← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“အာဘား အာဘား... ဟီးဟီး ဟီးဟီး...”

ကြွေရုပ်ကလေးအလား ချစ်စဖွယ်ကောင်းသော ထိုမိန်းကလေးငယ်မှာ သူမ၏ နတ်ဆိုးရယ်သံ ကို မထိန်းချုပ်နိုင်တော့ဘဲ ထရပ်တာအင်ဂျင်သံတစ်ခုအလား မနားတမ်း တဟားဟား ရယ်မောနေတော့သည်။

မိခင်နှစ်ဦးစလုံးမှာ လန့်ဖျန့်သွားကြ၏။

ချန်လီကျန်းသည် သူမ၏ သမီးငယ်လေးကို အမြန်ပွေ့ချီလိုက်ပြီး “လျိုလီ... သမီး ဘာလုပ်တာလဲ။ မောင်လေးကို အနိုင်မကျင့်ရဘူးလေ ဟုတ်ပြီလား” ဟု ပြောကာ ဆုံးမလေသည်။

သူမသည် စကားပြောရင်း ကျန်းလျိုလီ၏ တင်ပါးလေးကို အပြစ်ပေးသည့်အနေဖြင့် အသာအယာ ပုတ်လိုက်သော်လည်း ထိုမိန်းကလေးငယ်မှာမူ အရှက်အကြောက်မရှိဘဲ ဆက်လက်ရယ်မောနေကာ နာကျင်မှုကိုလည်း အနည်းငယ်မျှ ကြောက်ရွံ့ဟန်မပြပေ။

အပစ်ခံလိုက်ရသော ရွှီရန်မှာမူ “...”

ဘုရားရေ... တကယ့် ကျားသစ်မလေးပါလား။ ခွန်အားကလည်း အံ့မခန်းပဲ။

ရွှီရန်မှာ ဘာပြောရမှန်းမသိအောင် မှင်သက်သွားရတော့သည်။

လင်းချန်းက သူ့ကို ပွေ့ချီလိုက်ပြီး “ရပါတယ် ဖျာကော်ဇောက အထူကြီးပဲဟာ။ ပြီးတော့ လျိုလီလေးကလည်း ပေါ့ပေါ့လေးဆိုတော့ ဘာမှမဖြစ်ပါဘူး” ဟု ဖြေသိမ့်လိုက်သည်။

ခဏတာ ထိတ်လန့်မှုမှာ ပြီးဆုံးသွားခဲ့၏။

ရွှီရန်နှင့် ကျားသစ်မလေးတို့ကို နှစ်မီတာခန့် အကွာအဝေးတွင် ယှဉ်၍ ထားလိုက်ကြသည်။

“ကျွန်မသမီးလေး နာမည်က ကျန်းလျိုလီပါ။ အသက်က ၂၁၅ ရက် ရှိပါပြီ။ အစ်မရဲ့ သားလေးကရော”

“ကျွန်မသားလေး ရွှီရန် ကတော့ ၂၆၆ ရက် ရှိပါပြီ။ လျိုလီလေးထက် နှစ်လလောက် ပိုကြီးတာပေါ့”

ကျားသစ်မလေး၏ မိခင်မှာ အံ့အားသင့်သွားပြီး “၉ လပဲ ရှိသေးတာလား။ မယုံနိုင်စရာပဲနော်။ ၉ လသားလေးက ဒီလောက်တောင် အရပ်ရှည်လာတာလား။ တကယ်ကိုလည်း ချောလိုက်တာ”

“လျိုလီလေးကလည်း သိပ်လှတာပဲ။ ကြီးလာရင်တော့ အလှနတ်သမီးလေး ဖြစ်မှာ အသေအချာပဲရှင်”

မိခင်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ချီးကျူးစကားများ အပြန်အလှန် ပြောဆိုနေကြသည်။

ထိုစဉ် ကျားသစ်မလေးသည် ရွှီရန်ရှိရာဘက်သို့ နောက်တစ်ကြိမ် ထပ်မံမှောက်ရက်သွားလိုက်ပြန်သည်။

သူမသည် ပါးစပ်ကလေးကို ဖြဲလျက် ဟီးဟီးဟီးဟီးဟူသော နတ်ဆိုးရယ်သံကို ထုတ်လွှင့်ရင်း အလွန်လျင်မြန်စွာ မှောက်ရက်သွားနေပုံမှာ ကြောက်မက်ဖွယ်ကောင်းသော ကျားသစ်မလေးတစ်ကောင်နှင့်ပင် တူလှတော့သည်။

ရွှီရန် : “...”

ကြည့်ရတာ ငါ့ကို နောက်တစ်ခါ ထပ်ပြီး ခုန်အုပ်ဦးမယ့်ပုံပဲ... ငါကပဲ ရှောင်ပေးရမှာပေါ့။ ငါ မှောက်ရက်မသွားတတ်ဘူးလို့ မင်း ထင်နေတာလား။

ရွှီရန်သည် သူမထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် မှောက်ရက်သွားလိုက်ရာ ကျားသစ်မလေးနှင့် အလှမ်းဝေးရာသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။

ကျန်းလျိုလီသည် ယားယားဟု အော်ဟစ်ရင်း ရွှီရန်၏ နောက်သို့ လိုက်လံဖမ်းဆီးသော်လည်း သူမ၏ အရှိန်မှာ အမြဲတမ်း နောက်ကျနေခဲ့သည်။

သူမ၏ မျက်နှာငယ်လေးမှာ စိတ်တိုလွန်းသဖြင့် တစ်ခုလုံး နီရဲတောက်လာတော့သည်။

သူမမှာ အလွန်အမင်း စိတ်လောနေရှာတော့သည်။

ရွှီရန်ကမူ တယ်လီတပ်ဘီ လေးတစ်ကောင်ကဲ့သို့ အားရပါးရ ရယ်မောနေ၏။

ကျားသစ်မလေးသည် စိတ်လောလွန်းသဖြင့် မျက်လုံးအစုံကို ပြူးလိုက်ပြီး လက်ခြေများကို မြေပြင်၌ အားပြုကာ အားရှိသမျှ ရုန်းကန်လျက် ရုတ်တရက် မတ်တပ်ရပ်လိုက်လေတော့သည်။

အရှိန်ကြောင့် ကိုယ်အလေးချိန်မှာ အရှေ့သို့ ကဲနေသဖြင့် သူမသည် လက်တိုလေးနှစ်ဖက်ကို ပုစဉ်းရင်ကွဲ လက်သီး အနေအထားကဲ့သို့ ရင်ဘတ်ရှေ့တွင် ထိန်းညှိလျက် ခြေလှမ်းစိပ်စိပ်လေးများဖြင့် တစ်မီတာခန့် အပြေးကလေး သွားလိုက်သည်။

ထို့နောက်တွင်တော့ သူမသည် ဖောင်းအိနေသော ပါးပြင်လေးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် ရွှီရန်ရှိရာဘက်သို့ တည်ငြိမ်စွာ ပြေးထွက်သွားတော့သည်။

“ယားယား”

ထိုမြင်ကွင်းကို ကြည့်ရင်း ရွှီရန်၏ မျက်ဝန်းတို့တွင် အံ့ဩရိပ်များ ဖြတ်ပြေးသွား၏။

ခုနစ်လသားအရွယ် ကျားသစ်မလေးက စိတ်တိုတိုနဲ့ လမ်းလျှောက်တတ်သွားတာလား။

မင်းကို ကျားသစ်မလေးလို့ ခေါ်တာ မမှားဘူးပဲ။ တစ်ကိုယ်လုံးမှာ ကျားသတ္တု အပြည့်ပဲကိုး။

မိခင်နှစ်ဦးစလုံးမှာလည်း မှင်သက်သွားကြသည်။

ချန်လီကျန်းက အနားသို့ အပြေးအလွှား ရောက်လာပြီး “လျိုလီလေး... သမီးက တကယ်ပဲ လမ်းလျှောက်တတ်နေပြီလား” ဟု မေးလိုက်၏။

လင်းချန်းကလည်း “တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။ ခုနစ်လသားနဲ့ လမ်းလျှောက်နိုင်တယ်ဆိုတော့ သိပ်ကို ထက်မြက်တဲ့ ကလေးလေးပဲ။ ကျွန်မသားလေးတောင် ဒီလောက် မတော်သေးဘူး” ဟု ချီးကျူးလိုက်သည်။

လူတိုင်းက ကျားသစ်မလေးကို ချီးကျူးနေသည်ကို မြင်သောအခါ။

ရွှီရန်သည် သူကိုယ်တိုင်လည်း လမ်းလျှောက်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ရုတ်တရက် သတိမူမိသွားသည်။

သို့သော် သူသည် အိမ်မြှောင် နံရံကပ်အတတ်ကိုသာ အာရုံစိုက်နေမိသဖြင့် မှောက်ရက်သွားခြင်းကိုသာ အရူးအမူး လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျားသစ်မလေးကသာ သတိမပေးခဲ့ပါက သူသည် ဆက်လက်၍သာ မှောက်ရက်သွားနေဦးမည်မှာ အမှန်ပင်။

ငါ သတိလက်လွတ် ဖြစ်သွားတာပဲ။ မှောက်ရက်သွားခြင်း တာဝန်ပြီးတုန်းက စနစ်က အကြံပြုထားတာ ငါ မှတ်မိသေးတယ်။

တာဝန်ပြီးဆုံးပါက စိတ်ကြိုက် စူးစမ်းကြည့်ပါ။ ရဲရင့်တဲ့သူတွေအတွက် ဘဝက အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေပါတယ် ဆိုတာလေ။

ငါလည်း လမ်းလျှောက်ဖို့ စမ်းကြည့်သင့်ပြီ။

ရွှီရန်သည် တည်ကြည်သော မျက်နှာပေးဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်ကလေးနှစ်ဖက်ဖြင့် အားပြုကာ ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ ထို့နောက် ခြေထောက်များ၏ ခွန်အားကို အသုံးချလျက် တဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်တော့သည်။

တစ်ကြိမ်တည်းနှင့်ပင် သူသည် အလွန်လွယ်ကူစွာ မတ်တပ်ရပ်နိုင်ခဲ့သည်။

မိခင်ဖြစ်သူမှာ ချက်ချင်းပင် သတိပြုမိသွားပြီး သူမ၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။ သူမသည် သားလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို မျက်မြင်တွေ့ရှိနိုင်ရန်အတွက် ရွှီရန်ကို မမှိတ်မသုန် စိုက်ကြည့်နေမိ၏။

ရွှီရန်သည် ထိုနေရာ၌ပင် ဂုဏ်ယူဝင့်ကြွစွာ မတ်တပ်ရပ်နေသည်။

သူသည် တည်ငြိမ်စွာ ရပ်နေရင်း ၉၀ စင်တီမီတာ အမြင့်မှ လေထု ကို ခံစားနေမိ၏။

စက္ကန့်အနည်းငယ်အကြာတွင် ရွှီရန်သည် သူ၏ခြေတံရှည်လေးများဖြင့် အားယူကာ ပထမတစ်လှမ်း၊ ထို့နောက် ဒုတိယတစ်လှမ်းကို လှမ်းလိုက်သည်။ မိခင်ဖြစ်သူမှာလည်း သူ လဲမကျသွားစေရန်အတွက် အနားသို့ အပြေးအလွှား လာရောက်ကာ စောင့်ရှောက်ပေးနေတော့သည်။

သို့သော်လည်း ရွှီရန်မှာမူ ယိုင်တိယိုင်ထိုင်ဖြင့် ခြေလှမ်း ဆယ်ဂဏန်းခန့် လှမ်းလိုက်သည့်တိုင် လဲကျမည့် အရိပ်အယောင် အနည်းငယ်မျှ မပြပေ။

“ဝါး... အံ့ဩစရာပဲ တကယ့်ကို ထူးချွန်တာပဲ သားလေးရယ်။ သား လမ်းလျှောက်တတ်သွားပြီ”

မိခင်ဖြစ်သူမှာ အတိုင်းအဆမရှိ ဝမ်းမြောက်သွားတော့သည်။

လူအများ၏ အကြည့်တို့မှာလည်း သူ့ထံသို့သာ စုပြုံရောက်ရှိလာကြ၏။

“အံ့ဩစရာပဲ ပထမဆုံးအကြိမ်မှာတင် ဒီလောက်တည်ငြိမ်အောင် လျှောက်နိုင်တာ တကယ့်ကို ထူးခြားတာပဲ”

“ရွှီရန်လေးက ပါရမီရှင်လေးပဲ”

“ကြည့်စမ်းပါဦး။ သူက နည်းနည်းလေးတောင် ကြောက်ပုံမရဘူး။ တခြားကလေးတွေဆိုရင် အဆင့်အနည်းငယ် လျှောက်ပြီးတာနဲ့ ကြောက်စိတ်ကို မကျော်လွှားနိုင်ကြဘူး။ သူကတော့ အခုတောင် အတော်လေး မြန်မြန်လျှောက်နေနိုင်ပြီ”

ကျားသစ်မလေး၏ မိခင်ကလည်း “အံ့ဩစရာပဲ ရွှီရန်လေးက ကျွန်မသမီး လျိုလီလေးထက်တောင် လမ်းလျှောက်တာ ပိုတည်ငြိမ်သေးတယ်။ တကယ့်ကို ပါရမီရှင်လေးပါပဲရှင်”

မိခင်နှစ်ဦး၏ အားရပါးရ ချီးကျူးသံများကြောင့် ကလေးထိန်းကျောင်းအတွင်းရှိ အခြားသော မိခင်များမှာလည်း အားကျစိတ်များ ပြင်းထန်လာကြသည်။

“လျိုလီ့မေမေနဲ့ ရွှီရန်လေးရဲ့မေမေကို တကယ်အားကျမိတာပဲ။ သူတို့ကလေးလေးတွေက ချောလည်းချော ဉာဏ်လည်းကောင်းကြတာကိုး”

“နှစ်ယောက်စလုံးက လမ်းလျှောက်တာ သိပ်မြန်တာပဲ။ ကျွန်မကလေးဆိုရင် တစ်နှစ်ပြည့်တော့မယ်။ အခုထိ လမ်းမလျှောက်ရဲသေးဘူး”

“ကျွန်မကလေးကတော့ ၁၃ လတောင် ရှိပြီ... မတ်တပ်ရပ်ဖို့တောင် မနည်းလုပ်နေရတုန်းပဲ...”

“နောက်ဆုံးထွက်ထားတဲ့ လေ့လာမှုတွေအရဆိုရင် အခုခေတ်မှာ ကျင့်စဉ်ပါရမီရှင် အများစုဟာ ၈ လသားအရွယ်မှာတင် လမ်းလျှောက်တတ်ကြတယ်တဲ့။ တချို့ ပါရမီထူးတဲ့သူတွေဆိုရင် ၅ လသားနဲ့တင် လမ်းလျှောက်နိုင်ကြတယ်လို့ ဆိုကြတယ်”

“ဟိုဘက်က ဘာသာရေးမဟာမိတ်အဖွဲ့ထဲမှာ ၄ လသားကျော်ရုံနဲ့ လမ်းလျှောက်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်မဟုတ်လား”

“ဟုတ်တယ်... ဟုတ်တယ်... သူက တော်ဝင်မျိုးနွယ်လား။ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အမွေဆက်ခံသူလားတော့ မသိဘူး။ သူ့နာမည်ကို အာဒံလို့ ပေးထားကြတာ။ နောင်တစ်ချိန်မှာ နတ်

ဘုရားတွေကိုတောင် သတ်နိုင်မယ့်သူလို့ ပြောကြတာပဲ”

“ကျွန်မတို့ဆီမှာလည်း အဲဒီလို ပါရမီရှင်တွေ ရှိမှာပါ။ ဒါပေမဲ့ သူတို့လောက် လူသိမခံကြတာပဲ ရှိလိမ့်မယ်”

“လျိုလီလေးနဲ့ ရွှီရန်လေးကတော့ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တွေပဲ။ သူတို့တွေကတော့ နောင်တစ်ချိန်မှာ ကျင့်ကြံသူတွေဖြစ်လာပြီး အောင်မြင်ကြမှာ အသေအချာပဲ”

မိခင်များအားလုံးက စိတ်ရင်းမှန်ဖြင့် ချီးကျူးစကားများ ဆိုနေကြတော့သည်။

အပြာရောင်ကြယ်ကမ္ဘာမြေသည် ခေတ်သစ်တစ်ခုသို့ ကူးပြောင်းလာပြီးကတည်းက ကမ္ဘာကြီး၏ အန္တရာယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာခဲ့သည်။

မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိခြင်း၊ မြင့်မားသော လူမှုအဆင့်အတန်းကို ရရှိခြင်းနှင့် ငွေကြေးဓန ကြွယ်ဝခြင်းတို့မှာ ခွန်အား နှင့်သာ တိုက်ရိုက်ဆက်နွယ်နေတော့သည်။

ထို့ကြောင့် လူတိုင်းက ကျင့်ကြံသူဖြစ်ချင်ကြသည်မှာ မဆန်းပေ။

မိခင်များကလည်း သူတို့၏ သားသမီးများကို ထူးချွန်သော ကျင့်စဉ်ပါရမီများ ပိုင်ဆိုင်စေချင်ကြသည်။

ကြယ်တာရာသားရဲသတ္တဝါများနှင့် တိုက်ခိုက်ရမည်ဖြစ်သော်လည်း လူမှုပတ်ဝန်းကျင်၏ အောက်ခြေအလွှာတွင် နှိမ်ချဆက်ဆံခံရပြီး ဆင်းရဲပင်ပန်းစွာ ရှင်သန်ရသည့် ဘဝထက်စာလျှင်မူ များစွာ သာလွန်လှပေသည်။

သို့ရာတွင် ကျင့်စဉ်ပါရမီဆိုသည်မှာ ကလေးတိုင်း ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်သကဲ့သို့ ကလေးတိုင်းမှာလည်း ပါရမီရှင် မဖြစ်နိုင်ကြပေ။

အခြားသော မိခင်များမှာမူ မျက်စိကျိန်းမတတ် အားကျနေရုံမှတစ်ပါး အခြားမရှိတော့ချေ

၎င်းတို့သည် ရွှီရန်ကို သူတို့၏ သားအရင်းအဖြစ် လိုလားတောင့်တနေသည့်အလား စူးစိုက်ကြည့်နေကြသဖြင့် ရွှီရန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်နေရတော့သည်။

သူသည် လူသိမခံဘဲ အေးဆေးစွာ နေလိုသော်လည်း သူ၏ ခွန်အားနှင့် ပါရမီကမူ ထိုသို့နေခွင့် မပေးတော့ချေ။

မလှမ်းမကမ်းတွင် ကျားသစ်မလေး၏ မိခင်က လက်ခုပ်တီးလျက် “ရွှီရန်လေး... ဒီဘက်ကို လာပါဦး။ အန်တီ ပွေ့ချီပေးမယ်နော်” ဟု ချော့မြှူလိုက်သည်။

ရွှီရန်သည် ကျားသစ်မလေး၏ မိခင်ကို လှည့်ကြည့်လိုက်၏။

ကျားသစ်မလေးသည်လည်း ရွှီရန် မတ်တပ်ရပ်လျက် လမ်းလျှောက်နေသည်ကို မြင်သောအခါ မျက်ဝန်းတို့မှာ တောက်ပသွားတော့သည်။

“ယားယား”

ကျားသစ်မလေးသည် ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်တော့သည်။ သူမသည် ရွှီရန်ရှိရာသို့ လမ်းလျှောက်၍ လာ၏။ သို့သော် လမ်းလျှောက်တတ်စ ဖြစ်သဖြင့် ကြောက်စိတ်ကို မကျော်လွှားနိုင်သေးဘဲ အနည်းငယ် ယိုင်တိယိုင်ထိုင် ဖြစ်နေဆဲပင်။

ရွှီရန် : “... အမြန်ရှောင်မှပဲ”

သူသည် ခြေလှမ်းများကို မြှင့်လိုက်ပြီး နံရံထောင့်စွန်းတစ်ခုသို့ ရှောင်ထွက်လိုက်သည်။ ကျားသစ်မလေးအနေဖြင့် လမ်းလျှောက်လိုက်၊ မှောက်ရက်သွားလိုက်ဖြင့် သူ၏ထံသို့ ရောက်ရှိရန် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ကြာဦးမည်ဟု သူ ခန့်မှန်းလိုက်၏။

အဲဒီအချိန်အထိ ငါ ဒီမှာပဲ စောင့်နေမယ်။

ရွှီရန်သည် ကျားသစ်မလေး သူ့ထံသို့ မရောက်ရှိနိုင်စေရန် အကွာအဝေးတစ်ခုကို ထိန်းထားလိုက်သည်။

ထိုသို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာပင်။

သူ၏ စိတ်ထဲ၌ အသိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

[ဂုဏ်ယူပါသည် သင်သည် လမ်းလျှောက်ခြင်းကို တတ်မြောက်ခဲ့ပြီး ငါးမီတာခန့် အမြန်

လျှောက်ခြင်းကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သင်သည် အမြန်ပြေးခြင်းဟူသော ကျွမ်းကျင်မှုအသစ်တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

ကြိုးစားအားထုတ်စွာ လေ့ကျင့်မှုအပေါ် မူတည်၍ အမြန်ပြေးခြင်း၏ တိုးတက်မှုအမှတ် မြင့်တက်လာမည် ဖြစ်သည်။ အမှတ်ပြည့်မီသွားပါက နောက်ထပ် အဆင့်ဆင့်ကူးပြောင်းခြင်းသို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။ အဆင့်ဆင့်ကူးပြောင်းခြင်း အမြန်ပြေးခြင်း၊ မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ်၊ လျှပ်စီးသုံးထောင်ရွေ့လျားမှု၊ ကွန်ဖိန့်ရတနာစွမ်းရည်]

[အောင်မြင်မှု တာဝန်: သင်သည် မှော်ဆန်သော ကျွမ်းကျင်မှုနှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ပြီးပြည့်စုံသော ကလေးငယ်ဟူသော ရွှေအဆင့် အောင်မြင်မှုဆုတံဆိပ်ကို ရရှိရန်အတွက် မှော်ဆန်သော ကျွမ်းကျင်မှု ၁၀ ခုကို ဖော်ထုတ်ပြီး ဒုတိယအဆင့်သို့ ရောက်ရှိအောင် ကြိုးစားပါ။ သတ်မှတ်ချိန် ရက်ပေါင်း ၅၀၀]

[ပြီးပြည့်စုံသော ကလေးငယ် ရွှေအဆင့် : အရိုးတည်ဆောက်ပုံတစ်ခုကို ကျပန်းရရှိမည်။ ကံကောင်းခြင်းလက်ဆောင် +၃၀]

[မှတ်ချက် ကံကောင်းခြင်းလက်ဆောင် အမှတ်များလေလေ၊ ရွှေအဆင့်အရိုးတည်ဆောက်ပုံကို ရရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ လက်ရှိတွင် ရွှေအဆင့်အရိုးတည်ဆောက်ပုံ ရရှိနိုင်ခြေမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပြီး၊ ကံကောင်းခြင်းလက်ဆောင် အမှတ် ၃၀၀ ကျော်လွန်ပါက ခရမ်းရွှေရောင် အရိုးတည်ဆောက်ပုံကို ရရှိနိုင်မည့် အခွင့်အရေး ရှိပါသည်]

အသိပေးချက်ကို ကြားလိုက်ရသောအခါ ရွှီရန်သည် အနည်းငယ် စိတ်အေးသွားပြီး….

‘ထင်ထားတဲ့အတိုင်းပဲ လမ်းလျှောက်တာကလည်း မှော်ဆန်တဲ့ ကျွမ်းကျင်မှုတွေကို ပွင့်စေတာပဲ’

သူသည် အဆင့်ဆင့်ကူးပြောင်းခြင်း ဆိုင်ရာ အချက်အလက်များကို အမြန်စစ်ဆေးလိုက်သည်။

မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ်: မြင့်မားသော ကိုယ်ဖော့အတတ်ပညာ ဖြစ်သည်။ အလွန်လျင်မြန်ပြီး မြက်ပင်များကိုပင် မနင်းမိစေဘဲ လျှောက်လှမ်းနိုင်သည်။

လျှပ်စီးသုံးထောင်ရွေ့လျားမှု: လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။

ကွန်ဖိန့်ရတနာစွမ်းရည်: အလျင်နှုန်းမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်။

ဘုရားရေ... တကယ့်ကို ထူးခြားဆန်းပြားတဲ့ အဆင့်မြှင့်တင်မှုတွေပဲ။ အမြန်ပြေးခြင်း ကနေ ကွန်ဖိန့်ရတနာစွမ်းရည် အထိ ဖြစ်သွားတာလား။ တကယ်ကို အံ့မခန်းပါပဲ။

ထိုအရာများမှာ တားဆီး၍မရနိုင်သော စွမ်းအားများပင်။

ဒါထက် ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့ ရွှေအဆင့် အောင်မြင်မှု တာဝန်အသစ်တစ်ခု ပွင့်သွားတာပဲ...

All Chapters