အခန်း (၁၃)
Vol. 2 Ch. 13
“ငါ့ကိုရော မေမေ့ကိုပါ လှည့်စားဖို့ ကြိုးစားတာဟာ... မင်းတို့ရဲ့ သေတွင်းကို မင်းတို့ကိုယ်တိုင် တူးလိုက်တာပဲ”
ရွှီရန်က စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြုံးပြုံးလိုက်စဉ်မှာပင် လုပ်ကြံသူ ပုစဉ်းရင်ကွဲသည် သူ၏အသွင်ကို ယူထားသည့် အတုအယောင်ကူးဟောင်ညိုထံသို့ တိတ်တဆိတ် တိုးဝင်သွားတော့သည်။
“ဖျတ်”
စက္ကူချပ်ကို ထက်မြက်သော ဓားဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။ သွေးနီရောင် ဓားသွားသည်ကူးဟောင်ညို၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ပစ်လိုက်လေသည်။
ထိုအချိန်မှာပင် ကိုယ်ပွါးစက္ကူရုပ်သည် သေဆုံးသွားသောကူးဟောင်ညို၏ နေရာတွင် အချိန်ကိုက် အစားထိုးဝင်ရောက်သွား၏။
တစ်ဖြစ်စဉ်လုံးမှာ အလွန်ပင် ချောမွေ့လွန်းလှသဖြင့် မိခင်ဖြစ်သူမှာ ဘာမှမရိပ်မိလိုက်ပေ။ သူမသည် ရွှီရန်ကို ပွေ့ချီလျက် အရှေ့သို့ အသားကုန် ဆက်လက်ပြေးလွှားနေတော့သည်။
အရိပ်များအတွင်း၌ နံရံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရွှီရန်သည် မိခင်၏ ကျောပြင်ကို ကြည့်ကာ ကျန်ရစ်ခဲ့၏။ သူသည် ပုစဉ်းရင်ကွဲစက္ကူရုပ်အားကူးဟောင်ညို၏ အလောင်းထံမှ စွမ်းအင်များကို အမြန်ဆုံး စုပ်ယူရန် စိတ်ဖြင့် ခိုင်းစေလိုက်သည်။
မကြာမီမှာပင် စက္ကူပုစဉ်းရင်ကွဲပေါ်၌ နောက်ထပ် အသေးစိတ် အဆင်တန်ဆာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
ကောင်းပြီ... မကြာခင်မှာ မင်းတို့အားလုံးကို ဝါးမြိုဖို့ ငါ ရောက်လာခဲ့မယ်။
ရွှီရန်သည် အေးစက်စွာ ပြုံးလိုက်ပြီးနောက် ဆန်းကြယ်သော ကလေးငယ်တစ်ဦးအလား နံရံတစ်လျှောက် လျင်မြန်စွာ ရွေ့လျားသွားတော့သည်။
မကြာမီမှာပင် သူတို့သည် အဆောက်အအုံ အမှတ် ၇ သို့ ရောက်ရှိလာခဲ့ကြ၏။
မိခင်ဖြစ်သူမှာ ပေါင် ၂၀ ကျော် လေးလံသော ဝန်ကို ပွေ့ချီထားရသော်လည်း သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အတင်းပြေးလွှားနေခဲ့သည်။ သူမသည် တတိယထပ်သို့ အမောတကော ပြေးတက်သွား၏။
အိမ်ရှေ့တံခါးဝသို့ ရောက်သောအခါ တုန်ရီနေသော လက်များဖြင့် သော့ကို ရှာဖွေနေတော့သည်။
သော့ဖွင့်လိုက်ကာ အိမ်ထဲသို့ ဝင်ပြီးနောက် အတွင်းဘက်မှ ချက်ချင်းပင် သော့ပြန်ခတ်လိုက်တော့သည်။
တံခါးပိတ်လိုက်သည့် ခဏတာအချိန်လေးအတွင်းမှာပင် ရွှီရန်သည် လျှို့ဝှက်ခြေလှမ်းကို လျင်မြန်စွာ အသုံးပြုလျက် မိခင်ဖြစ်သူ၏ အရိပ်ကို နင်းကာ ဧည့်ခန်းအတွင်းသို့ တိတ်တဆိတ် လျှောတိုက်ဝင်ရောက်သွားခဲ့သည်။
“သားလေး... မကြောက်နဲ့နော်။ အားလုံး အဆင်ပြေသွားပြီ။ အားလုံး အဆင်ပြေသွားပြီ။ မေမေ လုံခြုံရေးတပ်ဖွဲ့ကို အခုပဲ ဖုန်းဆက်လိုက်မယ်”
လင်းချန်းသည် တစ်ကိုယ်လုံး တုန်ရီနေလျက် သူမ၏ဖုန်းကို အသည်းအသန် ရှာဖွေနေတော့သည်။
သို့သော်လည်း ထိုခဏ၌ပင် သူမ၏ ပုခုံးပေါ်တွင် ပွေ့ချီထားသည့် ကိုယ်ပွါးစက္ကူရုပ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ သတိလစ်သွားစေရန် အသာအယာ ထိုးနှက်လိုက်၏။
မိခင်ဖြစ်သူမှာ ဆိုဖာပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားတော့သည်။
ထိုအခါမှ ရွှီရန်၏ ကိုယ်မှန်မှာ ပေါ်ထွက်လာခဲ့၏။
“မေမေကတော့ နာရီဝက်နေရင် ပြန်နိုးလာလိမ့်မယ်”
“အဲဒီ နာရီဝက်အတွင်းမှာ ငါကတော့ တစ်မြို့လုံးကို သွေးချောင်းစီးအောင် လုပ်မယ့် အမဲလိုက်ပွဲကို စတင်ရတော့မယ်”
ကူးဟောင်ညိုများမှာ စက္ကူဝိညာဉ် ဆက်သွယ်ခြင်းအစွမ်းရှေ့မှောက်တွင် အလွန်ပင် အားနည်းလှပြီး ထိလိုက်ရုံမျှဖြင့် ပျက်စီးသွားကြရသည်။
ရွှီရန်သည် အားနည်းသော ထိုသားကောင်များကို ဖမ်းမိထားပြီဖြစ်ရာ... သူတို့ကို အမှတ်တရ လက်ဆောင်အနည်းငယ် ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် ဝရံတာဘက်သို့ လျှောက်သွား၏။
ပြတင်းပေါက်ကို တွန်းဖွင့်ကာ အပြင်သို့ တွားသွားထွက်လိုက်ပြီးနောက် ပြတင်းပေါက်ကို အနောက်မှ ပြန်ပိတ်လိုက်သည်။
အိမ်မြှောင် နံရံကပ်အတတ်ကို အသက်သွင်းလိုက်ရာ ရွှီရန်သည် ခြောက်ထပ်တိုက်၏ အပေါ်ဆုံးထပ် ခေါင်မိုးပေါ်သို့ ခဏချင်းပင် တိတ်တဆိတ် ရောက်ရှိသွားပြီး အဆောက်အအုံငယ်လေးတစ်ခု၏ အရိပ်အောက်တွင် ပုန်းအောင်းနေလိုက်တော့သည်။
“မြင်ကွင်းပြောင်းလိုက်စမ်း”
ရွှီရန် စိတ်ကူးလိုက်သည်နှင့် သူ၏ မြင်ကွင်းမှာ ချက်ချင်းပင် ၃၅ မီတာ အမြင့်သို့ ရောက်ရှိသွားပြီး စက္ကူလင်းနို့သည် ဒရုန်းတစ်စင်းအလား အောက်ဘက်ရှိ အရာရာကို ကင်းထောက်ကြည့်ရှုနေတော့သည်။
မြင်ကွင်းမှာ အလွန်ကျယ်ပြောပြီး ပြတ်သားလှရာ HD ရုပ်ထွက်မျိုးကဲ့သို့ပင် အရာရာကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
“ငါ ထင်တဲ့အတိုင်းပဲ။ ကြံရာပါတွေ ရှိနေသေးတာပဲ။ ဟားဟား”
အဝေးတစ်နေရာ၌ ကလေးတစ်ဦးကို ပွေ့ချီထားသည့် မိခင်တစ်ဦးသည် ဆန်းကြယ်သော အရှိန်အဟုန်ဖြင့် လူသူကင်းမဲ့သော နေရာများမှတစ်ဆင့် ပြေးလွှားနေ၏။ သံသယဖြစ်ဖွယ်မရှိသည်မှာ ၎င်းမှာကူးဟောင်ညိုမှ အသွင်ပြောင်းထားသည့် မိခင်အတုပင်။
ရွှီရန်သည် ရန်ငြိုးဖွဲ့နေသော အရုပ်ကလေးတစ်ရုပ်အလား တခိခိ ရယ်မောလိုက်ပြီး နံရံတစ်လျှောက် လျင်မြန်စွာ တွားသွားနေတော့သည်။
အရှေ့ဘက်တွင်မူ ထိုမိခင်အတုသည် ကလေးကို ပွေ့ချီလျက် အသည်းအသန် ထွက်ပြေးနေဆဲ ဖြစ်သည်။
ဆန်းကြယ်ခြောက်ခြားဖွယ် ကလေးငယ်တစ်ဦးသည် အနောက်မှ တိတ်တဆိတ် လိုက်ပါလာနေ၏။
ကြည့်ရုံမျှဖြင့် မည်သူက ဝိညာဉ်သရဲဖြစ်ပြီး မည်သူက လူသားဖြစ်သည်ကို ခွဲခြားရန်ပင် ခက်ခဲလှပေသည်။
ရွှီရန်၏ အရှိန်အဟုန်မှာ အလွန်ပင် လျင်မြန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင်ကူးဟောင်ညို၏ အနောက် မီတာ ၃၀ အကွာအဝေးသို့ ဆိုက်ရောက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်မူ လုပ်ကြံသူ ပုစဉ်းရင်ကွဲသည် မြားတစ်စင်းအလား ပျံထွက်သွားပြီး ဓားအလင်းတန်းတစ်ခုနှင့်အတူ မိခင်အသွင်ယူထားသောကူးဟောင်ညိုကို တစ်ကိုယ်လုံး နှစ်ပိုင်းပြတ်သွားအောင် ပိုင်းဖြတ်ပစ်လိုက်လေသည်။
ဖန်တီးထားသော မျက်လှည့်အစွမ်းများ ပျက်စီးသွားပြီး ဝိညာဉ်စွမ်းအင်များမှာ ဆီပူများပန်းထွက်လာသကဲ့သို့ လေထဲတွင် လွင့်စင်သွားတော့၏။
ရွှီရန်သည် ပြုတ်ကျလာသော ကလေးငယ်ကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်ပြီး ဘေးကင်းရာ အဝေးတစ်နေရာ၌ အသာအယာ ချထားပေးလိုက်သည်။
သို့သော်လည်း မျက်လှည့်အစွမ်းအတွင်းမှ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် ကလေးငယ်မှာ အသံကုန်ဟစ်၍ ငိုယိုလေတော့ရာ ငိုသံများမှာ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
လူမြင်ခံရမည်ကို စိုးရိမ်သဖြင့် ရွှီရန်သည် လျင်မြန်ဖြတ်လတ်သော အိမ်မြှောင်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ အရိပ်များအတွင်းသို့ ချက်ချင်း ပုန်းလျှိုးလိုက်၏။
စက္ကူပုစဉ်းရင်ကွဲမှာမူ တတိယမြောက်ကူးဟောင်ညိုအလောင်းထံမှ ထွက်ပေါ်လာသော စွမ်းအင်များကို အငန်းမရ စုပ်ယူနေတော့သည်။
ထို့နောက်တွင်မူ ၎င်းသည် မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ရွှီရန်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ကူးဟောင်ညိုငှက် အလောင်းသုံးလောင်းရဲ့ စွမ်းအင်တွေကို ဝါးမြိုပြီးတဲ့နောက်မှာတော့ စက္ကူပုစဉ်းရင်ကွဲရဲ့ ခွန်အားနဲ့ တိုက်ခိုက်ရေးအရှိန်ဟာ နှစ်ဆလောက် မြင့်တက်လာခဲ့ပြီ။၊
အကယ်၍ ငါ့ရဲ့ သွေးနဲ့ပဲ လေ့ကျင့်ပေးနေမယ်ဆိုရင် ဒီအဆင့်ရောက်ဖို့ နှစ်လကျော်လောက် ကြာမှာပဲ။
ဒီတစ်ကြိမ်တော့ ငါ့မှာ အမဲလိုက်ပွဲကို ဆက်စပ်ဆင်နွှဲဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။၊
နောက်ထပ်ကူးဟောင်ညိုတစ်ကောင်က အနီးနားမှာတင် ရှိနေသေးတယ်။
ရွှီရန်သည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပေးဖြင့် နံရံတစ်လျှောက် ဆန်းကြယ်စွာ တွားသွားလျက် ရှေ့သို့ ဆက်လက်ရွေ့လျားသွားတော့သည်။
မိနစ်အနည်းငယ်အကြာတွင် သူသည် နောက်ထပ်ကူးဟောင်ညိုအမျိုးအစားသစ်တစ်ခုကို တွေ့ရှိလိုက်ရ၏။
၎င်းသည် တကယ့်မိခင်ဖြစ်သူ၏ ပုခုံးပေါ်တွင် ယုတ်မာစွာ မှီတွယ်နေပြီး အရှက်မရှိ ပြုံးဖြီးနေလေသည်။
ရွှီရန်သည် အေးစက်သော မျက်ဝန်းများဖြင့် ထိုနေရာသို့ အမြန်ဆုံး ချဉ်းကပ်သွားလိုက်၏။
တိုက်ခိုက်လို့ရတဲ့ အကွာအဝေးအတွင်း ရောက်ပြီ။ သေပေတော့ ငှက်စုတ်။
လုပ်ကြံသူ ပုစဉ်းရင်ကွဲသည် ဝှစ်ခနဲ ပျံထွက်သွားတော့သည်။ နှစ်ဆတိုးလာသော ၎င်း၏ အရှိန်အဟုန်မှာ ရွှီရန်ကိုပင် အံ့အားသင့်သွားစေခဲ့၏။
“ဝှစ်”
သွေးနီရောင် ဓားသွားသည် ပိုင်းဖြတ်လိုက်ရာကူးဟောင်ညို၏ ဦးခေါင်းတစ်ခြမ်းမှာ အပိုင်းပိုင်းပြတ်၍ လွင့်စင်သွားတော့သည်။
ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ ပန်းထွက်လာ၏။ ရွှီရန်သည် စက္ကူလင်းနို့တစ်ကောင်ကို ပစ်လွှတ်လိုက်ပြီးကူးဟောင်ညို၏ အလောင်းထံမှ စွမ်းအင်များကို တစ်စက်မကျန် စုပ်ယူခိုင်းလိုက်သည်။
မျက်လှည့်အစွမ်းများ ပျောက်ကွယ်သွားသည်နှင့် ပုခုံးပေါ်ရှိ ကလေးငယ်မှာလည်း ဝိညာဉ်တစ်ခုအလား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တကယ့်မိခင်ဖြစ်သူမှာမူ ထိတ်လန့်တုန်လှုပ်လျက် ပတ်ဝန်းကျင်ကို ကြည့်ကာ အားကိုးရာမဲ့စွာဖြင့် ဝေခွဲမရ ဖြစ်နေရှာတော့သည်...
“ငါ့ကလေး ငါ့ကလေး ဘယ်မှာလဲ ငါ့ကလေး ဘယ်ရောက်သွားတာလဲ”
မိခင်ဖြစ်သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ငိုရှိုက်သံများမှာလည်း တိမ်ဝင်သွားတော့သည်။
ရွှီရန်သည် သူမအတွက် စိတ်မကောင်းဖြစ်မိသော်လည်း မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသရန်ကား မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှင်းပြရန်အတွက် အလွန်ငယ်လွန်းနေသေးသောကြောင့် ဖြစ်သည်။
သူသည် ကျောခိုင်းထွက်ခွာလာခဲ့ပြီး သူ၏ စွမ်းဆောင်မှုများနှင့် အမှတ်အသားများကို
တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။
ကူးဟောင်ညိုငှက်တွေအားလုံးကို ငါ ဝါးမြိုပစ်မှဖြစ်မယ်။
ဒါက ငါ့ရဲ့သွေးနဲ့ လပေါင်းများစွာ လေ့ကျင့်ပေးရမယ့် စွမ်းအင်တွေနဲ့ ညီမျှတယ်။ တစ်စက်ကလေးတောင် အလဟဿ အဖြစ်မခံနိုင်ဘူး။
ဒါပေမဲ့ ငါက အသက်တစ်နှစ်နဲ့ လေးလသားအရွယ် ကလေးပဲ ရှိသေးတာ။ကူးဟောင်ညိုတွေရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့သူ ရှိနေနိုင်တာမို့ ငါ ပုန်းကွယ်နေပြီးမှ ခြုံခိုတိုက်ခိုက်တာက အကောင်းဆုံးပဲ။
သူသည် တစ်ဦးတည်း တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုစဉ်မှာပင် စက္ကူလင်းနို့သည် နောက်ထပ်ကူးဟောင်ညိုအလောင်းတစ်လောင်းကို ဝါးမြိုပြီးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပျံသန်းနှုန်းမှာ နှစ်ဆ မြင့်တက်လာပြီး လေတိုးသံမှာလည်း အလွန်တိုးညင်းသွားသဖြင့် လူသိရန် ပို၍ပင် ခက်ခဲသွားတော့သည်။ ပုန်းကွယ်နိုင်စွမ်းနှင့် ကင်းထောက်နိုင်စွမ်း နှစ်ခုစလုံး သိသိသာသာ တိုးတက်လာခဲ့လေပြီ။
ကောင်းပြီ။၊
ဒီအနီးနားမှာ နောက်ထပ်ကူးဟောင်ညိုတွေ ရှိနေဦးမှာပဲ။
ရွှီရန်သည် ဝိညာဉ်သရဲတစ်ကောင်အလား နံရံပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် စက္ကူလင်းနို့ကို အဝေးမှ ထိန်းချုပ်ကာ ကင်းထောက်ခိုင်းလိုက်သည်။
ပဉ္စမမြောက်ကူးဟောင်ညိုကို သုတ်သင်ပြီး ကိုယ်ပွါးစက္ကူရုပ်ကို ကျွေးလိုက်၏။ ယခုအခါ ကိုယ်ပွားစက္ကူရုပ်မှာ ရွှီရန်နှင့် ပို၍ပင် တူညီလာခဲ့ရာ သေချာစွာ စစ်ဆေးခြင်းမပြုပါက ခွဲခြားရန် အလွန်ပင် ခက်ခဲလှပေသည်။
ဆဋ္ဌမမြောက်ကူးဟောင်ညိုနှင့် သတ္တမမြောက်ကူးဟောင်ညိုတို့ကိုမူ လုပ်ကြံသူ ပုစဉ်းရင်ကွဲကို ကျွေးလိုက်သည်။ကူးဟောင်ညို ငါးကောင်ကို ဝါးမြိုပြီးနောက်တွင်မူ စက္ကူပုစဉ်းရင်ကွဲသည် သွေးအေးလှသော တိုက်ခိုက်ရေးစက်ယန္တရားကြီးတစ်ခုအလား ဖြစ်လာတော့သည်။
ရွှီရန်သည် ပြုံးလိုက်မိ၏။
သူသည် စက္ကူလင်းနို့ကို မီတာတစ်ရာအမြင့်တွင် ပျံသန်းနေစေရန် ထိန်းချုပ်ထားလိုက်သည်။
ဒီဧရိယာထဲမှာတော့ ဒီနောက်ဆုံးကူးဟောင်ညိုတစ်ကောင်ပဲ ကျန်တော့တယ်။ သူက ကလေးတစ်ယောက်ကို ပွေ့ထားတာဆိုတော့ သူ့နောက်ကို လိုက်သွားရင် သူတို့ရဲ့ အသိုက်အအုံရှိရာကို ရှာတွေ့နိုင်ဖို့ အကောင်းဆုံးပဲ။
ရွှီရန်သည် မိခင်အတုနောက်သို့ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
ရုတ်တရက် ထိုကူးဟောင်ညိုငှက်သည် ၎င်း၏လည်ပင်းကို ခေါက်ဆွဲဖတ်တစ်ခုအလား ရှည်လျားစွာ ဆန့်ထုတ်လိုက်ပြီး မျက်နှာကို လည်ပင်း၏ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်လေတော့ရာ...