အခန်း (၂၀)
Vol. 2 Ch. 20
ရွှီရန်နှင့် သူ၏မိခင်မှာ ဆွံ့အသွားကြသည်။
မေမေက "နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ သုတေသနညွှန်ကြားရေးမှူး ဖြစ်ပြီးတော့ ဒီရောဂါကို ဘယ်လိုကုရမလဲ မသိဘူးလား" ဟု မေးလိုက်သည်။
ညွှန်ကြားရေးမှူး ချင်က ခေါင်းခါပြရင်း "ချမ်းသာတဲ့သူတွေရဲ့ ကလေးတွေက စည်းစိမ်ချမ်းသာထဲမှာ ကြီးပြင်းလာကြတာ။ သူတို့မှာ သွေးစွမ်းအင်တွေ ပေါကြွယ်ဝနေတော့ နတ်
ဘုရားရဲ့ အပြစ်ပေးမှုဆိုတာမျိုးနဲ့ ဘယ်တော့မှ မကြုံဖူးကြဘူး။ ဆင်းရဲတဲ့သူတွေကျတော့လည်း... သေသွားရင် သေသွားတာပဲလေ။ ဘယ်သူက ဂရုစိုက်မှာလဲ။ ဒါကြောင့်လည်း ဒီပြဿနာကို ဘယ်သူမှ အဖြေမရှာခဲ့ကြတာ။ ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး..." ဟု စိတ်ပျက်လက်ပျက် ပြောဆိုလေသည်။
ရွှီရန် "..."
မကုနိုင်ဘူး ဟုတ်လား။
ဒါဆိုရင်တော့ စံပြကလေးငယ်ဖြစ်တဲ့ ငါကိုယ်တိုင်ပဲ ပါဝင်ပတ်သက်ရတော့မယ်။
ရွှီရန်အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
တစ်ဖက်တွင်လည်း...
သူ၏ စာအုပ်ပေါင်းထောင်ချီဖတ်ရှုခြင်းပါရမီမှာ အံ့မခန်း ထူးကဲလှသည်။ စာအုပ်ပေါင်း ၅၀၀ ခန့်ကို ဖတ်ရှုပြီးချိန်တွင် ထိုစာအုပ်များထဲ၌ ဝှက်ဖုံးနေသော ထူးဆန်းသည့် ဗဟုသုတများကို သူ မှတ်မိနေခဲ့ပြီဖြစ်သည်။ အချို့သော အချက်အလက်များမှာ ရုတ်တရက်ပင် သူ့ကို အတွေးသစ် အမြင်သစ်များ ပေးစွမ်းနိုင်သည်။ ကျားမလေး၏ အခြေအနေအတွက် သူ့တွင် ဖြေရှင်းချက် ရှိနေ၏။
အခြားတစ်ဖက်တွင်မူ...
သူသည် ကျားမလေးနှင့် သိကျွမ်းခဲ့သည်မှာ ရက်ပေါင်း ၇၀၀ ကျော်နေပြီ ဖြစ်သည်။ ကျားမလေး တစ်ယောက် ဒေါသတကြီးဖြင့် လမ်းစလျှောက်တတ်လာသည်ကို သူ မြင်တွေ့ခဲ့ရဖူးသလို၊ စကားမပီကလာ ပီကလာဘဝမှ အစ်ကိုရန်ဟု ကျွမ်းကျင်စွာ ခေါ်ဝေါ်လာနိုင်သည်အထိ တိုးတက်လာသည်ကိုလည်း သူ စောင့်ကြည့်ခဲ့ရသူ ဖြစ်သည်။ ထို့အပြင် သူသည် သူ၏ စွမ်းရည်တိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျားမလေးကို နေ့စဉ်နှင့်အမျှ ခုတုံးလုပ်၍ အရူးအမူး လေ့ကျင့်ခဲ့သည် မဟုတ်ပါလား။
ကျားမလေးမှလွဲ၍ သူ့တွင် ရွယ်တူချင်း သူငယ်ချင်းဟူ၍ မရှိပေ။ ကျားမလေးသာ မရှိပါက သူသည် တစ်ကိုယ်တည်း အထီးကျန်နေသည့် ကလေးတစ်ယောက် ဖြစ်နေမည်ကို မေမေက နေ့တိုင်း စိုးရိမ်နေရပေလိမ့်မည်။
မည်သည့် ရှုထောင့်ကကြည့်ကြည့်...
ကျားမလေး နတ်ဘုရားရဲ့ အပြစ်ပေးမှုကို ခံစားနေရသည်ကို သူ လျစ်လျူမရှုနိုင်ပေ။
"ငါ့ရဲ့ အရည်အချင်းတွေကို အနည်းငယ်လောက် ထုတ်ပြလိုက်တာပေါ့... အစိတ်မှာ တစ်စိတ်လောက်ပဲ ဖြစ်ဖြစ်။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို ဝင်ဖို့ စဉ်းစားထားတာပဲ။ ပါရမီအချို့တော့ ပြသရမှာပဲ"
ထို့ကြောင့်...
ရွှီရန်သည် ညွှန်ကြားရေးမှူး ချင်၏ ဘေးသို့ လျှောက်သွားကာ သူမ၏ ဘေးတစ်စောင်းကို လက်ဖြင့် တို့လိုက်သည်။
"ခြေချောင်းဆယ်ချောင်းရဲ့ ထိပ်ဖျားတွေကို နှစ်စင်တီမီတာ အနက်လောက်စီ လှီးလိုက်ပါ။ ပြီးရင် အဆင့် ၇ ကျောက်သားသားရဲရဲ့ စစ်မှန်သောသွေးဆယ်စက်ကို တစ်စက်စီ ထည့်ပေးလိုက်ရင် ပျောက်သွားပါလိမ့်မယ်"
ဟင်….
ညွှန်ကြားရေးမှူး ချင်က ရွှီရန်ကို ငုံ့ကြည့်လိုက်သည်။ ရွှီရန်သည် စကားကို လည်ပတ်စွာယုတ္တိရှိရှိနှင့် တည်ငြိမ်သော လေသံဖြင့် ပြောဆိုနေသော်လည်း သူမကမူ ကလေးငယ်တစ်ဦး၏ အကြံပြုချက်အဖြစ် တိုက်ရိုက်ပင် လျစ်လျူရှုလိုက်လေသည်။
"မောင်လေး... ချောချောလေးရယ်။ တခြားနေရာမှာ သွားဆော့ပါလားကွယ်"
ညွှန်ကြားရေးမှူးချင်သည် ရွှီရန်ကို ရှောင်ဖယ်လိုက်ပြီး လင်းချန်းကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
သူ့မေမေမှာမူ ချွေးများပင် ပြန်နေပြီဖြစ်၏။
"ညွှန်ကြားရေးမှူး... ကျမသားလေး ပြောတာကို နားထောင်ပေးပါဦး။ ကျမကိုယ်တိုင်တောင် နတ်ဘုရားရဲ့ အပြစ်ပေးမှုဖြစ်စဉ်အကြောင်း မသိပါဘူး။ ဒါပေမဲ့ သူက သိနေတာလေ..."
ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးချင်၏ မျက်မှောင်များမှာ ပိုမိုတွန့်ချိုးသွားသည်။
"...အစ်မ အဆင့် ၇ ကျောက်သားသားရဲရဲ့ စစ်မှန်သောသွေးတစ်စက်ဟာ ငွေငါးသန်း တန်ဖိုးရှိပါတယ်။ ဆယ်စက်ဆိုရင် သန်းငါးဆယ်ပါ"
"ဒီလောက် အဖိုးတန်တဲ့ အရင်းအမြစ်တွေကိုသာ စည်းကမ်းမဲ့ သုံးစွဲမိမယ်ဆိုရင် ကျွန်မ ရာထူးက အထုတ်ခံရရုံတင်မကဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ထောင်ပါ ကျနိုင်တယ်ဆိုတာ ရှင်သိရဲ့လား။ အထူးအကြောင်းပြချက်သာ မရှိရင် ဒီသွေးတွေကို ကျွန်မ ဘယ်တော့မှ အပြင်ထုတ်လာမှာ မဟုတ်ဘူး။ အခုတော့ ကလေးတစ်ယောက်ရဲ့ စကားကို ယုံပြီး စမ်းသပ်ခိုင်းနေတာလား"
"ဒီပြက်လုံးက လုံးဝ ရယ်စရာမကောင်းပါဘူး အစ်မ"
ညွှန်ကြားရေးမှူးချင်၏ လေသံမှာ အလွန်ပင် ပြတ်သားလေးနက်နေ၏။
"အင်း... ထင်တဲ့အတိုင်းပါပဲ။ ယုံကြည်မှုပိုင်းဆိုင်ရာ အကြပ်အတည်းနဲ့ တိုးပြီ..."
ရွှီရန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သို့သော်လည်း အရှိတရားအရ စဉ်းစားလျှင် ကလေးတစ်ယောက်၏ စကားကို မယုံကြည်ခြင်းမှာ သဘာဝကျပေသည်။ ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ဘဲ သန်းငါးဆယ်တန်ဖိုးရှိသော အရင်းအမြစ်များကို သုံးစွဲရမည့် ကိစ္စဖြစ်နေသည် မဟုတ်ပါလား။
လူတစ်ယောက်၏ သံသယကို ဖယ်ရှားပေးနိုင်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ပေးရပေလိမ့်မည်။
ရွှီရန်သည် ညွှန်ကြားရေးမှူး ချင်၏ ဘေးကို နောက်တစ်ကြိမ် ထပ်တို့လိုက်ပြန်သည်။
"ကျွန်တော့်မှာ ဉာဏ်အလင်းပွင့် အရိုးစနစ်ရှိပါတယ်။ ကျွန်တော့်ရဲ့ သွေးစွမ်းအင်ကလည်း ၂၀၀ ရှိနေပြီ။ အစ်မ စမ်းသပ်ကြည့်လို့ ရပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင်...
ညွှန်ကြားရေးမှူးချင်မှာ မျက်ခုံးပင့်သွားသည်။
"မင်း ဘာပြောလိုက်တာလဲ"
ရွှီရန်က ဘာမှထပ်မပြောဘဲ လက်ကိုသာ ဆန့်ထုတ်ပေးလိုက်ပြီး ညွှန်ကြားရေးမှူးချင်ကို သွေးဖောက်စစ်ဆေးရန် အချက်ပြလိုက်သည်။
ညွှန်ကြားရေးမှူးချင်သည် သံသယရှိနေဆဲ ဖြစ်သော်လည်း သူမ၏ လက်ထောက်ကို စမ်းသပ်ကိရိယာများယူ၍ ရွှီရန်၏ လက်ထိပ်မှ သွေးကို ဖောက်ယူစစ်ဆေးရန် ခိုင်းစေလိုက်သည်။
လက်ထောက်ဖြစ်သူက စမ်းသပ်စက်ထဲသို့ သွေးစက်ကို ထည့်လိုက်ပြီးနောက် "ညွှန်ကြားရေးမှူး... သွေးစွမ်းအင်က ၂၀၆ မှတ်ပါ..."
လက်ထောက်၏ လက်မောင်းနှင့် အသံတို့မှာ တိုင်းတာရေးစက်ကို ကိုင်ထားရင်း တပြိုင်နက်တည်း တုန်ယင်နေကြသည်။
၎င်းကို မြင်လိုက်ရသောအခါ...
ညွှန်ကြားရေးမှူး ချင်သည် စက်ကို ဆွဲယူလိုက်ပြီး တိုင်းတာချက် အချက်အလက်များကို မျက်လုံးပြူးကာ အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေးလေတော့သည်။ ထို့နောက်မှ ရွှီရန်ကို ငုံ့ကြည့်ကာ "မောင်လေး... မင်း အသက်ဘယ်လောက်ရှိပြီလဲ"
ရွှီရန်က မျက်တောင်လေး ခတ်လိုက်ရင်း "ကျွန်တော် မွေးဖွားလာတာ ၁၀၀၁ ရက် ရှိပါပြီ"
"သုံးနှစ်တောင် မပြည့်သေးဘူးလား သွေးစွမ်းအင်က ၂၀၆ တောင် ရှိနေပြီလား ဒါ... ဒါ... ဒါကတော့..."
ညွှန်ကြားရေးမှူးချင်၏ အသံမှာ မယုံနိုင်မှုနှင့် အတိုင်းအထက်အလွန် ရင်ခုန်စိတ်လှုပ်ရှားမှုတို့ကြောင့် မသိမသာ မြင့်တက်လာသည်။
"အာဒမ်တောင်မှ အသက်လေးနှစ်နီးပါးမှာ သွေးစွမ်းအင် ၅၄၆ ရှိတာ။ မင်းက သုံးနှစ်တောင် မပြည့်သေးဘဲ ၂၀၆ ရှိနေပြီဆိုတော့... အာဒမ်လောက် မမြင့်သေးဘူးဆိုဦးတော့။ ဒါက တကယ့်ကို အံ့မခန်း ထူးခြားလွန်းတဲ့ ပါရမီပဲ"
ညွှန်ကြားရေးမှူး ချင်သည် ရွှီရန်ကို ကြည့်နေသည့် အကြည့်မှာ ရွှေတွင်းတွေ့သွားသည့် လူငပြူးတစ်ယောက်ကဲ့သို့ပင်။ သူမ၏ မျက်ဝန်းအစုံမှာ တောက်ပနေပြီး ပြင်းပြသော အလိုဆန္ဒများဖြင့် ပြည့်နှက်နေတော့သည်။
သူတို့၏ ဘေးတွင်ရှိသော...
အခြေအနေကို လိုက်မမီသေးသည့် မေမေမှာမူ အနည်းငယ် ဝေခွဲမရဖြစ်နေရှာ၏။
ဒါတွေက ဘာတွေလဲ။
ဇာတ်လမ်းက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။
သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ လူတိုင်းက သူမ၏ ရတနာခဲလေးကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ရှောင်ရန်... သား... သားက..."
ရွှီရန်က တည်ငြိမ်စွာပင် ပုခုံးတွန့်ပြလိုက်ရင်း "ဟုတ်တယ် မေမေ သားက ပါရမီရှင်လေ"
"မနက်နိုးလာတိုင်း သားရဲ့ ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေ ပြည့်နေတာပဲ။ ပြီးတော့ သားမှာ ဉာဏ်အလင်းပွင့် အရိုးစနစ်လည်း ရှိတယ်။ ဒီနှစ်ထဲမှာတင် စာကြည့်တိုက်က စာအုပ်ပေါင်း ၈၀၀ လောက် ဖတ်ပြီးသွားပြီ"
မေမေ "...အဲဒါတွေက ဟုတ်ပါပြီ။ ဒါပေမဲ့ မေမေ နည်းနည်းတော့ ခေါင်းမူးသွားသလိုပဲ... ခဏလောက် အချိန်ပေးပါဦး..."
ထိုစကားကို ကြားလိုက်ရချိန်တွင်...
ညွှန်ကြားရေးမှူးချင်၏ မျက်မှန်အောက်က အကြည့်များမှာ တစ်ဖန် ပြန်လည် တောက်လောင်လာပြန်သည်။
"...နေဦး ခုနက မင်းမှာ ဉာဏ်အလင်းပွင့် အရိုးစနစ်ရှိတယ်လို့ ပြောလိုက်တာ မဟုတ်လား နှစ်ခါတောင် ပြောလိုက်တာနော်။ ဟုတ်တယ်မလား"
ရွှီရန်က တည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်ပါတယ်။ ကျွန်တော့်မှာ ဉာဏ်အလင်းပွင့် အရိုးစနစ် ရှိပါတယ်"
"မင်းက သွေးစွမ်းအင် မြင့်မားရုံတင်မကဘဲ ဉာဏ်အလင်းပွင့် အရိုးစနစ်ပါ ရှိနေတာလား"
"မြန်မြန် စစ်ဆေးကြည့်ရအောင်"
ညွှန်ကြားရေးမှူး ချင်သည် သူမ၏ လက်ထောက်ကို ရွှီရန်၏ အရိုးစနစ်အား စစ်ဆေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် ဉာဏ်အလင်းပွင့် အရိုးစနစ်ကို စမ်းသပ်ကိရိယာဖြင့် ရှာမတွေ့ခဲ့ပေ။
ညွှန်ကြားရေးမှူး ချင် "..."
"မရှိဘူးလား အရိုးစနစ် ရှိနေတဲ့ သံလိုက်စက်ကွင်း မပြဘူးဆိုတော့... မင်း ငါ့ကို လိမ်နေတာလား"
ရွှီရန်က အေးချမ်းစွာပင် ပြုံးလိုက်မိသည်။
အမှန်စင်စစ် သူ၏ ကိုယ်ထဲတွင် ထိုအရိုးစနစ် မရှိပေ။ အကယ်၍ သူက နတ်ဘုရားမျက်စိသို့မဟုတ် တခြားသော အရိုးစနစ်များ ရှိသည်ဟု လိမ်ညာခဲ့ပါက စမ်းသပ်စက်ဖြင့် အလွယ်တကူ ပေါ်သွားပေလိမ့်မည်။ သို့သော် ဉာဏ်အလင်းပွင့်မှုဆိုသော အရာမှာမူ မည်သည့် ကိရိယာနှင့်မျှ တိုင်းတာ၍ မရနိုင်သော အရာဖြစ်၏။
သူ့စိတ်ကြိုက် ကြွားဝါ၍ ရသည်။ သူ တတ်မြောက်ထားသော မှော်စွမ်းရည်အရေအတွက်နှင့်ဆိုလျှင် ဘယ်သူကများ သူ့ကို သံသယဝင်ရဲမှာလဲ။
ထို့ကြောင့် အခြေအနေအားလုံးမှာ ရွှီရန်၏ လက်ခုပ်ထဲက ရေကဲ့သို့ပင် "ပြတင်းပေါက်ကို ခဏလောက် ဖွင့်ပေးပါ။ ဘာလို့လဲလို့ မမေးပါနဲ့ ဖွင့်ပေးဖို့ပဲ လိုပါတယ်"
ပြတင်းပေါက်ကို ဖွင့်ပေးလိုက်ကြသည်။
ရွှီရန်သည် သစ်ပင်ပေါ်တွင် အော်မြည်နေသော စာကလေးအုပ်စုဆီသို့ ထူးဆန်းသော လေသံအချို့ဖြင့် လေချွန်လိုက်၏။
ထိုအသံများ လွင့်ပျံသွားသည်နှင့်...
စာကလေးများမှာ ချက်ချင်းပင် ခေါင်းလေးများစောင်းကာ ကြည့်လာကြပြီး အတောင်ပံများကို ခတ်ကာ ရွှီရန်၏ လက်ဖဝါးပေါ်သို့ ပျံသန်းဝင်ရောက်လာကြတော့သည်။
"ကျွန်တော်က တိရစ္ဆာန်တွေရဲ့ အသံထွက်ပုံ အခြေခံကို နားလည်နိုင်သလို ပြန်ပြီးတော့လည်း အတုယူ ဟစ်အော်နိုင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဉာဏ်အလင်းပွင့် ပါရမီပဲ"
"သိုင်းပညာလောကမှာလည်း ဒီပါရမီက လက်တွေ့ကျကျ အသုံးဝင်ပါတယ်"
"အခုရော ကျွန်တော့်ကို ယုံပြီလား"
ရွှီရန်က ခေါင်းလေးမော့ကာ မေးလိုက်သည့်ဟန်မှာ ငါက ဒီလောက် ပါရမီရှင်ဖြစ်နေတာကို ရှင်က အခုထိ မယုံသေးဘူးလား ဟု ဆိုနေသကဲ့သို့ပင်။
ရွှီရန်၏ ထူးခြားဆန်းပြားမှုကို မျက်မြင်တွေ့လိုက်ရသောအခါ ညွှန်ကြားရေးမှူးချင်၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားရသည်။
သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "မင်းရဲ့ ကုသနည်းနောက်ကွယ်က အခြေခံမူကို ငါသိချင်တယ်" ဟု မေးလိုက်သည်။
ရွှီရန်က တည်ငြိမ်စွာ ပြုံးလိုက်၏။
"အဲဒါက ရိုးရှင်းပါတယ်။ နတ်ဘုရားရဲ့ အပြစ်ပေးမှုအကြောင်းကို လေ့လာတဲ့သူ ရှားပေမဲ့ ကျင်းမြို့ စာကြည့်တိုက်ထဲက လီဖျင်ကျွင်းရေးတဲ့ သားရဲယဉ်ပါးအောင် မွေးမြူခြင်းဆိုင်ရာ ဒိုင်ယာရီဆိုတဲ့ စာအုပ်ထဲမှာ ပါပါတယ်"
"သူက တစ်သက်လုံး ကျောက်သားသားရဲတွေကို မွေးမြူလာတဲ့သူ ဖြစ်ပြီး ကျောက်သားသားရဲ ယဉ်ပါးမှု မှတ်တမ်းကို ရေးသားခဲ့သူပါ။ ဒိုင်ယာရီဆိုတာက ပညာရပ်ဆိုင်ရာ စာအုပ်မဟုတ်ပေမဲ့ အဲဒီထဲမှာ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေ ပါဝင်နေပါတယ်။ အဲဒီစာအုပ်ထဲမှာ မစ္စတာလီက ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားတယ်။ အသက်သုံးနှစ်အရွယ် အဆင့် ၇ ကျောက်သားသားရဲ ပေါက်လေးတစ်ကောင်ဟာ ရုတ်တရက် နေမကောင်းဖြစ်ပြီး ခြေလက်တွေ ကွေးကောက်ကာ သတိလစ်လဲကျသွားခဲ့ဖူးတယ်"
"အဲဒီအခါမှာ သူ့အမေက သားငယ်ရဲ့ ခြေလက်အဆုံးသတ်နေရာတွေကို ငါးကြိမ်တိုင်တိုင် ကိုက်ဖောက်ပြီး စစ်မှန်သောသွေးတွေကို အထဲထဲ စီးဝင်စေခဲ့လို့ ရောဂါဝေဒနာ သက်သာခဲ့တယ်"
"မစ္စတာလီက ဒီအကြောင်းကို အနီးကပ် စောင့်ကြည့်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အမိသားရဲမှာ စစ်မှန်သောသွေး ကုန်ခမ်းသွားပြီး သေဆုံးသွားခဲ့ရတယ်။ သားငယ်ကတော့ လေးနာရီလောက်ထိ ခံနိုင်ရည်ရှိခဲ့ပြီးမှ အသက်ရှူရပ်သွားခဲ့တာ"
"ဒါကို ကြည့်ရင် အဲဒီ အဆင့် ၇ သားရဲပေါက်လေးဟာ နတ်ဘုရားရဲ့ အပြစ်ပေးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။ ပြီးတော့ အမိသားရဲရဲ့ လုပ်ဆောင်ချက်ဟာ နတ်ဘုရားအပြစ်ပေးမှုကို တန်ပြန်ဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ ဖြစ်လိမ့်မယ်"
"စစ်မှန်သောသွေးဆိုတာ ကျောက်သားသားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ အစင်ကြယ်ဆုံးနဲ့ မူလအကျဆုံး သွေးဖြစ်ပြီး ပြင်းထန်တဲ့ လျှပ်စီးစွမ်းအင်တွေ ပါဝင်နေတယ်။ လူသားတွေက အဲဒါကို တိုက်ရိုက်သောက်လို့ မရသလို အပြင်ကနေ လိမ်းကျံလို့လည်း မရဘူး။ ဒါပေမဲ့ စစ်မှန်သောသွေးဟာ မှော်လက်နက်တွေကို သွေးထိုးဖို့ အကောင်းဆုံး ပစ္စည်းတစ်ခုပဲ။ မှော်လက်နက်တွေက အဲဒီသွေးကို စုပ်ယူနိုင်ပြီး ထူးခြားတဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်"
"ကောင်းမွန်တဲ့ ပင်ကိုယ်အရိုးစနစ်ဆိုတာ မှော်လက်နက်တစ်ခုနဲ့ ဆင်တူသလို မှော်လက်နက်ထက်တောင် ပိုပြီး အစွမ်းထက်ပါသေးတယ်။ အဲဒါကြောင့် စစ်မှန်သောသွေးကို သေချာပေါက် စုပ်ယူဝါးမြိုနိုင်မှာပါ"
လူတိုင်းမှာ မှင်တက်သွားကြတော့သည်။
အသက်သုံးနှစ်ပင် မပြည့်သေးသော ရွှီရန်က အရာအားလုံးကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြနေသည်ကို ကြည့်ရင်း သူပြောတာ တကယ်ပဲ ယုတ္တိရှိလှပါလား။ ငါတို့တွေက ဘာမှမသိပါလား ဟူသော ခံစားချက်ကြီးက လူတိုင်းကို လွှမ်းမိုးသွားသည်။
ဆေးတပ်သား: "...ဖော်ပြဖို့ ခက်ပေမဲ့ ဒီမြင်ကွင်းက တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းနေပြီ။"
မေမေ: "ငါတကယ်ပဲ ဒီကလေးကို မွေးခဲ့တာလား"
ကျားမလေးမေမေ: "..."
သူမ၏ ဦးနှောက်မှာ လုံးဝ ဗလာဖြစ်သွားရသည်
ဝါရင့်ကျွမ်းကျင်သူ: "..."
ညွှန်ကြားရေးမှူးချင် တစ်ယောက်သာလျှင် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ရင်း "ဒါတွေက မင်းရဲ့ တွေးဆချက်တွေချည်းပဲ မောင်လေးရယ်။ ငါက ဘယ်လိုလုပ်ပြီး မင်းကို ယုံရဲမှာလဲ ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ မင်းသိရဲ့လား"
"စစ်မှန်သောသွေးကို စိတ်ထင်တိုင်း သုံးလို့မရဘူး။ အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒဏ်ရာထဲကို တစ်စက်ချင်း ထည့်ဖို့ဆိုတာ... အသားတွေကို လောင်စားပြီး ဒဏ်ရာကြီး ဖြစ်သွားနိုင်တယ်"