အခန်း (၇)
Vol. 1 Ch. 7
“အပိုတွေ ပြောမနေနဲ့တော့။ ငါ ဒီရွှေအဆင့် အောင်မြင်မှုဆုတံဆိပ်ကို ဘယ်လိုနည်းနဲ့မဆို အရယူရမယ်”
ရွှီရန်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိ၏။
[ပြီးပြည့်စုံသော ကလေးငယ် : ကံကောင်းခြင်းလက်ဆောင် +၃၀ မှတ်၊ အရိုးတည်ဆောက်ပုံကို ရွေးချယ်ရယူနိုင်သည်]
၎င်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော အခွင့်အရေး ဖြစ်သည်။
အကြောင်းမှာ ရွှီရန်၏ စနစ်အချက်အလက်ရှိ အရိုးတည်ဆောက်ပုံ ကဏ္ဍတွင် မရှိဟူသော စာသားကိုသာ ဖော်ပြထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၌ ကျင့်စဉ်အတွက် အခြေခံဖြစ်သော အရိုးတည်ဆောက်ပုံ လုံးဝမရှိသေးခြင်းပင်။
ယခု ပြီးပြည့်စုံသော ကလေးငယ် တာဝန်မှာ ရွှီရန်၏ ထိုအားနည်းချက်ကို အစားထိုးဖြည့်ဆည်းပေးလိုက်ခြင်းပင်။ အကယ်၍ သူ၏ ကံကောင်းခြင်းလက်ဆောင် အမှတ်များသာ လုံလောက်ခဲ့ပါက ခရမ်းရွှေရောင် အရိုးတည်ဆောက်ပုံကိုပင် ရရှိနိုင်ပေလိမ့်မည်။
ရအောင်ယူမယ်... မရရအောင် ယူမယ်။
“ဟီးဟီး ဟီးဟီး ဟီးဟီး...”
သူ တွေးတောနေစဉ်မှာပင် ကျားသစ်မလေး၏ ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ်လာပြန်သည်။ သူမသည် အားရှိသမျှ ခုန်အုပ်လိုက်ပြန်ရာ ရွှီရန်မှာ ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားပြန်လေသည်။
“ဟီးဟီး ဟီးဟီး ဟီးဟီး ဟီးဟီး...”
ရွှီရန်မှာ မတတ်သာတော့ဘဲ ကိုယ်ကိုတစ်ပတ်လှည့်ကာ လွတ်အောင်ရုန်းလိုက်၏။ ကျားသစ်မလေး မတ်တပ်ထရန် ကြိုးစားနေစဉ်မှာပင် သူသည် အမြန်ပြေးထွက်သွားပြီး အခြားသော ကလေးငယ်များ၏ အနောက်တွင် ပုန်းကွယ်လိုက်ကာ သူ့ကိုယ်သူ မမြင်စေရန် ကြမ်းပြင်ပေါ်၌ ဝပ်နေလိုက်တော့သည်။
ကျန်းလျိုလီမှာ ရွှီရန်ကို နေရာအနှံ့ လိုက်လံရှာဖွေသော်လည်း မတွေ့ရတော့သဖြင့် ထိုနေရာ၌ပင် ခြေဆောင့်လျက် ကလေးသံဖြင့် အော်ဟစ်နေတော့သည်။
လင်းချန်းနှင့် အဒေါ်ဖြစ်သူ ချန်တို့မှာ ထိုမြင်ကွင်းကို အဝေးမှနေ၍ တခိခိ ရယ်မောနေကြ၏။
မိခင်ဖြစ်သူက “ကျွန်မသားလေးက ပုန်းတမ်းကစားတတ်နေပြီပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”
ကျားသစ်မလေး၏ မိခင်ကလည်း လက်မထောင်ပြလျက် “တကယ့်ကို ထက်မြက်တဲ့ ပါရမီရှင်လေးပဲ” ဟု ချီးကျူးလိုက်သည်။
အခြားသော မိခင်များကလည်း တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံကြ၏။
“သူ ပုန်းနေပုံကို ကြည့်ပါဦး။ ကြမ်းပြင်ပေါ်မှာ ဝပ်နေရမယ်ဆိုတာကိုတောင် သိတယ်။ ဟားဟား။ တကယ့်ကို ပါရမီရှင်လေးပဲ”
ရွှီရန် : “...”
ကျားသစ်မလေးက အရမ်းနားငြီးအောင် လုပ်လွန်းလို့သာ ငါက ပုန်းတမ်းကစားပေးနေရတာလေ မဟုတ်ရင် ငါက ဒီလိုကစားချင်ပါ့မလား။
ယခုဆိုလျှင် ကျားသစ်မလေးမှာ လမ်းလျှောက်တတ်သွားပြီဖြစ်ရာ နောင်တွင် ပို၍ပင် လိုက်လံနှောင့်ယှက်ပေဦးတော့မည်။
သူသည် အေးချမ်းမှုလေး တစ်ခဏရရှိရန်အတွက် လူအုပ်ကြားထဲ၌ ပုန်းကွယ်နေမိသည်။
သို့ရာတွင် ရွှီရန် လုံးဝမမျှော်လင့်ထားသောအရာမှာ ထိုအခိုက်အတန့်၌ သူ၏စိတ်ထဲတွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာခြင်းပင်။
[ဂုဏ်ယူပါသည် သင်သည် ဘဝတွင် ပထမဆုံးအကြိမ် ပုန်းတမ်းကစားခြင်းကို ပြုလုပ်ခဲ့သဖြင့် ပုန်းတမ်းကစားခြင်းဟူသော ကျွမ်းကျင်မှုအသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ လေ့ကျင့်မှုအပေါ် မူတည်၍ ဤကျွမ်းကျင်မှုမှာ အဆင့်တိုးတက်လာမည် ဖြစ်သည်။ အမှတ်ပြည့်မီသွားပါက နောက်ထပ် အဆင့်ဆင့်ကူးပြောင်းခြင်းသို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။ အဆင့်ဆင့်ကူးပြောင်းခြင်း ပုန်းတမ်းကစားခြင်း၊ လျှို့ဝှက်ခြေလှမ်း၊ ကိုယ်ယောင်ဖျောက်
အတတ်၊ အချိန်မြစ်အတွင်း အစအနဖျောက်ခြင်း]
[လက်ရှိ ပုန်းတမ်းကစားခြင်း တိုးတက်မှု ၀ / ၁၀၀၀၀...]
“ဟင်”
ရွှီရန်၏ စိတ်ထဲ၌ မေးခွန်းသင်္ကေတများစွာဖြင့် ပြည့်နှက်သွားတော့သည်။
ဒီလိုလည်း ရတာပဲလား။
ပုန်းတမ်းကစားရုံမျှဖြင့် မှော်ဆန်သော ကျွမ်းကျင်မှုတစ်ခု ပွင့်လာနိုင်သည်တဲ့လား။
စနစ်... မင်းကတော့ တကယ့်ကို အံ့ဩစရာပဲ။
ရွှီရန်မှာ အံ့အားသင့်လျက်ပင် ရှိနေသေး၏။ ခပ်သိမ်းသောအရာတို့သည် မှော်ဆန်သော ကျွမ်းကျင်မှုများကို ပွင့်စေနိုင်တာလား။
ရွှီရန်သည် အလေးအနက် စဉ်းစားနေမိသည်။ သူ၏ အတွေးအာရုံတို့သည် အဆင့်ဆင့်ကူးပြောင်းခြင်း တစ်ခုချင်းစီဆီသို့ ရောက်ရှိသွားပြီး အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
လျှို့ဝှက်ခြေလှမ်း: ပါးနပ်လှသော ကိုယ်ဟန်ပြောင်းအတတ် ဖြစ်သည်။ ရန်သူ၏ အရိပ်နောက်သို့ လိုက်ပါလျက် ရန်သူ့နောက်ကျော၌ ပုန်းကွယ်နေနိုင်သည်။ ရန်သူသည် အလွန်တရာ ကြီးမားသော စွမ်းအားကို မပိုင်ဆိုင်ထားပါက သင့်တည်ရှိမှုကို သိရှိနိုင်ရန် အလွန်ပင် ခဲယဉ်းပေလိမ့်မည်။
ကိုယ်ယောင်ဖျောက်အတတ်: တိုက်ရိုက် ကိုယ်ယောင်ဖျောက်နိုင်ခြင်း ဖြစ်သည်။
အချိန်မြစ်အတွင်း အစအနဖျောက်ခြင်း: အချိန်မြစ်အတွင်းရှိ သင်၏ခြေရာလက်ရာများကို ဖျက်ဆီးပစ်နိုင်ပြီး သင့်ကိုယ်သင် လုံးဝဥဿုံ ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။
စနစ်... မင်းကတော့ သဘာဝနိယာမတွေကိုပါ ဆန့်ကျင်နေပြီပဲ။
ကြီးမားသောအံ့အားသင့်စရာဆိုသည်မှာ ဘယ်အရာကို ဆိုလိုတာလဲဟု တစ်စုံတစ်ယောက်က မေးလာခဲ့လျှင် ကလေးငယ်တစ်ဦးကဲ့သို့ မှောက်ရက်သွားခြင်းမှသည် အိမ်မြှောင် နံရံကပ်အတတ်သို့ အဆင့်မြှင့်တင်နိုင်ကာ အိမ်မြှောင်ကလေးတစ်ကောင်အလား အသွင်ပြောင်းနိုင်ခြင်းမှာ ကြီးမားသော အံ့အားသင့်စရာပင်။
အမြန်ပြေးခြင်းမှသည် မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ်၊ ထိုမှတစ်ဆင့် ကွန်ဖိန့်ရတနာစွမ်းရည် အထိ အဆင့်မြှင့်နိုင်ခြင်းမှာ ကြီးမားသော အံ့အားသင့်စရာ ဖြစ်သည်။
ပုန်းတမ်းကစားခြင်းမှသည် လျှို့ဝှက်ခြေလှမ်း၊ ကိုယ်ယောင်ဖျောက်အတတ် နှင့် အချိန်မြစ်အတွင်း အစအနဖျောက်ခြင်း အထိ အဆင့်မြှင့်တင်နိုင်ခြင်းမှာလည်း ကြီးမားသော အံ့အားသင့်စရာပင်။
ရွှီရန်သည် အရာအားလုံးကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။
ဘဝ၏ နေ့စဉ်လုပ်ဆောင်ချက်များစွာသည် မှော်ဆန်သော ကျွမ်းကျင်မှုများကို ပွင့်စေနိုင်သည်ဟု ဆိုလိုခြင်းပင်။ ထိုသို့သာဆိုလျှင် သူသည် မည်သူကမျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးသည် သူ၏ရှေ့မှောက်တွင် ပိုမိုကျယ်ပြောလာခဲ့၏။
တစ်ရက်တည်းမှာတင် ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကျွမ်းကျင်မှုနှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ။ အဲဒီတုန်းက နတ်သားတစ်မျှ ရုပ်သွင်ကို ရွေးချယ်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီလောက် စွမ်းအားကြီးတဲ့ စနစ်ရဲ့ရှေ့မှာ ပြန်ပေးဆွဲခံရမယ့် အန္တရာယ်နှစ်ခုဆိုတာ စာမေးပွဲငယ်လေးတွေလိုပါပဲ။
ငါသာ ကိုယ်ပိုင်စည်းကမ်းနဲ့ ကြိုးစားနေသရွေ့ အဲဒီကိစ္စတွေကို အလွယ်တကူ ကိုင်တွယ်နိုင်မှာ အသေအချာပဲ။
ဒါပေမဲ့ ငါ ပေါ့ပေါ့တန်တန်တော့ မနေသင့်ဘူး။
ဤကမ္ဘာကြီး၏ အန္တရာယ်အဆင့်မှာ အမှန်တကယ်ပင် မြင့်မားလွန်းလှပေသည်။
သူသည် ရန်ငြိုးဖွဲ့နတ်ဘုရားဆိုသည်မှာ ဘယ်အရာဖြစ်သည်ကို မသိသော်လည်း နတ်ဘုရား ဟူသော စကားလုံး ပါဝင်နေခြင်းကပင် ရင်ဆိုင်ရရန် မလွယ်ကူကြောင်း ပြသနေသည်။
ထို့အပြင် ကျင့်စဉ်စနစ်များ ရှိနေသော ဤကမ္ဘာတွင် ပြန်ပေးဆွဲသူ လူကုန်ကူးသူများမှာလည်း ထိုက်သင့်သော ကိုယ်ခံပညာ စွမ်းအားများကို ပိုင်ဆိုင်ထားကြပေလိမ့်မည်။
အကယ်၍ သဋတို့မှာ ကိုယ်ခံပညာ၌ ကျွမ်းကျင်ရုံတင်မကဘဲ အဖွဲ့အစည်းနှင့်ပါ လှုပ်ရှားနေကြရင်ကော……
ကလေးငယ်တစ်ဦး၏ အိမ်မြှောင် နံရံကပ်အတတ် နှင့် လျှို့ဝှက်ခြေလှမ်း ကလေးမျှဖြင့် ရာဇဝတ်ဂိုဏ်းကြီးတစ်ခု၏ လက်မှ လုံခြုံစွာ ထွက်ပြေးနိုင်ပါ့မလား။
ဖြစ်နိုင်ခြေ အလွန်နည်းပါးလှပေသည်။
ဒါကြောင့် ငါ ပိုပြီး ကြိုးစားရမယ်။ စည်းကမ်းရှိရမယ်။ ကျွမ်းကျင်မှုတွေ ပိုပြီး ဖော်ထုတ်ရမယ်။ အရာအားလုံးအတွက် အပြည့်အဝ ပြင်ဆင်ထားရမယ်။
ငါက ကံကောင်းလို့ လွတ်မြောက်သွားတာမျိုးကို မလိုချင်ဘူး။ အဲဒီလူကုန်ကူးသူတွေကို ငါကိုယ်တိုင် တစ်ဦးတည်းနဲ့ အပြတ်အသတ် နှိမ်နင်းပစ်ချင်တာ။
ကျွမ်းကျင်မှုအမှတ်တွေကို အားသွန်ခွန်စိုက် စုဆောင်းနိုင်မယ့် စနစ်မျိုးရှိနေမှတော့ အရှိန်အဟုန်နဲ့ တိုးတက်အောင်လုပ်ပြီး ရန်သူတွေကို အပြတ်အသတ် မချေမှုန်းနိုင်ဘူးဆိုရင် ဒါဟာ တကယ့်ကို နှမြောစရာပဲ။
အပြတ်အသတ် ချေမှုန်းနိုင်ခြင်းကသာလျှင် စစ်မှန်တဲ့ လမ်းစဉ်ပဲ။
ရွှီရန်၏ စူးရှနက်မှောင်သော မျက်ဝန်းအစုံမှာ ထူးခြားသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။
[လက်ရှိ ပုန်းတမ်းကစားခြင်း တိုးတက်မှု ၂ / ၁၀၀၀၀...]
[လက်ရှိ ပုန်းတမ်းကစားခြင်း တိုးတက်မှု ၃ / ၁၀၀၀၀...]
[လက်ရှိ ပုန်းတမ်းကစားခြင်း တိုးတက်မှု ၄ / ၁၀၀၀၀...]
ဒီအတိုင်း ဆက်ပြီး ပုန်းနေမယ်။ တစ်နေ့ကို တိုးတက်မှုအမှတ် ၁၀၀ ပြည့်အောင် လုပ်မယ်... ဒါဆိုရင် ရက်ပေါင်း ၁၀၀ အတွင်းမှာ လျှို့ဝှက်ခြေလှမ်း ကို ရနိုင်ပြီ။
စနစ်၏ စည်းမျဉ်းများကို ကောင်းစွာ နားလည်ထားပြီးဖြစ်ရာ လျှို့ဝှက်ခြေလှမ်းကို ရရှိရန် ရက်ပေါင်း ၁၀၀ ခန့် အချိန်ယူရမည်ကို ရွှီရန် သိရှိပြီးဖြစ်သည်။
သို့ရာတွင် ယခုအခါ သူ့ထံ၌ အိမ်မြှောင် နံရံကပ်အတတ် ရှိနေပြီး အမြန်ပြေးခြင်း အပြင် ပုန်းတမ်းကစားခြင်းလည်း ရှိနေပြီဖြစ်ရာ အချိန်ဖြုန်းတီးမိမှာကို စိုးရိမ်စရာ မလိုတော့ပေ။
နေ့စဉ်နေ့တိုင်း ဤကျွမ်းကျင်မှုတစ်ခုကို အလှည့်ကျ လေ့ကျင့်နေရုံသာ ဖြစ်သဖြင့် အချိန်ကုန်မည်ကို မပူရတော့ချေ။
ဒါတင်မကသေးဘူး။ ကလေးတွေနဲ့ ကစားတာက တိုးတက်မှုအမှတ်တွေကို အလွယ်တကူ မြင့်တက်စေတာပဲ ဒါထက် လွယ်တာ ဘာရှိဦးမှာလဲ။
ရွှီရန်သည် နွေးထွေးစွာ ပြုံးလိုက်မိသည်။
[လက်ရှိ ပုန်းတမ်းကစားခြင်း ကျွမ်းကျင်မှု တိုးတက်မှု ၅ / ၁၀၀၀၀...]
သူသည် ဆက်လက်၍ ပုန်းကွယ်နေဆဲပင်။
ကျားသစ်မလေးမှာ အသက် ၈ လသားအရွယ် မြေပဲစေ့ခန့်သာရှိသော ကလေးငယ်တစ်ဦးဖြစ်ပြီး ဉာဏ်ရည်မှာလည်း အကန့်အသတ်ရှိသဖြင့် ရွှီရန် ပုန်းနေသည့်နေရာကို ရှာမတွေ့နိုင်ရှာပေ။
သူမသည် လမ်းလျှောက်တတ်စ အရူးလေးတစ်ယောက်မျှသာ မဟုတ်ပါလား။
မိမိကိုယ်မိမိ ယုံကြည်မှုလည်း အားနည်းပြီး ကြောက်စိတ်လည်း ရှိနေသဖြင့် သူမသည် ခြေလှမ်းငါးလှမ်း၊ ခြောက်လှမ်းခန့်သာ လျှောက်နိုင်ပြီးနောက် မိခင်ဖြစ်သူထံသို့သာ မှောက်ရက်ပြန်သွားတတ်လေသည်။
ရွှီရန်အဖို့ ကလေးငယ်တစ်ဦးကို ဤသို့ အနိုင်ကျင့် ရခြင်းမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှပေသည်
ကျားသစ်မလေးမှာ ရှာမတွေ့သဖြင့် စိတ်လောကာ မျက်ရည်ဝဲလာသည့် အခါတိုင်း သူ၏ မိခင်လင်းချန်းက သူ့ကို ပုန်းနေသည့်နေရာမှ ဆွဲထုတ်ကာ ကျန်းလျိုလီ၏ ရှေ့သို့ ချပေးလိုက်ပြီး သူမ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ပေးတတ်သည်။
သို့သော် ရွှီရန်မှာမူ ကျားသစ်မလေး၏ အမြင်အာရုံမှ ကွယ်ပျောက်သွားအောင် ပါးနပ်စွာ အမြဲတစေ ရှောင်ဖယ်နိုင်ခဲ့သဖြင့် သူမမှာ စိတ်တိုကာ ကျန်ရစ်ခဲ့ရစမြဲပင်။
တိုးတက်မှုအမှတ် +၁...
တိုးတက်မှုအမှတ် +၁...
တိုးတက်မှုအမှတ် +၁...
တိုးတက်မှုအမှတ် +၁...
နေ့တစ်နေ့၏ ကုန်ဆုံးချိန်သို့ ရောက်သောအခါ။
အိမ်ပြန်၍ စားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့အပြင် ပုန်းတမ်းကစားခြင်းနှင့် အမြန်ပြေးခြင်း တို့၏ နေ့စဉ် တိုးတက်မှုအမှတ်မှာ သတ်မှတ်ချက်ဖြစ်သော ၁၀၀ အထိ အပြည့်အဝ ရရှိသွားခဲ့သည်။
ယနေ့အတွက် သတ်မှတ်ထားသော တာဝန်များ အောင်မြင်စွာ ပြီးဆုံးသွား၏။
...
“ကိုကို့ကို တာ့တာပြလိုက်ဦးလေ”
“ညီမလေးကို တာ့တာပြလိုက်ဦး သားလေး”
ရွှီရန်၏ မိခင်သည် သူ၏ လက်ကလေးကို ကိုင်လျက် ကျားသစ်မလေးနှင့် သူမ၏ မိခင်ကို နှုတ်ဆက်ခိုင်းနေတော့သည်။
ကျန်းလျိုလီ၏ ဝိုင်းစက်သော မျက်ဝန်းအစုံမှာ ရွှီရန်ကို ကြည့်ရင်း တောက်ပနေပြီး ရုတ်တရက် သူမ၏ ပါးစပ်ကလေးကို ဟလျက် ပေါက်စန နို့သွားလေးများကို ထုတ်ပြကာ နဂိုအတိုင်းပင် ကျားသစ်ကလေးတစ်ကောင်အလား တဟီးဟီး ရယ်မောပြနေပြန်သည်။
ရွှီရန်မှာမူ မိခင်၏ ပခုံးပေါ်တွင် မှီတွယ်လျက် လက်ကလေးကို အသာအယာ ဝှေ့ယမ်းပြပြီးနောက် ခေါင်းကို အနည်းငယ် လွှဲလိုက်လေသည်။
သို့သော်လည်း သူ ခေါင်းအလွှဲတွင် ကျားသစ်မလေး၏ ရင်ဘတ်ဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်ချည်းပင် ထွက်ပေါ်လာခဲ့၏။
ရွှီရန်မှာ တောင့်ခဲသွားပြီး….
အဲဒါ ဘာလဲ ရွှေအဆင့် ဒဏ္ဍာရီလာတစ်ခုလား။
သူသည် ထူးဆန်းသည်ဟု တွေးတောမိကာ ထိုနေရာကို ထပ်မံစိုက်ကြည့်လိုက်သည်။ သို့ရာတွင် ရွှီရန်က အာရုံစိုက်၍ ကြည့်လိုက်သည့်အခါ ထိုရွှေရောင်အလင်းတန်းမှာ ကျားသစ်မလေး၏ ရင်ဘတ်အတွင်းသို့ လျင်မြန်စွာ ပြန်လည်စုစည်းသွားပြီး မူလကတည်းက မရှိခဲ့သကဲ့သို့ပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ငါ အမြင်မှားတာလား။
မဟုတ်ဘူး... ဒါက စိတ်ကူးယဉ် အမြင်မှားတာမျိုး မဟုတ်နိုင်ဘူး။
ကလေး အယောက်နှစ်ဆယ်ကျော်ထဲမှာ ကျားသစ်မလေး တစ်ယောက်ပဲ ထူးထူးခြားခြား ဖြစ်နေတာ။ သူမက ခွန်အားလည်း သိပ်ကြီးတယ်။
ပြီးတော့ ခုနစ်လသားအရွယ်နဲ့တင် စိတ်တိုတိုနဲ့ လမ်းလျှောက်တတ်သွားတာဆိုတော့ သူမဟာ တကယ့်ကို ပါရမီထူးတဲ့သူ ဖြစ်ရမယ်။
ရွှီရန်သည် ထိုအချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်လေသည်။
...
“အိမ်ပြန်ရောက်ပြီ... အိမ်ပြန်ရောက်ပြီ။ သားလေး ဒီနေ့ ပျော်ခဲ့ရဲ့လား”
“ပျော်တယ်ဆိုရင် ခေါင်းလေး ငြိတ်ပြပါဦး”
လင်းချန်းသည် ရွှီရန်၏ ပါးလေးကို ပွတ်သပ်ရင်း အလေးအနက် မေးမြန်းနေတော့သည်။
ရွှီရန်သည် သူ၏ ခေါင်းလုံးလုံးလေးကို ငြိတ်ပြလိုက်၏။
“ဝါး... ဟုတ်လို့လား သားလေးက မေမေပြောတာတွေ အကုန်နားလည်နေတာလား”
လင်းချန်းမှာ အံ့ဩလွန်းသဖြင့် အမူအရာများပင် ပိုသွားတော့သည်။
“လာပါဦး... မေမေ သားလေးအတွက် နို့မှုန့်ဖျော်ပေးမယ်နော်”
သူမသည် တံခါးများကို သေသေချာချာ ပိတ်ဆို့ပြီးနောက် ရွှီရန်ကို ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် တင်ထားခဲ့ကာ အစားအစာ ပြင်ဆင်ရန် အလုပ်ရှုပ်နေတော့သည်။
စားသောက်ပြီးနောက်တွင်မူ ရွှီရန်မှာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့၏။
ည ၉ နာရီအချိန်။
တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် စူးရှတောက်ပသော မျက်ဝန်းအစုံမှာ ပွင့်လာခဲ့သည်။
၉၀ စင်တီမီတာ အရပ်ရှိသော အရိပ်ကလေးတစ်ခုသည် ကလေးခုတင်ပေါ်မှ အသာအယာ ခုန်ဆင်းလိုက်ပြီး မျက်နှာကျက်ပေါ်၌ တိတ်ဆိတ်စွာ မှောက်ရက်သွားလျက် လေ့ကျင့်နေတော့သည်။
[သင်သည် အိမ်မြှောင် နံရံကပ်အတတ် ကို ကြိုးစားအားထုတ်စွာ လေ့ကျင့်ခဲ့သဖြင့် တိုးတက်မှုအမှတ် +၁၀၀ ရရှိပါသည်။ လက်ရှိ တိုးတက်မှု ၂၀၀ / ၁၀၀၀၀...]
[လက်ရှိ အမြန်ပြေးခြင်း တိုးတက်မှု ၁၀၀ / ၁၀၀၀၀...]
[လက်ရှိ ပုန်းတမ်းကစားခြင်း တိုးတက်မှု ၁၀၀ / ၁၀၀၀၀...]
[လက်ရှိ သွေးစွမ်းအင် ၂၀၁ / ၁၀၀၀...]
ပြီးပြည့်စုံတယ်...
နောက်ထပ် ရက်ပေါင်း ၁၀၀ ကြာရင်တော့ ငါဟာ အောင်မြင်မှု အသီးအပွင့်တွေကို ခူးဆွတ်နိုင်တော့မှာပဲ......