← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

“ပါရမီနိုးထခြင်းကို စတင်စေ”

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကလေးငယ်၏ ခန္ဓာကိုယ်ထက်၌ မှိန်ပျပျ အနီရောင်အလင်းတန်းများ စီးဆင်းသွားပြီး အေးမြသော စွမ်းအင်လှိုင်းတို့သည် သေးငယ်လှသော ကိုယ်ခန္ဓာတစ်ခုလုံးရှိ အကြောအခြင်များနှင့် အရိုးအဆစ်များကို လှည့်လည်၍ ပါရမီနိုးထခြင်းကို ပြုလုပ်ပေးလေတော့သည်။

ရွှီရန်သည် မိမိကိုယ်မိမိ ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မိခင်ဝမ်းဗိုက်အတွင်း၌ ဒုတိယအကြိမ် ပြန်လည်သန္ဓေတည်ရသကဲ့သို့ပင် ဘဝ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်လျက် ပေါ့ပါးမှုအရှိန်ဖြင့် နိုးထလာခဲ့သည်။

သူ၏ မျက်ဝန်းအစုံမှာ ပိုမိုတောက်ပလာပြီး လက်ခြေများမှာလည်း ပိုမိုသန်မာလာခဲ့၏။ အသက်ရှူသံမှာ ပိုမိုရှည်လျားလာကာ အရပ်မှာလည်း အနည်းငယ် မြင့်တက်လာသည်။ ကျောရိုးတိုင်မှာ ခိုင်မာစွာ ဖြစ်တည်လာပြီး ဦးနှောက်၏ တွေးခေါ်မြော်မြင်နိုင်စွမ်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့လေပြီ။

ဘဝ၏ အဆင့်အတန်းမှာ မြင့်မားသွားခဲ့လေပြီ။

ထိုခံစားချက်မှာ အလွန်ပင် ထင်ရှားပြတ်သားလှပေသည်။

၎င်းမှာ ပိုးအိမ်အတွင်းမှ လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခြင်းနှင့် အလားသဏ္ဌာန်တူလှပြီး စိတ်ဝိညာဉ်၏ နက်ရှိုင်းရာမှ ထွက်ပေါ်လာသော ယုံကြည်မှုနှင့် ဝမ်းမြောက်မှုတို့သည် ရွှီရန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

ရွှီရန်သည် မနေနိုင်ဘဲ လက်ခြေများကို လှုပ်ရှားကခုန်မိပြီးနောက် သူ၏ တိုးတက်မှုအခြေအနေကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို အမြန်ကြည့်ရှုလိုက်သည်။

[အမည်: ရွှီရန်]

[အသက: မွေးကင်းစဘဝ ၁၆၅ ရက်မြောက်နေ့]

[သွေးစွမ်းအင်: ၁၀၀ / ၁၀၀၀ (သင်၏ သွေးစွမ်းအင်မှာ ကြွယ်ဝလှပါသည်)]

[စိတ်ဝိညာဉ်: ၈ / ၁၀၀ (သာမန်လူကြီးတစ်ယောက်၏ အမှတ်မှာ ၁၀ ဖြစ်ပါသည်)]

[ရုပ်ရည်သွင်ပြင် : ၁၀၀ / ၁၀၀ (အရွယ်ရောက်သောအခါ နတ်သားတစ်မျှ ရုပ်သွင်ကို ပိုင်ဆိုင်ပါမည်)]

[ကံကောင်းခြင်းလက်ဆောင်: ၂၃ မှတ် / အကန့်အသတ်မရှိ (သင်သည် ကံကောင်းသော အဖြစ်အပျက်များစွာနှင့် ကြုံတွေ့ရပါလိမ့်မည်]

[အရိုးတည်ဆောက်ပုံ: မရှိ]

[နတ်ဘုရားအတတ်ပညာ: မရှိ]

[အောင်မြင်မှုများ: နတ်သားတစ်မျှ ရုပ်သွင် ရွှေအဆင့်၊ စည်းကမ်းရှိသော ကေးငယ် အပြာရောင်အဆင့်]

[မွေးရာပါ ပါရမီ နိုးထခြင်း တာဝန် : ဒုတိယအကြိမ် ပါရမီနိုးထခြင်းကို ပြုလုပ်နိုင်ရန် သွေးစွမ်းအင် အမှတ် ၁၀၀၀ သို့ ရောက်ရှိအောင် ကြိုးစားပါ]

[မှောက်ရက်သွားခြင်း တာဝန်: မှောက်ရက်သွားခြင်းကို သင်ယူပြီး တစ်မီတာခန့် အမြန်သွားနိုင်ပါက ကြီးမားသော အံ့အားသင့်စရာဆုကို ရရှိမည်ဖြစ်သည်။ ဤတာဝန် ပြီးဆုံးပါက စိတ်ကြိုက် စူးစမ်းလေ့လာနိုင်ပါသည်။ ဘဝဆိုသည်မှာ အံ့အားသင့်စရာများဖြင့် ပြည့်နှက်နေပါသည်]

...

အင်း... ပါရမီနိုးထခြင်း ပြုလုပ်ပြီးနောက်မှာ စွမ်းအားတိုးတက်မှုက တကယ်ကို ကြီးမားတာပဲ။

ပထမဦးဆုံး အတည်ပြုနိုင်သောအချက်မှာ ဘဝ၏ သွေးစွမ်းအင် ကန့်သတ်ချက်သည် အမှတ် ၁၀၀ မှသည် ၁၀၀၀ အထိ ထိုးတက်သွားခြင်းပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရွှီရန်၏ အလားအလာမှာ သာမန်လူကြီးတစ်ယောက်ထက် ဆယ်ဆမျှသာ ရှိခဲ့ရာမှ ယခုအခါ အဆတစ်ရာအထိ မြင့်တက်သွားခြင်း ဖြစ်သည်။

အကယ်၍ အမှတ်ပြည့်သွားပါက သူသည် သာမန်လူကြီး အယောက်တစ်ရာကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

၎င်းမှာ အထူးပင် ဝမ်းမြောက်ဖွယ်ရာ ကောင်းလှပေသည်။

ပထမအကြိမ် ပါရမီနိုးထခြင်းအပြီးမှာ ငါ့ရဲ့ ကျောရိုးက ခိုင်မာသွားပြီဆိုတော့ စိတ်ကြိုက် မှောက်ရက်သွားနိုင်တဲ့ ခွန်အား ရှိသွားပြီ။

အခုပဲ ဒီမှောက်ရက်သွားခြင်း တာဝန်ကို စမ်းကြည့်ရမှာပဲ...

[မှောက်ရက်သွားခြင်းကို သင်ယူပြီး တစ်မီတာခန့် အမြန်သွားပါက ကြီးမားသော အံ့အားသင့်စရာဆုကို ရရှိမည်]

အံ့အားသင့်စရာဆုဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။

ရွှီရန်၏ စူးစမ်းလိုစိတ်မှာ အလွန်ပင် ပြင်းပြလာတော့သည်။

သူသည် မှောက်ရက်သွားခြင်းကို ချက်ချင်းပင် လေ့ကျင့်ချင်လှပြီ ဖြစ်သည်။

သို့သော်လည်း ညဉ့်နက်နေပြီဖြစ်ရာ မိခင်ဖြစ်သူမှာ အနားယူရန် လိုအပ်သကဲ့သို့ သူကိုယ်တိုင်လည်း အနားယူရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် မျက်လုံးများကို မှိတ်လျက် အိပ်စက်ခြင်းဆီသို့ နစ်မျောသွားတော့သည်။

...

နောက်တစ်နေ့ ရွှီရန်သည် စောစီးစွာ နိုးထလာခဲ့၏။

နံနက်စာအဖြစ် နို့မှုန့်နှင့် သစ်သီးဖျော်ရည်တို့ကို ဗိုက်ဝသည်အထိ သုံးဆောင်ပြီးနောက် ခေတ္တမျှ တစ်ရေးအိပ်လိုက်ပြန်သည်။

ထို့နောက် သူသည် ခုတင်ပေါ်တွင် မှောက်ရက်သွားနိုင်ရန် အားယူ၍ ကြိုးပမ်းလေတော့သည်။

မိခင်ဖြစ်သူက “သားလေး ဘာလုပ်နေတာလဲ။ ဒီနေ့တော့ မုန့်လိမ်မော်လိုပဲ တစ်ကိုယ်လုံးကို တွန့်လိမ်နေတာပဲလား”

“ကဲ... ကဲ... မေမေ ခုတင်ပေါ် ချပေးမယ်။ သား ဘာလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

ရွှီရန်သည် ခုတင်ပေါ်တွင် ထိုင်လျက် မွေ့ရာပေါ်သို့ လက်ကလေးများဖြင့် ထောက်၍ အားပြုလိုက်သည်။

သူသည် အချိန်အတော်ကြာကတည်းက ထိုင်နိုင်ခဲ့သော်လည်း မိခင်ဖြစ်သူကမူ ကလေးငယ်၏ ကျောရိုးကို ထိခိုက်မည်စိုးသဖြင့် အချိန်အကြာကြီး ထိုင်ခွင့်မပြုခဲ့ပေ။

သို့ရာတွင် ပထမအကြိမ် ပါရမီနိုးထခြင်းကို ပြီးမြောက်ခဲ့ပြီးနောက်၌မူ စိုးရိမ်ပူပန်စရာ လုံးဝမရှိတော့ပေ။

ရွှီရန်သည် သူ၏ခန္ဓာကိုယ်ကို ကြွလိုက်ရာ ဒိုင်ပါဝတ်ထားသော သူ၏တင်ပါးလေးမှာ အပေါ်သို့ မြောက်တက်သွားပြီး ခုတင်ပေါ်၌ ဒူးထောက်လျက် အနေအထားသို့ ရောက်ရှိသွားတော့သည်။

သူသည် မှောက်ရက်သွားခြင်းကို တတ်မြောက်သွားလေပြီ။

ခြေလှမ်းအနည်းငယ် သွားကြည့်ပြီးနောက် ခံစားချက်မှာ အထူးပင် ကောင်းမွန်လှ၏။ သူ၏ခန္ဓာကိုယ်ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်လာပြီး ဝမ်းမြောက်ခြင်းဟု ခေါ်ဆိုသော စွမ်းအင်လှိုင်းတို့သည် ရွှီရန်၏ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းသွားတော့သည်။

သူသည် မအောင့်နိုင်ဘဲ တယ်လီတပ်ဘီလေးများကဲ့သို့ အားရပါးရ ရယ်မောမိလေသည်။

အနားတွင်ရှိနေသော မိခင်ဖြစ်သူမှာ အံ့အားသင့်သွားပြီး “၇ လသားပဲ ရှိသေးတာ။ ဘယ်သူမှလည်း မသင်ပေးရဘဲနဲ့ မှောက်ရက်သွားတတ်နေပြီလား”

“လာပါဦး သားလေးရဲ့... နောက်ထပ် အဆင့်အနည်းငယ်လောက် ထပ်သွားပြပါဦး”

ရွှီရန်သည် ခုတင်ခြေရင်းတွင် ထိုင်နေသော မိခင်ဖြစ်သူထံသို့ မှောက်ရက်သွားပြလိုက်သည်။

ထို့နောက် နောက်သို့ပြန်လှည့်ကာ ခုတင်ခေါင်းရင်းသို့ သွားလိုက်ပြီး အပြန်အလှန်အားဖြင့် ဆယ်ကြိမ်မက ပြုလုပ်ပြလေသည်။

သူသည် ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။

မှောက်ရက်သွားသည့် အရှိန်မှာလည်း အလွန်ပင် လျင်မြန်လှ၏။

“ဝါး... သားလေးက တကယ်ကို တော်တာပဲ။ တကယ့်ကို ပါရမီရှင်လေးပဲနော်”

မိခင်ဖြစ်သူက အနားမှနေ၍ လက်ခုပ်တီးကာ အားပေးစကားများ ဆိုနေတော့သည်။

ရွှီရန်ကမူ စူးစိုက်စွာ တွေးတောနေမိသည်။ မှောက်ရက်သွားခြင်းကို သင်ယူပြီး တစ်မီတာခန့် အမြန်သွားပါက ကြီးမားသော အံ့အားသင့်စရာဆုကို ရရှိမည်။ ဒီဆုဆိုတာက ဘာများဖြစ်မလဲဆိုတာ ငါ သိချင်လှပြီ။

ထိုသို့ တွေးတောရင်း ရွှီရန်သည် တစ်ဟုန်ထိုး ပြေးထွက်သွားသော ကျားသစ်ကလေးတစ်ကောင်ကဲ့သို့ ခုတင်ခေါင်းရင်းမှသည် ခြေရင်းသို့ အမြန်ဆုံး မှောက်ရက်သွားလိုက်တော့သည်။

ဟူး... နည်းနည်းတော့ ပင်ပန်းသားပဲ။ ဒါကို အမြန်သွားတယ်လို့ သတ်မှတ်လို့ ရမလားမသိဘူး...

သူ ဝေခွဲမရဖြစ်နေစဉ်မှာပင် အသိပေးအချက်ပြသံတစ်ခု ထွက်ပေါ်လာလေတော့သည်။

[ဂုဏ်ယူပါသည်။ မှောက်ရက်သွားခြင်းတာဝန် ပြီးမြောက်သွားပါပြီ။ သင်သည် ကလေးငယ် မှောက်ရက်သွားခြင်းဟူသော ကျွမ်းကျင်မှုအသစ်တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ ဤကျွမ်းကျင်မှုမှာ အဆင့်တိုးတက်လာမည် ဖြစ်သည်။ တိုးတက်မှုအမှတ် ပြည့်မီသွားပါက နောက်ထပ် အဆင့်ဆင့်ကူးပြောင်းခြင်းသို့ ကူးပြောင်းနိုင်

မည် ဖြစ်သည်။ အဆင့်ဆင့်ကူးပြောင်းခြင်း၊ ကလေးငယ် မှောက်ရက်သွားခြင်း၊ အိမ်မြှောင် နံရံကပ်အတတ်၊ ဟင်းလင်းပြင်နံရံ၊ အချိန်နှင့်အာကာသနံရံ...]

ဘာကြီးတွေလဲ။

၎င်းမှာ အနည်းငယ် ထူးဆန်းနေပေသည်။

ငါ ဖတ်လိုက်တာပဲ မှားယွင်းနေတာလား။

ရွှီရန်သည် ထိုစာသားကို သုံးလေးကြိမ်ခန့် သေချာစွာ ပြန်လည်ဖတ်ရှုမိသည်။

အဆင့်ဆင့်ကူးပြောင်းခြင်းဆိုတာက ဘာကို ဆိုလိုတာလဲ။

ကလေးငယ်တစ်ဦးကဲ့သို့ မှောက်ရက်သွားရာမှ နောက်တစ်ဆင့်မှာ အိမ်မြှောင် နံရံကပ်အတတ်တဲ့လား။

အိမ်မြှောင် နံရံကပ်အတတ်ပြီးလျှင် နောက်တစ်ဆင့်မှာ ဟင်းလင်းပြင်နံရံတဲ့လား။

စနစ်က ကျန်းကျန်းမာမာရော ရှိသေးရဲ့လား။

ရွှီရန်မှာ အံ့အားသင့်ကာ မှင်သက်သွားရတော့သည်။

သူသည် အိမ်မြှောင် နံရံကပ်အတတ်၏ အသေးစိတ်ဖော်ပြချက်ကို အမြန်ပင် ဖွင့်ကြည့်လိုက်၏။

[အိမ်မြှောင် နံရံကပ်အတတ်: မြင့်မားသော ကိုယ်ဖော့အတတ်ပညာတစ်ခုဖြစ်သည်။ စိတ်အာရုံတစ်ခု သွင်းလိုက်ရုံဖြင့် အိမ်မြှောင်တစ်ကောင်ကဲ့သို့ နံရံများပေါ်တွင် လွတ်လပ်စွာ ရွေ့လျားနိုင်သည်]

[ဟင်းလင်းပြင်နံရံ: သင်သည် လေထုထဲ၌ မည်သည့်အရာကိုမျှ အားပြုစရာမရှိဘဲ ရောက်ရှိနေသည့်တိုင် စိတ်အာရုံသွင်းလိုက်သည်နှင့် သင့်အောက်ရှိ လေထုမှာ နံရံတစ်ခုကဲ့သို့ ဖြစ်တည်လာမည် ဖြစ်သည်။ အဆင့်မြင့်ကျွမ်းကျင်သွားပါက ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်လွတ်လပ်

နယ်မြေများတွင်ပင် နံရံများ ဖန်တီးနိုင်မည် ဖြစ်သည်]

တကယ့်ကို စိတ်ကူးယဉ်လို့မရတဲ့ အဆင့်ဆင့်ကူးပြောင်းမှုပဲ။

ငါ နားမလည်နိုင်ပေမဲ့ တကယ့်ကို အထင်ကြီးစရာကောင်းတယ်။

ဆရာ... ကျွန်တော် ဒါကိုပဲ လေ့ကျင့်ချင်ပါတယ်။

ရွှီရန်သည် တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် စတင်လေ့ကျင့်လေတော့သည်။

[သင်သည် ကလေးငယ်တစ်ဦးကဲ့သို့ မှောက်ရက်သွားခြင်းကို တစ်ရက်တာ လေ့ကျင့်ခဲ့သဖြင့် တိုးတက်မှုအမှတ် +၁၀၀ ရရှိပါသည်။ လက်ရှိ မှောက်ရက်သွားခြင်း တိုးတက်မှု - ၁၀၀ / ၁၀၀၀၀...]

တစ်နေ့ကို အမှတ် ၁၀၀ တိုးမယ်ဆိုရင် အိမ်မြှောင် နံရံကပ်အတတ်ကို ရဖို့ အနည်းဆုံး ရက်ပေါင်း ၁၀၀ တော့ လိုမှာပဲ...

ရွှီရန်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိ၏။

ထိုအချိန်မှစ၍ နောက်ထပ် ကာလအတန်ကြာသည်အထိ သူသည် ပြင်းထန်သော စည်းကမ်းများဖြင့် အရူးအမူး လေ့ကျင့်လေတော့သည်။

[သင်သည် ကလေးငယ်တစ်ဦးကဲ့သို့ မှောက်ရက်သွားခြင်းကို ရက်ပေါင်း ၁၀၀ တိုင်အောင် လေ့ကျင့်ခဲ့သဖြင့် ကျွမ်းကျင်မှုအမှတ် ၁၀၀၀၀ ရရှိပါသည်။ လက်ရှိ မှောက်ရက်သွားခြင်း တိုးတက်မှု - ၁၀၀၀၀ / ၁၀၀၀၀...]

[လက်ရှိ သွေးစွမ်းအင် - ၂၀၀ / ၁၀၀၀...]

[ဂုဏ်ယူပါသည်။ မှောက်ရက်သွားခြင်း တိုးတက်မှုအမှတ် ပြည့်သွားပြီဖြစ်သဖြင့် အိမ်မြှောင် နံရံကပ်အတတ်သို့ အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပါပြီ]

[လက်ရှိ အိမ်မြှောင် နံရံကပ်အတတ် အခြေခံအဆင့် - ၀ / ၁၀၀၀၀...]

ရက်ပေါင်း ၁၀၀ တိုင်အောင် ကြိုးစားအားထုတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် အိမ်မြှောင် နံရံကပ်အတတ်ကို တတ်မြောက်သွားခဲ့လေပြီ။

ရွှီရန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။

သူသည် ထိုအိမ်မြှောင် နံရံကပ်အတတ်ကို ချက်ချင်းပင် စမ်းသပ်ကြည့်ချင်လှပြီ ဖြစ်သည်။

သို့သော်လည်း သူသည် လူရှေ့သူရှေ့၌ ထိုအတတ်ကို ထုတ်မပြရဲပေ။ အကယ်၍ မိခင်ဖြစ်သူသာ မြင်သွားပါက ထိုနေရာ၌ပင် ရုတ်တရက် နှလုံးရပ်သွားနိုင်ပေသည်။

ဒါကို လျှို့ဝှက်ထားရမယ်။ လူသူကင်းဆိတ်တဲ့ ညအချိန်ရောက်မှပဲ တိတ်တဆိတ် လေ့ကျင့်ရတော့မှာပဲ။

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ သူသည် ညအချိန်ရောက်ရှိလာပြီး သူ၏မိခင် အိပ်မောကျသွားမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင် ည ၉ နာရီအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခန်းအတွင်းမှာလည်း အမှောင်အတိ ကျနေတော့သည်။

မိခင်ဖြစ်သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း မှန်မှန်ကန်ကန်နှင့် အေးချမ်းလာခဲ့၏။

စိတ်ဝိညာဉ်အားအင် ပြည့်ဝစေရန်အတွက် စောစောစီးစီး နာရီအနည်းငယ်မျှ အိပ်စက်ထားခဲ့သော ရွှီရန်သည် မှောင်မည်းနေသော အခန်းအတွင်း၌ သူ၏ဝိုင်းစက်လှသော မျက်လုံးအစုံကို ရုတ်တရက် ဖွင့်လိုက်တော့သည်။

သူသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ထလိုက်သည်။

ထို့နောက် အိမ်မြှောင် နံရံကပ်အတတ်ကို စတင်ထုတ်ဖော်တော့သည်။ သူ၏ ထူးကဲသော ခွန်အားနှင့် ပေါ့ပါးလှသော ခန္ဓာကိုယ်အလေးချိန်ကြောင့်ပင် အိမ်မြှောင် နံရံကပ်အတတ်၏ အစွမ်းမှာ အံ့မခန်း ဖြစ်နေတော့သည်။ သူသည် ကလေးခုတင်ငယ်အတွင်းမှ အသံတစ်ချက်မျှ မထွက်စေဘဲ တိတ်ဆိတ်စွာ ဆင်းလိုက်၏။

လက်ခြေများကို အသုံးပြုလျက် ပျံသန်းနေသော အိမ်မြှောင်တစ်ကောင်အလား အလွန်တရာ ပေါ့ပါးလှသော အရှိန်အဟုန်ဖြင့် နံရံဆီသို့ ဝမ်းလျားထိုး သွားလိုက်တော့သည်။

နံရံကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် သာမန်လူတို့အဖို့ မတ်စောက်လှသော နံရံသည် ရွှီရန်၏ မျက်စိထဲ၌ မြေပြင်အလား ပြန့်ပြူးနေတော့သည်။

သူသည် သူ၏သေးငယ်တိုတောင်းလှသော လက်ခြေများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားလျက် နံရံပေါ်သို့ သုံးမီတာခန့် ချောမွေ့စွာ တက်လှမ်းလိုက်ရာ သူ၏ခေါင်းမှာ မျက်နှာကျက်နှင့်ပင် ထိလုနီးပါး ဖြစ်သွား၏။

...တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ အိမ်မြှောင် နံရံကပ်အတတ်ပဲ။

ရွှီရန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး နံရံပေါ်၌ မြေပြင်ပေါ်မှာကဲ့သို့ပင် လွတ်လပ်စွာ သွားလာနေတော့သည်။

တဖြည်းဖြည်းနှင့် သူသည် လက်တစ်ဖက်၊ ခြေတစ်ဖက်တည်းဖြင့်ပင် နံရံပေါ်၌ တွယ်ကပ်နိုင်လာခဲ့၏။

ရံဖန်ရံခါတွင် သူသည် လက်ခြေများကို ကားယားဖြန့်လျက် ကျောပြင်ကို နံရံ၌ ကပ်ကာ နံရံထောင့်စွန်းမှနေ၍ တစ်ခန်းလုံးကို ငုံ့ကြည့်နေသည့် ဝိညာဉ်သရဲ ကလေးငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားတတ်လေသည်။

အကယ်၍ ထိုအချိန်တွင် သူသာ ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံကို ထုတ်လွှင့်လိုက်ပါမူ သူ၏မိခင်မှာ လန့်နိုးလာပြီး မူးလဲသွားနိုင်သည်မှာ အသေအချာပင်။

သူသည် ထိုမျှအထိတော့ ကပ်သီးကပ်သတ် မလုပ်သေးပေ။ သူသည် နံရံပေါ်၌ အိမ်မြှောင် နံရံကပ်အတတ်ကိုသာ တိတ်ဆိတ်စွာ ဆက်လက်လေ့ကျင့်နေခဲ့သည်။

သူ၏ ကျွမ်းကျင်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် သူ၏ကျောပြင်မှာ သံလိုက်တစ်ခုအလား နံရံ၌ ကပ်နေကာ စက်ဝိုင်းပုံစံ ၅ ပတ်ခန့်ကို လျင်မြန်စွာ ပတ်ပြနိုင်ခဲ့လေပြီ။

အံ့ဩစရာကောင်းလောက်အောင် ချောမွေ့နေရော။

ရွှီရန်သည် ပိုမိုအားကောင်းလာသော သူ၏ခွန်အားကြောင့် ယုံကြည်မှုများ ပြည့်ဝလာကာ မျက်နှာကျက်ဆီသို့ပါ စတင်တက်လှမ်းလေတော့သည်။

သူ၏ လက်ခြေများမှာ လေစုပ်ခွက်များကဲ့သို့ မြဲမြံလှသဖြင့် မျက်နှာကျက်ပေါ်၌ ရွေ့လျားခြင်း အတတ်ပညာကိုလည်း လျင်မြန်စွာ တတ်မြောက်သွားခဲ့၏။

မကြာမီအချိန်အတွင်းမှာပင် မျက်နှာကျက်ထက်၌ ကျောပြင်ကပ်လျက် ရွေ့လျားနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူ၏မျက်နှာငယ်လေးမှာ အောက်သို့ မျက်နှာမူထားပြီး ဝိညာဉ်သရဲတစ်ကောင်၏ အရိပ်ပမာ ရှေ့နောက်သို့ ကူးခတ်နေတော့သည်။

ကမ္ဘာမြေ၏ ဆွဲငင်အားလား။ အဲဒါက ဘာလဲ။

နယူတန်လား။ သူလည်း ငါ့ကို လာပြီး ထိန်းချုပ်လို့မရဘူး ဟားဟား။

ရွှီရန်သည် တဟားဟား ရယ်မောမိတော့သည်။

သူသည် မျက်နှာကျက်နှင့် နံရံများပေါ်၌ အားသွန်ခွန်စိုက် မှောက်ရက်သွားရင်း လေ့ကျင့်နေ၏။

[သင်သည် အိမ်မြှောင် နံရံကပ်အတတ်ကို ကြိုးစားအားထုတ်စွာ လေ့ကျင့်ခဲ့သဖြင့် ကျွမ်းကျင်မှုအမှတ် +၅၀ ရရှိပါသည်။ လက်ရှိ အိမ်မြှောင် နံရံကပ်အတတ် အခြေခံအဆင့် - ၅၀ / ၁၀၀၀၀...]

...

“အဲဒါ ဘာအသံလဲ”

မိခင်ဖြစ်သူ လင်းချန်းသည် အိပ်ချင်မူးတူးဖြင့် တစ်ရှူးရှူးအသံများကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်၏။

မှောင်အတိကျနေသော အခန်းအတွင်း၌ သူမ၏ ဦးခေါင်းအထက် မျက်နှာကျက်ပေါ်တွင် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်က ရှေ့နောက်သို့ မှောက်ရက်သွားနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။

“ဘယ်သူလဲ။ အဲဒါ ဘယ်သူလဲ”

All Chapters