တိုင်း လက်ခြေများကို မနားတမ်း လှုပ်ရှားနေခြင်းပင်။

သူမသည် ဒေါက်တာချန်နှင့် အကြိမ်ကြိမ် တိုင်ပင်ခဲ့သော်လည်း ရရှိလာသော အဖြေမှာ “ကလေးက ဘာမှမဖြစ်ဘူးဆိုရင် ဒါဟာ ပုံမှန်ပါပဲ။ ကလေးက လှုပ်လှုပ်ရှားရှား ရှိလေလေ ပိုပြီး ကျန်းမာလေလေဆိုတာကို ပြနေတာပါ။ အခုက ခေတ်သစ်ကို ရောက်နေပြီလေ။ ဝိညာဉ်စွမ်းအင်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြွယ်ဝလာတာဆိုတော့ ကလေးငယ်တွေ ပိုပြီး ကျန်းမာသန်စွမ်းလာတာက သဘာဝကျပါတယ်”

“ဒါပေမဲ့... ဒါက ကျန်းမာလွန်းနေတာ မဟုတ်ဘူးလား”

မိခင်ဖြစ်သူ၏ ညာဘက်မျက်ခုံးမှာ လှုပ်ခတ်နေပြီး တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ သူမ ခံစားနေရလေသည်။

[သင်သည် အားရှိသမျှ လက်ဝှေ့ယမ်းခြင်းနှင့် ခြေကန်ခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် ယနေ့အတွက် ကိုယ်ပိုင်စည်းကမ်း လေ့ကျင့်မှု ပြီးမြောက်သွားပါပြီ။ စည်းကမ်းရှိသော ကလေးငယ်’ တိုးတက်မှုနှုန်း - ၃၁ / ၁၀၀...]

နေ့စဉ်နေ့တိုင်း တိုးတက်မှုမှာ အနည်းငယ်စီ မြင့်တက်လာနေ၏။

ဘဝမှာ ပိုမိုသာယာချိုမြိန်လာပြီး နေရထိုင်ရသည်မှာလည်း အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။

ရွှီရန်သည် လေ့ကျင့်ခန်းကို ရပ်တန့်လိုက်ပြီး သူ၏မျက်နှာထက်၌ ချစ်စဖွယ် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

ထို့နောက်တွင်တော့ နေ့စဉ်နေ့တိုင်း စည်းကမ်းတကျ လေ့ကျင့်ခြင်း၊ စားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကိုသာ အဖန်တလဲလဲ ပြုလုပ်ခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မွေးကင်းစဘဝ၏ ၁၃၁ ရက်မြောက်သောနေ့သို့ ရောက်ရှိလာခဲ့၏။

၎င်းမှာ ကိုယ်ပိုင်စည်းကမ်းဖြင့် ရက်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ခဲ့သည့် ထူးခြားသော အချိန်မှတ်တိုင်ပင်။

[သင်သည် အားရှိသမျှ လက်ဝှေ့ယမ်းခြင်းနှင့် ခြေကန်ခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် ယနေ့အတွက် ကိုယ်ပိုင်စည်းကမ်း လေ့ကျင့်မှု ပြီးမြောက်သွားပါပြီ။ စည်းကမ်းရှိသော ကလေးငယ် တိုးတက်မှုနှုန်း - ၁၀၀ / ၁၀၀... အမှတ်ပြည့်သွားပြီဖြစ်သဖြင့် အပြာရောင်အဆင့် အောင်မြင်မှုဆုတံဆိပ် — စည်းကမ်းရှိသော ကလေးငယ်အဖြစ် အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပါပြီ။ ဤဆုတံဆိပ်ကို တပ်ဆင်ထားပါက တစ်နေ့လျှင် သွေးစွမ်းအင် +၁ မှတ် တိုးလာမည် ဖြစ်သည်။]

[လက်ရှိ သွေးစွမ်းအင် - ၆၆ / ၁၀၀...]

ကြည်လင်ပြတ်သားသော အသိပေးသံမှာ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသောအခါ ရွှီရန်၏ ဝမ်းမြောက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

အခုဆိုရင် သွေးစွမ်းအင်က တစ်နေ့ကို ၁ မှတ်စီ တိုးတော့မှာပဲ။ နောက်ထပ် ၃၄ ရက်နေရင် ပထမအကြိမ် ပါရမီနိုးထခြင်းကို လုပ်နိုင်ပြီ။ ဘဝရဲ့ သက်တမ်းကန့်သတ်ချက်ကိုလည်း မြှင့်တင်နိုင်တော့မယ်။

စည်းကမ်းရှိသော ကလေးငယ်အောင်မြင်မှုက နောက်ထပ် အဆင့်မြှင့်ဖို့ တာဝန် မရှိတော့ဘူးလား။

ရွှီရန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။

ရွှေအဆင့်အောင်မြင်မှုအထိ ဆက်တိုက် အဆင့်မြှင့်တင်သွားနိုင်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ ရွှေအဆင့်အောင်မြင်မှုများမှာ ရရှိရန် ထိုမျှ မလွယ်ကူလှပေ။

အဲဒီတုန်းက ငါ ဉာဏ်ကောင်းခဲ့လို့ တော်သေးတာပေါ့။ ၁၃ ရက်တည်းနဲ့ နတ်သားတစ်မျှ ရုပ်သွင်ဆိုတဲ့ ရွှေအဆင့်ကို အရယူနိုင်ခဲ့တာ။ မဟုတ်ရင်တော့ အခုအချိန်မှာ နောင်တတွေ ရနေမှာ အသေအချာပဲ။

ဒါကြောင့် နောင်မှာလည်း ရွှေအဆင့်အောင်မြင်မှုတွေ တွေ့ရင် ဘယ်လိုနည်းနဲ့မဆို အရယူရမယ်။

ရွှီရန်သည် ထိုအရေးကြီးသောအချက်ကို သူ၏စိတ်ထဲတွင် အလေးအနက် မှတ်သားထားလိုက်သည်။

...

မွေးကင်းစဘဝ၏ နေ့ရက်တို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၃၄ ရက်တာ ကုန်လွန်ခဲ့လေပြီ။

တစ်နေ့ကုန် ကလေးကို ပြုစုစောင့်ရှောက်ခဲ့ရသော မိခင်ဖြစ်သူမှာ ခုတင်ကြီးပေါ်တွင် ငြိမ်သက်စွာ အိပ်မောကျနေ၏။ အခန်းအတွင်းမှာလည်း မည်သည့်အလင်းရောင်မျှမရှိဘဲ မှောင်အတိ ကျနေတော့သည်။ ကလေးငယ်အား အလင်းရောင်ကြောင့် အနှောင့်အယှက်မဖြစ်စေရန် မိခင်ဖြစ်သူက ပြတင်းပေါက်လိုက်ကာများကိုလည်း သေချာစွာ ပိတ်ထားခဲ့သည်။

ကလေးခုတင်ငယ်အတွင်း၌မူ စူးရှနက်မှောင်သော မျက်လုံးတစ်စုံမှာ ရုတ်တရက် ပွင့်လာခဲ့၏။

စိတ်ထဲတွင် ကြည်လင်ပြတ်သားသော အသိပေးချက်တစ်ခု ပေါ်ထွက်လာလေသည်။

[စည်းကမ်းရှိသော ကလေးငယ် အစွမ်းကြောင့် သွေးစွမ်းအင် +၁ တိုးလာပါသည်။ လက်ရှိ သွေးစွမ်းအင် ၁၀၀ / ၁၀၀။ အမှတ်ပြည့်သွားပြီဖြစ်သဖြင့် ဆက်လက်တိုးတက်ရန် ကန့်သတ်ချက်ကို မြှင့်တင်ရန် လိုအပ်ပါသည်]

[မွေးကင်းစဘဝ၏ သွေးစွမ်းအင် အမှတ် ၁၀၀ ပြည့်သွားပြီဖြစ်သဖြင့် ပထမအကြိမ် ပါရမီနိုးထခြင်းကို ပြုလုပ်နိုင်ပါပြီ။ ပါရမီနိုးထခြင်း ပြုလုပ်ပြီးနောက် သွေးစွမ်းအင် ကန့်သတ်ချက် တိုးလာမည် ဖြစ်သည်။ ပါရမီနိုးထခြင်း ပြုလုပ်မလား။ ဟုတ်ကဲ့ သို့မဟုတ် မလုပ်ပါ]

All Chapters