← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

ရွှီရန်၏ ပြင်းပြသော စိတ်ဝင်စားမှုကို မြင်သောအခါ မိခင်ဖြစ်သူသည် သူ့ကို စက္ကူခေါက်သည့် ခုံတန်းဆီသို့ ချက်ချင်းတွန်းသွားတော့သည်။

အခြားမိခင်အချို့မှာလည်း ခုံတန်းဘေးတွင် ရပ်နေကြပြီး သူတို့၏ ကလေးများကို စက္ကူခေါက်သည့် ပျော်ရွှင်မှုနှင့် ထိတွေ့စေကြ၏။ ဆိုင်ရှင်ဖြစ်သူကလည်း ကလေးများ၏ လက်ကလေးများကို ကိုင်လျက် စိတ်ရှည်လက်ရှည် သင်ကြားပေးနေရှာသည်။

ကလေးငယ်တစ်စုမှာမူ အာရုံစိုက်ရန် အလွန်ငယ်လွန်းလှသဖြင့် တတွတ်တွတ် အော်ဟစ်နေကြသူက အော်၊ စက္ကူများကို ပါးစပ်ထဲ ထည့်ရန် ကြိုးစားသူက ကြိုးစားဖြင့် အလုပ်ရှုပ်နေကြ၏။ ကျန်းလျိုလီမှာမူ စက္ကူများကို အပိုင်းပိုင်းဆွဲဖြဲပစ်ကာ အားရပါးရ ရယ်မောနေလေသည်။

ရွှီရန်တစ်ဦးတည်းသာလျှင် အပြည့်အဝ အာရုံစိုက်လျက် ဆိုင်ရှင်သင်ကြားပေးသမျှကို တစ်ဆင့်ချင်း လေ့လာနေတော့သည်။

ရွှီရန်၏ ထူးခြားသော တည်ငြိမ်မှုကို မြင်ရသဖြင့် ဆိုင်ရှင်သည် အသေးစိတ်

အချက်အလက်အားလုံးကို သင်ကြားပေးလိုက်ပြီးနောက် “ကလေးက အသက်ဘယ်လောက်ရှိပြီလဲရှင်” ဟု မေးလိုက်၏။

“တစ်နှစ်နဲ့ တစ်လရှိပါပြီ”

ဆိုင်ရှင်မှာ အံ့အားသင့်သွားပြီး “တစ်နှစ်နဲ့ တစ်လပဲ ရှိသေးတာကို ဒီလောက် အရပ်ရှည်တာလား။ ဉာဏ်လည်းကောင်း၊ အာရုံစိုက်မှုလည်း အားကောင်းလိုက်တာ။ ကျွန်မတော့ အသက်သုံးလေးနှစ်လောက် ရှိပြီ ထင်နေတာ”

သူမမှာ တကယ့်ကို အံ့ဩမဆုံး ဖြစ်နေရသည်။ ရွှီရန်ကို ကြည့်ရင်း ပါရမီရှင်တစ်ဦးကို မြင်တွေ့နေရသကဲ့သို့ သူမ ခံစားနေရ၏။

ထိုအခိုက်အတန့်၌ ရွှီရန်သည် အလွန်အမင်း အာရုံစူးစိုက်ထားပြီး သူ၏ လက်ကလေးများဖြင့် စက္ကူတစ်ချပ်ကို ခေါက်နေသည်။ မကြာမီမှာပင် ပြီးပြည့်စုံသော စက္ကူလိပ်ပြာလေးတစ်ကောင်သည် သူ၏ လက်ကလေးများထဲ၌ ပေါ်ထွက်လာတော့သည်။

ဆိုင်ရှင် : “...ဒါက မွေးရာပါ စက္ကူခေါက် ပါရမီရှင်လား”

အသက်တစ်နှစ်နှင့် တစ်လသားအရွယ် ကလေးငယ်တစ်ဦးက သုံးလေးနှစ်သားများပင် မလုပ်နိုင်သည့် လိပ်ပြာလေးတစ်ကောင်ကို ခေါက်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

လင်းချန်းမှာလည်း ထိတ်လန့်အံ့ဩသွားပြီး “ဝါး... အံ့ဩစရာပဲ တကယ့်ကို ပါရမီရှင်လေးပဲ” ဟု ရေရွတ်လိုက်မိသည်။

အခြားမိခင်များမှာလည်း မယုံနိုင်အောင် ဖြစ်နေကြ၏။

“တကယ့်ကို ထူးချွန်တဲ့ ကလေးပဲ”

“ရွှီရန်မေမေရေ... နောင်တစ်ချိန်မှာတော့ ရှင့်အတွက် ကံကောင်းခြင်းတွေ ရောက်လာတော့မှာပဲ။ ချမ်းသာလာရင် ကျွန်မတို့ကို မမေ့နဲ့ဦးနော်”

မိခင်များသည် ရွှီရန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်ရင်း တတွတ်တွတ် ပြောဆိုနေကြတော့သည်။

ရွှီရန်သည် တောက်ပစွာ ပြုံးလိုက်၏။ သူသည် အပြင်ပန်း ချီးမွမ်းမှုများကို ဂရုမစိုက်ပေ။ သူ တစ်ခုတည်းကိုသာ အာရုံစိုက်နေမိသည်။

စက္ကူခေါက်တာက ငါ့ရဲ့ သတ္တမမြောက် ကျွမ်းကျင်မှုအသစ်ကို ပွင့်စေမလား။

သူသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေစဉ်မှာပင်... ကံကောင်းထောက်မစွာဖြင့် နောက်တစ်စက္ကန့်၌ စိတ်ထဲတွင် အသိပေးချက်အသံ ထွက်ပေါ်လာခဲ့သည်။

[ဂုဏ်ယူပါသည် သင်သည် စက္ကူခေါက်အတတ်ကို သင်ယူခဲ့သဖြင့် သာမန်စက္ကူဟူသော ကျွမ်းကျင်မှုအသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ စက္ကူခေါက်ခြင်းကို ကြိုးစားအားထုတ်ပါက တိုးတက်မှုအမှတ်များ မြင့်တက်လာမည်... အဆင့်ဆင့်ကူးပြောင်းခြင်း သာမန်စက္ကူ၊ စက္ကူဝိညာဉ် ဆက်သွယ်ခြင်း၊ စက္ကူဝိညာဉ် ချည်နှောင်ခြင်း...]

[လက်ရှိ သာမန်စက္ကူတိုးတက်မှု ၁ / ၁၀၀၀၀...]

ရွှီရန်သည် အနည်းငယ် မိန်းမောသွားပြီး စက္ကူဝိညာဉ် ဆက်သွယ်ခြင်း၏ အသေးစိတ် အချက်အလက်များကို လိုက်လံကြည့်ရှုနေမိသည်။

[စက္ကူဝိညာဉ် ဆက်သွယ်ခြင်းသည် စက္ကူများအတွင်းသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းနိုင်ပြီး ၎င်းတို့ကို လင်းနို့များ၊ စစ်သည်တော်များအဖြစ် ပြောင်းလဲကာ သင့်အတွက် ထောက်လှမ်းခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများကို ပြုလုပ်စေနိုင်သည်။ ၎င်းတို့မှာ ဖုန်မှုန့်အဖြစ် မပျက်စီးမချင်း သင့်အတွက် အသစ္စာရှိဆုံးသော လက်နက်များ ဖြစ်နေပေလိမ့်မည်။

သင်သည် စက္ကူပေါ်တွင် သွေးဖြင့် အမှတ်အသားပြုရုံမျှဖြင့် မိမိ၏ ကိုယ်ပွားတစ်ခုအဖြစ် အသုံးချနိုင်ပြီး နတ်ဘုရားများကိုပင် လှည့်ဖြားနိုင်ပေလိမ့်မည်။ ထို့ပြင် ထိုစက္ကူသည် ဝိညာဉ်

စွမ်းအင်များကို ဝါးမြိုခြင်းဖြင့် ပိုမိုအစွမ်းထက်လာနိုင်၏]

...

သတ္တမမြောက် ကျွမ်းကျင်မှုသစ်ပဲ။ ဒါပေမဲ့ ဒီကျွမ်းကျင်မှုရဲ့ အဆင့်တက်မယ့် လမ်းကြောင်းကတော့ ဖော်ပြမထားဘူးလား။

စိတ်ဝင်စားဖို့ ကောင်းသားပဲ။၊

ရွှီရန်သည် မျက်မှောင်ကို အသာအယာ ကြုတ်လိုက်မိ၏။

စက္ကူဝိညာဉ် ဆက်သွယ်ခြင်းဆိုသည်မှာ အလွန်ဆန်းသစ်ပြီး ထူးခြားဆန်းပြားလှသော အစွမ်းတစ်ခု ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

စက္ကူကို လင်းနို့အဖြစ် ပြောင်းလဲလိုက်ပါက ဒရုန်းတစ်စင်းကဲ့သို့ ပတ်ဝန်းကျင်ကို ကင်းထောက်ရန် အသုံးပြုနိုင်သည်။

စက္ကူကို စစ်သည်တော်များအဖြစ် ပြောင်းလဲကာ မိမိကိုယ်စား တိုက်ခိုက်ခိုင်းနိုင်သည်။

၎င်းပေါ်တွင် သွေးဖြင့် အမှတ်အသားပြုပါက နတ်ဘုရားများကိုပင် လှည့်ဖြားနိုင်သည့် ကိုယ်ပွါးလက်နက်ဖြစ်လာပေလိမ့်မည်။

ထို့အပြင် ဝိညာဉ်စွမ်းအင်များကို ဝါးမြိုကာ အစွမ်းတိုးလာနိုင်သည်ဟူသော အချက်ကြောင့် ဤသည်မှာ ဧကန်မလွဲ နတ်ဘုရားအဆင့်ကျွမ်းကျင်မှုတစ်ခုပင်။

ရွှီ၏ လျှို့ဝှက်ဓားမြှောင်နဲ့ စက္ကူဝိညာဉ် ဆက်သွယ်ခြင်းက ငါ့ရဲ့ ပထမဦးစားပေး ကျွမ်းကျင်မှုသစ်တွေပဲ။ ဒီနှစ်ခုကို အရင်ဆုံး အမှတ်ပြည့်အောင်လုပ်နိုင်ရင် လူကုန်ကူးမယ့် အန္တရာယ်တွေကို ပိုပြီး စိတ်ချလက်ချ ရင်ဆိုင်နိုင်လိမ့်မယ်။၊

ရွှီရန်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတော့သည်။

“မေမေ... ဝယ်”

“မေမေ... ဝယ်”

သူသည် စက္ကူခေါက်သည့်ပစ္စည်းများကို ဝယ်ပေးရန် မိခင်ဖြစ်သူအား စကားသံဗလုံးဗထွေးဖြင့် ပူဆာလိုက်လေသည်။

“ကောင်းပြီ... ကောင်းပြီ။ သားလေးက ဒါကို ဝယ်ချင်တာလား ပြဿနာမရှိပါဘူး။ မေမေ အများကြီး ဝယ်ပေးမယ်နော်။ ဈေးလည်း သိပ်မကြီးပါဘူး”

မိခင်ဖြစ်သူသည် ဘေးဘက်ရှိ အွန်လိုင်းဈေးဝယ်အက်ပ်ကို ချက်ချင်းပင် စစ်ဆေးလိုက်၏။

မြားပစ်ကစားစရာက ငွေငါးဆယ်မျှသာရှိပြီး စက္ကူခေါက်သည့် စက္ကူများမှာမူ ပို၍ပင် ဈေးသက်သာနေသည်ကို သူမ တွေ့လိုက်ရသည်။ ငွေပြားအနည်းငယ်မျှဖြင့်ပင် စက္ကူချပ်ရေ ရာနှင့်ချီ၍ ရနိုင်သည် မဟုတ်ပါလော။

ငါ့သားလေးက ပိုက်ဆံချွေတာတတ်လိုက်တာ။

လင်းချန်းသည် ရွှီရန်၏ ပါးပြင်လေးကို နမ်းရှုပ်လိုက်မိသည်။ သူမ၏ လိမ္မာသော သားလေးမှာ မြင်သမျှအရာအားလုံးကို ဝယ်ခိုင်းတတ်သော အခြားကလေးများနှင့် မတူဘဲ အလွန်ဈေးသက်သာသော အရာများကိုသာ လိုချင်တတ်သည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။

မိခင်တစ်ဦးအနေဖြင့် သူမသည် ပျော်ရွှင်စွာပင် ပစ္စည်းများကို မှာယူလိုက်တော့သည်။

“သားလေး... တခြား ဘာလိုချင်သေးလဲ”

ရွှီရန်က ခေါင်းခါပြလိုက်၏။ သူသည် အလွန်ကျေနပ်နေပြီဖြစ်ရာ တွန်းလှည်းပေါ်တွင် ထိုင်လျက်ပင် စာအုပ်ကို တည်ငြိမ်စွာ ဆက်လက်ဖတ်ရှုနေတော့သည်။

ထို့နောက်တွင်မူ အခြားမိခင်များသည်လည်း ကလေးများကို လျှောစီးခြင်း၊ ရေပြွတ်သေနတ်ဖြင့် ကစားခြင်းနှင့် ဘမ်ပါကားစီးခြင်း စသည့် နေရာများသို့ ခေါ်ဆောင်သွားကြသော်လည်း ထိုကစားနည်းများမှာမူ ထင်ထားသည့်အတိုင်းပင် မည်သည့်စွမ်းရည်သစ်ကိုမျှ ပွင့်စေခြင်း မရှိခဲ့ပေ။

အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် မွန်းလွဲ ၃ နာရီ ရှိနေပြီဖြစ်သည်။

ရွှီရန်သည် အစားကောင်းကောင်းစားကာ နှစ်ခြိုက်စွာ အိပ်စက်လိုက်၏။

နောက်ထပ် နှစ်ရက်တာ ကာလအတွင်း ရွှီရန်သည် သူမှာယူထားသော မြားပစ်ကစားစရာနှင့် စက္ကူခေါက်ပစ္စည်းများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

စောင့်ဆိုင်းနေစဉ်အတွင်းမှာပင် သူသည် တစ်နေ့လျှင် တစ်နာရီ၊ နှစ်နာရီခန့် ကိုယ်ပိုင်စည်းကမ်းဖြင့် ကျင့်စဉ်များကို ရံဖန်ရံခါ လေ့ကျင့်ဖြစ်ခဲ့လေသည်။

[အိမ်မြှောင် နံရံကပ်အတတ် ၊အခြေခံအဆင့် - ၅၀ / ၁၀၀၀၀...]

[လျှို့ဝှက်ခြေလှမ်း ၊စတင်တတ်မြောက်မှုအဆင့် - ၁၀၀ / ၁၀၀၀၀...]

[မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ် ၊စတင်တတ်မြောက်မှုအဆင့် - ၁၀၀ / ၁၀၀၀၀...]

[စာအုပ်ပေါင်းသောင်းခြောက်ထောင် ဖတ်ရှုခြင်း - ၀ / ၁၀၀၀၀...]

[တိရစ္ဆာန်အစာကျွေးခြင်း - ၃ / ၁၀၀၀၀...]

[ပစ်ခတ်ခြင်း ကျွမ်းကျင်မှု - ၁ / ၁၀၀၀၀...]

[သာမန်စက္ကူ - ၂ / ၁၀၀၀၀...]

[သွေးစွမ်းအင် - ၃၀၂ / ၁၀၀၀...]

နှစ်ရက်တာ ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယနေ့သည် သူ မွေးဖွားပြီးနောက် ၄၀၀ ရက်မြောက်နေ့ ဖြစ်၏။

အွန်လိုင်းမှ မှာယူထားသော စက္ကူများနှင့် မြားပစ်ကစားစရာများ ရောက်ရှိလာသဖြင့် ရွှီရန်သည် ပစ်မှတ်ကို ပစ်ခတ်ခြင်းနှင့် စက္ကူခေါက်ခြင်းတို့ကို အားသွန်ခွန်စိုက် စတင်လေ့ကျင့်တော့သည်။

နေ့ခင်းဘက်တွင်မူ သူသည် ကျန်းလျိုလီနှင့်အတူ ဆော့ကစားပေးရခြင်း သို့မဟုတ် လူလုပ်ရေကန်ဘေးတွင် လမ်းလျှောက်ပေးရခြင်းတို့ကို ပြုလုပ်ပေးရဆဲပင်။

ထို့ကြောင့် ကျင့်ကြံရန် အချိန်မှာ အလွန်အမင်း ပေါများလှသည်တော့ မဟုတ်ပေ။

သို့သော်လည်း သူသည် နေ့စဉ် သာမန်စက္ကူနှင့် ပစ်ခတ်ခြင်း ကျွမ်းကျင်မှုတို့အတွက် သတ်မှတ်ထားသော တိုးတက်မှုအမှတ် ၁၀၀ စီကို မရရအောင် ဖြည့်ဆည်းခဲ့သည်။

အားလပ်ချိန် ပိုရသည့် အခါများတွင်မူ လျှို့ဝှက်ခြေလှမ်းနှင့် မြက်ခင်းပေါ်ပျံ ကိုယ်ဖော့အတတ်တို့ကိုပါ ပူးတွဲလေ့ကျင့်လေသည်။

...

ပြင်းထန်လှသော ကျင့်ကြံခြင်းလမ်းစဉ်တွင် အချိန်တို့မှာ ကုန်လွန်မှန်းမသိ ကုန်လွန်သွားခဲ့ရာ နောက်ထပ် ရက်ပေါင်း ၁၀၀ ပင် တိုင်ခဲ့လေပြီ။

မွေးဖွားပြီးနောက် ၅၀၀ ရက်မြောက်နေ့။

ရက်ပေါင်း ၁၀၀ တိုင်တိုင် မနားမနေ ကြိုးစားအားထုတ်ခဲ့မှု၏ ရလဒ်များကို ရိတ်သိမ်းရမည့်

အချိန်မှာ တိတ်တဆိတ် ဆိုက်ရောက်လာခဲ့ချေပြီ။

[လက်ရှိ ပစ်ခတ်ခြင်း ကျွမ်းကျင်မှုတိုးတက်မှု ၁၀၀၀၀ / ၁၀၀၀၀... အမှတ်ပြည့်မီသွားပြီဖြစ်

သဖြင့် ရွှီ၏ လျှို့ဝှက်ဓားမြှောင်၊စတင်တတ်မြောက်မှုအဆင့်သို့ အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပါပြီ...]

[လက်ရှိ သာမန်စက္ကူတိုးတက်မှု ၁၀၀၀၀ / ၁၀၀၀၀... အမှတ်ပြည့်မီသွားပြီဖြစ်သဖြင့် စက္ကူဝိညာဉ် ဆက်သွယ်ခြင်း၊စတင်တတ်မြောက်မှုအဆင့်သို့ အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပါပြီ...]

[လက်ရှိ သွေးစွမ်းအင် ၄၀၄ အမှတ်...]

စိတ်ထဲတွင် ပဲ့တင်ထပ်လာသော အသိပေးချက် အသံကို ကြားလိုက်ရသည့်အခါ ရွှီရန်သည် သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်မိတော့သည်။

နှစ်လတာ ကာလပတ်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့မှု၏ ရလဒ်ကောင်းများကို နောက်ဆုံးတွင် လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့လေပြီ။

ရှောင်တိမ်းရန် ခဲယဉ်းပြီး ပစ်မှတ်ကို ဘယ်သောအခါမျှ လွဲချော်ခြင်းမရှိသည့် ရွှီ၏ လျှို့ဝှက်ဓားမြှောင်အတတ်မှာ ယခုအခါ သူ၏ လက်ဝယ်သို့ ဆိုက်ရောက်လာခဲ့ချေပြီ။

ရွှီရန်သည် သူ၏ လက်ချောင်းလေးများကို အသုံးပြု၍ ဆန်းကြယ်သော လက်ကွက်အမူအရာများကို ဖော်ပြလိုက်သည်။

လျှို့ဝှက်ဓားမြှောင်ရဲ့ စွမ်းအားကို တကယ် စမ်းသပ်ကြည့်ချင်တာပဲ။ ဒါပေမဲ့ အိမ်ထဲမှာ စမ်းသပ်လိုက်လို့ မတော်တဆ တစ်ခုခုဖြစ်သွားရင် ပျက်စီးမှုတွေ အများကြီး ရှိလာနိုင်တယ်။ အဲဒါထက် ပိုအရေးကြီးတာက အမေ့ကို ထိတ်လန့်သွားစေနိုင်တာပဲ။ အဲဒီတော့ မလုပ်တာ အကောင်းဆုံးပဲ။

ထို့ကြောင့် သူသည် လျှို့ဝှက်ချက်အဖြစ်သာ ဆက်လက် သိမ်းဆည်းထားလိုက်တော့သည်။

ထို့နောက် ရွှီရန်သည် စက္ကူတစ်ချပ်ကို ကောက်ယူကာ လင်းနို့ပုံစံ ခေါက်လိုက်ပြီးနောက် အသာအယာ လွှတ်တင်လိုက်၏။

စက္ကူလင်းနို့သည် ဧည့်ခန်းအတွင်း၌ တကယ့်လင်းနို့တစ်ကောင်ကဲ့သို့ပင် လျင်မြန်ဖြတ်လတ်စွာ ပျံသန်းနေတော့သည်။ ရွှီရန်သည် စိတ်အာရုံကို အသုံးပြုရုံမျှဖြင့် ထိုလင်းနို့၏ မြင်ကွင်းကိုပင် လိုက်ပါကြည့်ရှုနိုင်ပေသည်။

၎င်းသည် ဧည့်ခန်းအတွင်းမှ တိတ်တဆိတ် ပျံသန်းထွက်ခွာသွားပြီး မီးဖိုချောင်တံခါးဝ၌ ချောင်းကြည့်နေ၏။

မိခင်ဖြစ်သူမှာ ငရုတ်သီးစိမ်းနှင့် ဝက်သားအမျှင်ကြော်ကို ချက်ပြုတ်နေပြီး မွှေးကြိုင်လှသော ရနံ့များမှာ တစ်အိမ်လုံး ပျံ့နှံ့နေတော့သည်။ မီးဖိုချောင်မှ လေစုပ်စက်သံမှာလည်း တဝီဝီ မြည်ဟည်းနေ၏။

စက္ကူလင်းနို့၏ မြင်ကွင်းမှာ လူသားတစ်ဦး၏ မျက်စိကဲ့သို့ပင် အရာရာကို ပြတ်သားစွာ မြင်တွေ့နေရသည်။ ရွှီရန်သည် ထိုရလဒ်အပေါ် အလွန်ကျေနပ်သွားလေသည်။

စက္ကူဝိညာဉ် ဆက်သွယ်ခြင်းရဲ့ အစဦးအဆင့်မှာ သူတို့က ငါ့ရဲ့ ပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်တယ်။ ဒါပေမဲ့ မီတာ ၁၀၀ ထက် ကျော်သွားရင်တော့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပျောက်ဆုံးသွားပြီး အချက်အလက် ထောက်လှမ်းတဲ့ မြင်ကွင်းအဖြစ်ပဲ အသုံးဝင်တော့မယ်။

မီတာ ၅၀၀ ထက် ကျော်လွန်သွားရင်တော့ သူတို့ရဲ့ လှုပ်ရှားမှုတွေ နှေးကွေးသွားလိမ့်မယ်။ ဒါပေမဲ့ စက္ကူသာ မပျက်စီးသရွေ့ ငါ မီတာ ၅၀၀ အကွာအဝေးအတွင်း ရှိနေရင် သူတို့ရဲ့ တည်ရှိမှုကို ငါ ခံစားသိရှိနိုင်တယ်။ ဒါက အမှတ်အသား တစ်ခု ချန်ထားခဲ့သလိုမျိုးပဲ။၊

တိုက်ခိုက်ရေးစွမ်းရည်ပိုင်းအရဆိုရင်... ငါ့ရဲ့ ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းမှာ ရှိနေတဲ့ စက္ကူဝိညာဉ်တွေဟာ ငါ့ရဲ့ သွေးစွမ်းအင်ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်။ အခုဆိုရင် စက္ကူသတ္တဝါလေးတွေမှာ သွေးစွမ်းအင် အမှတ် ၂၀၀ စီ ရှိနေတာပေါ့။ ဒါက သာမန်လူကြီး အယောက် ၂၀ ရဲ့ အင်အားနဲ့ ညီမျှတယ်။ ပြီးတော့ ငါက စက္ကူဝိညာဉ် ၂၀ ကို တစ်ပြိုင်နက်

တည်း ထိန်းချုပ်နိုင်တယ်ဆိုတော့... ငါ့မှာ စက္ကူစစ်သည်တော် ဂိုဏ်းတစ်ခု ရှိနေသလိုပဲ။၊

အားနည်းချက်တစ်ခုပဲ ရှိတာက သာမန်စက္ကူတွေဟာ မီးနဲ့ ရေကို ကြောက်တာပဲ။

ဒါပေမဲ့ ဒါကို ကျော်လွှားဖို့ နည်းလမ်းရှိပါတယ်။ နေ့တိုင်း သွေးတစ်စက်နဲ့ သူတို့ကို လေ့ကျင့်ပေးရမယ်။ ဆယ်ရက်လောက် ဆက်တိုက်လုပ်ပေးရင်တော့ စက္ကူတွေရဲ့ မီးဒဏ်၊ ရေဒဏ် ခံနိုင်ရည်တွေ တိုးလာမယ့်အပြင် ရုပ်ပိုင်းဆိုင်ရာ ခုခံမှု၊ ထက်မြက်မှုနဲ့ အရှိန်အဟုန်တွေပါ ပိုမိုမြင့်မားလာလိမ့်မယ်။၊

ရွှီရန်သည် တစ်ဦးတည်း ရေရွတ်ရင်း ဝိညာဉ်စက္ကူသတ္တဝါ ၁၀ ကောင်ကို အလေးအနက် ခေါက်လိုက်တော့သည်။ ထိုအထဲတွင် ကင်းထောက်ရန်အတွက် အမြန်နှုန်းမြင့် လင်းနို့နှစ်ကောင်၊ ချောင်းမြောင်းတိုက်ခိုက်ရန် ပုစဉ်းရင်ကွဲနှစ်ကောင်၊ သံချပ်ကာဝတ် စစ်သည်တော်လေးကောင်နှင့် မိမိကိုယ်စား အသုံးချမည့် ကိုယ်ပွါးကလေးငယ်နှစ်ကောင်တို့ ပါဝင်သည်။

ထို့နောက် သူသည် ၎င်းတို့အပေါ်သို့ လတ်ဆတ်သော သွေးတစ်စက်စီ ချလိုက်၏။

သွေးစက်များသည် စက္ကူအတွင်းသို့ စိမ့်ဝင်သွားပြီး ဆန်းကြယ်သော သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ စက္ကူပေါ်တွင် တောက်ပစွာ လင်းလက်နေတော့သည်။

သံသယဖြစ်ဖွယ်မရှိသည်မှာ ၎င်းတို့သည် ယခင်ကထက် ပိုမိုအစွမ်းထက်သွားခြင်းပင်။

သူသည် ထိုစက္ကူဝိညာဉ် ၁၀ ချပ်ကို သေသေသပ်သပ် စုစည်းလိုက်ပြီး အိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။ ရွှီရန်သည် ခပ်ပါးပါးလေး ပြုံးလိုက်မိ၏။

၊အခုကစပြီး ဒီ ၁၀ ကောင်က ငါ့ရဲ့ အဓိက စက္ကူစစ်သူကြီးတွေ ဖြစ်လာလိမ့်မယ်။ သူတို့ စွမ်းအားတိုးလာအောင် ငါ နေ့တိုင်း သွေးနဲ့ လေ့ကျင့်ပေးမယ်။၊

သာမန်စက္ကူတွေအတွက်ကတော့ အရေးပေါ်အခြေအနေကြုံလာရင် ငါ ချက်ချင်း ခေါက်လို့ရတယ်။ တစ်ခါတည်းနဲ့ စက္ကူ ၂၀ ကို ခေါက်နိုင်သလို ပျက်စီးသွားရင်လည်း ဆက်တိုက် ခေါက်နေလို့ရတာပဲ။ ဘာမှ စိုးရိမ်စရာမရှိဘူး။၊

ရွှီရန်သည် အိတ်ကပ်အတွင်းရှိ စက္ကူထုပ်လေးကို ကျေနပ်စွာဖြင့် ပုတ်လိုက်မိသည်။

ထိုစဉ်မှာပင် မိခင်ဖြစ်သူသည် မီးဖိုချောင်အတွင်းမှ ထွက်လာခဲ့၏။ သူမသည် တီဗွီကို ဖွင့်လိုက်သော်လည်း ရုပ်ပုံမပါဘဲ အသံသီးသန့်ထွက်အောင် ထားလိုက်ပြီးနောက် ထမင်းစားပွဲတွင် ထိုင်လျက် သတင်းနားထောင်ရင်း စားသောက်နေတော့သည်။

[အဆင့် ၁ သတိပေးချက်]: ...

All Chapters