အခန်း (၂၂)
Vol. 3 Ch. 22
ရာထူးချခံရမည် ဟုတ်လား။
ထောင်နန်းစံရမည် ဟုတ်လား။
ညွှန်ကြားရေးမှူးချင်က အနည်းငယ် ပြုံးလိုက်ရင်း ထိတ်လန့်တုန်လှုပ်နေသော လက်ထောက် ရှောင်လျူကို တစ်ချက်ကြည့်လိုက်သည်။
"ရှောင်လျူ... မင်း နောက်နေတာလား"
"ဟိုက မောင်ချောလေးကို ကြည့်လိုက်ဦး ပြီးတော့ ဟိုက မိန်းကလေးချောလေးကိုရောပဲ... ကျောင်းအုပ်ကြီးက ငါတို့ကို တကယ်ပဲ အပြစ်ပေးရက်မယ်လို့ မင်းထင်နေတာလား"
"သူ့ရဲ့ သွေးစစ် အစက်နှစ်ဆယ် သုံးလိုက်တာတင် မဟုတ်ဘူး အစက်လေးဆယ် သုံးလိုက်ရင်တောင်မှ ဒီနေ့တော့ ကျောင်းအုပ်ကြီး ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး"
ညွှန်ကြားရေးမှူးချင်သည် သူမတွင် လက်ကျန်ပိုင်ဆိုင်မှုဟူ၍ ဂုဏ်သိက္ခာတစ်ခုတည်းသာ ရှိတော့သကဲ့သို့ပင် မားမားမတ်မတ် ရပ်တည်နေ၏။
လက်ထောက် ရှောင်လျူမှာမူ ဝေခွဲမရ ဖြစ်နေဆဲပင်။
သို့သော် သိပ်မကြာလိုက်မီမှာပင် သူမသည် အတွေးဟောင်းများထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး မျက်နှာထက်တွင် ရုတ်တရက် အသိဉာဏ်ပွင့်သွားဟန် ထင်ဟပ်လာသည်။
မောင်ချောလေး ရွှီရန်သည် အသက် နှစ်နှစ်နှင့် ကိုးလသာ ရှိသေးသော်လည်း သွေးစွမ်းအင်မှာ ၂၀၆ အထိ မြင့်မားနေသည် ထို့အပြင် သူသည် ဉာဏ်အလင်းပွင့် အရိုးစနစ်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်
ညီမငယ်လေး ကျန်းလျူလီမှာလည်း မွေးဖွားပြီး နှစ်နှစ်ခွဲသာ ရှိသေးသော်လည်း ပင်ကိုယ်အရိုးစနစ် နိုးထသွားခဲ့ပြီဖြစ်ရာ သူမ၏ သွေးစွမ်းအင်မှာလည်း အားနည်းလှသည်မဟုတ်။
ဤမျှ ပါရမီထူးလှသော ကလေးနှစ်ဦးသာ ကြီးပြင်းလာမည်ဆိုပါက တစ်ပြည်နယ်လုံးမှ ပါရမီရှင်များ စုဝေးရာဖြစ်သည့် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း တွင်ပင်လျှင် သိသိသာသာ ထင်ပေါ်ကျော်ကြားလာပေလိမ့်မည်။
ဤကဲ့သို့သော ပါရမီရှင်ထူးများကို ရှာဖွေတွေ့ရှိခဲ့သည်ဖြစ်ရာ ကျောင်းအုပ်ကြီးအနေဖြင့် အပြစ်ပေးဖို့ထက် ဆုလာဘ်များ ပေးအပ်ရန်သာ ပို၍ ဖြစ်နိုင်ချေရှိသည် မဟုတ်ပါလား။
လက်ထောက်ဖြစ်သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ကျောင်းအုပ်ကြီး ချန်ချီ၏ ထုံးစံအတိုင်း အာဏာစက်ပြင်းထန်လှသော ပုံရိပ်ကြောင့် လက်ထောက် ရှောင်လျူ၏ ရင်ထဲတွင် ကြောက်စိတ်တို့ဖြင့် တုန်ယင်နေဆဲပင်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ပြင်းထန်လေးလံလှသော ခြေသံတို့မှာ အဝေးမှ တဖြည်းဖြည်း နီးကပ်လာရာ ဖိအားများဖြင့် ပြည့်နှက်နေ၏။
အရပ်နှစ်မီတာခန့် မြင့်မားပြီး ထည်ဝါခန့်ညားလှသော မူကြိုကျောင်းအုပ်ကြီး ရောက်ရှိလာလေပြီ။
သူ၏ အကြည့်များမှာ စူးရှလှပြီး မျက်မှောင်ကိုလည်း တင်းတင်းကြုတ်ထားရာ သူ၏မျက်နှာထက်တွင် တင်းကြပ်သော ဆရာ နှင့် စကားပြောရခက်သောသူ ဟူသော စာလုံးများ အထင်အသား ရေးထွင်းထားသကဲ့သို့ပင်။
သူ၏ မီးရှူးတန်ဆောင်သဖွယ် စူးရှသော အကြည့်တို့က ညွှန်ကြားရေးမှူးချင်ထံတွင် ရပ်တန့်သွားသည်။
"ချင်လု မင်း ဘာတွေ လျှောက်လုပ်ထားပြန်ပြီလဲ"
သူ၏ အသံမှာ ကျားတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ နက်ရှိုင်းလှပြီး သူတစ်ပါးကို တုန်လှုပ်ခြောက်ခြားစေနိုင်၏။
လက်ထောက် ရှောင်လျူမှာ တုန်တုန်ယင်ယင် ဖြစ်သွားရသလို ညွှန်ကြားရေးမှူးချင်မှာလည်း ချွေးများဖြင့် ရွှဲနစ်သွားရတော့သည်။
ကျောင်းအုပ်ကြီး၏ ကျင့်စဉ်အဆင့်အတန်းမှာ ယွဲ့နယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ၏ သွေးစွမ်းအင်မှာ မီတာတစ်ထောင်မြင့်သော တောင်ကြီးတစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ဤမျှ တန်ခိုးဩဇာကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး၏ တည်ကြည်လေးနက်သော လေသံမျှဖြင့်ပင် ညွှန်ကြားရေးမှူးချင်အား ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှပြီး ဖိအားများမှာလည်း အဆမတန် ပြင်းထန်လှပေသည်။
ညွှန်ကြားရေးမှူးချင်မှာ ချက်ချင်းပင် ဒူးထောက် လျော ချလိုက်ရင်း "ကျောင်းအုပ်ကြီး... ကျွန်မတို့ရဲ့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းအတွက် တကယ့် ပါရမီရှင်ထူး နှစ်ယောက်ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်မဟာ ဝတ္တရားကျေပွန်ပြီး ကြိုးစားအားထုတ်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ပါ ဒီကလေးနှစ်ယောက်ကိုပဲ ကြည့်လိုက်ပါဦး"
ထိုသို့ပြောဆိုရင်း...
သူမသည် ရွှီရန်နှင့် ကျန်းလျူလီတို့ကို ညွှန်ပြကာ ဂုဏ်ယူဝင့်ကြွစွာဖြင့် ခေါင်းမော့လိုက်ပြီး
"ဒီမောင်ချောလေးက အသက် နှစ်နှစ်နဲ့ ကိုးလပဲ ရှိသေးတာ သွေးစွမ်းအင်က ၂၀၆ တောင် ရှိတယ်။ ပြီးတော့ ဉာဏ်အလင်းပွင့် အရိုးစနစ် ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်"
"ဒီမိန်းကလေးချောလေးကတော့ အသက် နှစ်နှစ်ခွဲရှိပါပြီ သွေးစွမ်းအင် ၉၁ ရှိပါတယ်။ သူက အခုလေးတင် အရိုးစနစ် နိုးထလာတာပါ။ သူက နတ်ဘုရားအပြစ်ပေးခံရသူတစ်ယောက် ဖြစ်ပေမဲ့ အဲဒီ နတ်ဘုရားအပြစ်ပေးမှု ကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့သူပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင်...
ကျောင်းအုပ်ကြီး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ သူသည် ရွှီရန်ကို တစ်ချက် ကျန်းလျူလီကို တစ်ချက် အသေအချာ ကြည့်လိုက်ပြီးနောက်
"တကယ်ပဲလား"
"ဒါတွေက လိမ်ညာလို့မရတဲ့ အမှန်တရားတွေပါ ကျောင်းအုပ်ကြီး"
"ကလေးတို့... ဘိုးဘိုး စမ်းသပ်စစ်ဆေးကြည့်တာကို ခွင့်ပြုမယ် မဟုတ်လား"
ရွှီရန်က တည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြလိုက်သော်လည်း ကျားမလေးမှာမူ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့သွားဟန်ဖြင့် အဒေါ်ချန်း၏ နောက်ကွယ်တွင် ပုန်းလိုက်ရှာသည်။
ရွှီရန်က လက်ဟန်ပြလိုက်ရင်း "လျူလီ.. ဒီကိုလာခဲ့လေ"
ရွှီရန်၏ ခေါ်သံကို ကြားမှသာ ကျားမလေးမှာ သတ္တိပြန်လည်မွေးမြူပြီး သူ၏ဘေးသို့ ပြေးထွက်လာကာ ကျောင်းအုပ်ကြီး ချန်ချီကို သူမ၏ တောက်ပသော မျက်ဝန်းလေးများဖြင့် သတိထား၍ စိုက်ကြည့်နေတော့သည်။
လက်ထောက် ရှောင်လျူက ဘေးမှနေ၍ ကျားမလေးကို အားပေးလိုက်သည်။
"ကျောင်းအုပ်ကြီးဘိုးဘိုးက လူဆိုးမဟုတ်ပါဘူးကွယ်။ သူက သွေးစွမ်းအင်ကို စစ်ဆေးကြည့်ချင်ရုံတင်ပါပဲ"
ထိုသို့ပြောဆိုရင်း သူမသည် ရွှီရန်နှင့် ကျားမလေးတို့ထံမှ သွေးကို ဖောက်ယူ၍ စမ်းသပ်စစ်ဆေးလိုက်လေသည်။ စမ်းသပ်ကိရိယာတွင် ရွှီရန်နှင့် ကျန်းလျူလီတို့၏ သွေးစွမ်းအင် ရလဒ်များ ပေါ်ထွက်လာသောအခါ...
ကျောင်းအုပ်ကြီး၏ မျက်ဝန်းအစုံမှာ အရောင်တစ်ချက် တောက်ပသွားသည်။
သူသည် ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရွှီရန်၏ လက်ချောင်းလေးကို ဆွဲယူကာ သွေးဖောက်ထားသည့် နေရာလေးကို ပွတ်သပ်ကြည့်လိုက်၏။
ဒဏ်ရာမှာ အမာရွတ်ပင်မကျန်ဘဲ လုံးဝဥဿုံ ပြန်လည်ပျောက်ကင်းနေပြီဖြစ်သည်...
ရွှီရန် "..."
မကောင်းတော့ဘူး ငါ့ရဲ့ ခန္ဓာကိုယ် ပြန်လည်ကုသနှုန်းကို ထိန်းချုပ်ဖို့ မေ့သွားတယ်
နောက်ထပ် ပါရမီတစ်ခုကိုများ ထုတ်ပြလိုက်မိပြီလား။
ဒါ ငါ့အပြစ်မဟုတ်ဘူး ခန္ဓာကိုယ်ရဲ့ ပင်ကိုယ်မှတ်ဉာဏ်ကြောင့် ဖြစ်သွားရတာပဲ။
သူ့တွင် အစွမ်းထက်သည့် စွမ်းရည်များက များပြားလွန်းလှသဖြင့် ခဏတာအတွင်း ထိန်းချုပ်ရန် မေ့လျော့သွားခဲ့ခြင်း ဖြစ်၏။
အတွေ့အကြုံရင့်ကျက်လှသော ကျောင်းအုပ်ကြီးက ယခုကဲ့သို့ ရိပ်မိသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။
ဝန်ခံရမည်ဆိုလျှင် ဤကျောင်းအုပ်ကြီးသည် အမှန်တကယ်ပင် အစွမ်းရှိသူတစ်ဦး ဖြစ်ပေသည်။ ဤမျှ သေးငယ်သည့် အချက်အလက်လေးမှတစ်ဆင့် သဲလွန်စကို ရှာဖွေတွေ့ရှိနိုင်သည် မဟုတ်ပါလား။
ရွှီရန်သည် စိတ်ထဲမှ ချီးကျူးမိသွားသော်လည်း တစ်ဖက်တွင်မူ သူ ငါ့မှာ အလျင်အမြန် ပြန်လည်နာလန်ထူခြင်းစွမ်းရည်ရှိတယ်လို့တော့ မထင်လောက်ပါဘူးနော်။ ငါ့ရဲ့ စွမ်းရည်တွေက အရမ်းကို ထူးခြားဆန်းပြားလွန်းနေတော့ ကျောင်းအုပ်ကြီးအနေနဲ့ အဲဒီလောက်အထိတော့ တွေးနိုင်မှာ မဟုတ်ပါဘူး...
သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်သည်။
ရွှီရန်၏ အသက်ရှူသံမှာ မှန်မှန်ပင် ရှိနေ၏။
ထိုအခြေအနေကို ကြည့်ရင်း ကျောင်းအုပ်ကြီးသည် ထပ်မံ၍ စူးစမ်းခြင်း မပြုတော့ဘဲ ရွှီရန်၏ ဦးခေါင်းလုံးလုံးလေးကို အသာအယာ ပုတ်လိုက်ကာ "ဉာဏ်အလင်းပွင့် အရိုးစနစ်ရှိပြီး အသက်သုံးနှစ်တောင် မပြည့်သေးဘဲ သွေးစွမ်းအင် ၂၀၆ တောင် ရှိနေတာလား။ တကယ့်ကို ပါရမီထူးတဲ့ကလေးပဲ"
ထို့နောက်...
သူသည် လျူလီ၏ လက်ကလေးကို ဆွဲယူကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြန်သည်။
"အင်း... ပင်ကိုယ်အရိုးစနစ်ရဲ့ တုန်ခါမှု ရှိနေပြီပဲ။ စွမ်းအင်အဆင့်က ပထမတန်းစားအထိ ရောက်ပေမဲ့ အမျိုးအစားကိုတော့ မသိရသေးဘူး။ နောက်မှ တဖြည်းဖြည်း ရှာဖွေလေ့လာရမှာပေါ့။ ဒါပေမဲ့ အသက်နှစ်နှစ်ခွဲမှာ သွေးစွမ်းအင် ၉၁ ရှိတယ်ဆိုတာကလည်း ကောင်းမွန်တဲ့ ပါရမီတစ်ခုပဲ"
"ဒီကလေးတွေရဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေ ဘယ်မှာလဲ"
ကျားမလေး၏ မိခင်နှင့် လင်းချန်းတို့ ရှေ့သို့ တိုးထွက်လာကာ "ကျွန်မတို့ပါရှင်" ဟု ဖြေကြားလိုက်ကြသည်။
ကျောင်းအုပ်ကြီးသည် မတ်တပ်ရပ်လိုက်ပြီး လိပ်စာကတ်တစ်ခုစီကို ကမ်းပေးလိုက်ရင်း "ကျွန်တော့်နာမည်က ချန်ချီပါ။ ကျင်းပြည်နယ် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ ကျောင်းအုပ်ပါ။ ကျွန်တော့်ရဲ့ တာဝန်က ပါရမီရှင်ကလေးငယ်တွေကို ရှာဖွေပြီး အဆင့်မြင့်ဆုံး သိပ္ပံနည်းကျ နည်းလမ်းတွေနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ပါပဲ"
"ခင်ဗျားတို့ရဲ့ ကလေးတွေဟာ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းရဲ့ တက်ရောက်ခွင့် စံနှုန်းတွေနဲ့ ကိုက်ညီပါတယ်"
"အခု ကျွန်တော် ဒီပါရမီရှင်ကလေးနှစ်ယောက်ကို ကျောင်းတော်မှာ နေထိုင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ တရားဝင် ဖိတ်ခေါ်ပါတယ်။ အကောင်းဆုံးကတော့ အခုချက်ချင်း ပြောင်းရွှေ့လာနိုင်ရင် ပိုကောင်းပါလိမ့်မယ်"
လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့မှာ အံ့အားသင့်သွားကြပြီး "အခုချက်ချင်း ပြောင်းရွှေ့ရမယ်... ဟုတ်လား"
"ဟုတ်ပါတယ်။ အသက်ရှစ်နှစ်မတိုင်ခင်မှာ ကလေးတွေက ကျင့်စဉ်မကျင့်နိုင်ကြသေးဘူး။ တစ်နေ့တာအတွင်းမှာ သွေးစွမ်းအင် တိုးတက်ဖို့ဆိုတာ ကျောက်သားသားရဲသား စားသုံးတာကလွဲလို့ တခြားမရှိပါဘူး"
ကျောင်းအုပ်ကြီး၏ မျက်နှာမှာ လေးနက်တည်ကြည်သွားကာ "သာမန်ကလေးတွေအတွက် တစ်ရက် နှစ်ရက် ဒါမှမဟုတ် လအနည်းငယ် နောက်ကျတာက ပြဿနာမရှိပေမဲ့ ထိပ်တန်းပါရမီရှင်တွေအတွက်ကတော့ တစ်ရက် နောက်ကျတာနဲ့တင် အများကြီး နောက်ကျကျန်ခဲ့မှာပါ"
"ကျွန်တော်တို့ မူကြိုကျောင်းမှာ သွေးစွမ်းအင် ၄၆၀ ထက် ကျော်လွန်တဲ့ ကလေး ရှစ်ယောက်ရှိတယ်။ ၄၉၀ ထက် ကျော်လွန်တဲ့ ကလေး ငါးယောက်ရှိတယ်။ သူတို့တွေဟာ အာဒမ်ထက် နည်းနည်းလေးပဲ အားနည်းကြတာ"
"ခင်ဗျားတို့ရဲ့ ကလေးနှစ်ယောက်ကိုတော့ ရှာတွေ့တာ နည်းနည်း နောက်ကျသွားတယ်လို့ ဆိုရမယ်..."
"ဟိုကလေးတွေနဲ့ ယှဉ်ဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီးပါပဲ။ ကျောင်းမှာ ဆက်တိုက်နေထိုင်ပြီး လေ့ကျင့်ရင်တောင်မှ အဲဒီပါရမီရှင်တွေရဲ့ အဆင့်ကို လှမ်းမီဖို့ဆိုတာ မလွယ်ကူလှပါဘူး..."
ကျောင်းအုပ်ကြီးသည် သူတို့၏ ပါရမီကို အသိအမှတ်ပြုသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် နှမြောတသဖြစ်ကာ သနားစပြုလာမိသည်။
တစ်ယောက်က ဉာဏ်အလင်းပွင့် အရိုးစနစ် ပိုင်ဆိုင်ထားသော်လည်း အစပိုင်းတွင် သတိမထားမိခဲ့ကြသဖြင့် အသက်နှစ်နှစ်နှင့် ကိုးလရောက်မှသာ ရှာဖွေတွေ့ရှိခဲ့သည်။
အခြားတစ်ယောက်မှာမူ အသက်နှစ်နှစ်ခွဲရောက်မှသာ အရိုးစနစ် နိုးထလာခဲ့သည်...
အသက်တစ်နှစ်သားအရွယ်ကတည်းက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်း သို့ ဝင်ရောက်ခဲ့ကြသည့် ပါရမီရှင်များနှင့် ယှဉ်လျှင်မူ များစွာ နောက်ကျနေပြီ ဖြစ်သည်။
အမှန်စင်စစ် ပါရမီရှင်အများအပြားမှာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလေ့ရှိသည်။ ပါရမီကို အသိအမှတ်ပြုမည့်သူ မရှိသဖြင့် အခွင့်အရေးများ ဆုံးရှုံးရခြင်း သာမန်လူတန်းစားများကြားတွင် ပျောက်ကွယ်သွားရခြင်း သို့မဟုတ် အခက်အခဲများကြားတွင် ဘဝပျက်စီးသွားရခြင်းမျိုးပင်။
"ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင် သူတို့က ကံကောင်းကြပါတယ်။ အသက်နှစ်နှစ်ဆိုတာ သိပ်ပြီးတော့ မနောက်ကျသေးပါဘူး"
"သူတို့ရဲ့ ပါရမီနဲ့ဆိုရင် အခုကစပြီး အကောင်းဆုံး ကျောက်သားသားရဲသားတွေကို စားသုံးပြီး ကြိုးကြိုးစားစား အားထုတ်မယ်ဆိုရင် အနာဂတ်မှာ ရှမားနိုင်ငံရဲ့ မဏ္ဍိုင်တွေ သေချာပေါက် ဖြစ်လာမှာပါ"
ကျောင်းအုပ်ကြီး၏ စကားကို နားထောင်ပြီးနောက်...
မိခင်နှစ်ဦးမှာ မသိမသာ နောက်သို့ ဆုတ်လိုက်မိကြရင်း "ဒါဆို ပြိုင်ဆိုင်မှုက ဒီလောက်တောင် ပြင်းထန်တာလား ကျွန်မတို့ပါ မူကြိုကျောင်းကို လိုက်ရမှာလားဟင်" ဟု မေးလိုက်ကြသည်။
ကျောင်းအုပ်ကြီးက ခေါင်းငြိမ့်ပြကာ "ဒါပေါ့... လိုက်ရမှာပါ"
"အသက်နှစ်နှစ်အရွယ် ကလေးတွေဟာ မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကင်းကွာလို့ မရပါဘူး"
"ဒါ့အပြင် ရေကူးတာ အပြေးလေ့ကျင့်တာ စာသင်တာ တောင်တက်တာနဲ့ ခရီးသွားတာမျိုးတွေမှာလည်း မိဘတွေရဲ့ အဖော်ပြုပေးမှုက လိုအပ်တာကိုး"
ခဏမျှ လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့ ဝေခွဲမရ ဖြစ်သွားကြသည်။
"ကျောင်းလခကရောရှင် အရမ်းကြီး များမှာ မဟုတ်လား"
ကျောင်းအုပ်ကြီး "အုပ်ထိန်းသူတွေရဲ့ နေထိုင်စရိတ်အပါအဝင် ကုန်ကျစရိတ် အားလုံးကို နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက တာဝန်ယူမှာပါ"
"ကျွန်တော်တို့ မူကြိုကျောင်းရဲ့ ရည်ရွယ်ချက်က အသန်မာဆုံး ကျင့်ကြံသူတွေကို ပျိုးထောင်ပေးဖို့ပဲ ငွေကုန်ကြေးကျ သက်သာဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ထည့်သွင်းစဉ်းစားချက်ထဲမှာ မရှိပါဘူး"
လင်းချန်းနှင့် ကျားမလေး၏ မိခင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက အကောင်းဆုံး ကျောက်သားသားရဲသားတွေကို ကျွေးမွေးမှာတဲ့။
ထိုအချက်တစ်ခုတည်းနှင့်ပင် လုံလောက်စွာ ဆွဲဆောင်နိုင်နေပြီ ဖြစ်သည်။ အဆင့်မြင့် ကျောက်သားသားရဲသား တစ်ပေါင်လျှင် ငွေသိန်းချီ၍ ပေးရသည် မဟုတ်ပါလား။
ထို့အပြင် ကလေးများ၏ ဘေးကင်းလုံခြုံရေး အစီအမံများမှာလည်း များစွာ စိတ်ဝင်စားစရာ ကောင်းလှသည်။
မေမေဖြစ်သူမှာ ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို လိုလားနေသည်မှာ ကြာပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သန်းခေါင်ယံအချိန်တွင် အိမ်ထဲ၌ မစင်ကြယ်သော အရာတစ်ခုခု ဝဲပျံနေသကဲ့သို့ သူမ ခံစားခဲ့ရဖူးသည် မဟုတ်ပါလား...
ထို့အပြင် အရင်ကဖြစ်ရပ်ဆိုးမှာလည်း သူမ၏ ရင်ထဲတွင် အရိပ်မည်းကြီးသဖွယ် ကျန်ရစ်နေဆဲပင်။ ထိုဖြစ်ရပ်ပြီးနောက် တစ်နိုင်ငံလုံးတွင် ကူးဟောင်ညိုထောင်ပေါင်းများစွာကို လိုက်လံနှိမ်နင်းခဲ့သော်လည်း ပျောက်ဆုံးသွားခဲ့သော ကလေးငယ်များ၏ ရုပ်အလောင်းများကိုမူ ယနေ့ထက်တိုင် ရှာမတွေ့သေးပေ။
ထိုရုပ်အလောင်းများ ဘယ်ရောက်ကုန်တာလဲ။ ကျင့်ကြံသူများကပင် အဘယ်ကြောင့် ရှာမတွေ့ရတာလဲ။ ယင်းမှာ တကယ့်ကို ထူးဆန်းအံ့သြဖွယ် ကောင်းလှသည် မဟုတ်ပါလား။
လူသူမနီးသည့် မှောင်မိုက်သော ထောင့်စွန်းများတွင် ဘယ်လိုသော အန္တရာယ်များ ကိန်းအောင်းနေသည်ကို ဘယ်သူ သိနိုင်မှာလဲ။
အဆိုးဘက်က တွေးကြည့်မည်ဆိုလျှင်... နောက်ထပ် နှစ်အနည်းငယ်အကြာတွင် တခြားကမ္ဘာမှ ကြယ်စုများ ကျူးကျော်လာပြီး ယခုထက် ပိုမိုဆိုးရွားသည့် ဖရိုဖရဲ အခြေအနေများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။